စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာတောင်သူလယ်သမားတို့၏ လှပသောအနာဂတ်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာန (IRRI) မှ ရွှေစပါးနှံဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်း အနားနှင့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအစီအမံ စတင် ဖွင့်လှစ်ခြင်းအခမ်းအနားကို မေ ၂ဝ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး သုတေသနစုဝေးခန်းမ၌ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာရောဘတ်ဇိဂလာက ရွှေစပါးနှံဂုဏ်ပြုဆုကို ပေးအပ်ခဲ့ကြောင်း သတင်းစာများတွင်ဖတ်ရှုခဲ့ရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မိမိ တစ်ဦးတည်းအား အသိအမှတ်ပြုခြင်းမဟုတ်ဘဲ နိုင်ငံနှင့် အဝန်း တောင်သူလယ်သမားများနှင့် လယ်ယာကဏ္ဍဆိုင်ရာ ပညာရှင်များ၏ အတူတကွပူးပေါင်းကြိုးပမ်းဆောင်ရွက်ချက်များအပေါ်တွင် ဂုဏ်ပြုခြင်း ဖြစ်သည်ဟု ဂုဏ်ယူခံစားမိပါကြောင်း '' ပြောကြားခဲ့သည်ကိုလည်း သတိပြုမိသည်။

တစ်ဆက်တည်းမှာပင် အီတလီနိုင်ငံ ရောမမြို့၌ ဇွန် ၆ ရက်မှ ၁၃ ရက်အထိ ''ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ (၃၉)ကြိမ်မြောက် ညီလာခံ '' ကျင်းပနေစဉ် ဇွန် ၇ ရက်တွင် ''ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေး ဆိုင်ရာ ထူးချွန်ပြောင်မြောက်သည့် တိုးတက်မှုများအား အသိအမှတ်ပြုသည့် အထူးအခမ်းအနား'' တစ်ရပ်ကျင်းပပြီး ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအရ ၁၉၉ဝ – ၁၉၉၂ ခုနှစ်မှ ၂ဝ၁၄ – ၂ဝ၁၆ ခုနှစ်အထိ ကာလများအတွင်း အာဟာရ လုံလောက်မှုမရှိသောလူဦးရေ ထက်ဝက် လျှော့ချရေးကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင် ခဲ့သည့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံတို့ကို ဂုဏ်ပြုလက်မှတ်များချီးမြှင့်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကိုယ်စား မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တက်ရောက်လက်ခံ ရယူခဲ့ကြောင်း ဖတ်ရှုရပြန်သည်။ ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ၁၉၉ဝ - ၁၉၉၂ ခုနှစ်ကာလများတွင် အာဟာရချို့တဲ့မှုနှုန်းသည် ၆၂ဒသမ၆ ရာခိုင်နှုန်းရှိရာမှ ၂ဝ၁၄–၂ဝ၁၆ ခုနှစ်ကာလများတွင် ၁၄ ဒသမ ၂ ရာခိုင် နှုန်းသို့ ကောင်းမွန်စွာလျှော့ချနိုင် ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ ဂုဏ်ပြု လက်မှတ်အား ချီးမြှင့်ခြင်းဖြစ်ကြောင်း'' ဖတ်ရှုမှတ်သားရပါသည်။

ဤဂုဏ်ပြုဆု၊ ဂုဏ်ပြုလက်မှတ်များသည် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၏ စနစ်တကျဆန်းစစ်လေ့လာသုံးသပ်ချက်များအရ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုခံရမှုကို ကျွန်တော်တို့ ဝမ်းမြောက်ကျေနပ်စွာ လက်ခံကြရမှာ ဖြစ်ပါသည်။

ဖတ်ရှုမှတ်သားခဲ့ရသော ဤသတင်းနှစ်ပုဒ်သည် စားနပ်ရိက္ခာနှင့် ပတ်သက်သည့် သတင်းများဖြစ်နေ၍ ယနေ့ ကမ္ဘာသူ ကမ္ဘာသားအားလုံး အတွက် နေ့စဉ်မရှိမဖြစ်အခြေခံလိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာ ဖူလုံရေး နှင့် အာဟာရပြည့်ဝရေး တာဝန်သည် မိမိတို့အားလုံးအပေါ်တွင် ကျရောက် နေသည့် အဓိကတာဝန်ကြီး တစ်ရပ်ဖြစ်နေကြောင်း စောကြော ခံယူမိရင်း နောက်ဆက်တွဲအတွေးများကို ဆက်လက်အမျှင်တန်းနေမိပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အလျောက် နိုင်ငံ့လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင် ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်ကြ သူများဖြစ်ပါသည်။ နှစ်ပေါင်းများစွာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသော်လည်း လူမှုစီးပွားဘဝ သိသိသာသာမြင့်တက် မလာရ ခြင်းအကြောင်းရင်းကို စေ့ငုကြည့်ပါက လူနှင့် ကျွဲ၊ နွားများကို အသုံးပြု ဆောင်ရွက်သည့် မိရိုးဖလာလက်မှုလယ်ယာစနစ်ကိုသာ ကျင့်သုံးနေဆဲ ဖြစ်သဖြင့် ရာသီချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းလျော့ခြင်း၊ အလေအလွင့်များခြင်း၊ သီးနှံအရည်အသွေးမကောင်းခြင်း၊ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မှုမရှိခြင်း၊ သီးထပ်သီးညှပ် စိုက်ပျိုးနိုင်မှုမရှိခြင်းစသည့် အားနည်းချက်များဖြစ်ပေါ်ပြီး တောင်သူလယ်သမားများ လူပင်ပန်းသလောက်၊ အချိန်ကုန်သလောက် အကျိုးမခံစားကြရခြင်းဖြစ်ကြောင်းကို စိတ်မကောင်းစရာသုံးသပ်တွေ့ရှိရပါသည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားဖို့၊ ထိုမှ တစ်ဆင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် စိုက်ပျိုးရေးကိုအခြေခံ သည့် မြန်မာနိုင်ငံအဖို့ မဖြစ်မနေကူးပြောင်းဆောင်ရွက်ရမည့်အချက် တစ်ချက်မှာ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရေးပင်ဖြစ်သည်။

ဤတာဝန်ကို နိုင်ငံတော်အစိုးရကလည်း အဘက်ဘက်မှအားပေးဆောင်ရွက် လျက်ရှိကြောင်းတွေ့နေရသည်။ ဥပမာ တစ်ခုကိုပြပါဆိုလျှင် လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းရေးကို အားပေးဆောင်ရွက်နေ သည်။ စက်မှုလယ်ယာစနစ်ကို အပြည့်အဝကူးပြောင်းနိုင်ဖို့ အချက်များစွာပြည့်စုံဖို့ လိုအပ်သည်။ ၎င်းတို့အနက် လယ်ယာ သုံးစက်ကိရိယာများကို တောင်သူလယ်သမားများက တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်မှုသည်လည်း အဓိကပြည့်စုံရမည့် အချက်တစ်ချက် ဖြစ်နေသည်။

မိမိတို့ပိုင်လယ်ယာမြေများတွင် မိမိတို့ပိုင် လယ်ယာသုံးစက်ကိရိယာ များဖြင့် ထွန်ယက်စိုက်ပျိုးရိတ်သိမ်းနိုင်သည့်အခွင့်အရေးကို တောင်သူလယ် သမားတိုင်းက လိုချင်ကြသည်။ အိပ်မက်မက်ကြသည်။ မျှော်လင့်နေသည့် မိုးတစ်ပြိုက် နှစ်ပြိုက်ကျသည်နှင့်အချိန်ကိုက် မိမိတို့လယ်ယာများကို ထွန်ယက်မည်။ အချိန်မီ မျိုးစေ့ကြဲပက်စိုက်ပျိုးမည် ဆိုသည့်အစီအစဉ်သည် မိမိတို့ လက်ရှိဆောင်ရွက်နေသည့် ကျွဲ၊ နွားစနစ်နှင့် မလုံလောက် ၊ အချိန်ကိုက်မဖြစ်။ ဒေသတွင်းရှိ လယ်ယာသုံးစက်ကိရိယာတစ်စီး၊နှစ်စီးကို အားကိုးရုံမျှဖြင့်လည်း မိမိအလှည့်ကိုစောင့်ရင်း ရာသီဥတုနှင့် အံဝင်ခွင်ကျ ချိန်ကိုက်မဖြစ်နိုင်။ မိမိလယ်မြေကို မိမိပိုင်စက်ကိရိယာများဖြင့် ထွန်ယက်စိုက်ပျိုးလိုသည့် အိပ်မက်ကို အကောင်အထည်ဖော်ဖို့ စဉ်းစားပြန်တော့လည်း အသေးငယ်ဆုံးလက်တွန်း ထွန်စက်တစ်စီး၏ တန်ဖိုးသည်ပင်လျှင် အနည်းဆုံးကျပ်သိန်း ၂ဝ ခန့်၊ လယ်ထွန်စက်အကြီး၊ ရိတ်သိမ်းခြွေလှေ့စက်များဆိုလျှင် ကျပ်သိန်းသုံးရာ ကျော်ခန့် အထိတန်ဖိုးရှိသည်။ သာမန်တောင်သူလယ်သမားတစ်ဦးအတွက် မမျှော်မှန်းရဲစရာကိစ္စဖြစ်နေသည်။ လက်ငင်း ဝယ်ယူသုံးစွဲနိုင်ဖို့ အလွန်အလှမ်း ဝေးသောအခြေအနေဖြစ်သည်။ သို့ပါ၍ ရသမျှနှင့်ကျေနပ်ရသော ဖွံ့ဖြိုးမှုမရှိ သည့် အဆိုးသံသရာကို အမြန်လွန်မြောက်လိုကြပြီဖြစ်သည်။

ထိုအခြေအနေများကြောင့် လယ်ယာသုံးစက်ကိရိယာများ ကို တောင်သူ လယ်သမားများက တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်ဖို့အတွက် နိုင်ငံတော် အစိုးရက မည်သို့မည်ပုံ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်၊ ပေးနေသည်ကို စိတ်ဝင်စားမိပါသည်။ သိချင်မိပါသည်။ သို့ပါ၍ မေလကုန်ပိုင်းလောက် က နိုင်ငံတော်သမ္မတကြီး တက်ရောက်ချီးမြှင့်ခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားသို့ရောက်ရှိခဲ့စဉ် သမဝါယမဝန်ကြီး ဌာနက တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သိလိုသမျှမေးမြန်းစပ်စုခဲ့မိသည်။

ဒီအခမ်းအနားကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်ကို နည်းနည်းလောက်ရှင်းပြပါလို့မေးတော့ ''တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးရေး လုပ်ငန်းများကို ရာသီအချိန်မီ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မှ အကျိုးအမြတ်ရရှိမှာဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်နိုင်ဖို့ဆိုရင် ရေ၊ မြေ၊ ဥတု၊ မျိုး၊ သွင်းအားစုများ အပြင် ငွေကြေးအရင်းအနှီးနဲ့ စက်ကိရိယာအပြည့်အဝ အသုံးပြုနိုင်မှုလည်းလိုအပ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာတွေကို လက်ငင်း ငွေချေပြီး ကိုယ်ပိုင်ဝယ်ယူနိုင်ဖို့ဆိုတာ သူတို့အတွက် အလွန်ခက်ခဲပါတယ်။ ဒီအခက်အခဲကို သမဝါယမက ကူညီဖြေရှင်းပေးနေ တာဖြစ်ပါတယ်။ စိုက်ပျိုး စရိတ် အရင်းအနှီးငွေကြေးအတွက် ချေးငွေ ထုတ်ချေးပေးတယ်။အတိုးနှုန်းက တစ်ကျပ် တစ်ဆယ့်ငါးပြားဖြစ်လို့ အပြင်က သုံးကျပ်တိုး၊ ငါးကျပ်တိုး၊ တစ်ဆယ်တိုး၊ တစ်ဆယ့်ငါးကျပ်တိုး၊ နှစ်ဆယ်တိုး၊ သုံးဆယ်တိုးထက် အများကြီး သက်သာပါတယ်။

‘ဒီနေ့အထိ မြန်မာတစ်နိုင်ငံလုံးမှာ သမဝါယမအသင်းသား ၂ဝ၉၁၇ဝ၃ ဦးကို ချေးငွေကျပ် ၂၂၄ ဒသမ ၅၅၁ ဘီလီယံကျော်ထုတ်ချေးပေး ထားပြီးဖြစ်ပါတယ်။ ထို့အပြင် စက်ကိရိယာတွေကို ကိုယ်ပိုင်ဝယ်ယူ အသုံး ပြုဖို့ဆန္ဒရှိတဲ့ သမဝါယမအသင်းသား တောင်သူ လယ်သမားတွေ အတွက် လည်း သူတို့စိတ်ကြိုက်စက်ပစ္စည်းကို စိတ်ကြိုက်နေရာကဝယ်၊ သမ ဝါယမက ကြားခံပြီး ကျသင့်တန်ဖိုးကိုပေးချေပေးမယ်။ အသင်းသားက အရစ်ကျငွေချေ စနစ်နဲ့ပြန်ဆပ်၊ ဒီစနစ်နဲ့ပံ့ပိုးပေးတယ်။ လယ်ယာသုံး စက် ကိရိယာများသာမက လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံးစက်ပစ္စည်း ကိရိယာ တွေ ကိုလည်း အရစ်ကျငွေချေစနစ်နဲ့ သမဝါယမက ပံ့ပိုးဆောင်ရွက်ပေး နေ ပါတယ်။ ဒီနေ့အချိန်အထိ လယ်ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံး ပစ္စည်း စုစုပေါင်းအစီး ၁၆၆၇ဝ၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၁၃၉၃၄ဒသမ ၃၄ဝ၈ သန်းကို သမဝါယမအသင်းသား ၁၁၉၃၅ ဦးသို့ အရစ်ကျငွေချေ စနစ်နဲ့ ရောင်းချပေးထားပြီးတော့ အဲဒီအထဲက ငွေအပြေအကျေပေးချေပြီးလို့ စက်ကိရိယာ ကိုယ်ပိုင်ဖြစ်သွားသူစုစုပေါင်း ၁၉၃၄ဦး ရှိပြီဖြစ်ပါတယ်'' ဟု ရှင်းပြသည်။

ဈေးကွက်အတွင်းမှာရှိတဲ့ စက်ပစ္စည်းကိရိယာများအနက် သမဝါယမ အသင်းသားပြည်သူများ ၎င်းတို့ ကြိုက်နှစ်သက်သည့် စက်ပစ္စည်း ကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပံ့ပိုးပေးခြင်းအပြင် အခမ်းအနားတွင် ဝယ်ယူသူတောင်သူလယ်သမားများနှင့်ယှဉ်တွဲကာ ခင်းကျင်းပြသထားသည့် ကိုရီးယားသမ္မတနိုင်ငံထုတ်ီနေိသညါ စက်ကိရိယာများအကြောင်းကို မေးမြန်းတော့ ခုလိုဆက်ရှင်းပြပါသည်။

''သမဝါယမဝန်ကြီးဌာနအနေနဲ့က သမဝါယမအသင်းသားပိုင်၊ အသင်းပိုင်ငွေကြေးတွေနဲ့ စက်ကိရိယာများကို အရစ်ကျငွေချေစနစ် နဲ့ ငွေကြေးစိုက်ထုတ်ပံ့ပိုးပေးနေပေမယ့် လုံလောက်မှုမရှိသေးပါဘူး။ စက် ကိရိယာတွေကို အရစ်ကျ ငွေချေစနစ်နဲ့ ဝယ်လိုတဲ့တောင်သူ လယ်သမားတွေကို ဒီထက်ပိုမိုပံ့ပိုးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ကို ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် သွားရောက်ပြီး လေ့လာတာ၊ ဆွေးနွေးတာ ၊ နည်းလမ်း ရှာဖွေတာတွေ ဆောင်ရွက်တဲ့အခါ ကိုရီးယားသမ္မတနိုင်ငံအစိုးရ ရဲ့အကူအညီနဲ့ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်ဖိုးရှိတဲ့Daedong Industrial Co., Ltd. . ထုတ် လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျ ငွေချေစနစ်ဖြင့် ဝယ်ယူ၊ ရောင်းချနိုင်ဖို့လမ်းစရရှိခဲ့ပါတယ်''။

''အဲဒီလိုဆွေးနွေးခဲ့ပြီးတဲ့နောက် Daedong ကုမ္ပဏီထုတ် လယ်ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များရဲ့ စက်စွမ်းရည်မောင်းနှင် သရုပ်ပြ တာ၊ ကိုင်တွယ်အသုံးပြုနည်းပညာတွေကိုရှင်းလင်းတာ၊ အရစ်ကျ ငွေချေ စနစ်နဲ့ ရောင်းချပေးမယ့် မူဝါဒ၊ စည်းကမ်းချက်တွေကို ရှင်းလင်းချပြတာတွေ ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါ တယ်။ သရုပ်ပြပွဲကို တက်ရောက်လာတဲ့ တောင်သူလယ်သမားတွေက ကြိုက်နှစ်သက်လို့ ဝယ်ယူလိုတဲ့ အဆိုပြုချက် (Demand) တွေကို လည်း ကောက်ယူခဲ့ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်''။

''ဒီလိုဆန်းစစ်မှုတွေဆောင်ရွက်ပြီးနောက်Daedong ကုမ္ပဏီ၊ အခြားဆက်စပ်အဖွဲ့အစည်းများနဲ့ အသေးစိတ် ညှိနှိုင်း မှုတွေ ပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ လွှတ်တော်ရဲ့ခွင့်ပြုချက် ၊ အတည်ပြုချက်တို့ဖြင့် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကာ အမေရိကန်ဒေါ်လာသန်း ၁ဝဝ တန်ဖိုးရှိတဲ့ 13 HP လက်တွန်းထွန်စက် ၂ဝ၂၃ စီး၊ 28 HP ထွန်စက် ၆၇၅ စီး၊ 35 HPထွန်စက် ၄၈၁ စီး၊ 41 HP ထွန်စက်အစီး ၁၂ဝ၊ 50 HP ထွန်စက် ၃၁၂ စီး၊ 50HP ထွန်စက် ၉၄၆စီး၊60 HP ထွန်စက်အစီး ၁၃၇ဝ၊ 90 HP ထွန်စက် ၂၆၇ စီး ၊62 HP ရိတ်သိမ်းခြွေလှေ့စက် ၂၄၅ စီး၊ 72 HP ရိတ်သိမ်းခြွေလှေ့စက် ၂၈၄ စီး စုစုပေါင်းစက်အရေအတွက် ၆၇၂၃ စီးကို မှာယူတင်သွင်းခဲ့ပါတယ်။ စက်ပစ္စည်းအမျိုးအစားအလိုက် အရေအတွက်ကိုလည်း စက်စွမ်းရည် သရုပ်ပြပွဲများမှာ တောင်သူလယ်သမား တွေရဲ့ ဝယ်ယူလိုမှု (Demand) အဆိုပြုချက်များအပေါ် အခြေခံပြီး ပစ္စည်းအမျိုးအစားအလိုက် အချိုးကျတွက်ချက်ကာ အရေအတွက်ကို သတ်မှတ် မှာယူတင်သွင်း ခဲ့တာဖြစ်ပါတယ် '' ဟု ရှင်းပြသည်။

Daedong စက်ကိရိယာများကို တောင်သူလယ်သမားများသို့ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမှုနှင့် ပတ်သက်၍လည်း ''ဒီပစ္စည်းတွေကို မဝယ်မနေရ အတင်းရောင်းပေးနေတာ မဟုတ်ပါဘူး။ တောင်သူလယ်သမား တွေက ကြိုက်နှစ်သက်မှ ဝယ်ယူကြတာပါ။ ဝယ်မယ်ဆိုရင်တော့ သတ်မှတ် စည်းကမ်းများနဲ့အညီ စာရွက်စာတမ်းများဖြည့်စွက်ပြီး လက်ငင်း (Down Payment) အဖြစ် စက်ကိရိယာတန်ဖိုးရဲ့ ၁ဝ ရာခိုင်နှုန်းကိုပေးသွင်းပြီး စက်ကိုယူသွားရုံပါ။ တစ်နှစ်ပြည့်ရင်တော့ စက်တန်ဖိုးရဲ့ ငါးရာခိုင်နှုန်းနဲ့ ကျသင့် အတိုးကိုပေးသွင်း ရမှာဖြစ်ပါတယ်။ 13 HP လက်တွန်းထွန်စက် ဆိုရင် အာမခံကာလ သုံးနှစ်၊ ပြန်ဆပ်ကာလ ငါးနှစ်၊50 HP အောက် လယ်ထွန်စက်တွေဆိုရင် အာမခံကာလ တစ်နှစ် ၊ ပြန်ဆပ်ကာလခြောက်နှစ်၊ 60 HP ၊ 90 HP လယ်ထွန်စက်တွေဆိုရင် အာမခံကာလ တစ်နှစ် ၊ ပြန်ဆပ် ကာလ ခုနစ်နှစ် သတ်မှတ်ထားပါတယ်။ ပြန်ဆပ်ရာမှာလည်း မိမိဘက်က အဆင်ပြေရင်ပြေ သလို စာချုပ်သတ်မှတ်ကာလအထိ မစောင့်ဘဲ ပေးသွင်း နိုင်ခွင့်ရှိပါတယ်။ ထို့အတူ အာမခံကာလအတွင်းမှာ မူလနည်းပညာ အားနည်းချက်ကြောင့် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ပါက အခမဲ့ပစ္စည်းလဲလှယ်၊ ပြုပြင်ဆောင်ရွက်ပေး မှာဖြစ်ပါတယ်''။

(ဆက်လက်ဖော်ပြပါမည်)

https://www.facebook.com/mwdmedia/photos/a.280237205426758.63709.246

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...