စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားဖြစ်တော်မူသည့်ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ

   ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
သုမေဓာရှင်ရသေ့ဘဝ
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
ဖွားတော်မူခန်းမဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကိုထိပုံခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ
အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ
လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ
ယသောဓရာဒေဝီနှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ခံစားခြင်းအလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း
သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးမြင်တော်မူခြင်းအလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း
တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ကြီးမားသောမေတ္တာတော်ဖြင့်ကြည့်ခြင်းအလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း
ရဟန်းပြုတော်မူပုံ
အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ
ဗိမ္ဗိသာရမင်းကြီးကနန်းစည်းစိမ်တဝက်ကို ခွဲပေးနန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။
လောကီဈာန်သင်ယူတတ်မြောက်ပုံဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ
အိမ်မက်မြင်မက်တော်မူပုံ.....ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
သုဇာတာနို့ဃနာဆွမ်းကပ်ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ
မာန်နတ်မင်းတိုက်ခိုက်ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ
သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပုံမဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
http://www.dhammageha.com

ကိုယ်တိုင် Video Edit လုပ်ကြမယ်

ကိုယ်တိုင် Video Edit လုပ်ကြမယ်
     မျှော်နေကြမယ်ဆိုတာ သိပါတယ်။ မြန်မာနိုင်ငံမှာက ကော်နရှင်နတ်မင်းကြီး ခွင့်မပြုဘူးဆိုရင် ဘာမှလုပ်လို့မရဘူးဗျ။ မနက်က ကော်နရှင်မင်းကြီး စိတ်ကောင်းရှိတာနဲ့ စာလာတင်ပါတယ် ဟဲဟဲ ဒါပေမယ့် ကိုရွှေလျှပ်စစ်က တာ့တာလုပ်လိုက်လို့ တစ်ဝက်တပြက်နဲ့ လှည့်ပြန်ခဲ့ရပါရောလားဗျာ ...။ အခုလည်းပဲ ရင်တစ်ထိတ်ထိတ်နဲ့ တင်နေရတာ ............... ဗျို့ .....
     ဒီတစ်ခေါက် Video Edit လုပ်နည်းလေးအကြောင်း ပြောပြပါမယ်။ ကျနော်ကတော့ Video Edit လုပ်တဲ့အခါ Ulead videostudio 11 ကိုသုံးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ဖြစ်လို့ပါပဲ။ အခြား Software တွေသုံးမယ်ဆိုလည်း ရပါတယ်။ လုပ်ပုံလုပ်နည်းတွေကတော့ အတူတူပါပဲ။ မြန်မာနိုင်ငံမှာ ဒီဆော့ဖ်ဝဲကို ဗွီစီဒီ တစ်ချပ် ၅၀၀ကျပ် ဒီဗွီဒီ တစ်ချပ် ၁၀၀၀ကျပ် နှုန်းနဲ့ လွယ်လင့်တကူ ဝယ်ယူနိုင်ပါတယ်။ နိုင်ငံရပ်ခြားကသူတွေကတော့ အင်တာနက်က ရှာဒေါင်းပြီး ယူနိုင်ပါတယ်။ မလေးရှားမှာ ဆိုရင်တော့ Lowyet Plaza (Bukit Bintang) မှာ ဝယ်ယူနိုင်ပါတယ်။
     ကဲ စပြီး လုပ်ကြည့်ရအောင် … ။ ပထမဆုံး Desktop ပေါ်က Icon လေးကို ဖွင့်လိုက်တယ်ဆိုရင် အောက်ဖော်ပြပါ ပုံလေးတွေ့ရပါလိမ့်မယ်။
(၁)
     ဒီဘောက်စ်ထဲက Videostudio Editor ကို ထပ်မံကလစ်ရပါမယ်။ ဒါဆို အောက်ပုံလေးကို ထပ်တွေ့ရပါမယ်။
(၂)
     နားမလည်သေးဘူးဆိုရင် ဒီပုံစံအတိုင်း Edit  ပြုလုပ်ဖို့ မလွယ်ကူတဲ့အတွက် ကျနော်ဝိုင်းပြထားတဲ့ နေရာလေးကို ထပ်မံကလစ်လိုက်ပါ။
     ပုံပါအတိုင်း Video , Image , Video 1 , Title , Voice , Music ဆိုတဲ့ ဘားတွေတွေ့ရပါမယ်။ အဲဒီပေါ်မှာ Right Click နှိပ်ပြီး ရုပ်ပုံ ဗွီဒီယို သီချင်းတွေ ထည့်သွင်းလို့ရပါပြီ။
(၃)
(၄)
(၄-က)
     ပထမလိုင်းဟာ ဗွီဒီယိုနဲ့ ရုပ်ပုံတွေ ထည့်သွင်းလို့ရပြီး နေရာချဲခြင်း ၊ အထက်အောက် ဘေးဝဲယာ ချုံ့ ချဲ့ခြင်း ပြုလုပ်လို့ မရပါဘူး။ ဒုတိယလိုင်း Video 1 ( Overlay ) မှာတော့ ကြိုက်နှစ်သက်သလို ပြုလုပ်လို့ရပါတယ်။ အနက်ရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို ကလစ်ရင်တော့ နောက်ထပ် Overlay ၆ခုထိ ထားနိုင်တာကို တွေ့ရပါလိမ့်မယ်။ Overlay များများထားခြင်းအားဖြင့် ရုပ်ပုံနဲ့ ဗွီဒီယိုတွေ တစ်ခုနဲ့တစ်ခု ရောမွှေခြင်း ထပ်ခြင်း ပြုလုပ်နိုင်တဲ့ သဘောပါပဲ။
(၅)
(၆)
(၆-က)
     ပြီးတော့ Attribute က Direction / Style နေရာမှာ ရုပ်ပုံ ဗွီဒီယိုတွေကို အရှင်ထားပြီး အဝင် အထွက်တွေ သတ်မှတ်ကာ ကြိုက်သလို ကစားလို့ ရပါတယ်။ ပြီးတော့ Edit >> Apply Pan & Zoom မှာ ရုပ်ပုံတွေ လှုပ်ရှားအောင်လည်း ပြုလုပ်လို့ရပါသေးတယ်။
(၇)
(၈)
     ပုံတစ်ခုနဲ့တစ်ခု ဒါမှမဟုတ် ဗွီဒီယို တစ်ခုနဲ့တစ်ခု အချိတ်အဆက်တွေမှာ Effect တွေ အမျိုးမျိုးထည့်ပြီး ချိတ်ဆက်နိုင်ပါသေးတယ်။ လိုအပ်တဲ့နေရာကို Drag ဆွဲထည့်ရုံပါပဲ။
(၉)
(၁၀)
     နောက်ထပ် စာတန်း ထိုးတာလေး ထပ်ပြောပါမယ်။ ခေါင်းစည်းစာတန်းဖြစ်ဖြစ် ကာရာအိုကေ စာတန်းဖြစ်ဖြစ် လွယ်လင့်တကူထိုးနိုင်ပါတယ်။ Title က ကိုယ်လိုချင်တဲ့ စာတန်းစတိုင်လ်ကို T နေရာအထိ Drag ဆွဲချယူပါ။
(၁၁)
     Edit မှာ စာတန်းတွေကို လိုသလို ချုံ့ချဲ့ခြင်း Color Font Design တွေ ပြုပြင်နိုင်သလို Animation နေရာကနေလည်း စာလုံး စာတန်းတွေရဲ့ လှုပ်ရှားမှုတွေကို လိုအပ်သလို ပုံစံအမျိုးမျိုး သုံးနိုင်ပါတယ်။
(၁၂)
     ကိုယ်လိုချင်တဲ့နေရာ (ကာရာအိုကေစာတမ်းဆိုလျှင်) သီချင်းစာသားဆုံးတဲ့နေရာအထိလည်း  ဆွဲဆန့် /ချုံ့ နိုင်ပါတယ်။ ပုံတွေကိုလည်း အဲလို လုပ်နိုင်ပါတယ်။
(၁၃)
     နောက်ထပ် စာတမ်း ထပ်ထည့်ချင်တယ်ဆိုရင်တော့ အောက်ကပုံထဲမှာ ပြထားသလို နှစ်ချက်ကလစ်ပြီး ထပ်ထည့်နိုင်ပါတယ်။
(၁၄)
     အားလုံး ပြီးစီးလို့ စိတ်တိုင်းကျပြီဆိုရင် Share >> Create Video File >> နှစ်သက်ရာ ဗွီဒီယို အမျိုးအစားကို ရွေးချယ်ပြီး သိမ်းနိုင်ပါပြီ။ တကယ်လို့ မသေချာသေးဘူး ပြန်ပြင်ချင်သေးတယ်ဆိုရင် Ctr + S (Save As) နဲ့ သိမ်းထားနိုင်ပါတယ်။
(၁၅)
     ဒီလောက်ဆို ကိုယ်တိုင် Video Edit လုပ်ကြည့်လို့ ရမယ် ထင်ပါတယ်။ (ဒီလိုပုံစံမျိုးလုပ်ပြီး မြန်မာ ထိုင်း စင်္ကာပူနဲ့ မလေးရှားမှာတော့ နိုင်ငံခြား ဇာတ်လမ်းတွဲတွေ အင်တာနက်ပေါ်က သီချင်းတွေ ဗွီစီဒီမထွက်သေးတဲ့ သီချင်းတွေကို MTV လုပ်ပြီး စီးပွားဖြစ် ရောင်းချနေတာ တွေ့ရပါတယ်။ သူငယ်ချင်းတို့လည်း စိတ်ဝင်စားရင် စီးပွားဖြစ်နိုင်တယ် နော .. ဟဲ ဟဲ … )
     အောက်မှာ ကျနော် နမူနာ လုပ်ထားတဲ့ ဗွီဒီယိုလေးတစ်ခု တင်ပေးထားပါတယ်။
     ဒီနေရာမှာ ဖွင့်ကြည့်လိုက်ပါ
     ကြုံရင် ကျနော်ကိုယ်တိုင် ဖန်တီးထားတဲ့ ရွှေမြန်မာဥယျာဉ်က အက်ဒမင် David Phyo (ဖြိုးသက်ခိုင်) ရဲ့ “ပြန်ပါငှက်ကလေး” ဆိုတဲ့ သီချင်းလေးကိုလည်း နားဆင်ကြည့်ရှုနိုင်အောင် တင်ပေးပါမယ်။
ညီ ညီမလေးတို့ရေ .. နောက်တစ်ကြိမ်တော့ Photo Shop Too တွေနဲ့ လုပ်ဆောင်ချက်တွေ အကြောင်း ပြောပြပါဦးမယ်။ အဲဒီပို့စ် မတိုင်ခင် ရွှေအက်ဒမင် အားလုံးပါဝင်တဲ့ “မှတ်ကရော” ဆိုတာလေးက အရင်ပေါ့။
     မကြာမီ လာမည် .. မျှော် …
     နားပါဦးမည်။

     ရွှေမိသားစုဝင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ …

   ဥယျာဉ်မှူးလေး
http://goldenmyanmarparadise.ning.com/profiles/blog/show?id=5620648%3ABlogPost%3A1049193&xgs=1&xg_source=msg_share_post

"ရှူးတိုးတိုး လူသိကုန်မယ်..."

"ရှူးတိုးတိုး လူသိကုန်မယ်..."

" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "
... " ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

Sources: Doh Yote ရေးသားပူဇော်ပြီး Swe Zin ထံမှတစ်ဆင့် ပူဇော်ပါတယ်....
 ----------------------------------------------------------------------------------------
 မဆုံးပါဘူးကွာ
" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. "
" ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
"ငါမပိုင်လို့ပေါ့....."

" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
... " ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )

Sources: Doh Yote ရေးသားပူဇော်ပြီး Swe Zin ထံမှတစ်ဆင့် ပူဇော်ပါတယ်....
 -------------------------------------------------------------------------------------------
အယုတ်၊ အမြတ် မရွေးအလှူ...

" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. "
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
... " သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "
" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..

( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။

Sources: Doh Yote ရေးသားပူဇော်ပြီး Swe Zin ထံမှတစ်ဆင့် ပူဇော်ပါတယ်..

ချစ်လားမချစ်လားသိဖို့အတွက် စမ်းသပ်ရန် (၁၂)ချက်

အင်..လူကြားထဲး ...တိန်

ချစ်လားမချစ်လားသိဖို့အတွက်အားလုံးကို နည်းလမ်း၁၂ ခုဝေမျှပေးချင်ပါတယ်

၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း
သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။

... ၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါမှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။

၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။

၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။

၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။

၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်
စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။

၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာ
အပြုံးတွေစိုးမိုးနေလိမ့်မယ်။

၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။

၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်းရှိနေလိမ့်မယ်။

၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇
ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။

၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီး
သင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။

ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။
အသင့်နှလုံးသားထဲမှာရှိတဲ့လူကို ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။
ကိုယ့်ကိုကိုယ်စမ်းသပ်ကြည့်ကြပါ...

သုတလွင်ပြင် facebook
ချစ်လား(Rဇာနည်၊ဆုန်သင်းပါ)
 

ပဋ္ဌာန်း ၂၄ – ပစ္စည်း အဓိပ္ပါယ်အကျဉ်း (ပုံနှင့်တကွ ရှင်းလင်းချက်)

ပဌာန်း ၂၄ ပစ္စည်ကို အလွတ်ရပေမဲ့ အဓိပ္ပါယ် ကိုသေချာမသိ့ခဲ့ပါဘူး။အခုမှသိ့ရ လိုသူငယ်ချင်း
တို့အား ပြန်လည်မျှဝေလိုက်ပါသည်။တရားခွေ ရယူလိုသူများ post အဆုံးတွင်
ပဌာန်းပါဠိတော်နှင့်ဓါရဏ ပရိတ်တော် တရားခွေအား download ရယူ နာကြား
နိုင်ရန် တင်ပေးထားပါသည်။

ပဋ္ဌာန်း ၂၄ – ပစ္စည်း အဓိပ္ပါယ်အကျဉ်း


ဟေတုပစ္စယော

၁။ဟေတုပစ္စယော
ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌– မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)

အာရမ္မဏပစ္စယော


၂။အာရမ္မဏပစ္စယော
အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း သွားခြင်းကိစ္စကို ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။

အဓိပတိပစ္စယော


၃။အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း– စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊ နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်) ကျေးဇူးပြုတတ်သောတရား။

အနန္တရပစ္စယော


၎။အနန္တရပစ္စယော

အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း– စကြာဝတေးမင်း၏ နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။

သမနန္တရပစ္စယော


၅။သမနန္တရပစ္စယော

ကောင်းစွာအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– စကြာဝတေးမင်း၏ အရည၀ါသီ တောထွက်တော်မူ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာအခြားမဲ့ အခြားမရှိ ကျေးဇူးပြုတတ်သောတရား။

သဟဇာတပစ္စယော


၆။သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက် အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။

အညမညပစ္စယော


၇။အညမညပစ္စယော
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း– သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။

နိဿယပစ္စယော


၈။နိသာယပစ္စယော
မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဥပနိဿယပစ္စယော


၉။ဥပနိဿယပစ္စယော

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။

ပုရေဇာတပစ္စယော



၁၀။ပုရေဇာဆပစ္စယော
ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။

ပစ္ဆာဇာတပစ္စယော

၁၁။ပစ္ဆာဇာတပစ္စယော

နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည် မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။ ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား မသေစေရန် အကျိုးပြုသောကြောင့်တည်း။

အာသေ၀နပစ္စယော


၁၂။အာသေ၀နပစ္စယော

အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၄င်း၊ ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ကမ္မပစ္စယော

၁၃။ကမ္မပစ္စယော
စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပါကပစ္စယော

၁၄။ဝိပါကပစ္စယော
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။

အာပာာရပစ္စယော


၁၅။အာဟာရပစ္စယော
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ထောက်ကန်သောတိုင်သစ်သည် အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဣန္ဒြိယပစ္စယော

၁၆။ဣန္ဒြိယပစ္စယော

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည် (အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဈာနပစ္စယော

၁၇။ဈာနပစ္စယော

ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း– တောင်ဖျား သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

မဂ္ဂပစ္စယော

၁၈။မဂ္ဂပစ္စယော

ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဤမှာဘက်မှ ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့ ၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

သမ္ပယုတ္တပစ္စယော

၁၉။သမ္ပယုတ္တပစ္စယော

ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပ္ပယုတ္တပစ္စယော



၂၀။ဝိပ္ပယုတ္တပစ္စယော

မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

အတ္ထိပစ္စယော

၂၁။အတ္ထိပစ္စယော

ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

နတ္ထိပစ္စယော


၂၂။နတ္ထိပစ္စယော

မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ညဥ့်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဝိဂတပစ္စယော

၂၃။ဝိဂတပစ္စယော

ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– နေ၏ ၀င်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အ၀ိဂတပစ္စယော


၂၄။အ၀ိဂတပစ္စယော

မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

http://thenobleeightfoldpath.wordpress.com

ပဌာန်းပါဠိတော်နှင့်ဓါရဏ ပရိတ်တော် တရား download ရယူပါ။
ကြာနီကန် ဆရာတော် ဦဇဋိလ ရွတ်ဖတ်ပူဇော်သည့် ကြည်ညိုဖွယ်ရာ mp3 တရားတော်ပါ။
 ၁။ ပဌာန်းပါဠိတော်၊ ဓါရဏပရီတ်တော်
တရားပေါ်မှာ right clip နှိပ်ပြီး save link as (သို့) save target as နှိပ်ပီး Download ယူနိုင်ပါတယ်ခင်ဗျာ
အားလုံးကို အထူးပဲး ကျေးဇူးတင်ရှိပါတယ်။။......
Related Posts Plugin for WordPress, Blogger...