စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေး ကိုတိုးတက်ချင်စိတ်ရှိအောင် ဘယ်လိုပျိုးထောင်ရမလဲ



ခေတ်ကြီးက တိုးတက်လာတာ နဲ့ အမျှ ကလေးကိုပျိုးထောင်ပေးရမဲ့ အရည်အချင်းတွေက များများလာပါတယ်။ ပညာရှင်များရဲ့ သုတေသနပြုချက်အရ လူတစ်ဦးရဲ့အကျင့်စရိုက်ဟာ သူရဲ့ဘ၀ကကြမ္မာနဲ့ တိုက်ရိုက်အချိုးကျလေ့ရှိပါတယ်။ ကောင်းမွန်တဲ့ အကျင့်ရှိအောင်၊ တိုးတက်ချင်တဲ့စိတ်ရှိအောင် ငယ်စဉ်ကတဲက ပြုစုပျိုးထောင်ပေးရပါမယ်။ ကလေးတွေရှိသင့်တဲ့ အရည်အသွေးအားလုံးထဲမှာ တိုးတက်ချင်စိတ် ကြိုးစားချင်စိတ် ရှိဖို့က အရေးကြီးဆုံးပါပဲ။ အဲဒီစိတ်တွေကို ဘယ်လိုပျိုးထောင်ပေးရမလဲ၊ အောက်ပါနည်းလမ်းတွေကို ကျင့်သုံးကြည့်နိုင်ပါတယ်။

၁။ အားကျအောင် ပျိုးထောင်နည်း

သူရဲကောင်းများအကြောင်း၊ နိုင်ငံခေါင်းဆောင်များအကြောင်း၊ သိပ္ပံပညာရှင်များအကြောင်း၊ နာမည်ကျော်ပုဂ္ဂိုလ်ကြီးများအကြောင်း၊ အားကစားသမားကြီးများရဲ့အကြောင်း စသည်စသည်ဖြင့် မကြာခဏ ပြောပြပေးပါ။ သူတို့ငယ်စဉ်က ဘယ်လိုကြိုးစားခဲ့ရပုံတွေ၊ သူတို့ဘယ်လို စွန့်စားခဲ့ရပုံတွေ ပြောပြပေးပါ။ သူတို့အတုယူချင်လာတဲ့အထိ နိုးဆွပေးပါ။ သူတို့လေးတွေ ကိုယ်ပိုင်အိမ်မက်လေးတွေ ရှိအောင် ကူညီဖန်တီး ပေးပါ။ သူတို့လေးတွေကို ထူးချွန်ပုဂ္ဂိုလ်များရဲ့ အကြောင်းအရာတွေကို လေ့လာခိုင်းပါ။ သူတို့လေးတွေ ကိုယ့်ကိုပြန်ပြောပြခိုင်းပါ။ သူတို့ရဲ့ စဉ်းစားပုံလေးတွေ သူတို့ရဲ့မှတ်ချက်လေးတွေကို စိတ်ဝင်စားစွာ မေးကြည့်ပါ။ အကြံအဥာဏ်တောင်းတဲ့ပုံစံနဲ့ မေးခွန်းလေးတွေမေးကြည့်ပါ။ သေသေချာချာ နားထောင်ပေးပါ။ သူတို့ပြောတာကို အသိအမှတ်ပြုပေးပါ။

၂။ စာအုပ်များဖတ်ခိုင်းခြင်း

ရုပ်ပြဖြစ်ရင်ဖြစ်မယ်။ ရွှေသွေးဂျာနယ်၊ ဒို့ကျောင်းသားဂျာနယ် ကာတွန်းစာအုပ်၊ အားကစားဂျာနယ် ဖြစ်ရင်ဖြစ်မယ်။ ကလေးအတွက် အားတက်စရာ၊ အတုယူစရာပါရင် များများဖတ်ခိုင်းပါ။ ပြီးရင်သူတို့ စဉ်းစားပုံ ခံစားပုံ ကို ပြန်ပြောပြခိုင်းပါ။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ချွန်များရဲ့ ပြတိုက်သို့ ခေါ်ဆောင်သွားပါ။ အဲဒီပြတိုက် မသွားခင်မှာ သက်ဆိုင်ရာအကြောင်းအရာတွေကို အရင် လေ့လာခိုင်းပါ။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဦးသန့်ပြတိုက်

၃။ အတုယူပုဂ္ဂိုလ် ထူထောင်ပေးခြင်း

ကလေးဝါသနာနဲ့ နီးစပ်တဲ့ အတုယူသင့်တဲ့လူ ( idol ) တစ်ဦးဦးမသိမသာ ပျိုးထောင်ပေးထားသင့်ပါတယ်။ အဲဒီပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့ စာအုပ်တွေ ဗွီတီယိုတွေ ကို ရအောင်ရှာဖွေပြီး ကလေးကိုပေးထားသင့်ပါတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ ငယ်စဉ်ဘ၀ဘယ်လိုဒုက္ခခံခဲ့ပုံ၊ ဘယ်လိုကြိုးစားခဲ့ရပုံများကို ကလေးနဲ့ အမြဲတန်းတိုင်ပင်သင့်ပါတယ်။

၎။ ရည်ရွယ်ချက် သေးသေးလေးများကို များများအထမြောက်စေခြင်း

ရည်ရွယ်ချက်သေးသေးလေးများကို ပြီးမြောက်စေခြင်းဖြင့် ယုံကြည်မူ တိုးတက်စေနိုင်ပါတယ်။ ဆိုပါစို့ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စကားရည်လုပွဲ အားကစားပြိုင်ပွဲ ကို ပြိုင်ပွဲ ၀င်စေတာမျိုး၊ မိမိရဲ့စာကြိုးစာမူ အဆင့်ကို တဖြည်းဖြည်းမြင့်တင်စေတာမျိုး၊ မန္တလေး တောင်ထိပ်ကို မရောက်ရောက်အောင် စက်ဘီးစီးတက်တာမျိုး မိမိကိုယ်မိမိ အနိုင်ယူစေခြင်းဖြင့် ကလေးရဲ့ စိတ်ဓါတ်ကို မြင့်တင်ပေးရပါတယ်။ မိဘများအနေနဲ့ သင့်တော်သလို ဆုချသင့်ပါတယ်။ အပြုသဘောဆောင်ပါ။ ဘာပဲရည်ရွယ်ချက်ထားထား၊ တစ်ဝက်တစ်ပျက်နဲ့ ဘယ်တော့မှ အရူံးမပေးရဘူး။ နောက်ပိုင်းမှာတော့ ကလေးတွေဟာ ကိုယ့်ကိုကို ရည်ရွယ်ချက် တည်ဆောက်တတ်သွားပါတယ်။ ဘ၀ဦးတည်ချက်ရှိသွားပါတယ်။

၅။ ဇွဲကိုပျိုးထောင်ပေးခြင်း

တစ်ရက်ကို တစ်မျိုးပြီးမြောက်အောင်လုပ်ခိုင်းပါ။ မရမက ကြိုးစားရယူတဲ့ အကျင့်ပျိုးထောင်ပေးပါ။ အားကစားပြိုင်ပွဲ များများပါဝင်ပေးပါ။ ဇွဲရှိခြင်းဟာ အောင်မြင်ခြင်းပါပဲ။
Credit: Sayar Aung Ko Latt

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...