စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကားမောင်းသူများအတွက်.... အန္တရာယ် မသေးသော အသေးစား ငိုက်မျဉ်းခြင်း


ထိုင်နေရင်း ဆတ်ခနဲ ခေါင်းငိုက် ကျသွားတာမျိုး လူတိုင်း ကြုံဖူးလိမ့် မည်။ အိပ်ရေး ပျက်သူများ အများဆုံး ဖြစ်ကြသည်။ ဆတ်ခနဲ ငိုက်ကျ သွားပြီးလျှင် လူက ဗြုန်းဆို သတိပြန်ဝင် လာသည်။ သို့သော် သိပ်မကြာ ထိုသို့ ဆတ်ခနဲ ငိုက်ကျ ပြန်သည်။ မိမိ အလွန် အိပ်ချင် နေပြီဖြစ် ကြောင်း ခန္ဓာကိုယ်က အချက်ပြ ခြင်းဖြစ်သည်။ ထိုသို့ ဆတ်ခနဲ့ ဆတ်ခနဲ ငိုက်ကျ သွားခြင်းကို အသေးစား ငိုက်မျဉ်းခြင်း (Micro-sleep) ဟု ခေါ်သည်။ အသေးစား ငိုက်မျဉ်းခြင်း ဟု ခေါ်တွင် သော်လည်း ၄င်းက ပေးမည့် အန္တရာယ်ကား မသေးလှ။

ဗြိတိန် နိုင်ငံ ယာဉ် လမ်းကြော လုံခြုံ ဘေးကင်းရေး အဖွဲ့က ကောက်ယူ ထားသော စာရင်းအရ ကားမောင်းသူ အမျိုးသား များ၏ ထက်ဝက် နီးပါး ကားမောင်းနေရင်း အသေးစား ငိုက်မျဉ်း မိကြကြောင်း သိရသည်။ မသေး သော အန္တရာယ်ဖြစ်သည်။ ဗြိတိန် နိုင်ငံ ယာဉ်လမ်းကြော လုံခြုံ ဘေးကင်းရေး အဖွဲ့သည် ကားမောင်းသူ ၁၀၀၀ ကို တွေ့ဆုံ မေးမြန်းခဲ့သည်။ အမျိုးသား ၄၅ ရာခိုင်နှုန်းက ယာဉ်မောင်း နေစဉ် ဆတ်ခနဲ ဆတ်ခနဲ ငိုက်မျဉ်းသွား တတ်ကြောင်း ၀န်ခံ ထားကြသည်။ အမျိုးသမီး ၂၂ ရာခိုင်နှုန်း ကလည်း အလားတူ ၀န်ခံထား ကြသည်။

အသေးစား ငိုက်မျဉ်းခြင်း ဟူသည် ငါးစက္ကန့်မှ ဆယ်စက္ကန့်ခန့် ဦးနှောက်သည် အိပ်ပျော် သည့် အခြေ အနေကို ရောက်ရှိ သွားခြင်းကို ခေါ်သည်။ အလွန် အမင်း အိပ်ရေးပျက် ထားသည့်အခါ ဦးနှောက် သည် အလိုလို နေရင်း အသေးစား ငိုက်မျဉ်းခြင်း အခြေအနေ သို့ ရောက်သွား တတ်သည်။ အထူးသဖြင့် ဦးနှောက် အလုပ် များစွာ လုပ်ရန် မလိုသော အခြေအနေ များတွင် ထိုသို့ ပိုဖြစ်တတ် သည်။

ဖြောင့်ဖြူး နေသော အဝေးပြေး လမ်းမကြီးများ တွင် ကားမောင်း ရခြင်းသည် လည်း ကြာလာ လျှင် ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလာသော ကြောင့် အိပ်ရေး ၀မထား သူများသည် ထိုသို့သော အခြေအနေ တွင် ခဏ ခဏ ဆိုသလို ဆတ်ခနဲ ဆတ်ခနဲ ငိုက်သွား တတ်ကြသည်။ မသေးသော အန္တရာယ်ကို မြင်နိုင်သည်။ ထိုသို့ ဆတ်ခနဲ ငိုက်သွားပြီး လျှင် ဗြုန်းဆို ပြန်နိုးလာပြီး လူက တစ်ချက် လန်းခနဲ ဖြစ်သွား သည်။ ထိုသို့ ဖြစ်အောင် ဦးနှောက်က ဆွပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ခဏနေလျှင် ပြန်ပြီး ဆတ်ခနဲ ငိုက်ကျ ပြန်သည်။

““မျက်ခွံတွေ လေးလာမယ်၊ ဗြုန်းဆို လောကကြီးနဲ့ အဆက်ပြတ် သွားမယ်””ဟု လောင်းဘာရော့ တက္ကသိုလ် အိပ်စက်ခြင်း ဆိုင်ရာ သုတေသန စင်တာမှ ပါမောက္ခ ဂျင်မ်ဟွန်း က ပြောသည်။ ““အဲဒီလို နဲ့ လေး၊ ငါးစက္ကန့် လောက် အိပ်ပျော် သွားမယ်။ ပြီးရင် ဗြုန်းဆို လူကလန်း ပြီး ပြန်နိုး လာမယ်””ဟု ရှင်းပြသည်။

အိပ်ပျော်သွားမှန်းပင် မသိလိုက်ဘဲ အိပ်ပျော်သွား ခြင်းဖြစ်သည်။ ထိုသို့ အသေးစား အိပ်ပျော်သွားခြင်းကို ဦးနှောက်ကလည်း အိပ်ပျော်သွားမှန်း ထောက်လှမ်းနိုင် ခြင်းမရှိ။ ငိုက်ခနဲ ခေါင်းပြုတ်ကျမှ ဦးနှောက်က ထောက် လှမ်းမိပြီး ဗြုန်းဆို လူကနိုးသွားခြင်းဖြစ်သည်။

““တစ်မိနစ် နှစ်မိနစ် လောက်ထိ အိပ်ပျော် သွားပြီး မှသာ လူ အိပ်နေပြီ ဆိုတာ ဦးနှောက်က ထောက်လှမ်း မိတယ်။ လေးငါးစက္ကန့် အိပ်ပျော် သွားတာကို ကျတော့ မထောက် လှမ်းမိဘဲ နိုးနေတုန်း ကအတိုင်း ဆက်ပြုမူနေ တတ်တယ်””ဟု ပါမောက္ခဟွန်းက ပြောသည်။ ပါမောက္ခဟွန်း သည် ကားမောင်း သူများ အိပ်ပျက်ခြင်း၊ ပင်ပန်း ခြင်းများကြောင့် ကျန်းမာရေး မှ အစ အသက်အန္တရာယ် ထိ ထိခိုက် နိုင်ပုံများကို ဆယ်နှစ်ကျော် ကြာ တစိုက်မတ် မတ် လေ့လာခဲ့ သူလည်းဖြစ်သည်။

ထိုသို့ ဖြစ်လာပြီ ဆိုလျှင် အိပ်ရေး ၀အောင် အိပ်ပစ် လိုက်ခြင်း သည် အကောင်းဆုံး ဖြစ်သည်။ ဆက်တင်းခံ နေမည် ဆိုပါက ဆတ်ခနဲ့ ဆတ်ခနဲ ငိုက်ကျမှုက စိပ်သ ထက် စိပ်လာမည်။ တစ်ခါ တစ်ခါ ငိုက်ကျ သည့် ကြာချိန် လည်း ရှည်သထက် ရှည်လာမည်။ နောက်ဆုံး တွင် လုံးဝ အိပ်ပျော် သွားသည့် အခြေအနေ ထိ ရောက်သွား နိုင်သည်။

ကိုယ်တိုင် ကားမောင်း နေစဉ် ထိုသို့ အသေးစား အိပ်ပျော် ခြင်းများ ခဏခဏ ဖြစ်နေမည် ဆိုပါက မည်မျှ အန္တရာယ် များမည်ကို အားလုံး အသိဖြစ်သည်။ ခန္ဓာကိုယ် စွမ်းအင် အကျပိုင်းဖြစ်သည့် နေ့လယ် နေ့ခင်းပိုင်း နှင့် ပုံမှန်အားဖြင့် အိပ်ချိန်ဖြစ် သော ည အချိန်များတွင် ထိုသို့ ဆတ်ခနဲငိုက် ကျခြင်းမျိုး ပိုဖြစ်ပွား တတ်သည်။ လူငယ်ပိုင်း ကားမောင်း သမားများ အသေးစား ငိုက်မျဉ်းခြင်း ပိုဖြစ်တတ် သည်။ လူငယ်ပိုင်း များသည် အိပ်စက်ချိန် ပိုလိုသူ များဖြစ်သည့် တိုင် အများဆုံး အိပ်ပျက် နေသူများ လည်းဖြစ်နေပြန် သည်။

ဗြိတိန် နိုင်ငံတွင် အဝေးပြေး လမ်းမများ ၌ ဖြစ်ပွား သော ယာဉ် မတော်တဆ မှုများ၏ ၂၀ ရာခိုင်နှုန်း သည် အိပ်ငိုက်ခြင်း နှင့် ဆက်စပ် နေကြောင်း ဗြိတိန် ပို့ဆောင်ရေး ၀န်ကြီးဌာန က ထုတ်ပြန် သော စာရင်းအရ သိရသည်။

အဝေးပြေး လမ်းပေါ်တွင် ယာဉ်မောင်းမည့် သူများ အနေဖြင့် မောင်းနေရင်း ဆတ်ခနဲ အိပ်ပျော် သွားခြင်းမျိုး ဖြစ်လာပါက ဆက်မမောင်း ဘဲ လမ်းဘေးချ ရပ်ကာ ကော်ဖီ တစ်ခွက် သို့မဟုတ် ကဖိန်းဓာတ် ၁၅၀ မီလီဂရမ် ခန့် ပါဝင်သည့် အချိုရည် တစ်မျိုးမျိုးကို သောက်သုံး ရမည် ဖြစ်ကြောင်း၊ ကဖိန်းဓာတ် သည် သောက်ပြီး မိနစ် ၂၀ ခန့်နေမှ စတင် အစွမ်းပြ သည်ဖြစ်ရာ ၁၅ မိနစ်ခန့် နှစ် ခြိုက်စွာ အိပ်လိုက် သင့်ကြောင်း၊ ထို့နောက် ငါးမိနစ်ခန့် ကားပြင် ထွက်ကာ ကိုယ်လက် လှုပ်ရှားပြီး လန်းဆန်း အောင် လုပ်လိုက်ပါက ကဖင်းဓာတ် လည်း အစွမ်းပြချိန် ရောက်ကာ ကိုယ်လက် လှုပ်ရှားလိုက် မှုကြောင့်လည်း လူက လန်းဆန်း သွားမည်ဖြစ်ပြီး ထိုအခါ တွင်မှ ကား ဆက်မောင်းသင့် ကြောင်းဖြင့် ပါမောက္ခဟွန်းက အကြံပြု ထားသည်။


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...