စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

“မီး(၁၁)ဖြာလောင်မှု မဂ္ဂင်ရေနှင့် ဆေးကြောပြုပါ”


                    

အမာတွင် စိန်ကျောက်၊
အမောက်တွင် မြင့်မိုရ်၊
အပျိုတွင် ကုမ္မရီ၊
အဆီတွင် ခြင်္သေ့၊
အကွေ့တွင် ဝင်္ဂဘာ၊
အသာတွင် လဝန်း၊
အထွန်းတွင် နေသူရိန်၊
အလိန်တွင် နဂါးပတ်၊
အမြတ်တွင် ဘုရား၊
အမှားတွင် ဒိဋ္ဌိ၊
အငြိတွင် သံယောဇဉ်၊
အပူတွင် ကိလေမီး။

  ဟူသောဆိုရိုးစကားရှိရာတွင် အပူတစ်ကာ့အပူထဲတွင် သတ္တဝါတို့အတွက် ကိလေသာအပူမီးသည်
ကမ္ဘာမီးလောင်တာထက်ပင် ပြင်းထန်ပါသည်။ သတ္တဝါများကို ကိလေသာမီးက အမြဲလောင်နေပါသည်။

ထိုမီးများသည် မျက်စိမြင်ရာမှာလည်းကောင်း၊ နား ကြားရာမှာ လည်းကောင်း၊
နှာခေါင်း နံနေရာမှာလည်းကောင်း၊ လျှာအရသာခံစားရမှာလည်းကောင်း၊ ခန္ဓာကိုယ်အတွေ့မှာလည်းကောင်း၊ စိတ်ကူးအကြံအစည်မှာလည်းကောင်း လောင်နေပါသည်။

မျက်စိက ရူပါရုံအဆင်းကိုမြင်သော် လောဘကိလေသာမီးတွေ လောင်ပါသည်။

ကိုယ်မနှစ်သက်သောအာရုံများကိုတွေ့သော် မျက်စိကနေ ဒေါသမီးတွေလောင်ပါသည်။

ရုပ်နာမ်အသိတရားမသိလျှင် မောဟမီး လောင်ပါသည်။ထိုမီးများကို ရေဖြင့် ငြိမ်း၍မရပါ။
မဂ္ဂင်ရေဖြင့်ငြိမ်းမှသာ ရနိုင်ပါသည်။မဂ္ဂင်ရေနှင့် မည်သို့ငြိမ်းမည်နည်း။

-မျက်စိကမြင်သောအခါ မြင်သည်ဟု ရှုမှတ်ရမည်။
-နားကကြားသောအခါ ကြားသည်ဟု ရှုမှတ်ရမည်။
-နှာခေါင်းကနံသောအခါ နံသည်ဟု ရှုမှတ်ရမည်။
-လျှာကစားသောအခါ စားသည်ဟု ရှုမှတ်ရမည်။
-ကိုယ်ကတွေ့ထိသောအခါ တွေ့ထိသည်ဟု ရှုမှတ်ရမည်။
-စိတ်ကကြံစည်သောအခါ ကြံစည်သည်ဟု ရှုမှတ်ရမည်။

ဤသို့ရှုမှတ်ခြင်းသည် ခန္ဓာကိုယ်မှာ လောင်နေသောမီးကို မဂ္ဂင်ရေနှင့် ငြိမ်းစေခြင်း မည်ပါသည်။

ဤသို့ရှုမှတ်မှုသည်ပင် မဂ္ဂင်ငါးပါးကိုအလိုလို အားထုတ်ပြီးဖြစ်နေပါသည်။

-မျက်စိကအဆင်းကိုမြင်၍ မြင်သည် ဟုရှုမှတ်တိုင်း၊ရှုမှတ်တိုင်း ကြောင့်ကြစိုက်မှု အားထုတ်မှုလုံ့လဝိရိယပါနေ၍ သမ္မာဝါယမမဂ္ဂင် ဖြစ်နေပါသည်။
-မှတ်တိုင်း မှတ်တိုင်း ရှုမှတ်နေရသော အမှတ်သတိက သမ္မာသတိမဂ္ဂင် ဖြစ်နေပါသည်။
-အမြင်အာရုံပေါ်မှာ မှတ်စိတ်ကလေးတည်နေမှုသည် သမ္မာသမာဓိမဂ္ဂင် ဖြစ်နေပါသည်။
-အမြင်အာရုံပေါ်မှာ မှတ်စိတ်ကလေးရောက်အောင် ဆွဲတောင်တွန်းပို့ပေးတဲ့သဘောသည်
သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်နေပါသည်။

ဥပမာ-ရွှေတိဂုံဘုရားမမြင်ဘူး၊ မဖူးဘူးသော တောသားတစ်ယောက်ကို မြို့သားသူငယ်ချင်းက
ဟောဒါ ရွှေတိဂုံဘုရားပဲ၊ အလွန်ကြည်ညိုစရာကောင်းတယ်လို့ပြောပြသဖြင့် တောသားစိတ်ကို
ရွှေတိဂုံဘုရားအပေါ်၌စိတ်အာရုံရောက်အောင် ဆွဲဆောင်ပို့ပေးလိုက်သော သဘောမျိုးဖြစ်ပါသည်။

သမ္မာသင်္ကပ္ပက မှတ်စရာအမြင်အာရုံလေးပေါ် ရောက်အောင်ဆွဲဆောင်ပို့ပေးလိုက်သောအခါ
တောသားရွှေတိဂုံဘုရားအစစ်အမှန်ကို ဖူးတွေ့မြင်တွေ့ရသကဲ့သို့ အမှန်အတိုင်းသိသွားမှုသည်
သမ္မာဒိဋ္ဌိမဂ္ဂင် ဖြစ်ပါသည်။

မျက်စိကလည်းရုပ်တရား၊ မြင်ရသော ရွှေတိဂုံဘုရားကလည်း ရုပ်တရားပဲလို့ သိနေမှုသည်
သမ္မာဒိဋ္ဌိမဂ္ဂင်ဖြစ်ပါသည်။

မျက်စိနှင့်အဆင်းအာရုံဆုံမိသောအခါ မြင်သိစိတ် (စက္ခုဝိညာဏ်စိတ်)ဖြစ်ပေါ်လာရပါသည်။
ထိုမြင်သိစိတ်ကို ဘုရားသခင်က သိကြားမင်းကဖန်ဆင်း၍ ပေါ်လာသည် မဟုတ်ပါ။

-မျက်စိနှင့်အဆင်းအာရုံက -ရုပ်တရား
-မြင်သိစိတ်က -နာမ်တရား
-ရုပ်တရား၊နာမ်တရားကိုပိုင်းခြား၍ -သမ္မာဒိဋ္ဌိမဂ္ဂင်သိသည်က မျက်စိနှင့်အဆင်း ဆုံမိ၍သာ
မြင်သိစိတ်ဖြစ်ပေါ်လာရပါသည်။

-မျက်စိနှင့်အဆင်းဆုံဆည်းမှုသည် -အကြောင်းတရား
-မြင်သိစိတ်ဖြစ်ပေါ်လာသည်က -အကျိုးတရား
-အကြောင်းအကျိုးဆက်စပ်၍ဖြစ်သည် ဟုသိမှုသည်က -သမ္မာဒိဋ္ဌိ

ကြောင်းကျိုးဆက်စပ်၍ဖြစ်ပေါ်လာရသော ရုပ်တရား၊နာမ်တရားများသည် ဘယ်ရုပ် ဘယ်နာမ်မှ
ကြာရှည်စွာ မြဲတည်မနေကြပါ၊ ဤနေရာမှာဖြစ်၊ ဤနေရာမှာပျက်၊ ဟိုနေရာမှာဖြစ်၊ ဟိုနေရာမှာပျက်၊
ဖြစ်လိုက်-ပျက်လိုက်၊ ပေါ်လိုက်-ပျောက်လိုက်နှင့် အနိစ္စသဘောဖြစ်မှု-ပျက်မှုက အပြတ်နှိပ်စက်နေ၍
ဒုက္ခသဘော၊ ဤရုပ်တရား နာမ်တရားများသည် ဖြစ်တော့လည်း သူ့သဘောအတိုင်းဖြစ်၊
ပျက်တော့လည်း သူ့သဘောအတိုင်းပျက်နေကြသည်။မိမိအလိုကျမပါ မဖြစ်၊ မိမိမပိုင်၊ မိမိအစိုးမရ၊
အနတ္တသဘော ဤကဲ့သို့သော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောမှန်ကို သမ္မာဒိဋ္ဌိက သိပါသည်။

ထို့ကြောင့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပမဂ္ဂင်နှစ်ပါးကို ပညာမဂ္ဂင်ဟူ၍ ဆိုရပါသည်။

မြင်သည်-မြင်သည် ဟုရှုမှတ်လိုက်သောအခါတွင် သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော
သမာဓိမဂ္ဂင်က(၃)မျိုး၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပဟူသော ပညာမဂ္ဂင်က(၂)မျိုး၊ စုစုပေါင်း
မဂ္ဂင်(၅)မျိုး ရနေပါသည်။

တရားရှုမှတ်မည့်ပုဂ္ဂိုလ်သည် ဦးစွာပထမ ငါးပါး၊ ရှစ်ပါးသီလ ဆောက်တည်ထားသဖြင့်-

“ဗုဗ္ဗေဝ ခေါ မနဿ ကာယကမ္မံ၊ ဝစီကမ္မံ အာဇီဝေါ သုမရိသုဒ္ဓေါ ဟောတိ”
“ကိုယ်အမှု၊ နှုတ်အမှု၊ အသက်မွေးမှုတို့သည် မရှုမှတ်မိရှေ့အဖို့ကပင်လျှင် ကောင်းစွာ
စင်ကြယ်သည်ဖြစ်၏။”ဟုဟောထားသည့်အတိုင်း သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊
သမ္မာအာဇီဝ ဟူသောသီလမဂ္ဂင်(၃)ပါးသည်ပါပြီးဖြစ်၍ တရားရှုမှတ်သဖြင့် ထိုသီလမဂ္ဂင်သည်ပင်လျှင်
ပို၍ သန့်ရှင်းစင်ကြယ်သွားရပါသည်

တရားရှုမှတ်လိုက်တိုင်း (ဝါ)မြင်သည်ဟုရှုမှတ်လိုက်တိုင်း မဂ္ဂင်(၈)ပါး ပါဝင်နေပါသည်။

ထိုကဲ့သို့ မဂ္ဂင်ရှစ်ပါးအကျင့်တရားများကို ရှုမှတ်နေသည့်အတွက် အမြင်အာရုံနှင့်ပတ်သက်ပြီး
လောဘ၊ဒေါသတရားများ မဖြစ်တော့ပါ။

ထိုသို့ လောဘ၊ ဒေါသတရားတွေ မဖြစ်အောင်-
-မြင်တိုင်း-မြင်တိုင်း မြင်သည်-မြင်သည် ဟုရှုမှတ်ပါ။
-ကြားတိုင်း-ကြားတိုင်း ကြားသည်-ကြားသည်ဟု ရှုမှတ်ပါ။
-နံတိုင်း-နံတိုင်း နံသည်-နံသည်ဟုရှုမှတ်ပါ။
-စားတိုင်း-စားတိုင်း စားသည်-စားသည်ဟုရှုမှတ်ပါ။
-တွေ့ထိတိုင်း-တွေ့ထိတိုင်း တွေ့ထိသည်-တွေ့ထိသည်ဟုရှုမှတ်ပါ။
-ကြံစည်တိုင်း-ကြံစည်တိုင်း ကြံစည်သည်-
ကြံစည်သည်ဟုရှုမှတ်ပါ။

ထိုကဲ့သို့ရှုမှတ်နေပါလျှင် ရာဂမီး၊ ဒေါသမီးများငြိမ်းအေးပြီး မိမိတို့ဘဝသည်လည်း ပစ္စုပ္ပန်ဘဝတွင်
အေးငြိမ်းမှုနိဗ္ဗာန်ကိုရပြီး ဘဝသံသရာလည်းပြတ်နိုင်ပါမည်။

ဤခန္ဓာကိုယ်ကြီးသည် မီး(၁၁)ပါးလောင်နေသည်။ထိုမီးများကိုငြိမ်းသတ်နိုင်ရန် မိမိတို့၏ အလိုဆန္ဒများကို
ချွေတာရပါမည်၊ ထိန်းသိမ်းရပါမည်။
-အဝတ်ကို ချွေချွေတာတာ၊
-အစားကို ချွေချွေတာတာ၊
-အသုံးကို ချွေချွေတာတာ၊
-အဖြုန်းကို ချွေချွေတာတာ၊
-အပျင်းကို ချွေချွေတာတာ၊
-အဖျင်းကို ချွေချွေတာတာ၊
-မတော်တရား အမော်အကြွားကို ချွေချွေတာတာ၊
-အပျော်အပါးကို ချွေချွေတာတာ၊
-အချစ်ကို ချွေချွေတာတာ၊
-အမုန်းကို ချွေချွေတာတာ
-အငေါက်ကို ချွေချွေတာတာ
-အခြောက်ကို ချွေချွေတာတာ
-အစောင်း အချိတ်ကို ချွေချွေတာတာ။

ဤကဲ့သို့သော လောဘ လွန်ကဲသူတွေ၊ ဒေါသလွန်ကဲမှုတွေမဖြစ်အောင် ချွေတာရမည်။
ထိုသို့ ချွေတာနိုင်အောင် သတိပဋ္ဌာန် ရှုမှတ်မှု ရှိနေရပါမည်။

လောကသဘာဝတွင်-
- ချစ်လွန်းက နစ်မွန်းရမည်။
- သိပ်ချစ်က စိတ်ညစ်ရမည်။
- စွဲလမ်းက အသဲကျွမ်းတတ်ရသည်။
- အမုန်းကြီးက အရှုံးကြီးရသည်။
- အရှုံးကြီးက နှလုံးအသည်းကြွေရသည်။

ထိုကဲ့သို့သော နစ်မွန်းမှု၊ စိတ်ညစ်မှု၊ အသဲကျွမ်းမှု၊ အရှုံးကြီးမှု၊ နှလုံးအသည်းကွဲမှုတွေ မဖြစ်ရလေအောင်
ရာဂ၊ ဒေါသ၊ မောဟစသော ကိလေသာမီးလွန်ကဲမှုတွေကို ချွေတာထိန်းသိမ်းရပါမည်။
ထိုသို့ထိန်းသိမ်းနိုင်အောင် မြင်၊ ကြားကို ရှုမှတ်ကာ သတိပဋ္ဌာန်တရားသည်သာလျှင်
“အားကိုးရာအစစ်” ဖြစ်ပါမည်။

ဤကိုယ်ကာယ၊ တစ်လံမျှ၌

နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကား ငါတည်း
ဤမာဇီဝ၊ ဤအတ္တဟု
ညွှန်ပြဖွယ်ရာ၊ မရှိပါတည်း။
နှစ်ဖြာ နာမ်ရုပ်မျှသာတည်း။
နာမ်ရုပ်တရား ဤနှစ်ပါးကား
ရှည်စွာကာလ၊ မတည်ကြဘဲ
ခဏဖြစ်လျက်၊ ခဏပျက်၏။
နှိပ်စက်ခြင်းရာ၊ လိုမပါဘူး။
သဘာဝအား၊ ဤသုံးပါးကြောင့်
ဖြစ်ငြား အနိစ္စ၊ ဒုက္ခ၊ အနတ္တတည်း။

“ယောဟိ ဗုဒ္ဓေသု ဓရန္တေသုပိစတ္တာရော သတိပဋ္ဌာနေ နဘာဝေတိ
တဿ သဒ္ဓမ္မော အန္တရဟိတော နာမဟောတိ”

“အကြင်သူသည် ဘုရားရှင်တို့ထင်ထင်ရှားရှာရှိနေသော်လည်း သတိပဋ္ဌာန်လေးပါးတရားကိုမပွားများ၊
ထိုသူအား သူတော်ကောင်းတရားသည် ကွယ်သည်မည်၏။”
(သံ-ဋ္ဌ-၃-၂၀၆)
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ
(ဓမ္မစရိယ၊ ဘီအေ)】
Posted by►

https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936

“သုစရိုက်တရားကို ကျင့်ခြင်းသည် မြတ်သော မင်္ဂလာ”




 
တစ်ခါတုန်းက “ဓမ္မပါလ” လို့အမည်ရတဲ့ သူငယ်လေးတစ်ယောက်ဟာ တက္ကသိုလ်ပြည်
ဒီသာပါမောက္ခဆရာကြီးဆီမှာ တခြားတပည့် ငါးရာနဲ့အတူ ပညာသင်နေပါတယ်။ တစ်နေ့တော့ ပါမောက္ခဆရာကြီးရဲ့ သားငယ်တစ်ယောက် သေဆုံးသွားပါတယ်။ ဒီတော့
ကျန်တဲ့တပည့်တွေက ဝိုင်းငိုကြပါတယ်။ဓမ္မပါလကတော့မငိုပါဘူး။ မငိုတဲ့အပြင် အံ့လည်းအံ့ဩနေပါတယ်။
ဒါကြောင့် ဓမ္မပါလက သူငယ်ချင်းတွေအနားသွားပြီး မေးကြည့်ပါတယ်။

“အမောင်တို့ ... လူဆိုတာ ကြီးမှသေရတာမဟုတ်လား၊ ဘာဖြစ်လို့ ငယ်ငယ်လေးနဲ့ သေရတာလဲ”

“လူဆိုတာကြီးကြီးငယ်ငယ်သေကြတာပဲ။သင်မသိဘူးလား”

“ကျွန်တော်တော့ အခုမှမြင်ဖူးတာပါ။ကျွန်တော်တို့ဆီမှာတော့လေ ငယ်ငယ်နဲ့
မသေကြဘူး။ကြီးမှပဲ သေကြတယ်။”

ဓမ္မပါလနဲ့ သူငယ်ချင်းတွေ အပြန်အလှန် ပြောနေကြတာကို ပါမောက္ခ ဆရာကြီးက
ကြားသွားပါတယ်။ဒါကြောင့် ဆရာကြီးက ဓမ္မပါလကို ခေါ်ပြီး-
“ဓမ္မပါလ ... သင်တို့ဆီမှာငယ်ငယ်ရွယ်ရွယ်နဲ့ မသေဘူးလို့ သင် ပြောသလားလို့”

“ဟုတ်ပါတယ်ဆရာကြီး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့
မသေကြပါဘူး။ကြီးမှပဲသေကြတာပါ”

ဆရာကြီးက ဓမ္မပါလဆီက စကားဆန်းဆန်းကိုကြားရတော့ အံ့ဩနေပါတယ်။
သူ့တပည့် မလိမ်ဘူးဆိုတာလည်း သိနေပါတယ်။ ဒီတော့ ဘယ်လိုတွေးမိသလဲ ဆိုတော့
“အသက်ရှည်ရှည်နေရတဲ့နည်း သူတို့ဆီမှာ ရှိမှာပဲ။ငါသွားစုံစမ်းရင်တော့ နည်းသိရမှာပဲ”
လို့ တွေးလိုက်ပါတယ်။

သေသွားတဲ့သားအတွက် သင်္ဂြိုလ်မှုကိစ္စတွေပြီးလို့ခုနှစ်ရက်၊ရှစ်ရက် လွန်တဲ့အခါကျတော့
တပည့်အားလုံးကို ဓမ္မပါလဆီအပ်ခဲ့ပြီး တပည့်တစ်ဦးအတူ ဓမ္မပါလတို့ ဇာတိရွာကို
ထွက်ခဲ့ပါတယ်။ ဆရာကြီးကာ သူ့ရဲ့လွယ်အိတ်ထဲမှာ ဆိတ်ရိုးတွေလည်း ထည့်ခဲ့ပါတယ်။

ဆရာကြီး ဓမ္မပါလတို့မိဘတွေ အိမ်ရောက်တော့ အိမ်ဖော်ဖြစ်တဲ့သူတွေက ထီးယူတဲ့သူကယူ၊
အိတ်ယူတဲ့သူကယူ၊ ဖိနပ်ယူတဲ့သူကယူနဲ့ ဝိုင်းပြီး ခရီးဦးကြိုဆိုကြပါတယ်။

ဓမ္မပါလမိဘတွေက ဆရာကြီးကို ခေတ္တခဏနားစေပြီး ထမင်းကျွေးပါတယ်။
ထမင်းစားပြီးလို့ မိသားစုနဲ့ စကားထိုင် ပြောကြတော့ ဆရာကြီးက စိတ်မကောင်းဟန်နဲ့ပြောပါတယ်
“ပုဏ္ဏားကြီး ... စိတ်မကောင်းတော့မဖြစ်ပါနဲ့။သင်တို့သားဟာ(၁၈)ရပ်သောအတတ်ကိုလည်း
တတ်ပြီးပါပြီ။လိမ်လည်းလိမ္မာပါတယ်။ဒါပေမယ့် မကြာသေးခင်က ရောဂါတစ်ခုနဲ့
ကွယ်လွန်သွားပါပြီ။”

ဆရာကြီးရဲ့စကား ကြားလိုက်ရတော့ ဓမ္မပါလရဲ့ဖခင်ပုဏ္ဏားကြီးက လက်ခုပ်တွေတီးပြီး
ထရယ်ပါတယ်။ဒီတော့ဆရာကြီးက “ဘာဖြစ်လို့ ရယ်တာလဲ” လို့မေးပါတယ်။

ပုဏ္ဏားကြီးကလည်း အရယ်မပျက် ပြန်ဖြေပါတယ်။ “ဆရာကြီး .... ကျွန်တော်တို့သား မသေပါဘူး။
တခြား တစ်ယောက်ယောက်သေတာ ဖြစ်မှာပါ။”

“ဒီမှာပုဏ္ဏားကြီး ... ဒါသင့်သားရဲ့ အရိုးတွေပဲ။
သင်တို့အတွက် ယူခဲ့တာပါ။”

“ဒီအရိုးတွေဟာ ဆိတ်ရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ခွေးရိုးတွေလည်း ဖြစ်ချင်ဖြစ်မယ်။ကျွန်တော်တို့သား
ဓမ္မပါလကတော့ လုံးဝ မသေပါဘူး။ကျွန်တော်တို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်သူမှ မသေပါဘူး။
ဆရာကြီး မုသားပြောတာပဲဖြစ်မှာပါ။”

ဒီတစ်ကြိမ်မှာတော့ အနားမှာရှိတဲ့မိသားစုဝင်တွေကပါ လက်ခုပ်တွေ တီးပြီး ရယ်ကြပါတယ်။ဒီတော့မှ
ပါမောက္ခဆရာကြီးလည်း တပည့်ဖြစ်သူ ဓမ္မပါလပြောတာကို ခိုင်ခိုင်မာမာ ယုံသွားပါတယ်။
ဒါကြောင့် ပါမောက္ခ ဆရာကြီးက သူအသိချင်ဆုံးမေးခွန်းကို မေးလိုက်ပါတယ်။

“ပုဏ္ဏားကြီး သင်တို့ဆီမှာ ဘာဖြစ်လို့ ငယ်ငယ်ရွယ်ရွယ်နဲ့မသေကြတာလဲ။ဘယ်လိုကျင့်ကြံနေထိုင်ကြလို့လဲ။သင်တို့ဆီမှာကျင့်သုံးတဲ့ အကျင့်စရဏတွေကိုပြောပါဦး”

“ဆရာကြီး…ကျွန်တော်တို့ တစ်ရွာလုံးဟာ သုစရိုက်တရား (၁၀)ပါး ကို ကျင့်ကြံကြပါတယ်။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မသေကြတာပါ။ တရားကိုစောင့်တဲ့သူကို တရားက ပြန်စောင့်တဲ့သဘောပါ။”

အဖြေသိရတော့မှ ပါမောက္ခဆရာကြီးက “ပုဏ္ဏားကြီး သင်တို့သား မသေပါဘူး။
အခု ယူခဲ့တာလည်း ဆိတ်ရိုးတွေပါ။ စုံစမ်းဖို့ သက်သက် လာခဲ့တာပါ။”
လို့ ပြောပြီး ပုဏ္ဏားကြီးဆီက သုစရိုက်တရား(၁၀)ပါး စာရင်းကိုကူးပြီး တက္ကသိုလ်ပြည်ကို
ပြန်ခဲ့ပါတော့တယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု-မဟာဓမ္မပါလဇာတ်)

“ဓမ္မစရိယာ” ဆိုတာ သုစရိုက်တရား(၁၀)ပါးကို ကျင့်ခြင်းလို့ ဆိုလို ပါတယ်။

❖-သတ်ခြင်း၊ ခိုးခြင်း၊ သူတစ်ပါးမယားပြစ်မှားခြင်း ဆိုတဲ့ ကာယဒုစရိုက် သုံးပါး။
❖-လိမ်ပြောခြင်း၊
-ရန်တိုက် ကုန်းတိုက်စကားပြောခြင်း၊
-ကြမ်းတမ်းသော စကားပြောခြင်း၊
-အကျိုးမရှိ သိမ်ဖျင်းသော
စကားပြောခြင်းဆိုတဲ့ ဝစီဒုစရိုက် လေးပါး။
❖-သူတစ်ပါးစည်းစိမ်၊ကိုယ့်စည်းစိမ်ဖြစ်ရန် ရှေ့ရှုကြံခြင်း၊
-သူတစ်ပါး ပျက်စီးစေရန် ဒုက္ခရောက်စေရန်ကြံခြင်း၊
-အယူမှားခြင်းဆိုတဲ့ မနောဒုစရိုက် သုံးပါး။
အဲဒီ(၁၀)ပါးကို ဒုစရိုက်(၁၀)ပါးလို့ခေါ်ပါတယ်။

ဒုစရိုက်(၁၀)ပါးမှ ရှောင်ကြဉ်တာကို သုစရိုက်တရား(၁၀)ပါးကို ကျင့်တယ်လို့ခေါ်ပါတယ်။ မြတ်စွာဘုရားက
သုစရိုက်တရား(၁၀)ပါးကို ကိုယ်နှုတ်စိတ် အမူအရာတိုင်းမှာ သတိကပ်ပြီးကျင့်ပါတဲ့။
ဘာဖြစ်လို့ သုစရိုက်တရား(၁၀)ပါးကို ကျင့်ရသလဲ မေးရင် ဘေးလေးမျိုးနဲ့ မတွေ့ကြုံရအောင်ပါတဲ့။
ဘေးလေးမျိုးဆိုတာက-

❖(၁)။ အတ္တာနုဝါဒဘေး=မိမိကိုယ်ကို မိမိကိုယ်တိုင် စွပ်စွဲသောဘေး။
မကောင်းတာလုပ်ခဲ့တဲ့သူဟာ “ငါမကောင်းတာလုပ်ခဲ့ပါလား၊ ငါမကောင်းတာ လုပ်ခဲ့ပါလား”
ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင် နှလုံးမသာမယာ ဖြစ်နေတာပါ။

❖(၂)။ ပရာနုဝါဒဘေး = သူတစ်ပါးစွပ်စွဲသောဘေး။
“မင်းဟာ မကောင်းတာပြုခဲ့တဲ့သူ”
လို့ ပတ်ဝန်းကျင်ကဝိုင်းပြီး၊လက်ညှိုးထိုး ရှုံ့ချ အပြစ်တင်ခံရတဲ့ဘေး။

❖(၃)။ ဒဏ္ဍဘေး = မင်းပြစ်မင်းဒဏ်ဘေး။

❖(၄)။ ဒုဂ္ဂတိဘေး = အပါယ်ကျရောက်ရသည့်ဘေးတို့ ဖြစ်ပါတယ်။

ဒုစရိုက်(၁၀)ပါးကို ကျူးလွန်တဲ့သူဟာ အထက်က ဘေးလေးမျိုး ကြုံရတတ်ပါတယ်။ ဘေးလေးမျိုးထဲမှာ
သတိထားဖို့ အကောင်းဆုံးနဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးဘေးက “အတ္တာနုဝါဒဘေး”ဆိုတဲ့
မိမိကိုယ်ကို မိမိပြန်စွဲချက်တင်တဲ့ဘေးပါ

မကောင်းမှုပြုခဲ့သမျှကို ကိုယ်ကိုယ်တိုင်ပဲ အသိဆုံးဆိုတော့ အဲဒီမကောင်းမှုတွေကိုပြန်တွေးလိုက်တိုင်း
“ငါမကောင်းမှုတွေပြုခဲ့တယ်။ငါ မကောင်းမှုတွေပြုခဲ့တယ်”ဆိုပြီး
ပြုခဲ့သမျှမကောင်းမှုတွေက တစ်ကိုယ်ထဲ တစ်စိတ်ထဲကနေ တရားခံ၊တရားလို
နှစ်ကိုယ်ခွဲပြီး စွပ်စွဲတော့တာပါပဲ။

အရွယ်ရှိတုန်း ကျန်းမာတုန်းမှာ-အတ္တာနုဝါဒဘေးကို အထိုက်အလျောက် တွန်းလှန်နိုင်ပေမယ့်၊
ရုပ်အိုနာမ်အိုပြီး၊သေခါနီးကာလမှာတော့ အတ္တာနုဝါဒဘေးကို မတွန်းလှန်နိုင်တော့ပါဘူး။
အဲဒီအတ္တာနုဝါဒဘေးကို အာရုံပြုပြီး သေသွားမယ်ဆိုရင် “အပယ်ဒုဂ္ဂတိ” ကျရောက်ဖို့ပဲ ရှိပါတော့တယ်။

ဘယ်လောက်ပဲ ပြည့်စုံမှုတွေရရှိရရှိ မကောင်းမှုကိုမှီပြီး ရရှိတဲ့ ပြည့်စုံမှုတွေရဲ့ နောက်မှာ
ဘေးလေးမျိုးက အသင့်ကပ်ပါလာပြီးသားပါ။ အရာဝတ္ထုသဏ္ဌာန်တစ်ခုအနေနဲ့
ကပ်ပါလာတာမဟုတ်လေတော့ သတိမထားမိဘူးပေါ့။

ကိုယ်ကျင့်သီလမဲ့တဲ့သူက ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ “အဆိုးမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။
ကိုယ်ကျင့်သီလရှိတဲ့သူက ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တတ်ပါတယ်။

အမြင်မတူတဲ့အကြည့်နှစ်ခုဟာ ရလဒ်လည်းမတူပါဘူး။

အဆိုးမြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က မငြိမ်းချမ်းမှုပါ။ အကောင်း မြင်ဝါဒနဲ့ ကြည့်သူရဲ့ ရလဒ်က ငြိမ်းချမ်းမှုပါ။ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုတွေဟာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေနဲ့ မဆိုင်ပါဘူး။
ကိုယ်ကျင့်သီလ အပေါ်မှာပဲ မူတည်သွားပါတယ်။

ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းဖို့၊ ကိုယ့်ဝန်းကျင် ငြိမ်းချမ်းဖို့ကိုယ်ကျင့်သီလကို မမေ့သင့်ပါဘူး။
“အူမတောင့် မှသီလစောင့်နိုင်တယ်”ဆိုတဲ့ စကား ရှိပေမယ့်၊ပုထုဇဉ်ရဲ့ အူမဟာ သေတဲ့
အထိ တောင့်မလာနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ်ရဲ့ အူမဟာ အာရုံဆန်းဆန်းတွေကို
အမြဲတမ်း တောင့်တနေတတ်သလို၊ရောင့်ရဲသွားတယ် ဆိုတာလည်း မရှိပါဘူး။

ကိုယ့်ကျင့်သီလကိုစတေးပြီးမှ ရရှိမယ့် ပစ္စည်းဝတ္ထု၊ ရာထူး ဂုဏ်သိမ် အောင်မြင်မှုတွေကို မမက်မောစမ်းပါနဲ့။ကိုယ့်ဘဝသမိုင်းကို ကိုယ်ပြန်ကြည့် လိုက်တိုင်း အစဉ်သဖြင့် လိပ်ပြာသန့်နေဖို့၊ စာလိုပြောရင်တော့ အတ္တာနုဝါဒဘေး ကင်းနေဖို့ပဲ အရေးကြီးပါတယ်။

တကယ်တော့ လူဆိုတာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလကို ပြန်ကြည်ညိုပြီး စိတ်ချမ်းသာအောင် နေနေတတ်တာကိုက လူ့ဘဝရဲ့ အဓိပ္ပာယ်တွေထဲက အဓိပ္ပာယ်တစ်ခုပါပဲလေ။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-】

(အလင်းတန်းဂျာနယ် ၁၅-၁၂-၂၀၀၃)
 

သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား
အလိုတော်ပေါက်ဘုရားသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ နမ့်ပန်းကျေးရွာတွင် တည်ရှိသည်။ စာရေးသူရောက်ရှိချိန်သည် ခရစ်စမတ်ကာလရုံးပိတ်ရက် ဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် အလွန်အမင်း စည်ကားလှသည်။

အိန္ဒိယနိုင်ငံမှ သီရိဓမ္မာသောကမင်း (ဘီစီ ၂၇၂-၂၃၂) သည် ဗုဒ္ဓသာသနာ ထွန်းကားရန်အလို့ငှာ နယ်ပါယ်ဒေသအနှံ့တွင် စေတီပေါင်း ၈၄,၀၀၀ တည်ထားခဲ့သည်။ အလိုတော်ပေါက်ဘုရားသည် ထိုစေတီများထဲမှတစ်ဆူဖြစ်ကာ ဓာတ်တော်နှစ်ဆူကို ဌာပနာထားပြီး မူလဘွဲ့တော်မှာ အင်းဘုရားဟု မှတ်တမ်းထားရှိသည်။

အနော်ရထာမင်း (ခရစ်နှစ် ၁၀၄၄-၁၀၇၇) သည် အင်းလေးဒေသသို့ တိုင်းခန်းလှည့်လည်ရင်း ချုံများဖုံးလွှမ်းနေပြီး စေတီဖိနပ်တော်သာ ကျန်ရှိတော့သော အင်းဘုရားသို့ ရောက်ရှိလာသည်။ မင်းကြီးသည် ချုံများရှင်းလင်းစေပြီး ဓာတ်တော်ရှစ်ဆူကို ထပ်မံဌာပနာ၍ ပြန်လည်တည်ထားခဲ့သည်။
အလောင်းစည်သူမင်း (ခရစ်နှစ် ၁၁၁၃-၁၁၆၃) သည် တိုင်းခန်းလှည့်လည်ရင်း အင်းလေးဒေသရှိ မြစ်စုံဝ လိပ်ကုန်း၌ စခန်းချရပ်နားခဲ့သည်။ ကုန်းသာယာလှသဖြင့် စေတီတည်လိုစိတ် ဖြစ်ပေါ်၍ စုံစမ်းရာ စေတီပေါင်း ၈၄,၀၀၀ အနွယ်ဝင်စေတီဟောင်းကို တွေ့ရှိလေသည်။ မင်းကြီးလည်း ရတနာဆယ်ပါးစီထားသော ဖလားကိုမှောက်ပြီး အဓိဋ္ဌာန်ရာ ဖလားမှောက်ထဲတွင် ဓာတ်တော်များ ကိန်းဝပ်ပါတော့သည်။ ဓာတ်တော်များအား ဌာပနာ၍ ထီးတော်အသစ်တင်ကာ ရတနာစေတီဟု ဘွဲ့တော်ဆပ်ကပ်သည်။

နရပတိစည်သူမင်း (ခရစ်နှစ် ၁၁၆၈-၁၂၁၁) သည် ဖောင်စင်္ကြာလှည့်လည်ရင်း အင်းလေးဒေသရှိ ရတနာစေတီ ခေါ် ဖလားမှောက်စေတီအရောက်တွင် ဖောင်ရပ်တန့်သဖြင့် စုံစမ်းစေရာ စေတီဟောင်းအား တွေ့ရှိရသည်။ မင်းကြီးသည် အရပ်ရှစ်မျက်နှာမှ ကုသိုလ်ရှင်များကောင်းမှုဖြင့် စေတီကိုထပ်မံမွမ်းမံတည်ကာ လိုတော်ပေါက်ဟု ဘွဲ့တော်ကပ်၏။
ပုဂံမင်းဆက်စောမွန်နစ်မင်း (ခရစ်နှစ် ၁၃၂၇-၁၃၆၈) သည် အလိုတော်ပေါက်စေတီကို ရွှေသင်္ကန်းကပ်လှူလေသည်။ နောက်ပိုင်းတွင် စကား၊ ညောင်ရွှေ၊ နောင်မွန်၊ မိုးနဲ၊ မိုင်းကိုင်၊ ရပ်စောက်၊ လဲချား၊ တီကျစ်၊ သီပေါ စသည့် စော်ဘွား၊ မြို့စားများက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြပါသည်။

အလိုတော်ပေါက်ဘုရားပတ်ဝန်းကျင်၌ စင်ယော်ငှက်ကလေးများကို ဆောင်းကာလများတွင် တွေ့ရှိရတတ်ပေသည်။ စေတီလှေဆိပ်တွင် ကလေးများမှ မုန့်ဖိုးလိုက်တောင်းလျင် မပေးရန် စည်းကမ်းထုတ်ထားသည့်ဆိုင်းဘုတ်ကို ထောင်ထားသည်။ ကလေးငယ်များစိတ်တွင် ပိုက်ဆံဆိုသည်မှာ အလွယ်တကူ တောင်းတိုင်းရနိုင်ပေသည်ဟူသော အတွေးအခေါ်ဆိုးများ မဝင်ရောက်စေရန် ကာကွယ်ထားခြင်းဖြစ်ပေမည်။ ဘုရားဖူးများအနေဖြင့် ပေးလိုလျင် ငွေစက္ကူအစား မုန့်ပဲသရေစာများသာ ပေးသင့်ကြောင်း အကြံပြုလိုက်ပါသည်။

Stacy Chan (ရိုးရာလေး)
Photo by: ချမ်းမြေ့အိ (Stacy Chan)

အင်းလေးဒေသရှိ နမ့်ပန်ရွာ

 
အလိုတော်ပေါက်ဘုရား အရှေ့ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော်
 
အလိုတော်ပေါက်ဘုရား မြောက်ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော်

 အလိုတော်ပေါက်ဘုရား အနောက်ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော် 
 
အလိုတော်ပေါက်ဘုရား တောင်ဘက်လိုဏ်တွင် စံပယ်တော်မူတော် ရုပ်ပွားတော်
 
အလိုတော်ပေါက်စေတီ

အလိုတော်ပေါက်ဘုရားဝန်းရှိ ဈေးတန်း
https://web.facebook.com/YoYarLay/posts/1005340416175877 

“ကောသလမင်းအိပ်မက် ၁၆ချက်”




 မေး-(၁)။ နွားနက် ၄ ကောင်က ဝှေ့ကြမယ်ဆိုပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကိုလာကာ နွားဝှေ့ပွဲကို
ကြည့်ကြမယ်လို့ လူအများ စုဝေးလာကြတဲ့အခါဝှေ့မယ်ဟန်ပြပြီး အော်ဟစ်ကြုံးဝါးကာ မဝှေ့ဘဲသာ
ပြန်သွားကြတယ်။

 ဖြေ-(၁)။နောင်အခါမှာ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ၊လောက
ပြောင်းပြန်ဖြစ်တဲ့အခါမှာ၊ ကုသိုလ်နည်းပြီး အကုသိုလ်များတဲ့အခါမှာ၊ လောက ပျက်စီး ဆုတ်ယုတ်တဲ့အခါမှာ မိုးက ကောင်းကောင်း မရွာဖြစ်လိမ့်မယ်။
မိုးအခြေတွေ ပြတ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစားအစာ ရှားပါးလိမ့်မယ်။ မိုးရွာချင်သလိုလိုနဲ့အရပ်လေး မျက်နှာက မိုးတိမ်တွေ တက်လာကာ မိန်းမတွေက နေပူမှာ ဖြန့်လှန်းထားတဲ့ ကောက်စပါးစသည် မိုးစိုမှာ စိုးလို့ အတွင်းကိုသွင်းပြီးတဲ့အခါ၊ယောက်ျားတွေက ပေါက်ပြား၊ခြင်းတောင်းတွေကို လက်နဲ့ကိုင်ယူပြီး
ကန်သင်းတုတ်ဖို့ ထွက်ကြတဲ့အခါ ရွာမယ့်ဟန်ပြပြီး ထစ်ချုံးကာ လျှပ်လက်ပြီး မရွာဘဲသာ ပြေးကြလိမ့်မယ်။

 မေး-(၂)။သစ်ပင်ငယ်၊ ခြုံငယ်တွေက မြေကြီးကို ခွဲပြီး တစ်ထွာ၊တစ်တောင်လောက်တောင် မရောက်ဘဲသာ ပွင့်လည်း ပွင့်သီးလည်း သီးကြတယ်။

 ဖြေ-(၂)။နောင်အခါမှာ သတ္တဝါတွေဟာ ရာဂကြီးကြလိမ့်မယ်။ မိန်းမငယ်တွေက အရွယ်မရောက်ခင်မှာပဲ ယောက်ျားနဲ့သွားလာ ဖောက်ပြားကာ ဥတုလာ၊ ကိုယ်ဝန်ရှိပြီး
သား သမီးတွေနဲ့တိုးပွားကြလိမ့်မယ်။ သစ်ပင်ငယ်တွေရဲ့ အပွင့်ပွင့်တာနဲ့ ဥတုလာတာ တူလိမ့်မယ်။
အသီးသီးတာနဲ့ သားသမီး ရတာ တူလိမ့်မယ်။

 မေး-(၃)။နွားမတွေက ဒီနေ့မှ မွေးဖွားလာတဲ့ နွားလေးတွေရဲ့ နို့ကို စို့နေကြတယ်။

 ဖြေ-(၃)။နောင်အခါမှာ သတ္တဝါတွေဟာ မိဘ၊ယောက္ခမယောက်ျား၊ယောက္ခမမိန်းမတွေအပေါ်
အရှက်မထားတော့ဘဲ၊ ကိုယ်တိုင်ပဲ ဥစ္စာကို စီစဉ်ကြကာအစားအစာ၊အဝတ်လောက်တောင် ပေးချင်ပေးကြမယ်။မပေးချင် မပေးကြဘူး။ မိအိုဖအို၊ယောက္ခမအိုတွေဟာခိုကိုးရာမဲ့ကြလိမ့်မယ်။ ကိုယ့်အလို မလိုက်ကြတော့ဘူး။
ကလေးတွေကို ကျေနပ်စေကာ အသက်ရှင်ကြရလိမ့်မယ်။

 မေး-(၄)။ဝန်ကို ဆောင်နိုင်တဲ့၊အရပ်အမောင်း အလုံးအထည်ကောင်းတဲ့ နွားကြီးတွေကို
ထမ်းပိုးအဆင့်ဆင့်မှာ မတပ်ဘဲ၊နွားငယ်လေးတွေကို ထမ်းပိုးမှာ ယှဉ်ကပ်ကြတယ်။
နွားငယ်တွေက ထမ်းပိုးကို မရုန်းနိုင်လို့ ထမ်းပိုးကို စွန့်ကာ တည်နေကြတယ်။လှည်းတွေက မလှိမ့်တော့ဘူး။

 ဖြေ-(၄)။နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေဟာ ပညာရှိတဲ့.. အစဉ်အဆက် ကျွမ်းကျင်တဲ့၊
အလုပ်ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်တဲ့ အမတ်ကြီးတွေအား အခြွေအရံမပေးဘဲ ထားကြလိမ့်မယ်။
တရားဆုံးဖြတ်တဲ့နေရာမှာလည်း ပညာရှိတဲ့၊ပြောရေး ဆိုရေး ကျွမ်းကျင်တဲ့
အမတ်အိုတွေကို မထားဘဲ ရှိကြလိမ့်မယ်။အလွန်ငယ်တဲ့သူတွေကိုတော့ အခြွေအရံပေးကြလိမ့်မယ်။
တရားဆုံးဖြတ်တဲ့နေရာမှာ ထားကြလိမ့်မယ်။ လူငယ်တွေက မင်းအလုပ်တွေနဲ့ သင့်တာ၊မသင့်တာကို
မသိကြလို့ အဲဒီအခြွေအရံကို မချီးမြှောက်နိုင်ဖြစ်ကြလိမ့်မယ်။ မင်းအလုပ်တွေကို မဆောင်ရွက်နိုင် ဖြစ်ကြလိမ့်မယ်။ မစွမ်းနိုင်လို့ အလုပ်တာဝန် တွေကို စွန့်ပစ်ကြလိမ့်မယ်။
အခြွေအရံကို မရတဲ့ ပညာရှိ အမတ်အိုတွေကလည်း အလုပ်ကိစ္စ ဆောင်ရွက်နိုင်ကြပေမယ့်
“သူတို့နဲ့ ငါတို့မှာ အကျိုးမရှိ။ငါတို့က ပြင်ပလူတွေပဲ။အတွင်း လူဖြစ်တဲ့ ကလေးငယ်တွေ သိကြလိမ့်မယ်”
လို့ တွေးပြီး ဖြစ်ပေါ်နေတဲ့ကိစ္စတွေကို မလုပ်ဘဲ နေကြလိမ့်မယ်။ အဲဒီလိုနည်းနဲ့ မင်းတွေမှာ
ဘက်ပေါင်းစုံဆုတ်ယုတ်ဖို့သာဖြစ်လိမ့်မယ်။

 မေး-(၅)။မျက်နှာနှစ်ဖက်ရှိတဲ့ မြင်းအား နံဘေးနှစ်ဖက်က မုယောနှံကို ပေးကြတယ်။ မြင်းက မျက်နှာနှစ်ဖက်နဲ့ စားနေတယ်။

 ဖြေ-(၅)။နောင်အခါမှာ တရားမရှိတဲ့ မင်းမိုက်တွေက တရားမရှိတဲ့ လူလော်လည်တွေကို တရားဆုံးဖြတ်တဲ့
နေရာမှာ ထားကြလိမ့်မယ်။ ကောင်းမှု၊မကောင်းမှုတွေမှာအလေးမပြုတဲ့ အဲဒီလူမိုက်တွေက တရားသဘင်မှာ ထိုင်ပြီး အဆုံးအဖြတ်ပေးတဲ့အခါ တရားလို၊တရားခံ
နှစ်ဖက်လုံးထံကလက်ဆောင်ကိုယူပြီး စားကြလိမ့်မယ်။

 မေး-(၆)။လူအများက တစ်သိန်းတန် ရွှေခွက်ကို သုတ်သင်ပြီး“ဒီခွက်မှာ ကျင်ငယ် စွန့်ပါ” လို့ မြေခွေးအိုတစ်ကောင်အား ပေးတယ်။ မြေခွေးအိုက အဲဒီရွှေခွက်မှာ ကျင်ငယ် စွန့်တယ်။

 ဖြေ-(၆)။နောင်အခါ တရားမရှိတဲ့ ဇာတ်ညံ့မင်းတွေက ဇာတ်ကောင်းတဲ့ အမျိုးကောင်းတွေကို စိုးရိမ်လို့
အခြွေအရံမပေးဘဲ ထားကြလိမ့်မယ်။ အမျိုးညံ့တွေကိုသာ ပေးကြလိမ့်မယ်။ အဲဒီလိုနည်းနဲ့ အမျိုးမြတ်တွေက ဆင်းရဲကြလိမ့်မယ်။ အမျိုးယုတ်တွေက အစိုးရကြလိမ့်မယ်။
အမျိုးမြတ်သူတွေက အသက်မမွေးနိုင်တော့လို့ “သူတို့ကိုမှီပြီး အသက်မွေးကြမယ်” လို့ ကြံကာ
အမျိုးညံ့တွေအား သမီးတွေကို ပေးကြလိမ့်မယ်။

 မေး-(၇)။ယောက်ျားတစ်ယောက်က ကြိုးကို ကျစ်ကျစ်ပြီး ခြေရင်းမှာ ထားတယ်။ သူထိုင်တဲ့ အင်းပျင်ရဲ့အောက်မှာ အိပ်နေတဲ့၊ဆာလောင်နေတဲ့ မြေခွေးမတစ်ကောင်က
သူ မသိအောင်ဘဲ အဲဒီ “ကြိုး”ကို စားတယ်။

 ဖြေ-(၇)။နောင်အခါမှာ မိန်းမတွေဟာ ယောက်ျား၊သေရည်အရက်၊အဆင်တန်ဆာ၊လမ်း၊အစားအစာတွေမှာ
လော်လည်ကြလိမ့်မယ်။ သီလမရှိ၊ အကျင့်ပျက်ကြလိမ့်မယ်။ လင်တွေက လယ်ထွန်၊နွားကျောင်းစတဲ့ အလုပ်တွေကို လုပ်ပြီး ပင်ပင်ပန်းပန်း ရှာဖွေထားတဲ့ဥစ္စာတွေကို
လင်ငယ်တွေနဲ့အတူ သေရည်အရက်သောက်ကြလိမ့်မယ်။ ပန်းပန်၊နံ့သာလိမ်း၊အလှပြင်ကြလိမ့်မယ်။
အိမ်တွင်းက အရေးကြီးတဲ့ အလုပ်ကိုတောင် မကြည့်ဘဲ အိမ်အကာအရံရဲ့ အပေါ်ဘက်ကရော၊အပေါက်တွေကပါ လင်ငယ်တွေကို မျှော်လင့်နေကြလိမ့်မယ်။
နက်ဖြန် စိုက်ပျိုးရမယ့် မျိုးစေ့ကိုတောင် ထောင်းပြီး ယာဂု၊ ထမင်း၊ ခဲဖွယ် စသည်တွေကို လုပ်ကာ ခဲစာပြီး
ဥစ္စာကို လုယူဖျက်ဆီးကြလိမ့်မယ်။

 မေး-(၈)။မင်းရဲ့ တံခါးမှာ ရေမရှိတဲ့ အိုးတွေနဲ့ ခြံရံထားတဲ့ ရေပြည့်အိုးကြီးရှိတယ်။ အမျိုးလေးပါးလုံးပဲ
အရပ် ၈ မျက်နှာက အိုးတွေ နဲ့ ရေကို သယ်သယ်ယူလာကြကာ ပြည့်နေတဲ့ အိုးကိုပဲ ဖြည့်ကြတယ်။
ရေက လျှံပြီး ကျတယ်။သူတို့ကလည်း အဲဒီရေပြည့်အိုးကြီးမှာပဲ ရေကိုထပ်ထပ်လောင်းကြတယ်။
ရေမရှိတဲ့ အိုးတွေကိုတော့ ကြည့်တဲ့သူတွေတောင် မရှိ။

 ဖြေ-(၈)။ နောင်အခါမှာ လောကဟာ ဆုတ်ယုတ်လိမ့်မယ်။ တိုင်းနိုင်ငံဟာ ဩဇာမရှိ ဖြစ်လိမ့်မယ်။
မင်းတွေက ဆင်းရဲကြလိမ့်မယ်။ အစိုးရသူရဲ့ ဘဏ္ဍာတိုက်မှာ အသပြာတစ်သိန်းမျှပဲ ရှိလိမ့်မယ်။ အဲဒီလို ဆင်းရဲသူတွေဟာ ဇနပုဒ်နေသူ လူအားလုံးကို သူတို့ အလုပ်တွေကိုပဲ
အလုပ်ခိုင်းကြလိမ့်မယ်။ အနှိပ်စက်ခံရတဲ့ လူတွေက ကိုယ့်အလုပ်တွေကို စွန့်ပြီး မင်းတွေအတွက်သာ
ကောက်ပဲသီးနှံတွေကို စိုက်ပျိုး၊စောင့်ရှောက်၊ရိတ်ဖြတ်၊နင်းချေကာ သွင်းကြလိမ့်မယ်။ ကြံခင်းတွေကိုလုပ်၊
စက်ယန္တရားတွေကို လုပ်ပြီး လည်စေကာ တင်လဲစသည်တွေကို ချက်ကြလိမ့်မယ်။
ပန်းအာရာမ်၊သစ်သီးအာရာမ်တွေကို လုပ်ကြလိမ့်မယ်။အဲဒီကရလာတဲ့ ကောက်ပဲသီးနှံစသည်တွေကို
ဆောင်ယူကာ မင်းရဲ့ ဘဏ္ဍာတိုက်ကိုပဲ ဖြည့်ပေးကြရလိမ့်မယ်။ ကိုယ့်ရဲ့အိမ်တွေက ဟောင်းလောင်း
ဖြစ်နေတဲ့ ကျီတိုက်တွေကို ကြည့်တောင် မကြည့်နိုင်ဘဲ ရှိကြလိမ့်မယ်။

 မေး-(၉)။ရေကန်တစ်ကန် ရှိတယ်။ အရောင်ငါးမျိုးရှိတဲ့ ကြာတွေ ဖုံးထားတယ်။
နက်တယ်၊ အရပ်မျက်နှာအားလုံးမှာ ဆိပ်ကမ်း ရှိတယ်။ ပတ်ဝန်းကျင်မှ ခြေနှစ်ချောင်း၊ခြေလေးချောင်းရှိတဲ့
သတ္တဝါတွေ အဲဒီရေကန်မှာ သက်ဆင်းပြီး ရေသောက်ကြတယ်။ ရေကန်ရဲ့အလယ်မှာ ရေက
ကြည်လင်နေတယ်။ မနောက်ကျူ။

 ဖြေ-(၉)။နောင်အခါမှာ မင်းတွေက တရားမရှိဖြစ်ကြလိမ့်မယ်။ အဂတိ လိုက်ပြီး တိုင်းပြည်ကို အုပ်ချုပ်ကြလိမ့်မယ်။ တရားနဲ့အညီ အဆုံးအဖြတ်ကို မပေးဘဲ ရှိကြလိမ့်မယ်။
လာဘ်ယူကြလိမ့်မယ်။ ဥစ္စာမှာ လော်လည်ကြလိမ့်မယ်။ တိုင်းသူပြည်သားတွေ အပေါ် ခန္တီ မေတ္တာ၊ ကရုဏာမရှိ ဖြစ်ကြလိမ့်မယ်။ ကြမ်းကြုတ်၊ ကြမ်းတမ်းကြကာ
ကြံစက်ထဲက ကြံချောင်းတွေပမာ လူတွေကို နှိပ်စက်ကာ နည်းအမျိုးမျိုးနဲ့ အခွန်အတုတ်ကို ဖြစ်စေကာ
ဥစ္စာကို ယူကြလိမ့်မယ်။ အခွန်အတုတ်နဲ့ နှိပ်စက်ခံရတဲ့ လူတွေက ဘာကိုမှ မပေးနိုင်လို့ ရွာ နိဂုံးစသည်တို့ကို စွန့်ပစ်ကာပစ္စန္တရဇ်ကို သွားကာနေကြလိမ့်မယ်။
မေး-(၁၀)။ထမင်းအိုးကြီးတစ်အိုးနဲ့ပဲ ထမင်းကို ချက်တဲ့အခါ မကျက်သေးတာကို မကျက်သေးဘူးလို့ စိစစ်ဝေဖန်ပြီးထားသလို ကျက်တာထဲမှာတော့ တစ်ပိုင်းမှာ
အလွန်ပျော့နေတာ၊ တစ်ပိုင်းမှာ မနပ်သေးတာ၊ တစ်ပိုင်းမှာ အလွန်ကျက်နေတာကို တွေ့ရတယ်။

 ဖြေ-(၁၀)။နောင်အခါမှာ မင်းတွေက တရားမရှိ ဖြစ်ကြလိမ့်မယ်။ မင်းတွေ တရားမရှိရင် မင်းအမတ်တွေ၊ပုဏ္ဏား သူကြွယ်တွေ၊နိဂုံး ဇနပုဒ်သားတွေအပြင်၊ရဟန်း ပုဏ္ဏားကစပြီး
လူအားလုံးဟာ တရားမရှိ ဖြစ်လိမ့်မယ်။ အဲဒီနောက် အစောင့်နတ်၊ပူဇော်ပသမှု ခံယူတဲ့နတ်၊
သစ်ပင်စောင့်နတ်၊အာကာသဇိုးနတ်တွေဟာလည်း တရားမရှိ ဖြစ်ကြလိမ့်မယ်။ တရားမရှိတဲ့ မင်းတွေရဲ့
နိုင်ငံမှာ လေတွေ မမှန်ဘဲ ကြမ်းတမ်းမယ်။ လေတွေက အာကာသဇိုးနတ်တွေရဲ့ ဗိမာန်တွေကို
လှုပ်စေလိမ့်မယ်။ လှုပ်ရင် နတ်တွေစိတ်ဆိုးလို့မိုးကို ရွာခွင့်မပေးဘဲ ထားလိမ့်မယ်။
ရွာပေမယ့် တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း မရွာ၊ နေရာတကာမှာ လယ်ထွန်၊ ကောက်စိုက်မှုအား ကျေးဇူးပြုပြီးမရွာဖြစ်လိမ့်မယ်။ နိုင်ငံမှာလိုပဲ ဇနပုဒ်၊ရွာ၊တစ်ဖက်ဆည်
တစ်ဖက်အိုင် တွေမှာ တစ်ပြိုင်နက်တည်း မရွာဖြစ်လိမ့်မယ်။ ဆည်ရဲ့အထက်ပိုင်းမှာ ရွာရင် အောက်ပိုင်းမှာမရွာ။အောက်ပိုင်းမှာ ရွာရင် အထက်ပိုင်းက မရွာ ဖြစ်လိမ့်မယ်။
တစ်ပိုင်းက ကောက်ပင်က မိုးရွာလွန်းလို့ ပျက်စီးမယ်။တစ်ပိုင်းက မရွာလို့ ညှိုးလိမ့်မယ်။
တစ်ပိုင်းက ကောင်းကောင်း မိုးရွာလို့ စပါးရလိမ့်မယ်။ အဲဒီလိုပဲ မင်းတစ်ယောက်ရဲ့နိုင်ငံမှာ စိုက်တဲ့
ကောက်ပင်တွေဟာ ၃ မျိုးဖြစ်လိမ့်မယ်။

 မေး-(၁၁)။တစ်သိန်းတန် စန္ဒကူးအနှစ်ကို
ရက်တက်ပုပ်ရည်နဲ့ ရောင်းတယ်။

 ဖြေ-(၁၁)။နောင်အခါမှာ ရဟန်းတွေအများစုဟာ ပစ္စည်းနဲ့ပတ်သက်ပြီး လော်လည်ကြလိမ့်မယ်။
အရှက်မရှိ ဖြစ်ကြလိမ့်မယ်။ ငါဘုရားက ပစ္စည်းအပေါ် လော်လည်မှုကို နှိမ်နင်းပြီး ဟောထားတဲ့
တရားဒေသနာကို ရဟန်းတွေက သင်္ကန်းစတဲ့ ပစ္စည်းလေးပါး အတွက် သူတစ်ပါးတွေအား တရားဟောကြလိမ့်မယ်။ ပစ္စည်းတွေကြောင့် တွေဝေနေတဲ့အတွက် သံသရာက
ထွက်မြောက်ရေးဘက်မှာတည်ကာ နိဗ္ဗာန်ကို ဦးတည်ပြီး တရားမဟောနိုင် ဖြစ်ကြလိမ့်မယ်။ သက်သက်
သဒ္ဓါပြည့်စုံမှုနဲ့ အသံကောင်းကို ကြားနာရလို့ အဖိုးကြီးတဲ့ သင်္ကန်းစတာတွေကို လှူကြလိမ့်မယ်လို့
ရည်ရွယ်ကာ ဟောကြလိမ့်မယ်။အခြားသူတွေကလမ်းအကြား၊ လမ်းဆုံလမ်းခွ၊မင်းတံခါးစတဲ့
အရပ်တွေမှာထိုင်ကာ တစ်ကျပ်၊ငါးမူး၊ တစ်မတ်၊  တစ်ပဲ စတာတွေကိုအမှီပြုကာ ဟောကြလိမ့်မယ်။

 မေး-(၁၂)။အချည်းနှီးဘူးတွေက ရေမှာ နစ်မြုပ်နေကြတယ်။
ဖြေ-(၁၂)။နောင်အခါမှာ မင်းတွေက ဇာတ်နဲ့ ပြည့်စုံတဲ့
အမျိုးကောင်းသားတွေအား အခြွေအရံကို မပေးဘဲ အမျိုးညံ့သူတွေအားသာ ပေးကြလိမ့်မယ်။
အမျိုးညံ့သူတွေက အစိုးရကြလို့ အမျိုးမြတ်သူတွေက ဆင်းရဲကြလိမ့်မယ်။ မင်းရဲ့ မျက်မှောက်၊အမတ်ရဲ့မျက်မှောက်၊တရားဆုံးဖြတ်ရာနေရာတွေမှာ အချည်းနှီးဘူးတောင်းနဲ့တူတဲ့
အမျိုးညံ့တွေရဲ့ စကားသာ နစ်ဝင်ပြီးတည်နေသလို
မလှုပ်မရှား တည်ကြလိမ့်မယ်။ သံဃာ့အစည်း အဝေးတွေမှာလည်း သံဃာ့ကံ၊ဂိုဏ်းကံ
နေရာတွေမှာနေရာ သပိတ်၊သင်္ကန်း၊ပရိဝုဏ်စတဲ့အဆုံးအဖြတ် နေရာတွေမှာပါ သီလမရှိတဲ့ ယုတ်မာသူတွေရဲ့စကားဟာ အောင်မြင်လိမ့်မယ်။ အရှက်ရှိတဲ့
လဇ္ဇီရဟန်းတွေရဲ့ စကားဟာ မအောင်မြင် ဖြစ်လိမ့်မယ်။

 မေး-(၁၃)။အလွန်ကြီးတဲ့ အိမ်အထွတ်လောက်ရှိတဲ့ တစ်ခဲနက်ကျောက်တုံးဟာ လှေလိုပဲ ရေမှာ ပေါ်နေတယ်။

 ဖြေ-(၁၃)။နောင်အခါမှာ တရားမရှိတဲ့မင်းတွေကအမျိုးညံ့သူတွေအား အခြွေအရံကို ပေးကြလိမ့်မယ်။
အမျိုးညံ့သူတွေက အစိုးရကြလိမ့်မယ်။ အမျိုးမြတ်သူတွေက ဆင်းရဲကြလိမ့်မယ်။
အမျိုးမြတ်သူတွေအပေါ် ဘယ်သူကမှ အလေးပြုကြလိမ့်မည်မဟုတ်။ အမျိုးညံ့သူတွေအပေါ်သာ
အလေးပြုကြလိမ့်မယ်။ မင်းရဲ့ရှေ့မှောက်၊အမတ်တွေရဲ့ရှေ့မှောက်၊ တရားဆုံးဖြတ်ရာနေရာတွေမှာ ဆုံးဖြတ်မှု ကျွမ်းကျင်တဲ့၊ တစ်ခဲနက်ကျောက်တုံးနဲ့တူတဲ့ အမျိုးကောင်းသားတွေရဲ့ စကားဟာ
အရာမရောက်ဖြစ်လိမ့်မယ်။
“ဒီလူတွေ ဘာကို ပြောနေတာလဲ”လို့ ပျက်ရယ်မှုကိုပြုကြလိမ့်မယ်။ ရဟန်းအစည်းအဝေးတွေမှာလည်း
ဆိုခဲ့ပြီးတဲ့ နေရာတွေမှာ သီလကို ချစ်တဲ့ ရဟန်းတွေကို အလေးပြုစရာလို့ မထင်မှတ်ဘဲ ရှိကြလိမ့်မယ်။
ရဟန်းကောင်းတွေရဲ့ စကားဟာ အရာမရောက်ဘဲ ရှိလိမ့်မယ်။
မေး-(၁၄)။သစ်မည်စည်ပွင့်ငယ်လောက်ရှိတဲ့ ဖားမတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို အဟုန်နဲ့ လိုက်ပြီးကြာရိုးတွေလိုဖြတ်ဖြတ်ပြီး အသားကိုစားကာ မျိုနေကြတယ်။

 ဖြေ-(၁၄)။နောင်အခါမှာ လူတွေဟာ ရာဂကြီးပြီး ကိလေသာအလိုကို လိုက်ကြလိမ့်မယ်။ အလွန်ငယ်တဲ့ မယားတွေရဲ့အလိုကို လိုက်ကြလိမ့်မယ်။ အိမ်က ကျွန်၊အလုပ်သမား
စတာတွေ.. နွား၊ကျွဲစတာတွေနဲ့ ရွှေငွေဟာလည်းမယားငယ်ငယ်လေးတွေနဲ့သာ ဆက်စပ်လိမ့်မယ်။
“ရွှေငွေနဲ့ အပိုင်းအခြားစတာတွေဟာ ဘယ်မှာလဲ”လို့မေးရင် “ရှိချင်ရာမှာ ရှိပါစေ၊ သင် ကြောင့်ကြစိုက်နေလို့ ဘာအကျိုးရှိမှာလဲ၊ သင်ဟာ ငါ့ရဲ့အိမ်မှာ ရှိတာကိုရော၊
မရှိတာကိုပါ သိလိုသလား” လို့ ပြောပြီး နည်းအမျိုးမျိုးတွေနဲ့ဆဲရေးကာ နှုတ်လှံထိုး၍ သူ့အလိုလိုက်အောင် လုပ်ပြီး စိုးမိုးကြလိမ့်မယ်။

 မေး-(၁၅)။မသူတော်အကျင့် ၁ဝ ပါးနဲ့ ပြည့်စုံတဲ့ ရွာမှာ ကျက်စားတဲ့ ကျီးကို ရွှေဟင်္သာမင်းတွေက ဝိုင်းရံနေတယ်။
ဖြေ-(၁၅)။နောင်အခါမှာ မင်းတွေဟာ ဆင်စီးအတတ်စသည်မှာမကျွမ်းကျင်ကြလို့စစ်တိုက်ရာတွေမှာ ကြောက်ရွံ့ကြလိမ့်မယ်။
မင်းတွေက သူတို့ရဲ့ မင်းစည်းစိမ်ပျက်စီးသွားမှာ ကြောက်ကြလို့ ဇာတ်တူအမျိုးကောင်းသားတို့အား
အစိုးရမှုကို မပေးဘဲ မိမိတို့ရဲ့ ခြေရင်းအလုပ်အကျွေး၊ရေချိုးပေးသူ၊ဆတ္တာသည်စသည်တွေအား
အစိုးရမှုကို ပေးကြလိမ့်မယ်။ ဇာတ်၊အနွယ်နဲ့ ပြည့်စုံကြတဲ့ အမျိုးကောင်းသားတွေက
မင်းမျိုးမှာ ထောက်တည်မှီခိုရာ မရကြလို့ အသက်မွေးဖို့မတတ်နိုင်တဲ့အတွက် အစိုးရမှုမှာ တည်နေကြတဲ့
ဇာတ်ညံ့တွေကို လုပ်ကျွေးကာ လှည့်လည်ကြလိမ့်မယ်။

 မေး-(၁၆)။သိုးတွေက ကျားသစ်တွေကို နောက်ကလိုက်ကာ ကျွတ်ကျွတ်မြည်အောင် ဝါးစားနေကြတယ်။
ပြီးတော့ ကြောက်လန့်နေတဲ့ အခြားဝံပုလွေတွေက သိုးတွေကို အဝေးကပဲ မြင်ကာ သိုးတွေ ကို
ကြောက်လို့ ပြေးပြီး ချုံရှုပ်စတဲ့ အရပ်တွေကို ဝင်ကာ ပုန်းအောင်းနေကြတယ်။

 ဖြေ-(၁၆)။နောင်အခါမှာ အမျိုးညံ့သူတွေက မင်းနဲ့အကျွမ်းဝင်သူတွေ ဖြစ်ကာ အစိုးရကြလိမ့်မယ်။
အမျိုးမြတ်သူတွေက မထင်မရှား ဖြစ်ကာ ဆင်းရဲကြလိမ့်မယ်။မင်းနဲ့အကျွမ်းဝင်တဲ့ အမျိုးညံ့တွေ က မင်းကို
သူတို့စကား လိုက်နာစေကာ ဆုံးဖြတ်ရာနေရာ စသည်တွေမှာ အားကောင်းလာပြီး အမျိုးမြတ်သူတွေရဲ့
အစဉ်အဆက်က လာတဲ့လယ်၊ယာစသည်တွေကို“ဒါတွေဟာ ငါတို့ဥစ္စာတွေပဲ” လို့ တရားစွဲပြီး
အမျိုးမြတ်သူတွေက “သင်တို့ဟာ မဟုတ်၊ ငါတို့ဟာပဲ” လို့ လာပြီး တရားဆုံးဖြတ်ရာနေရာ စသည်တွေမှာ
ငြင်းခုံကြတဲ့အခါ ကြိမ်၊နွယ်စသည်တွေနဲ့ ရိုက်ပုတ်စေကာ လည်ပင်းကိုကိုင်ပြီး ဆွဲထုတ်စေကြတယ်။
“ကိုယ့်ပမာဏကို မသိကြဘူး။ငါတို့နဲ့ ငြင်းခုံကြတယ်။အခု သင်တို့ကို မင်းအားပြောပြီး လက်ခြေဖြတ်ခြင်း
စသည်တို့ကို ပြုစေကြမယ်”လို့ ခြိမ်းခြောက်ကြတယ်။အမျိုးညံ့သူတို့ကို အမျိုးမြတ်သူတွေက ကြောက်လို့
သူတို့ရဲ့ ဥစ္စာတွေကို “သင်တို့ရဲ့ ဥစ္စာတွေကို ယူကြပါ” လို့ အပ်နှင်းပြီး သူတို့ရဲ့အိမ်ကို ဝင်ကာ အိပ်နေကြလိမ့်မယ်။ ရဟန်းယုတ်တွေကလည်း သီလကိုချစ်တဲ့ ရဟန်းတွေကို
ကြိုက်သလို ညှဉ်းဆဲကြလိမ့်မယ်။ ရဟန်းကောင်းတွေဟာ ခိုကိုးရာကို မရကြလို တောကို ဝင်ပြီး၊တောရှုပ်တဲ့နေရာတွေမှာ ပုန်းအောင်းကြရလိမ့်မယ်။ ။

【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【ဇာတက၊ ဋ္ဌ၊ ပ၊၂၅၅–၃၆၃ထိ】
-【သာမဏေကျော်ဆရာတော်ဦးဓမ္မိကာလင်္ကာရာဘိဝံသ-သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်】
Posted by►
www.facebook.com/youngbuddhistassociation.mm
https://web.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

ထားဝယ်ရှင်ကိုးရှင်မှ ပေါ်တော်မူ ရှင်တောက်ထိန်ဘုရား


ရှင်တောက်ထိန်ဘုရားသည် တနသာင်္ရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရပ်တွင် တည်ရှိသည်။ ထားဝယ်ကနေ မောင်းမကန် သွားရာလမ်း ကမြောကင်းတံတားအလွန် ရွာဝင်လမ်းသွယ် တစ်ဖာလုံကျော်လောက်တွင် ရှင်တောက်ထိန်ဘုရားကို ဖူးမြော်နိုင်ပါတယ်။ ရှင်တောက်ထိန် ဘွဲ့တော်၏ အဓိပ္ပါယ်မှာ ကုန်းမြင့်တောင်ငယ်ပေါ်မှဘုရား ဟုသိရှိရသည်။

ကောဇာသက္ကရာဇ် ၁၀၃ခုတွင် တောင်သူကြီး ဦးဖိုးတုတ်၊ ဇနီးဒေါ်စောသီးတို့သည် ယခု ရှင်တောက်ထိန်ဘုရား တည်ထားသောနေရာ၌ တောင်ယာလုပ်ကိုင်ရန် အလို့ငှာ မြေယာတူးဆွကြလေသည်။ ထိုသို့တူးဆွရင်း မာကြောသောအရာတစ်ခုကို ပေါက်မိသဖြင့် သတိထား တူးဆွကြည့်ရာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၏ ဦးခေါင်းတော်ပိုင်း ပေါ်ထွက်လာပါတော့တယ်။ ဦးဖိုးတုတ်တို့ ဇနီးမောင်နှံလည်း ကမြောကင်း ရွာသူ၊ ရွာသားများအား အကူအညီတောင်းပြီး ရုပ်ပွားတော်တစ်ဆူလုံး ပေါ်လာသည်အထိ ဆက်လက်တူးဖော်ကြခဲ့သည်။ မြေပေါက်ရာမှ တွေ့ရှိသဖြင့် မြေပေါက်ဘုရား (သို့) ပေါ်တော်မူဘုရား (သို့) ဓာတ်ဘုရားဟု ခေါ်ဆိုကြသည်။

ရုပ်ပွားတော်သည် စတင်တွေ့ရှိသော ပမာဏအတိုင်းအတာထက် တဖြည်းဖြည်း ကြီးထွားလာခြင်း၊ အဓိဋ္ဌာန်ဝင်သူတချို့၏ ပြောပြချက်အရ မျက်တောင်ခတ်ခြင်း၊ ပြုံးတော်မူခြင်း စသည်တို့ ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ ရုပ်ပွားတော်၏ ဥာဏ်တော်မှာ တရွေ့ရွေ့ ကြီးမြင့်လာရာ ယခုအခါ ၅ပေ ၆လက်မ ခန့် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ရုပ်ရှင်တော်ဘုရားဟု နာမည် ကြီးခဲ့ပြီး ဆုတောင်းပြည့် ထားဝယ်ရှင်ကိုးရှင်တွင် တစ်ဆူအပါအဝင် ဖြစ်လာခဲ့သည်။
Ref: ထားဝယ်ရာဇဝင်သမိုင်း
Photo by: Chan Myae Ei (Stacy Chan)
Stacy Chan (ရိုးရာလေး)
https://web.facebook.com/YoYarLay/posts/995836750459577
ရှင်တောက်ထိန်ဘုရားရှိ အောင်မြေ

  
 ရှင်တောက်ထိန်ဘုရားရင်ပြင်
 
 ရှင်တောက်ထိန်ဘုရားမှ ရှင်တောက်ထိန်ဘိုးဘိုးရုပ်တ


 

 https://web.facebook.com/YoYarLay/posts/995836750459577

“အနှိုင်းမဲ့ကုသိုလ်”

          
လောကမှာ ရှိရှိသမျှကုသိုလ်တရားအားလုံးထဲမှာ အပ္ပမာဒတရားဟာ အနှိုင်းမဲ့ကုသိုလ်တရား ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အပ္ပမာတရားထက် ပိုပြီး ကုသိုလ်ရှင်ရဲ့စိတ်ကို ဖြူစင်စေပါတယ်၊ ကုသိုလ်ရှင်ကို ကောင်းကျိုးပြုပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားကုသိုလ်တရား မရှိတော့လို့ပဲ။

အပ္ပမာဒတရားနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားကုသိုလ်တရား လောကမှာမရှိတော့တဲ့အတွက်
အပ္ပမာဒတရားဟာ “အနှိုင်းမဲ့ကုသိုလ်တရား”ဖြစ်ရပါတယ်။စိတ်ကို ဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ ခေါ်ပါတယ်။ စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့် မိမိရဲ့စိတ် ဖြူစင်သန့်ရှင်းသွားတယ်
ဆိုရင် အဲဒီစိတ်ဓာတ်၊အဲဒီလုပ်ရပါဟာ ကုသိုလ်ပါပဲ။

ငါ့စိတ်ဓာတ် ဘယ်လောက်ကောင်းပါတယ်၊ ငါ့လုပ်ရပ် ဘယ်လောက်မြတ်ပါတယ်လို့ ဘယ်လိုပဲ
ပြောပြော၊ အဲဒီစိတ်ဓာတ် ရှိနေခိုက်၊ အဲဒီလုပ်ရပ် လုပ်နေခိုက် စိတ်ဓာတ်ပိုင်ရှင်၊ လုပ်ရပ်ရှင်ရဲ့
သန္တာန်မှာ စိတ်ဖြူစင်သန့်ရှင်းမှု မရှိဘူးဆိုရင် အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ကို ကုသိုလ်လို့ မခေါ်နိုင်ပါဘူး။
ဘယ်စိတ်ဓာတ်၊ ဘယ်လုပ်ရပ်မဆို စိတ်ကိုဖြူစင်သန့်ရှင်းစေမှ ကုသိုလ်လို့ ခေါ်နိုင်ပါတယ်။

ကုသိုလ်မှန်သမျှ ကုသိုလ်ရှင်ရဲ့ စိတ်ကို ဖြူစင် သန့်ရှင်းစေတဲ့အပြင် ကုသိုလ်ရှင်အတွက်
ကောင်းကျိုးချမ်းသာ အဖြာဖြာကိုလည်း ဆောင်ကြဉ်းပေးနိုင်စွမ်းရှိပါတယ်။ ကုသိုလ်ကြောင့်
ဆိုးကျိုးကြုံရတယ်၊ ဆင်းရဲခံရတယ်လို့ မရှိပါဘူး။ ကောင်းကျိုးကြုံရတယ်၊ ချမ်းသာစံရတယ်လို့ပဲရှိပါတယ်။

ကုသိုလ်ရှင်ကို စိတ်ဖြူစင်စေတတ်တဲ့၊ ကောင်းကျိုးပေးတတ်တဲ့ ကုသိုလ်တရားတွေ အားလုံးထဲမှာ
အပ္ပမာဒတရားဟာ အမြတ်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့အပ္ပမာဒတရားကြောင့်သာ တခြားကုသိုလ်တရားတွေဖြစ်ပွားခွင့်ရလို့၊ အပ္ပမာဒတရားဟာ ကုသိုလ်တရား
အားလုံး ဖြစ်ပွားခြင်းရဲ့ အကြောင်းရင်း အခြေခံရေသောက်မြစ် ဖြစ်လို့ပါပဲ။

အပ္ပမာဒတရား မရှိဘဲနဲ့ ဘယ်ကုသိုလ်ကောင်းမှုမှ ဖြစ်ပွားခွင့် မရှိပါဘူး။ ဒါနကုသိုလ်လည်း အပ္ပမာဒတရား
ကြောင့်ပဲ ဖြစ်ရပါတယ်။ သီလကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ သမထကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။
ဝိပဿနာကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ ကုသိုလ်ကောင်းမှုအားလုံး
အပ္ပမာဒတရားဟာ ကုသိုလ်ကောင်းမှုအားလုံးရဲ့ အဓိကရေသောက်မြစ် ဖြစ်ပါတယ်။

အပ္ပမာဒတရားကို ကုသိုလ်အားလုံးရဲ့ အကြောင်းရင်းလို့ ပြောလိုက်ရင် ကောင်းကျိုးချမ်းသာ အားလုံးရဲ့
အကြာင်းရင်းဆိုတဲ့ အဓိပ္ပာယ်လည်း အလိုလို သက်ရောက်သွားပါတယ်။ ဘာလို့လဲဆိုတော့
ကောင်းကျိုးချမ်းသာဆိုတဲ့ နာမည်ဟာ ကောင်းမှုကုသိုလ်ရဲ့ နာမည်ဖြစ်လို့ အသီးအပွင့် ဖြစ်လို့ပါပဲ။

ကုသိုလ်စိတ်တစ်ခု တစ်စက္ကန့်ဖြစ်တိုင်း စေတနာ အရှိန် ခုနှစ်ခု ဖြစ်ပါတယ်။ ပထမစေတနာအရှိန်က
ဒီမျက်မှောက်ဘဝ၊ ပထမဘဝမှာ ချက်ချင်းအကျိုးပေးပြီး သတ္တမစေတနာအရှိန်ကတော့ ဒီဘဝပြီးရင် ရောက်မယ့်နောက်ဘဝ၊ ဒုတိယဘဝမှာ အကျိုးပေးပါတယ်။
အလယ်က စေတနာအရှိန်ငါးခုကတော့ တတိယဘဝကနေ စပြီး နိဗ္ဗာန်မရောက်မချင်း အလျဉ်းသင့်သလို
အကျိုးပေးပါတယ်။
(အကုသိုလ်စိတ်တွေရဲ့ အကျိုးပေးလည်း နည်းတူပါပဲ။)

ပထမစေတနာအရှိန် (ပထမဇော) ကြောင့်ပေးတဲ့ ပစ္စုပ္ပန်ကောင်းကျိုးတွေရော၊ နောက်နောင်စေတနာ
အရှိန် (နောက်နောက်ဇော) တွေကြောင့်ပေးတဲ့ တမလွန် ကောင်းကျိုးတွေရော၊ ကောင်းကျိုးအားလုံးဟာ
ကုသိုလ်ရဲ့ အကျိုးဆက်တွေချည်းဖြစ်လို့ ကုသိုလ်အားလုံးရဲ့ အကြောင်းရင်း အပ္ပမာဒတရားဟာ
ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးအားလုံးရဲ့ အကြောင်းရင်းလည်း ဖြစ်ရပြန်ပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက မြတ်စွာဘုရားကို ကောသလမင်းကြီးက မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ်။

“မြတ်စွာဘုရား...၊ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကိ
သယ်ပိုးရွက်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော အကြောင်းတရား ရှိပါသလားဘုရား”

“ရှိပါတယ် ဒကာတော်မင်းကြီး”

“ဘယ်တရားပါလဲ ဘုရား”
“အပ္ပမာဒတရားပါပဲ ဒကာတော်မင်းကြီး၊
ဥပမာ ဆင်ခြေရာလိုပဲပေါ့၊ ကုန်းနေသတ္တဝါအားလုံးရဲ့ ခြေရာတွေထဲမှာ ဆင်ခြေရာဟာ အကြီးဆုံးပဲ
မဟုတ်လား၊ ခြေရာမှန်သမျှ ဆင်ခြေရာထဲမှာအကျုံးဝင်ကြတယ်လေ၊ ဘယ်ခြေရာကိုမဆို
ဆင်ခြေရာထဲထည့်လို့ ရတာချည်းပဲ၊ အဲဒီလိုပါပဲ။ငါဘုရားဟောကြားထားသမျှ တရားအားလုံး
အပ္ပမာဒတရားထဲမှာ အကျုံးဝင်ကြပါတယ်။အပ္ပမာဒတရားဟာ လိုရင်းအနှစ်ချုပ်တရားပါပဲ။
ဒီအပ္ပမာဒတရား တစ်ပါးတည်းကပဲ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကိ
သယ်ပိုးရွက်ဆောင်ပေးနိုင်ပါတယ်။”

မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်ဟာ သိပ်အားရကျေနပ်စရာကောင်းပါတယ်။ သူတော်ကောင်းဓာတ်ခံ
အားကောင်းသူတိုင်း “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေး လေးလုံးကြားလိုက်တာနဲ့ သဒ္ဓါဓာတ်တွေ ကွန့်မြူးပြီး
ကုသိုလ်ဆန္ဒတွေ အရှိန်အဟုန်ကြီးကြီး နိုးကြားထက်သန်လာပါတယ်။ “အပ္ပမာဒ” ဆိုတဲ့
စကားလုံးဟာ သူတော်ကောင်းတွေရဲ့ နှလုံးသားကို ထူးထူးခြားခြား သိမ်းကျုံးဆွဲဆောင်နိုင်စွမ်းရှိပါတယ်။

“အပ္ပမာဒ” ဆိုတဲ့ စကားလုံးက ဘာလို့များ ဒီလောက်တောင် ထူးထူးခြားခြား ဆွဲဆောင်နိုင်စွမ်း
ရှိနေရတာလဲဆိုတော့ အပ္ပမာဒရဲ့ အဓိပ္ပာယ်ထဲမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့
သူတော်ကောင်းဓာတ်တွေ အားလုံးပါဝင်နေလို့ပါပဲ။

“အပ္ပမာဒ” ဆိုတာ “မမေ့ခြင်း” ကို ပြောတာပါ။ “အပ္ပမာဒတရား” ဆိုတော့ “မမေ့တရား” ပေါ့။
“မမေ့” ဆိုတဲ့ စကားလုံးနှစ်လုံးဟာ “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေးလုံးရဲ့ လိုရင်းအနက်အဓိပ္ပာယ်ပါပဲ။
“အ” ကိုဖြုတ်လိုက်ရင် “ပမာဒ = မေ့” လို့ ဖြစ်သွားပါတယ်။ မမေ့တဲ့သူဟာ အပ္ပမာဒဖြစ်နေတဲ့သူ၊
မေ့တဲ့သူဟာ ပမာဒဖြစ်နေတဲ့သူပေါ့။ မမေ့တဲ့သူက အပ္ပမာဒသမား၊ မေ့တဲ့သူက ပမာဒသမားပေါ့။

အပ္ပမာဒသမားရဲ့သန္တာန်မှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့ သူတော်ကောင်းတရားတွေ အခြေအနေအားလျော်စွာ အများကြီး ဖြစ်နေကြပေမယ့် အထင်ရှားဆုံး
သိသာနေတာကတော့ “သတိ” ပါပဲ။ ဒါကြောင့်လည်း “အပ္ပမာဒ” ကို အဘိဓမ္မာတရားကိုယ်ကောင်းရင်
“သတိ” ကိုပဲ ကောက်ကြပါတယ်။ အပ္ပမာဒရှိတယ်ဆိုတာ သတိရှိတာကို ဆိုလိုပြီး မမေ့ဘူးဆိုတာ အမှတ်ရနေတာ
လို့ အဓိပ္ပာယ်ရပါတယ်။

တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခုကို မမေ့ဘူးဆိုတာ အဲဒီတစ်စုံတစ်ယောက်၊ သို့မဟုတ်
တစ်စုံတစ်ခုကို အမှတ်ရနေတာပဲပေါ့။ အဲဒီတစ်စုံတစ်ယောက်၊
သို့မဟုတ် တစ်စုံတစ်ခုဆီမှာ မိမိရဲ့ စိတ်ကလေး အမြဲစွဲကပ်နေတာပဲပေါ့။ အာရုံနဲ့စိတ် မခွဲစတမ်း
စွဲကပ်ပူးဝင်နေတဲ့သဘော၊ အာရုံနဲ့စိတ် တစ်သားတည်းဖြစ်နေတဲ့သဘောကို “အပ္ပမာဒ” လို့ ခေါ်ပါတယ်။

လူတစ်ယောက်ကို ဘယ်တော့မှ မမေ့ဘဲ အမြဲ အမှတ်ရနေတဲ့သူရဲ့ သန္တာန်မှာ အဲဒီလူကို အမှတ်ရတိုင်း
အမှတ်ရတိုင်း အဲဒီလူနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်နေတတ်သလို
အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာလည်း အပ္ပမာဒရဲ့ အာရုံတွေကို အမှတ်ရတိုင်း အမှတ်ရတိုင်း
အမှတ်ရရာအာရုံနဲ့ သက်ဆိုင်တဲ့ ကုသိုလ်တရားတွေဖြစ်ပွားလာပါတယ်။

အပ္ပမာဒသမားတစ်ယောက် အမှတ်ရလေ့ရှိတဲ့ အာရုံတွေက ဆယ်မျိုးရှိပါတယ်။ အာရုံတစ်မျိုးကို
ကုသိုလ်တစ်မျိုးနှုန်းနဲ့ တွက်လိုက်ရင် အပ္ပမာဒသမားတစ်ယောက် ရပိုင်ခွင့်ရှိတဲ့ ကုသိုလ်တွေက
ဆယ်မျိုးကြီးများတောင်ပါပဲ။ သူ့အာရုံနဲ့ သူ့ကုသိုလ်တော့ ရှိတာပေါ့။

(၁)။ပထမဆုံး အပ္ပမာအာရုံကတော့ “ဒါန” ပါပဲ။ ဒါနဆိုတာ“ပေးခြင်း” ပါ။ အနှစ်သာရကတော့ စွန့်လွှတ်ခြင်းပါပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကို ကိုယ်ပိုင်အဖြစ်က စွန့်လွှတ်ပြီး
သူတစ်ပါးပစ္စည်းအဖြစ် ပြုလုပ်ပေးလိုက်တာကို ဒါန လို့ခေါ်ပါတယ်။ ပစ္စည်းစွန့်လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပစ္စည်းအပေါ် တွယ်တာတဲ့ တဏှာကိုလည်း အာလယပြတ် (စိတ်စွဲပြတ်) စွန့်လွှတ်လိုက်ရပါတယ်။ “ငါပိုင်” “ငါဆိုင်” ဆိုတဲ့ သတ်မှတ်ချက်ကို ရိုက်ချိုးပစ်နိုင်မှ ဒါနတစ်ခု
အထမြောက်ပါတယ်။

“ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်တော့” ဆိုတဲ့ စိတ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် စွန့်လွှတ်နိုင်မှ ဒါနမြောက်တယ်
ဆိုတာကို အပ္ပမာဒသမားတစ်ယောက်က ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီလို စွန့်လွှတ်လိုက်ရတဲ့အတွက် စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးပြီး အေးချမ်းသွားတယ်ဆိုတာကိုလည်း ကိုယ်ကိုယ်တိုင် ခံစားရပါတယ်။ ကိုယ်စွန့်လွှတ်လိုက်တဲ့ ပစ္စည်းကြောင့် သူတစ်ပါးကောင်းကျိုးရသွားတာကို
ကြည့်ပြီးတော့လည်း ကျေနပ်ဝမ်းမြောက်စွာ ပီတိဖြစ်နိုင်ပါတယ်။

အစွဲကင်းစွာ စွန့်လွှတ်နိုင်ခြင်းရဲ့ လွတ်လပ်အေးချမ်းမှုကို လက်တွေ့ခံစားရတဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒါနအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဒါနသတိ” မပျောက်မချင်း ဒါနကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။

(၂)။ဒုတိယမြောက် အပ္ပမာဒအာရုံကတော့ “သီလ” ပါပဲ။ သီလ ဆိုတာ “အလေ့” ပါ။ သူတော်ကောင်းတွေရဲ့ အလေ့၊ လူယဉ်ကျေးတွေရဲ့ အလေ့ကို သီလကို ခေါ်ပါတယ်။ ရှောင်သင့်ရှောင်ထိုက်တဲ့ ကိုယ်အမူအရာဆိုး၊နှုတ်အမူအရာဆိုးတွေကို ရှောင်တဲ့အလေ့ ရှိရသလို ဆောင်သင့် ဆောင်ထိုက်တဲ့ ကိုယ်အမူအရာကောင်း၊ နှုတ်အမူအရာကောင်းတွေကိုလည်း ဆောင်တဲ့အလေ့ ရှိရပါတယ်။

တားမြစ်ချက် မလွန်ကျူးခြင်းဆိုတဲ့ “ရှောင်သီလ” နဲ့ တာဝန်ဝတ္တရား ကျေပွန်ခြင်းဆိုတဲ့ “ဆောင်သီလ”၊
သီလနှစ်မျိုးလုံး ပြည့်စုံမှ သူတော်ကောင်းပီသတယ်။လူယဉ်ကျေးတန်းဝင်တယ်လို့ လက်ခံယုံကြည်တဲ့
အပ္ပမာဒသမားတစ်ယောက်ဟာ သီလအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ သီလအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “သီလသတိ” မပျောက်မချင်း သီလကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။

(၃)။တတိယမြောက် အပ္ပမာဒအာရုံကတော့ “ဘာဝနာ” ပါပဲ။ ဘာဝနာဆိုတာ “တိုးပွားခြင်း” ပါ။ စိတ်ကောင်းစိတ်မြတ်တွေ၊ စိတ်ကြည်စိတ်သန့်တွေ၊ စိတ်အေးစိတ်လင်းတွေ
တိုးပွားလာအောင် အားထုတ်တာကို ဘာဝနာလို့ ခေါ်ပါတယ်။

အာရုံတစ်ခုတည်းမှာ “စိတ်ငြိမ်” အောင် ကျင့်ရတဲ့ သမထဘာဝနာရော၊ အာရုံအားလုံးမှာ “စိတ်ငြိမ်း”
အောင်ကျင့်ရတဲ့ ဝိပဿနာဘာဝနာရော၊ ဘာဝနာနှစ်မျိုးလုံး ပြည့်စုံမှ စိတ်ရဲ့ အဆင့်အတန်း
ဘက်စုံမြင့်မားနိုင်တယ်ဆိုတာကို နားလည်နေတဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဘာဝနာအာရုံကို
ဘယ်တော့မှ မမေ့တော့ပါဘူး။ ဘာဝနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နဲ့ “ဘာဝနာသတိ”
မပျောက်မချင်း ဘာဝနာကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၄)။စတုတ္ထမြောက် အပ္ပမာဒအာရုံကတော့ “အပစာယန” ပါပဲ။ အပစာယန ဆိုတာ
“ရိုသေလေးစားခြင်း” ပါ။ ကိုယ့်ထက် အသက်၊သိက္ခာ၊ဂုဏ်ဝါကြီးတဲ့ လေးစားထိုက်သူတွေအပေါ် မာန်မာန
ကင်းရှင်းစွာ တရိုတသေ တလေးတစား ပြောဆိုပြုမူတာကို အပစာယန လို့ ခေါ်ပါတယ်။

“ဘဝင်မြင့်”ပြီး ထောင်လွှားမောက်မာတတ်တဲ့သူတစ်ယောက်အတွက် “ဘဝင်မြင့်”ဖို့ အခွင့်အလမ်းတွေ
ပိတ်ဆို့နေတယ် ဆိုတာကို သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ အပစာယနအာရုံကို
ဘယ်တော့မှ မမေ့တော့ပါဘူး။ အပစာယနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “အပစာယနသတိ”
မပျောက်မချင်း အပစာယန ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၅)။ပဉ္စမမြောက် အပ္ပမာဒအာရုံကတော့ “ဝေယျာဝစ္စ” ပါပဲ။ ဝေယျာဝစ္စဆိုတာ “ကြောင့်ကြစိုက်ခြင်း” ပါ။
သူတစ်ပါးရဲ့ အပြစ်ကင်းတဲ့အလုပ်၊ ကောင်းမှုကုသိုလ် အလုပ်တွေမှာ စိတ်စေတနာ အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဆောင်ရွက်ကူညီပေးတာကို ဝေယျာဝစ္စလို့ ခေါ်ပါတယ်။

သူတစ်ပါးရဲ့ လိုအပ်ချက်ကို ဖြည့်စွက်ပေးရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ ဆုမတောင်းဘဲ ပြည့်စုံနိုင်တယ်ဆိုတာကိုယုံကြည်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဝေယျာဝစ္စ
အာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဝေယျဝစ္စအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ဝေယျာဝစ္စသတိ” မပျောက်မချင်း ဝေယျာဝစ္စကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၆)။ဆဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တိဒါန” ပါပဲ။ ပတ္တိဒါန ဆိုတာ “ဝေစုပေးခြင်း” ပါ။ ကိုယ်ရထားတဲ့ ကောင်းမှုကုသိုလ်မျိုး သူတစ်ပါးလည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ကုသိုလ်အမျှပေးဝေတာကို ပတ္တိဒါန လို့ ခေါ်ပါတယ်။

ကိုယ့်ကုသိုလ် သူတစ်ပါး ဖြန့်ဝေပေးခြင်းကြောင့် ကိုယ့်စိတ်အစဉ်မှာ ဝန်တိုမှု မစ္ဆရိယ အညစ်အကြေး
ကင်းစင်သွားတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်လည်း ကိုယ့်ကြောင့် အဆင့်အတန်း မြင့်မားသွားရတယ်
ဆိုတာကို ယုံကြည်ကျေနပ်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တိဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ပတ္တိဒါနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ပတ္တိဒါနသတိ” မပျောက်မချင်း ပတ္တိဒါနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၇)။သတ္တမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တာနုမောဒန” ပါပဲ။ ပတ္တာနုမောဒန ဆိုတာ
“ဝေစုကို ဝမ်းမြောက်ခြင်း” ပါ။ သူတစ်ပါးပေးဝေတဲ့ ကုသိုလ်အမျှကို ကိုယ်ကိုယ်တိုင်ပြုရတဲ့ ကုသိုလ်ကောင်းမှုလိုပဲ ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုခေါ်ဆိုတာကို
ပတ္တာနုမောဒန လို့ခေါ်ပါတယ်။

သူ့ကုသိုလ် ကိုယ်ဝမ်းမြောက်ခြင်းကြောင့် ကိုယ့်စိတ်အစဉ်မှာ မနာလိုမှု ဣဿာအညစ်အကြေး ကင်းစင်သွားတဲ့အပြင် သူတစ်ပါးကြောင့် ကိုယ့်ဘဝအဆင့်အတန်း မြင့်မား
သွားရတယ်ဆိုတာကို နားလည်သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တာနုမောဒနာအာရုံ
ကို ဘယ်တော့မှ မမေ့ပါဘူး။ ပတ္တာနုမောဒနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ပတ္တာနုမောဒနသတိ” မပျောက်မချင်း ပတ္တာနုမောဒနကုသိုလ်တွေ
တရိပ်ရိပ် တိုးပွားလာပါတယ်။

(၈)။အဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဿဝန” ပါပဲ။ ဓမ္မဿဝန ဆိုတာ “တရားကြားနာခြင်း” ပါ။
စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း သူတော်ကောင်းတရားတွေကို စိတ်ဝင်တစား
နာယူမှတ်သားတာ၊ လေ့လာဖတ်ရှုတာကို ဓမ္မဿဝနလို့ ခေါ်ပါတယ်။

သူတော်ကောင်းတရားတွေကို နားနဲ့လည်း”ကြား”တတ်၊ စိတ်နဲ့လည်း“နာ” တတ်တယ်ဆိုရင်၊ တစ်နည်းအားဖြင့် ကံနားနဲ့လည်း “ကြား” တတ်၊ ဉာဏ်နားနဲ့လည်း “နာ” တတ်တယ်ဆိုရင် အဲဒီ “ကြား” ပြီး “နာ” တဲ့ “ကြားနာ“ခြင်းဟာ ကိုယ့်စိတ်၊ ကိုယ့်ဘဝကို လုံးဝ အသစ်စက်စက် ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဓမ္မဿဝနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဓမ္မဿဝနအာရုံကို သတိရလိုက်တာနဲ့တစ်ပြိုင်နက် “ဓမ္မဿဝနသတိ” မပျောက်မချင်း ဓမ္မဿဝနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၉)။နဝမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဒေသနာ”ပါပဲ။ ဓမ္မဒေသနာဆိုတော့ “တရားဟောပြောခြင်း” ပါ။ စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း... သူတော်ကောင်းတရားတွေကို မေတ္တာတရား
အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဟောပြောပို့ချ သင်ကြားညွှန်ပြပေးတာကို ဓမ္မဒေသနာလို့ ခေါ်ပါတယ်။

ကိုယ်ဟောပြောတဲ့တရားက ကိုယ့်ကို ပြန်ဆုံးမပြီး ကိုယ်ညွှန်ပြတဲ့စကားက ပြန်သွန်သင်နေတာမို့ ကိုယ်နဲ့
သူတော်ကောင်းတရား တစ်သားတည်း ဖြစ်သွားနိုင်သလို ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်လည်း သူတော်ကောင်းပတ်ဝန်းကျင် ဖြစ်သွားနိုင်တယ်ဆိုတာကို သဘောပေါက်
သိမြင်တဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဓမ္မဒေသနာအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။
ဓမ္မဒေသနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဓမ္မဒေသနာသတိ” မပျောက်မချင်း ဓမ္မဒေသနာ
ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

(၁၀)။နောက်ဆုံး ဒသမမြောက် အပ္ပမာဒအာရုံကတော့ “ဒိဋ္ဌိဇုကမ္မ”ပါပဲ။ ဒိဋ္ဌိဇုကမ္မဆိုတာ“အယူဖြောင့်အောင်ပြုခြင်း”ပါ။ ကောင်းမှုကံ၊ မကောင်းမှုကံ ဆိုတာရှိတယ်၊ ကောင်းမှုကံက
ကောင်းကျိုးပေးပြီး မကောင်းမှုကံက မကောင်းကျိုးပေးတယ်။ရှေးဘဝ၊နောက်ဘဝ၊ အတိတ်ဘဝ၊တမလွန်ဘဝ ဆိုတာလည်း ရှိတယ်လို့ ကံ,ကံရဲ့ အကျိုးနဲ့ ဘဝသံသရာကို
သံသယကင်းစွာ ယုံကြည်တာကို ဒိဋ္ဌိဇုကမ္မလို့ ခေါ်ပါတယ်။

အယူအမြင်မှန်မှ စိတ်ဓာတ်လုပ်ရပ် မှန်မယ်။စိတ်ဓာတ်လုပ်ရပ်မှန်မှ ပစ္စုပ္ပန်ဘဝခရီးရော၊
သံသရာဘဝခရီးပါ သာယာချောမွေ့ ဖြောင့်ဖြူးမယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမား
တစ်ယောက်ဟာ ဒိဋ္ဌိဇုကမ္မအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒိဋ္ဌိဇုကမ္မအာရုံကို သတိရလိုက်တာနဲ့
တစ်ပြိုင်နက် “ဒိဋ္ဌိဇုကမ္မသတိ” မပျောက်မချင်း ဒိဋ္ဌိဇုကမ္မကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။

အဲဒီလိုအားဖြင့် အပ္ပမာဒအာရုံဆယ်မျိုးကို အမြဲမပြတ် သတိရနေတဲ့ အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာ ကုသိုလ်ဆယ်မျိုး တစ်မျိုးမဟုတ်တစ်မျိုး အချိန်တိုင်း
တိုးနေပါတယ်။ မမေ့တဲ့သူတွေမှ ရနိုင်တဲ့ အဲဒီ ကုသိုလ်ဆယ်မျိုးကို “ပုညကြိယဝတ္ထုဆယ်ပါး”
လို့ခေါ်ပါတယ်။ “ကောင်းကျိုးလိုလားသူတိုင်း မလုပ်မဖြစ်လုပ်ရမယ့် ကောင်းမှုဆယ်မျိုး”
လို့ အဓိပ္ပာယ်ရပါတယ်။

အပ္ပမာဒတရား လက်ကိုင်ထားသူတစ်ယောက်အတွက် ကောင်းမှုဆယ်မျိုး ဝင်ရောက်ဖို့ တံခါးအမြဲပွင့်နေပါတယ်။ဝင်လာသမျှ ကောင်းမှုတွေကလည်း ကောင်းမှုရှင်ကို
သူ့အစွမ်းနဲ့သူ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးအမျိုးမျိုး သယ်ပိုးရွက်ဆောင်ပေးပါတယ်။ သူတို့ပေးတဲ့ အထွတ်အထိပ်ကောင်းကျိုးကတော့
ဆင်းရဲဟူသမျှ မြူမျှမရှိတဲ့ နိဗ္ဗာန်ချမ်းသာပါပဲ။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာဝတ္ထိမြို့၊ အနာထပိဏ်သူဌေးကြီးရဲ့ အိမ်မှာ နေ့စဉ်နေ့တိုင်း
ရဟန်းတော်အပါးနှစ်ထောင် ဆွမ်းဘုဉ်းပေးတော်မူကြပါတယ်

ရဟန်းနှစ်ထောင်ရဲ့ နေ့စဉ်ဆွမ်းကိစ္စကို ပထမပိုင်းမှာ သမီးအကြီး မဟာသုဘဒ္ဒါက တာဝန်ယူဆောင်ရွက်
ပေးပါတယ်။ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သမီးဆိုတော့ ဒါနကောင်းမှု၊ဝေယျာဝစ္စကောင်းမှုတွေလောက်နဲ့ ကျေနပ်မနေဘဲ၊တရားနာတဲ့ ဓမ္မဿဝနကောင်းမှု၊ တရားအားထုတ်တဲ့ ဘာဝနာကောင်းမှုတွေကိုလည်း မမေ့မလျော့ ပြုလုပ်ပါတယ်။ ကောင်းမှုဆယ်မျိုးလုံး
အခွင့်သင့်သလို ပြုလုပ်အားထုတ်တဲ့အတွက် မကြာခင်မှာပဲ သောတာပန်အရိယာ ဖြစ်သွားပါတယ်။

မဟာသုဘဒ္ဒါ အိမ်ထောင်ကျလို့ ခင်ပွန်းသည်အိမ် လိုက်သွားတဲ့အခါမှာတော့ သမီးအလတ် စူဠသုဘဒ္ဒါက
အစ်မကြီးအမွေ ဆက်ခံပြီး ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းဝေယျာဝစ္စကို ဆက်လက်ဆောင်ရွက်ပါတယ်။
သူမကလည်း အပ္ပမာဒသမားပီပီ အစ်မကြီးခြေရာ တစ်ထပ်တည်း နင်းနိုင်ခဲ့ပါတယ်။ သောတာပန်လည်းဖြစ်၊သျှောင်နောက်လည်း ဆံထုံးပါပေါ့။

စူဠသုဘဒ္ဒါ အိမ်ပေါ်က ဆင်းသွားတဲ့အခါမှာ ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းတာဝန်ဟာ သမီးအငယ်ဆုံး
သုမနဒေဝီရဲ့ လက်ထဲ ရောက်လာပါတယ်။ သူမလည်း အပ္ပမာဒတရားနဲ့ မွေ့လျော်လိုက်တာ
အစ်မနှစ်ယောက်ရဲ့စံချိန်ကို ချိုးပြီး သကဒါဂါမ်အရိယာဖြစ်သွားပါတယ်။ ဒါပေမဲ့ သူမကတော့ အပျိုစင်လေးပါ။

သကဒါဂါမ်အပျိုစင်လေး သုမနဒေဝီဟာ တစ်နေ့တော့ အပျိုစင်ရောဂါတစ်ခုနဲ့ မကျန်းမမာ ဖြစ်ပါတယ်။
ဖခင်အနာထပိဏ်သူဌေးကြီးက သမီးထွေးလေးကို အကြင်နာ တနင့်တပိုးနဲ့ တယုတယ မေးရှာပါရဲ့။

“သမီးလေး သုမန...၊ ဘယ်လိုနေလဲကွယ်၊ သက်သာရဲ့လား”“မောင်လေး...၊ ဘာပြောတာလဲဟင်”
“အဖေပါ သမီးရဲ့၊ သမီးလေး ယောင်နေတာလား”“မမ မယောင်ပါဘူး မောင်လေးရယ်”
“ဒါဆို ကြောက်နေတာလား သမီးရယ်”
“မောင်လေးရယ်...၊ မမ လုံးဝ မကြောက်ပါဘူးကွယ်”

ဒီလောက်ပဲ ပြောပြီး သုမနဒေဝီ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ ကိုယ့်သမီးအရင်းခေါက်ခေါက်က
ကိုယ့်ကို “မ, ရဲ့ မောင်လေး” လို့ နောက်ဆုံးနှုတ်ဆက်သွားတဲ့အတွက် အနာထပိဏ်သူဋ္ဌေးကြီးခမျာ
သောတာပန် သိက္ခာတောင် မဆည်နိုင်ရှာတော့ဘဲ မျက်ရည်လည်ရွဲနဲ့ သောကတွေ ပွေ့ပိုက်ပြီး
ဘုရားရှင်ထံမှောက် ဆိုက်ရောက်လာပါတယ်။

ဖြစ်ကြောင်းကုန်စင် လျှောက်ထားလိုက်တဲ့အခါ
မြတ်စွာဘုရားက...
“သူဌေးကြီး...၊ တကယ်တော့ သင့်သမီး ကယောင်ကတမ်းနဲ့ ယောင်ပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး”

“ဒါဆို ဘာဖြစ်လို့ တပည့်တော်ကို မောင်လေးလို့ ခေါ်ရတာလဲ ဘုရား”

“မောင်လေးမို့လို့ မောင်လေးလို့ ခေါ်တာပေါ့။ သင်က သင့်သမီးထက် ငယ်လို့ကို သင့်သမီးက
သင့်ကို မောင်လေးလို့ ခေါ်တာပဲ၊ သင်က သောတာပန်၊ သင့်သမီးက သကဒါဂါမ်၊ သင့်ထက် သင့်သမီးက
မဂ်ဖိုလ်ဂုဏ်၊ လောကုတ္တရာဂုဏ်အားဖြင့် ကြီးတယ်လေ”

“လောကီနယ်မှာ သင်က အဖေအဆင့်ရှိပေမယ့် လောကုတ္တရာနယ်မှာတော့ မောင်းလေးအဆင့်ပဲ
ရှိပါသေးတယ်၊ ဒါကြောင့် သင့်သမီးက သင့်ကို မောင်လေးလို့ ခေါ်လိုက်တာပါ”

“တကယ်ပြောတာလား ဘုရား”

“တကယ်ပြောတာပေါ့ သူဌေးကြီးရဲ့”

“အခု သူ ဘယ်ဘုံရောက်နေပါသလဲ ဘုရား”

“တုသိတာဘုံ ရောက်နေပါတယ်”

“မြတ်စွာဘုရား...၊ တပည့်တော်ရဲ့ သမီးဟာ အသက်ရှင်စဉ်မှာလည်း မိဘဆွေမျိုးတွေရဲ့အလယ်
တင့်တယ်ထည်ဝါစွာ စိတ်ချမ်းသာပျော်ရွှင်မှုအပြည့်နဲ့ နေသွားခဲ့ရပါတယ်။ အခု သေသွားတော့လည်း
တင့်တယ်ထည်ဝါတဲ့ဘုံမှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ နေနေရပါတယ်ဘုရား”

“သိပ်မှန်တာပေါ့ ဒကာကြီးရယ်၊ မမေ့တဲ့သူ၊ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သူမှန်သမျှ လူပဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ် ဒီပစ္စုပ္ပန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။နောင်တမလွန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။ ဒီဘဝမှာ “ငါကောင်းမှုပြုထားပြီးပြီ” ဆိုတဲ့ အတွေးနဲ့ ဝမ်းသာရသလို နောင်ဘဝမှာ ကောင်းရာသုဂတိ ရောက်ရတဲ့အတွက် ပိုပြီး ဝမ်းသာရပါတယ်”

ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးတွေကို ကောင်းမှုကုသိုလ်တွေနဲ့ပဲ ရယူနိုင်ပါတယ်။
ကောင်းမှုကုသိုလ်တွေကိုလည်း “မမေ့တရား” လို့ခေါ်တဲ့ “အပ္ပမာဒတရား” နဲ့ပဲ ရယူနိုင်ပါတယ်။
အပ္ပမာဒရှိမှ ကောင်းမှုကုသိုလ်ရှိ၊ ကောင်းမှုကုသိုလ်ရှိမှ ကောင်းကျိုးချမ်းသာ ရှိမှာမို့ ပစ္စုပ္ပန်၊ တမလွန်ရဲ့
ကောင်းကျိုးချမ်းသာလိုလားသူတိုင်း ကောင်းမှုဆယ်မျိုးမှာ မမေ့တတ်တဲ့ အပ္ပမာဒတရားကို
စွဲစွဲမြဲမြဲ လက်ကိုင်ထားဖို့ လိုအပ်လှပါတယ်...။
 
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
အပ္ပမာဒေန သမ္ပာဒေထ။
Posted by►
www.facebook.com/youngbuddhistassociation.mm
[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏အနှိုင်းမဲ့ကုသိုလ်(ပထမပိုင်း)အပ္ပမာဒမဂ္ဂဇင်း၊
ဒီဇင်ဘာ၊၂၀၀၁-မှ ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။]


https://web.facebook.com/youngbuddhistassociation.mm/photos/a.185052928171394.52369.129054333771254/1106659542677390/?type=3

ပုဂ္ဂိုလ်စောင့်၊ သိုက်စောင့်ဟူသည်



ဓမ္မ မိတ်ဆွေ တစ်ဦး မေးလာသည့် မေးခွန်း တစ်ခုမှာ အချို့သောသူသည် သိုက်ဆက် နီးလွန်းအားကြီး သဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များ ကြုံဖူး ကြားဖူးသည်ဟု ဆိုသည်။ မှန်မမှန်နှင့် ဘုရားဟော မည်သို့ ရှိသည်နှင့် ဖြေရှင်းပေးရမည့် မေးခွန်း ဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန် ပစ္စည်းများ ထာပနာ သိမ်းဆည်းများ ထားသိုရာ နေရာ တစ်ခုဟု စာရေးသူ သိထားပါသည်။ သို့သော် သိုက်ဟု ဆိုလိုက်လျှင် အဖိုးတန် ပစ္စည်းများသာမက လျှို့ဝှက် ဆန်းကျယ်သော မှော်ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့ တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။ သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသားချည်း ဖြစ်ချေသည်။

အချို့က သိုက်ဖွားဟု ဆိုပြီး လျှို့ဝှက် ဆန်းကျယ်မှုနှင့် ကြုံသည်။ ကူညီ စောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီ စောင့်ရှောက်သနည်း။ ကြားဖူးသည့် ဖြစ်ရပ် တစ်ခုအရ သိုက် အတူတူ စောင့်ခဲ့သူ တစ်ဦး သေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံ စောင့်ရှောက်သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန် လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။ သိုက်၊ နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့် ဖြစ်ပြီး သူ့ဘုံတွင် အမြဲ တည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ၍ အောက်မှ အထပ်အထိ ရှိသည်။ စတုမဟာရာဇ် နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံ ဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေး မစုံ၊ ဘုန်းကံ မမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီး ရှစ်ထပ်၌ ငရဲသားများ အဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက်ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျ သွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆို ရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ် ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာ ဘုံဌာန ဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေသည်။

(ဤတွင် စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာ များလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲ ထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူ တင်ပြသော ၃၁ ဘုံမှာ အမှန်တကယ် တည်ရှိသော ဌာနများ ဖြစ်သည်ဟု မြတ်စွာဘုရားမှ ဟောကြားခဲ့ချေသည်။ ထို ဘုံအလိုက်အထိုက်တွင်လည်း ပွင့်ဖူးခဲ့သော ဘုရား အဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြ ဆုံးမခဲ့သည်ဟုလည်း သိရသည်။ အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။

ကျေးဇူးဆပ်ပုံမှာ အဘိဓမ္မာ တရား အကျယ် ဟောကြားခဲ့ခြင်း ဖြစ်သည်။ ယင်း အဘိဓမ္မာ တရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံ အမှန်တကယ် ရှိသည်ဟုလည်း ထောက်ပြနိုင်သည်။)

သိုက် အကြောင်း ကိစ္စ ပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင် စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူ ယုံကြည်သည်။ သိုက်စောင့်နတ် အမျိုးမျိုး အထွေထွေ အားလုံးသည် ဘုရား ထာပနာ ဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရား ထာပနာ စောင့်ကြပ်ရသော မြွေ၊ နဂါး စသည်ဖြင့် အမျိုးမျိုး ရှိချေသေးသည်။

တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီး အချိန်) လောဘဇော တက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်း ဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ် မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော် လည်းကောင်း၊ အသူရကာယ် သော်လည်းကောင်း ဖြစ်ကြရသည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေးတို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟု ဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့ စောင့်ကြပ်သော ပစ္စည်း ဥစ္စာအပေါ် နှောက်ယှက်လိုသူတို့နှင့် ကြုံတွေ့ရသော် နည်းလမ်း အမျိုးမျိုးဖြင့် ခြောက်လှန့် မောင်းထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာ ရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု၊ စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓက တစ်ခု အရ အမျိုးသား တစ်ဦးသည် သူချစ်သော အမျိုးသမီးကို စွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာ ဘုံဘဝသို့ မရောက်နိုင်ပဲ လောဘစိတ် အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ ရောက်ရသည်။ ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင် ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူ တစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံ နှောင့်ယှက်ခြင်းများ ပြုတတ်ချေသည်။

ဤတွင် အကြောင်းမဲ့ ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက် နှောင့်ယှက် (သို့မဟုတ်) ကူညီ ဖေးမမှုကို ခံရသည်။ (ဥပမာ နောက်တစ်ခု အရ။ ။ သေသောကလေး (ကလေးခြောက်) က ဘုံဘဝ စွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်း ပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့်လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကြွေးကြောင့် လည်း မိမိ လုပ်ဆောင်ချက်များကို တားဆီး ပိတ်ပင်မှု ခံရသည်။ ဥပမာ တစ်ခု အရ ဘုရားဟော ဇာတ်တော် တစ်ခုတွင် အမျိုးသမီး တစ်ဦးသည် အရိယာ တစ်ဦးကို နှုတ်ရေးဖြင့် ဆဲရေး တိုင်းထွာ ပြုမိသောကြောင့် သူ ဆဲခဲ့ဖူးသည် ပြည့်တန်ဆာမ ဟူသော စကားလုံး အတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင် သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည် ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက် ဖြစ်မည်ကို ဘုရင်က ကြောက်လှန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံ ဘုရင်၊ အိမ်ရှေ့မင်းသားများ အတွက် ပြည့်တန်ဆာ သဘောမျိုးသာ ပျော်တော်ဆက် ဖြစ်စေခဲ့သည်။ (နောက်ဆုံး ဘဝ တစ်ခုတွင် ထို အမျိုးသမီးလည်း မဂ်ဖိုလ် နိဗ္ဗာန် ရောက်ရချေသည်။) (ဘုရားဟော ဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝ တစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူး တစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကြွေး ဆပ်ရခြင်းမျိုး ဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝ ဆက်တိုင်း အကျိုး ပေးကောင်းရခြင်း မျိုးလည်းရှိသည်။ အိမ်ထောင်ရေး အမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့် သော်လည်းကောင်း၊ မိမိ ရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက် ကျူးလွန် သည့် အကုသိုလ်ကံ တစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။ (ဥပမာ- သူတော်ကောင်းတို့ မဂ်လာ ကိစ္စ ခမ်းနားကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေး တစ်ခုတွင် သာမဟုတ် သက်ဆိုင်ရာ သက်ဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်တိုင်းတွင် ရှေးဘဝ အကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခု သဖွယ် ဆက်တိုက် ခံရခြင်းဖြစ်သည်။ ဥပမာ- ချမ်းသာရန် အခွင့် အမြဲ ကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်း အမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲ ချမ်းသာရခြင်း စသည်ခြင်းမျိုး ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော် ပုဂ္ဂိုလ် သိုက်စောင့်စောင့်၊ ကံဝဋ်ကြွေး မည်မျှပင် ကျန်ကျန် မိမိ လုပ်ဆောင်ရမည် ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံ အားထုတ်ရမည် ဖြစ်သော မဂ်ဖိုလ် တရားများကို အစဉ်တစ်ဆိုက် ပွားများ ကျင့်ကြံ အားထုတ်ရချေမည်။

ဘဝများ ရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှု ရှိသလို၊ မကောင်းမှု ရှိသဖြင့် ဘုံအထွေထွေတွင် ကြင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကြွတ်လွတ်အောင်၊ အကုသိုလ်ကံ အကျိုးများ အဟောသိကံဖြစ်အောင် နိဗ္ဗာန် ဝင်နိုင်ရန် ပွားများ ကြင့်ကြံရချေမည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန် ဝင်ခါနီး အထိတွင်ပင် ဆပ်ရမည် ဖြစ်ကြောင်းကို ဂေါတမ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် သာဓကအဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။

သို့သော် နိဗ္ဗာန်သို့ ရောက်လျှင် ထိုကြောင်းကျိုးများ လွတ်ကင်းရချေသည်။ သင်ကြား လေ့လာခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုး လွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://web.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/976351135741472/?type=3&theater 

ဆရာတော် ဦးဗုဓ် ဇာတိမြေသို့


နန်းမတော် မယ်နုအုတ်ကျောင်းနှင့် ပုံစံဆင်တူသည့် နှစ်ထပ်အုတ်ကျောင်းကြီးတစ်ခုကို ကျွန်တော်တို့ စိတ်ဝင်စားစွာကြည့်ရှုနေကြသည်။ ဆရာတော် ဦးဗုဓ်၏ ဇာတိမြေ ညောင်ကန်ရွာ၏ အပြင်ဘက် လယ်ကွင်းများအကြားမှ သစ်ရိပ်များညို့နေသည့် ခြံဝင်းကျယ်ကြီးတစ်ခုအတွင်းတွင် တည်ရှိနေသည့် အဆိုပါ အုတ်ကျောင်းသို့ ညောင်ကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ ကိုပြည့်ဖြိုးအောင်က ဆိုင်ကယ်ဖြင့် ကျွန်တော့်ကိုလိုက်ပို့ခဲ့သည်။

ညောင်ကန်ရွာ အုတ်ကျောင်းသည် အင်းဝတွင် နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းခဲ့သည့် အောင်မြေဘုံစံ အုတ်ကျောင်းခေါ် မယ်နုအုတ်ကျောင်း နှင့် ပုံသဏ္ဌာန်ဆင်တူကာ လှေကားများက မယ်နု အုတ်ကျောင်းမှ လှေကားခုံများနှင့် ပုံစံတူပြုလုပ် ထားသည်။ ယင်းအုတ်ကျောင်းကို ဒေသခံများက ဒုတိယ မယ်နုအုတ်ကျောင်းဟု ဆိုကြသော်လည်း နန်းမတော် မယ်နုအုတ်ကျောင်းထက် သေးငယ်သည်။

ကျွန်တော်တို့သည် ထိုအုတ်ကျောင်းအောက်သို့ခေါင်းငုံ့၊ ခါးကုန်းကာ ဝင်ကြည့်ကြရပါသည်။ ကျောင်း တိုက်အောက်တွင် လိုဏ်ဂူကဲ့သို့အခန်းများ ပြုလုပ် ထားသည်ကိုတွေ့ကြ ရသည်။ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည့် ဆရာတော်များ တရားအားထုတ် ခဲ့သည့် နေရာများဖြစ်နိုင်ကြောင်း လိုက်ပို့သူများက ရှင်းပြခဲ့သည်။ ယခုအခါတွင် ထိုကျောင်းတိုက်ကြီး၌ ရဟန်းတစ်ပါးသာ သီတင်းသုံးနေထိုင်လျက်ရှိကြောင်း သိရှိရပြီး ထိုဆရာတော်ကိုလည်း မတွေ့ခဲ့ရပါချေ။ ယင်းကျောင်းကို မည်သူတည်ဆောက်ခဲ့သည်ကိုလည်း တိကျစွာ မသိရှိခဲ့ရပါချေ။

ညောင်ကန်ကျေးရွာသည် မြန်မာ့ကြေးခေတ် တူးဖော်မှု အထောက်အထားများကြောင့် ရှေးဟောင်း သုတေသန ပညာရပ်နယ်ပယ်တွင် ထင်ရှားသောနေရာ တစ်ခုဖြစ်သည်။ ထို့အတူပင် ဗုဒ္ဓသာသနာတော်တွင် နေအသွင် လအသွင် ထွန်းတောက်ခဲ့သည့် ဗုဓ် သုံးဗုဓ်တွင် တစ်ပါးဖြစ်သည့် ဆရာတော် ဦးဗုဓ်၏ မွေးရာဇာတိမြေအဖြစ်လည်း ထင်ရှားလှပေသည်။ထေရဝါဒ ဗုဒ္ဓသာသနာတွင် မြတ်စွာဘုရားရှင် ဗုဒ္ဓ၊ အဋ္ဌကထာကျမ်းပြု ဆရာတော် ရှင်မဟာဗုဒ္ဓဃောသ နှင့် ညောင်ကန် ဦးဗုဓ်တို့အား ဗုဓ်သုံးဗုဓ်ဟု တင်စား ခေါ်ဝေါ်ကြသည်။

  ညောင်ကန်ကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့၏ အနောက်တောင်ဘက် ငါးမိုင်အကွာ ချင်းတွင်းမြစ်၏ အရှေ့ဘက်ခြမ်းတွင်ရှိသည်။ဘုတလင်မြို့မှ ကနီမြို့တစ်ဖက်ကမ်းအထိရောက် သည့် ကတ္တရာလမ်းဘေးတွင်
တည်ရှိသည်။ညောင်ကန်ကျေးရွာသို့ ရှေးဟောင်းသုတေသန လေ့လာခရီးစဉ်တစ်ခုအဖြစ် ကျွန်တော်ရောက်ရှိခဲ့ သည်။ ရန်ကုန်မှ စီးလာသော အဝေးပြေးမော်တော်ယာဉ် သည် မုံရွာသို့ နံနက်စောစောရောက်ရှိခဲ့ပြီး မုံရွာတွင် ခေတ္တနားပြီး နံနက် ၈ နာရီမှ ပြန်လည်ထွက်ခွာ လာခဲ့သဖြင့် ဘုတလင်သို့ နံနက် ၁ဝ နာရီတွင် ရောက်ရှိသည်။ ဘုတလင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ဝင်ပြီးမှ ညောင်ကန်သို့ ဆက်လက်ထွက်ခွာခဲ့ရာ နေအတော်မြင့်မှ ညောင်ကန်သို့ ရောက်ရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာနမှ လက်ထောက်ကထိက ဦးစိုးမင်းအောင် ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာနမှ ထူးချွန်ဒုတိယနှစ် ကျောင်းသား ကျောင်းသူများ၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဝိဇ္ဇာ ပထမနှစ်သင်တန်းသားများ၏ ဘုတလင် မြို့နယ်၊ ညောင်ကန်ကျေးရွာ မြန်မာ့ကြေးခေတ် နယ်မြေသို့ ကွင်းဆင်းလေ့လာရေးခရီးအတွက် လိုအပ် သည်များ စီစဉ်ဆောင်ရွက်နိုင်ရန် ညောင်ကန်သို့ ကြိုတင်ထွက်ခွာလာခဲ့ကြသည်။ ကျွန်တော်သည် ထိုအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် လိုက်ပါလာခဲ့သည်။
ကျွန်တော်တို့အား ညောင်ကန်ရွာမှ ဦးစိုးမြင့် အောင်နှင့် ညောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးမှ ကိုပြည့်ဖြိုးအောင်တို့က စောင့်ကြိုနေကြသည်။ညောင်ကန်ရောက်သည်နှင့် ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို စီစဉ်ကြရသည်။ ကျောင်းသား ကျောင်း သူများ တည်းခို ၊ နေထိုင်၊ စားသောက်၊ ကွင်းဆင်းရာ တွင် အစစ အဆင်ပြေစေရန် ကြိုတင်ဆောင်ရွက်ကြ ရသည်။ လုံခြုံရေးအတွက် ဘုတလင်ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးအား ကျောင်းသားများတည်းခိုမည့် ညောင်ကန်ကျေးရွာ တွဲဖက် အထက်တန်းကျောင်းတွင် ခရီးစဉ်ပြီးဆုံး ချိန်အထိ တာဝန်ချထားပေးသည်။

ကြိုတင် လုပ်ဆောင်ထားရမည့်ကိစ္စများ ဆောင်ရွက်ကြပြီး နောက် တစ်ရက်တွင် ညောင်ကန်ရွာ အပြင်ရှိ အင်းဝနန်းမတော် အုတ်ကျောင်းနှင့် ပုံစံတူ ဆောက်လုပ်ထားသည့် အုတ်ကျောင်းကြီးကို သွားရောက် လေ့လာကြပြီးနောက် ဆရာတော်ဦးဗုဓ် ဖွားမြင်သန့်စင်ခဲ့ ရာ နေရာသို့သွားခဲ့ကြသည်။ ဆရာတော် ဖွားမြင်ရာ မြေနေရာတွင် ''ဆရာတော် ဦးဗုဓ်ပြတိုက်'' ကို ဖွင့်လှစ် ထားသည်။ ညောင်ကန်ရွာအတွင်း ရွာလမ်းမပေါ်တွင် ရှိသည့် ပြတိုက် အဆောက်အအုံအတွင်း၌် ဘုရားရှင်ရုပ်ပွား တော် တစ်ဆူသာ တွေ့ရသည်။

ဆရာတော် ဦးဗုဓ် ပြတိုက်သည် ဆရာတော်ရှိစဉ်က အဆောက်အအုံ မဟုတ်ဘဲ ဆရာတော်ဖွားမြင်ခဲ့သည့် နေရာအား အစဉ်အဆက် ထိန်းသိမ်းခဲ့ကာ အထိမ်းအမှတ် အဆောက်အအုံတစ်ခု ကို ဆောက်လုပ်ထားခြင်းဖြစ် ကြောင်း၊ သာခေါင်ရပ်ဟု ခေါ်ဆိုကြောင်း သိရှိခဲ့ရသည်။ဆရာတော်၏ အသုံးအဆောင်များသည် ဆရာတော် ငယ်စဉ်က သီတင်းသုံးခဲ့သောကျောင်းတွင် အနည်း အပါးကျန်ရှိကြောင်း ဦးစိုးမြင့်အောင်က ရှင်းပြသည်။
ညောင်ကန်ကျေးရွာသည် ရှေးအခါက ဗဒုံကျေးလက် တွင် တည်ရှိခဲ့သောရွာကြီးတစ်ရွာဖြစ်ကာ ညောင်ကန်ရွာ ဇာတိ ဆရာတော်ဦးဗုဓ်က မိမိကိုယ်တိုင်ပြုစုခဲ့သော ပါဠိသဒ္ဒါ ပဒရူပသိဒ္ဓိ နိဿယကျမ်းစာနိဂုံးတွင် ပါဠိ ဘာသာဖြင့် မွေးရပ်မြေ ညောင်ကန် ရွာအကြောင်း ရေးသားခဲ့သည်။ မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်သည်။

''ဖားသည် မြွေကို၊ ကြွက်သည် ကြောင်ကို၊ သမင်သည် ကျားကို အောင်မြင်ရာဖြစ်၍၊ ကပိလရှင်ရသေ့၏ ကျောင်း သင်္ခမ်းရာမြေနှင့်တူသော၊ ရန်သူတို့သည် မအောင်အပ်သော ဤမြေအရပ်၌ ညောင်ဗုဒ္ဓဟေပင် ပေါက်ရောက်ပြီ။ ဗောဓိအနီး မုစလိန္ဒအိုင်နှင့်တူ၍ ရေများစွာရှိသော ကန်ကြီးသည် ဖြစ်လတ်လေပြီ။ ထို ဗောဓိညောင်နှင့်ရေကန်တို့ကိုအမှီပြု၍ ခပ်သိမ်းသော ပြည်ကြီး အင်္ဂါနှင့် ပြည့်စုံသော ပြည်ကြီးသည် ရှေးက ဖြစ်ခဲ့ဖူးပြီ။ ထိုပြည်ကြီးသူတို့၏ ကောင်းမှုကုန်ခြင်းကြောင့် ပျက်စီးလတ်သော် ထိုညောင်ကန် ဟူသော အမည်ဖြင့် ထင်ရှားလှသော ရတနာမျိုးစုံနှင့်ပြည့်စုံသော နိဂုံး (ညောင်ကန်ရွာကြီး)သည် ဖြစ်လတ်လေပြီ'' ဟူ၍ ဖြစ်သည်။

ဆရာတော် ဦးဗုဓ်လောင်းလျာ သားငယ်ကို အဘ ဦးအိုနှင့်အမိ ဒေါ်မွှေးတို့က မြန်မာသက္ကရာဇ် ၁၁၄၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ အင်္ဂါနေ့တွင် ရှေးအခါက ဗဒုံဟုခေါ်ခဲ့ သည့် မြန်မာပြည်အထက်ပိုင်း၊ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာ သာခေါင်ရပ်၌ မွေးဖွားသန့်စင်ခဲ့သည်။မွေးဖွားချိန်တွင် လမင်းကို ရာဟု ငပုပ် ဖမ်းချိန်ဖြစ်နေသောကြောင့် မိဘများက မောင်ပုပ်ဟု အမည်ပေးခဲ့သည်။ မောင်ပုပ် အသက်ရှစ်နှစ် အရွယ်တွင် ညောင်ကန်ရွာ အနောက်တိုက်ခေါ် ရတနာမဉ္ဇူတိုက် ဘုန်းတော်ကြီး ဦးပြေထံတွင် စတင်ပညာသင်ယူခဲ့သည်။မောင်ပုပ်သည် ကလေး သူငယ် ကျောင်းသားအရွယ် ကပင် ဉာဏ်အလွန်ထက်မြက်ခဲ့သည်။

စာတစ်ပုဒ်၊ အကြောင်းအရာ တစ်ခုကို သုံးကြိမ်ကြားရလျှင် အကုန် မှတ်မိသည်ဟု ဆိုသည်။ ကျောင်းမှ အိမ်သို့ ပြန်လာတိုင်း သင်အံထားသော စာတစ်ပုဒ်ကို ရွတ်အံသွားမြဲဖြစ်ကာ အိမ်ရှေ့ရောက်၍ စာကမပြီးဆုံးသေးလျှင် တံခါးတိုင်ကို မှီလျက် စာဆုံးအောင်ရွတ်ဆိုပြီးမှ အိမ်အတွင်းသို့ ဝင်လေ့ ရှိသည်။ မောင်ပုပ်သည် အသက် ၁၃ နှစ် အရွယ်အထိ ဆရာတော်ဦးပြေထံတွင် ပညာသင်ယူခဲ့ပြီးနောက် ဆရာတော်ဦးပြေက ကျောင်းနီးချင်းရဟန်း ဦးသာပုံထံ အပ်နှံပေးခဲ့သည်။

ဆရာတော် ဦးသာပုံက ဥာဏ်ပညာ အလွန်ထက်မြက်သည့် မောင်ပုပ်သည် တစ်ချိန်ချိန်တွင် လျှမ်းလျှမ်းတောက် ထင်ရှားလာမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ကို ကြိုတင်တွက်ဆမိသည့်အတွက် မောင်ပုပ် ကို မောင်ဗုဓ်ဟု အမည်ပြောင်းပေးခဲ့သည်။ ဆရာတော် ဦးသာပုံကျောင်းမှာပင် မောင်ဗုဓ်သည် ရှင်သာမဏေ အဖြစ်သို့ရောက်ရှိခဲ့ပြီး ဆရာတော် ဦးသာပုံက တပည့် ဖြစ်သူအား ဇမ္ဗူတစ်လွှား၊ တံခွန် အလား ထင်ရှားပေါ်လွင် မည့် နိမိတ်ကိုယူလျက် ''ရှင် ဇမ္ဗူ့ဓဇ'' ဟူသော ဘွဲ့အမည် ကို ပေးခဲ့သည်။
ဆရာတော်လောင်းလျာသည် ငယ်စဉ်ကပင် စာပေ လိုက်စားမှုကို အထူးဝါသနာ ထုံခဲ့ရာ အိပ်ချိန်၊ စားချိန်၊ ရေချိုးချိန်၊ ကုဋီဝင်ချိန်များမှလွဲ၍ စာနှင့်မျက်နှာခွာ သည်မရှိဟု ဆိုကြသည်။ စာဖတ်လျှင် ဖတ်၊ မဖတ်လျှင် စာရေးနေလေ့ရှိသည်။ ရှင်ဇမ္ဗူ့ဓဇသည် ၁၁၆၉ ခုနှစ်တွင် ရဟန်းအဖြစ်ခံယူခဲ့ပြီး ၁၁၈၂ ခုနှစ်တွင် ညောင်ကန် ဂိုဏ်းအုပ်ဖြစ်လာခဲ့ကာ ညောင်ကန်ရွာ ရတနာမဉ္ဇူတိုက် တွင် စာသင်သား ၁ဝဝ ကျော်တို့ကို စာပေကျမ်းဂန် အဖြာဖြာကို ပို့ချခဲ့သည်။

၁၁၉၂ ခုနှစ်တွင် အင်းဝမဟာအောင်မြေဘုံစံ အုတ်ကျောင်း ပထမဆရာတော် ဦးပိုး ပျံလွန်ခဲ့ပြီး ဘကြီး တော်(စစ်ကိုင်းမင်း) နှင့် မိဖုရား နန်းမတော်မယ်နုတို့က နေပြည်တော် အင်းဝရှိ မဟာအောင်မြေဘုံစံ အုတ်ကျောင်း တော်ကြီးအား ကပ်လှူခဲ့သဖြင့် ဆရာတော် ဦးဗုဓ်သည် ဒုတိယ အုတ်ကျောင်းဆရာတော်အဖြစ် အင်းဝသို့ ပြောင်းရွှေ့ကာ နန်းမတော်မယ်နုအုတ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် စကား၌ လည်းကောင်း၊ တရား၌လည်းကောင်း အပြောအဟော နည်းပါးပြီး စာပေပရိယတ္တိကို မပြတ်မလပ် ကြည့်ရှု ခြင်း၊ ပို့ချခြင်း၊ ကျမ်းပြုခြင်းဖြင့်သာ အချိန်ကုန်လွန် လေ့ရှိသည်။ ပေတစ်ချပ်ကို သုံးကြိမ်ကြည့်လျှင် အာဂုံရ သည်ဟု ဆိုကြသည်။

ရဟန်း နှစ်ဝါအရတွင် ဝိနည်း ငါးကျမ်းကို အာဂုံရခဲ့သည်။ သက်တော် ၅၅ နှစ်တွင် သာယာဝတီမင်းနှင့် နန်းမတော်မိဖုရားခေါင်တို့ ဆက်ကပ်လှူဒါန်းခဲ့သည့် အမရပူရမြို့၊ မင်္ဂလာဘုံကျော် ကျောင်းတွင် ပျံလွန်ခဲ့သည်။ ဆရာတော် ဦးဗုဓ်သည် ရဟန်း ဝါ ၃၅ ဝါအတွင်း ပါဠိ မြန်မာကျမ်းပေါင်း ၅၄ ကျမ်း ရေးသားစီရင်ခဲ့သဖြင့် သာသနာတော်နှင့်လောကအား အလွန်ကျေးဇူးများသော ပုဂ္ဂိုလ်ထူးဖြစ်သည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာဝင်၌ ဗုဓ်အစ (ဗုဒ္ဓ ဘုရားရှင်) ၊ ဗုဓ်အလယ် (ရှင်မဟာ ဗုဒ္ဓဃောသ) နှင့် ဗုဓ် အဆုံး (ဦးဗုဓ်) ဟု ဆိုရိုး ရှိခဲ့သည်။ဆရာတော် ဦးဗုဓ်က နန်းမတော်မယ်နုအား သူမ၏ ဘဝနောက်ဆုံးအချိန်တွင် ပြောကြားဆုံးမခဲ့သည့် စကားတစ်ခွန်းသည် မြန်မာ့သမိုင်းတွင် အလွန်ထင်ရှား ခဲ့သည်။

၁၂ဝ၂ ခုနှစ်(၁၈၄ဝပြည့်နှစ် မေလ)တွင် နန်းမတော် မယ်နုကို ဘုရင့်နန်းကို ပုန်ကန်ရန် ကြံစည်မှုဖြင့် သာယာဝတီမင်းက ရေချစီရင်ရန် အမိန့်ချခဲ့သည်။ မယ်နုအား စီရင်မည့်နေ့တွင် နန်းမတော်မယ်နုသည် မြို့ဝန်နှင့် ပါးကွက်သားများထံ သူမသေမီ ဆရာတော် ဦးဗုဓ်အား နောက်ဆုံး ဖူးမြော်ခွင့်ပေးရန် တောင်းခံခဲ့ သည်။ ဆရာတော် ဦးဗုဓ်ကျောင်းသို့ ရောက်သောအခါ ဆရာတော်က စာကြည့်နေခိုက်ဖြစ်သည်။ မယ်နုက ဆရာတော်ကို ဦးချကာ '' သူ၏ အာဏာစက်ဖြင့် အဆုံးစီရင်ခြင်းခံရပါတော့မည်၊ ဤနေ့ကား ဆရာတော် ဘုရားကို နောက်ဆုံး ဖူးမြော်ကန်တော့ခြင်း ဖြစ်ပါ ကြောင်း'' ဟု လျှောက်တင်ခဲ့သည်။
ဆရာတော်က စာကြည့်နေရာမှ နန်းမတော်မယ်နု ရှိရာသို့ မျက်နှာမူလိုက်ပြီး ''မိနု၊ သူ့ြေ<ွကးရှိလျှင်ဆပ်ရ လိမ့်မည်'' ဟု အမိန့်ရှိပြီးသည်နှင့် ကျောင်းအမ မယ်နုသည် ဆရာတော်ဦးဗုဓ်ကို ရှိခိုးဦးချကာ ကျောင်း ပေါ်မှ ဆင်းခဲ့ပြီး ပါးကွက်သားများ ခေါ်ဆောင်ရာ နောက်သို့ ရဲရဲကြီးလိုက်ပါသွား ခဲ့တော့သည်ဟု စာရေး ဆရာ ညိုမြကသူ၏ ကုန်းဘောင်ရှာပုံတော်ဝယ် သံဝေဂ ရဖွယ် ရေးသားထားပေသည်။

ဆရာတော်ဦးဗုဓ် ပြတိုက်မှအပြန်တွင် ညောင်ကန် ရွာတွင် ဆရာတော်ဦးဗုဓ်ငယ်စဉ်က သီတင်းသုံးခဲ့သည့် ကျောင်းသို့ ကျွန်တော်တို့သွားခဲ့ကြသည်။ ဆရာတော် ဦးဗုဓ် သီတင်းသုံးခဲ့သည့် ကျောင်းနေရာတွင် ခြေတံ ရှည် နှစ်ထပ်သစ်သားကျောင်းကြီးတစ်ခုကို မြင်တွေ့ ကြရသည်။ ကျောင်းပေါ်သို့တက်၍ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြပြီးနောက် ဆရာတော်က ကျောင်းအတွင်း လိုက်လံပြသခဲ့သည်။ ယင်းသစ်သား ကျောင်းကြီးသည် ဆရာတော် ဦးဗုဓ် သီတင်းသုံးခဲ့စဉ်က ကျောင်းဟောင်းမှ သစ်သားတိုင်များကို ပြန်လည် အသုံးပြုကာ အသစ်ပြန်လည်တည်ဆောက်ထားသည့် ကျောင်းဖြစ်ကြောင်း ဆရာတော်က ရှင်းပြခဲ့သည်။
ကျောင်းပေါ်တွင် ဆရာတော်ဦးဗုဓ်၏ အသုံး အဆောင်အချို့ကို ဖူးတွေ့ရသည်။ ဆရာတော်၏ စာတိုက်၊ ဆရာတော်သုံးစွဲခဲ့သည့် မီးအိမ်တို့ကို တွေ့ရှိခဲ့ရသည်။ ဆရာတော်၏ စာတိုက်သည် သစ်သားကို အလွန်လက်ရာမြောက်စွာ ထွင်းထုထား သည့် ရှေးခေတ်ဗီရို ဖြစ်ပြီး ပေစာများသိမ်းဆည်းရန် ဖြစ်ပေသည်။ ဆရာတော်၏ ကွမ်းအစ်၊ ဆင်စွယ်ကမ္မဝါ စာတို့ကို ထည့်ထားသော မှန်ဗီရိုအထဲတွင် ဗုဒ္ဓဆင်းတု တော်တစ်ဆူကို တွေ့ကြရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ဝန်းကျင်၊ ကုန်းဘောင် ခေတ်အတွင်း စစ်ကိုင်းမင်းနှင့် သာယာဝတီမင်းတို့ ကိုးကွယ်ခဲ့သော သီလ၊သမာဓိ၊ ပညာဂုဏ်များ အထူး ထင်ရှားခဲ့သည့် ဆရာတော် ဦးဗုဓ်ငယ်စဉ်က ပညာသင် ယူခဲ့သည့် စာသင်တိုက်ကျောင်းရှိရာသို့ ရောက်ရှိခဲ့ရ သည့်အတွက် ကျွန်တော်များစွာ ကျေနပ်နေမိပါသည်။နှစ်ထပ်ကျောင်းကြီးပေါ်ရှိ ဆရာတော်၏ ပုံတော်ကို ရှိခိုးကန်တော့ပြီး ကျောင်းတိုက်မှ ပြန်ဆင်းလာခဲ့ချိန် တွင် ဆရာတော် ဦးဗုဓ်၏ '' သူ့ကြွေးရှိလျှင်ဆပ်ရလိမ့် မည်'' ဟူသည့် သံဝေဂတရားမိန့်မှာစကားကို ကြားနေရ သကဲ့သို့ ခံစားမိခဲ့ပါသည်။
မောင်သာ(ရှေးဟောင်းသုတေသန)

https://www.facebook.com/mwdmedia/posts/857911690992637

“စိတ်ညစ်ရင် ရေချိုးပါ (ပါနီယဇာတ်)”


             
တခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့ သားအဖနှစ်ယောက် ခရီးတစ်ခု
ထွက်ဖို့ ပြင်ကြပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာတော့အုပ်တစ်ခုကိုဖြတ်သန်းသွားရမှာပါ။ အဲဒီတောအုပ်ထဲမှာဓားပြသူခိုးတွေကလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့
လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖ နှစ်ယောက်လာရင်သား ကိုဖမ်းပြီး၊အဖေလုပ်သူကို အိမ်ပြန်ပြီး
ငွေယူစေပါတယ်။ ဆရာတပည့် လာရင်လည်းဆရာကိုဖမ်းပြီး၊ တပည့်ကို အိမ်ငွေပြန်ယူစေပါတယ်။
ဒီလုပ်ထုံးအစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက်က ခရီးမထွက်ခင် အဖေလုပ်တဲ့သူက
“ငါ့သား ဓားပြသူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့။
ဘာမှ မတော်ဘူးလို့ပြော” လို့ မှာပါတယ်။

ဒီလိုနဲ့တောထဲ ရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။တွေ့တော့
သားအဖနှစ်ယောက်ကိုဖမ်းပြီး “သင်တို့ဘာတော်သလဲ”လို့ မေးတော့ သားလုပ်တဲ့ သူက “ဘာမှ မတော်ဘူးလို့”ပြန်ဖြေလိုက်ပါတယ်။ဒီတော့ သားအဖနှစ်ယောက်တောအုပ်ကထွက်ခွင့်ရပြီး၊ ရှေ့ကို ခရီးဆက်ခဲ့ကြပါတယ်။နားရမယ့်နေရာ မှာနားပြီး ညချမ်းရောက်တော့ရေချိုးပါတယ်။ရေချိုးပြီး တော့စိတ်ကော၊ရုပ်ကောကြည်နေတဲ့အတွက် သားဖြစ်သူ ကမိမိရဲ့ တစ်နေ့တာသီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသားပြောခဲ့တာကိုပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး“ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ”ဆိုပြီးရပ်လျက် ၀ိပဿနာ ပွားလိုက်တာ “ပစ္စေကဗုဒ္ဓါအရှင်မြတ်”ဖြစ်သွားပါတယ်။ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတော့ ဖခင်ကို
တရားဟောပြီး နန္ဒမူလိုဏ်ဂူကို ကြွသွားပါတော့တယ်။
-【ငါးရာ့ငါးဆယ်၊ပါနီယဇာတ်】

ရေချိုးလိုက်လို့ တရားထူး၊တရားမြတ် ရသွားတာတော့မဟုတ်ပါဘူး။ အတိတ်ပါရမီ တွေကြောင့် ရသွားတာပါ။ဒါပေမယ့်ရေချိုး လိုက်တာလည်း တရားထူးရဖို့
အထောက်အပံ့ တစ်ခုဖြစ်သွားတာပါ။ရေချိုးထားတဲ့ စိတ်ကော ရုပ်ပါ ကြည်နေပါတယ်။
စိတ်ရုပ် ကြည်နေတဲ့အတွက် တရား အားထုတ်ရတာလည်းပိုပြီးအဆင်ပြေသွားပါတယ်။ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာ ဆိုတော့စိတ်ညစ်တာလောက်တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဒါက ၀တ္ထု သာဓကလေးကို ကိုင်ပြောတာပါ။စာနဲ့ ကိုင်ပြောမယ်ဆိုရင်လည်း ၀ိဘင်းအဋ္ဌကထာမှာ
“ပညာပွားကြောင်း (၇)ပါး” ကို ပြထားပါတယ်။အင်္ဂါ(၇)ပါးမှာ ဒုတိယအင်္ဂါက ဉာဏ်ပညာ ပွားဖို့အတွက်
ကိုယ်တွင်း၊ကိုယ်ပ နှစ်ဋ္ဌာနကို သန့်ရှင်းစင်ကြယ်အောင်လုပ်ပေးပါ တဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်းအကျယ်ပြန်ရှင်းပြထားပါတယ်။ ဆံပင်တွေ ရှည်နေမယ်၊ခြေသည်းလက်သည်းတွေရှည်နေမယ်၊ခန္ဓာကိုယ်မှာ ချွေးတွေ၊ကြေးတွေ ကပ်နေမယ်၊
ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေမယ်၊ဒါဟာ “အတွင်းဝတ္ထု” မသန့်ရှင်းတာပါ။

နောက်ကိုယ့်ရဲ့ အ၀တ်အစားတွေ ဟောင်းနွမ်းနေမယ်၊အိပ်ရာ၊ခြင်ထောင်၊စောင်၊ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်။ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ
ဖွာလန်ကြဲနေမယ်။ပင့်ကူမျှင်တွေ ငြိတွယ်နေမယ်၊စာအုပ်တွေ ပြန့်ကျဲနေမယ်။အမှိုက်တွေ ရှိနေမယ်။
ဒါဟာ “အပြင်ဝတ္ထု” မသန့်ရှင်းတာပါ။

အဲဒီလို ကိုယ်တွင်း၊ကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင်စိတ်ရှုပ်လာပါလိမ့်မယ်။စိတ်ရှုပ်လာရင် ဉာဏ်အမြင်
မကြည်လင်တော့ပါဘူး။ ဒါဆိုရင် နေရထိုင်ရတာမပျော်ရွှင်တော့ပါဘူး။

ဒါကြောင့်ဆံပင်တွေ ရှည်နေမယ်၊ရှုပ်ထွေးညစ်ပတ် နေမယ် ဆိုရင် ညှပ်စရာရှိတာညှပ်၊
လျှော်စရာရှိတာလျှော်ပေးရမယ်။ခြေသည်း လက်သည်းတွေ ရှည်နေရင် ညှပ်ပေးရမယ်။
ခန္ဓာကိုယ်မှာ ချွေးတွေ၊ ဂျီးတွေရှိနေရင် ရေချိုးပေးရပါမယ်။ခန္ဓာကိုယ်ထဲ မှာလေဆိုးတွေ ၊ အပူအပုပ် တွေရှိနေရင်နားလည်တဲ့ဆရာဝန်နဲ့ပြသပြီး ၀မ်းသက်စေတဲ့ဆေး စသည်
စားပြီး ခန္ဓာကိုယ်ပေါ့ပါးအောင် လုပ်ပေးရပါမယ်။

ဒါက “အတွင်းဝတ္ထု” သန့်ရှင်းအောင်လုပ်ပေးတာပါ။နောက်အ၀တ်အစားတွေ ဟောင်းနွမ်းနေရင်၊
အနံ့အသက်ဆိုးတွေ ရှိနေရင် လျှော်ပေးရမယ်။စောင်တွေ၊ခြင်ထောင်တွေ ၊ခေါင်းအုံးတွေ၊အိပ်ရာခင်းတွေကို
လျှော်စရာရှိတာလျှော်၊နေလှန်းစရာရှိတာ လှန်းပြီးပေးရပါမယ်။အခန်းထဲမှာ ရှုပ်ပေပွနေရင် အခန်းသန့်ရှင်းရေးလုပ်ပေးရပါမယ်။ဒါက “အပြင်ဝတ္ထု” သန့်ရှင်းအောင်လုပ်ပေးတာပါ။

ကိုယ်တွင်း၊ကိုယ်ပ သန့်ရှင်းနေရင်စိတ်ကြည်လင်လာပါ လိမ့်မယ်။ စိတ်ကြည်လင်လာရင်
ဉာဏ်ပါကြည်လင်လာတော့တာပါ။

တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ကျောင်းသူကျောင်းသားကော၊ကိုယ်တွင်းကိုယ်ပသန့်ရှင်းအောင်ဂရုတစိုက်လုပ်ပေးနေရပါမယ်။
 
ဥပမာ - ရေချိုးပြီး တရားထိုင်တာနဲ့ ရေမချိုးဘဲချွေးသံ တရွှဲရွှဲနဲ့ တရားထိုင်တာ ဘယ်ဟာက ပိုပြီး
ထိုင်လို့ကောင်းမလဲ? ခေါင်းလျှော်ပြီး တရားထိုင်တာနဲ့ခေါင်းမလျှော်ပဲ ဆံပင်ဖွာလန်ကြဲနဲ့ တရားထိုင်တာ
ဘယ်ဟာက ပိုပြီးစိတ်ကြည် လင်မလဲ?အထူးပြောနေစရာမလိုတော့ပါဘူး
သိပ်သိသာပါတယ်။

ရေချိုးပြီးမှ တရားထိုင်ရင် ဉာဏ်ပိုပြီး သက်ဝင်ပါတယ်။ထိုင်ရတာလည်း ပိုပြီး ကောင်းပါတယ်။
ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင်လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။

ဒီလိုပါပဲ။ကျောင်းသားတစ်ယောက်ဟာ စာမကျက်ခင်ရေချိုးထားရင်စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက်ပိုပြီး ဉာဏ်သက်ဝင်သလို စာကျက်လို့လည်း
ပိုကောင်းနေပါလိမ့်မယ်။ကိုယ်က ဒီသဘောလေးတွေကိုအာရုံပြုပြီး ကိုယ်တွင်း၊ကိုယ်ပ နှစ်ဋ္ဌာနကို သန့်ရှင်းအောင်မကြာခဏ လုပ်ပေးနေရပါမယ်။စိတ်ချမ်းသာနေရင်
တရားအလုပ်ပဲလုပ်လုပ်၊စီးပွားရေးပဲလုပ်လုပ်၊စာပဲကျက်ကျက်၊ ဘာပဲလုပ်လုပ် အဆင်ပြေနေပါလိမ့်မယ်။

တကယ်လို့ စိတ်ညစ်လာပြီ ဆိုရင် ကိုယ်နေတဲ့အခန်းကို သန့်ရှင်းရေး လုပ်လိုက်ပါ။
အိပ်ရာ ခြင်ထောင်၊ ခေါင်းအုံးတွေကို လျှော်ဖွပ်ပြီးအသစ်နဲ့ လဲလိုက်ပါ။
ပြီးတော့ ရေချိုးလိုက်ပါ။ရေချိုးပြီးရင် ကိုယ်နှစ်သက်တဲ့ လျှော်ဖွပ်ပြီးသားအ၀တ်လေးကို ၀တ်လိုက်ပါ။

✤အားလုံးပြီးတာနဲ့အသစ်လဲပြီသား အိပ်ရာပေါ်မှာ ကိုယ်နဲ့သပ္ပါယ
ဖြစ်သလို ထိုင်ပြီး ခါးကို ဖြောင့်ဖြောင့်ထား၊မျက်လုံးလေးမှိတ်၊လက်အုပ်ကလေးချီပြီး
ငါးပါးသီလ ကို ယူလိုက်ပါ။
✤တစ်ဆက်တည်းပဲ“မြတ်စွာဘုရား၊ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို
သီတင်းသုံးတော်မူပါဘုရား” လို့ ပင့်လိုက်ပါ။ကိုယ်က အမျိုးသမီးဖြစ်နေလို့ ပင့်ရမှာ
အားနာနေရင်လည်း ဦးခေါင်းထက်ကို ပင့်လိုက်ပါ။
✤စိတ်ထဲမှာလည်း မြတ်စွာဘုရားကိုယ့်ခန္ဓာကိုယ်ထဲ၊ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ။မြတ်စွာဘုရားကတော့ ပရိနိဗ္ဗာန်စံပြီးပြီ
ဆိုတော့တကယ်တော့ ဘယ်ကြွလာမှာလဲ။စိတ်ဓာတ်အင်အားကို ယူတာပါ။
စိတ်ထဲမှာ မြတ်စွာဘုရား တကယ်ကြွလာတယ် လို့နှလုံးသွင်းထားရမှာပါ။

✤အားလုံးပြီးရင်လက်အုပ်ချီထားတာလေး ချပြီး
“အရဟံဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊၀ိပဿနာကို ငါးမိနစ်ပွားနေလိုက်ပါ။”
ဒါဆိုရင် စိတ်ချမ်းသာလာပါ လိမ့်မယ်။မယုံရင်စမ်းကြည့်ပါ။

စာရေးသူလည်း စိတ်ညစ်လာရင်ဒီနည်းအတိုင်းပဲ လုပ်တာပါ။
ဒါဆိုစိတ်ညစ်တာပျောက်သွားတာ များပါတယ်။

ကိလေသာမကင်းသရွေ့တော့ စိတ်တွေကအခါအားလျှော်စွာ ညစ်နေရဦးမှာပါ။
စိတ်ညစ်တာကို ညစ်တဲ့အတိုင်း မထားဘဲ၊ကိုယ်နှစ်သက်တဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ။
ရေချိုးလိုက်တာ ကတော့သိပ်ပြီးမခက်လှပါဘူး။

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေး
တစ်ခုလုပ်ထား လိုက်ဖို့ပါ။

“စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော် မေတ္တာလေး ပွားလိုက်၊
စိတ်ညစ်လာတာနဲ့ ရေချိုးလိုက်၊ဂုဏ်တော်မေတ္တာလေး ပွားလိုက်”နဲ့ကျင့်ပါများသွားရင်
“အထုံ” ဖြစ်သွားပါလိမ့်မယ်။ အထုံ ဖြစ်သွားရင် စွဲသွားတာများပါတယ်။ကောင်းတဲ့အထုံလေးတွေဆို စွဲနေအောင်လုပ်ထားရပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက်အနေနဲ့အကုသိုလ် မကင်းတဲ့ တခြားတစ်ခုခုကို
သွားလုပ်မယ်ဆိုရင်တော့ ကိုယ်ပြုတဲ့အပြုအမူကစွဲသွားတတ်ပါတယ်။ မကောင်းတာစွဲသွားရင် ဖြတ်ရတာ
ခက်ပါတယ်။ စိတ်ညစ်တာကို အကြောင်းပြုပြီးအကုသိုလ်မကင်းတဲ့အပြုအမူတွေ စွဲသွားတဲ့သူတွေ
အများကြီးပါ။ တွေ့ဖူး၊ မြင်ဖူးကြမှာပါ။

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကိုဖုန်းဆက် ပြောလေ့ရှိပါတယ်။ ကိုယ်ဖုန်းဆက် ပြောတဲ့သူကကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့။
“ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက်ပါလား”စသည်ဖြင့် အကုသိုလ် မကင်းတဲ့ အကြံတွေ ပေးလိုက်ရင်ကိုယ့်အတွက် အများကြီးနစ်နာသွားနိုင်ပါတယ်။

ကဲထားပါတော့။
❖တစ်ယောက်ယောက်ဆီ ဖုန်းဆက်အကြံဉာဏ်တောင်းလို့ ကိုယ် အကြံတောင်းတဲ့ သူက
“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊လုံးဝ လန်းသွားစေရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့။
ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့။ကဲနေတုန်းမှာ လန်းတယ်လို့ ထင်ရပေမယ့်
ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ်ရဦးမှာပါ။နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ
အဖတ်တင်တာပါ။

❖စိတ်ညစ်တဲ့အခါ ထွက်ပေါက်မျိုးစုံတော့ ရှိနေကြမှာပါ။အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက်လည်း ဖြစ်၊
ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထားလိုက်ဖို့ပါ။

❖တကယ်တော့လည်း တရားသဘောအရ ဘယ်အရာမှ မမြဲပါဘူး။
စိတ်ညစ်တာလည်း အမြဲတည် မနေနိုင်ပါဘူး။ကာလတစ်ခုပါပဲ။
ကိုယ်ကမမြဲတဲ့ သဘောတရားလေးကိုသေချာ သဘောပေါက်ပြီး စိတ်ညစ်တာကို
အကြောင်းပြုပြီး၊ထွက်ပေါက်အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ။

စိတ်ညစ်နေတဲ့ ကာလတိုလေးမှာကုသိုလ်တွေကို လုပ်ချင်သည်ဖြစ်စေ၊
မလုပ်ချင်သည် ဖြစ်စေ ပေတေ လုပ်နေလိုက်ပါ။ရေမချိုးခင်မှာဘဲ ဘုရားပန်းအိုး လဲတာ၊
ဘုရားသောက်တော်ရေ လဲတာ၊ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေကို
မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့လည်းရပါသေးတယ်။
စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ်အမြတ်ထွက်အောင် လုပ်ပစ်ရမှာပါ။

ကာလတစ်ခုကြာလို့ စိတ်ညစ်တာလည်းပျောက်သွားရော ကိုယ့်ရင်ထဲကို ပြန်ကြည့်လိုက်တဲ့အခါ
ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ။

ဒီကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ်တွေအနေနဲ့ ပါသွားတော့မှာပါ။ အထုံဝါသနာဆိုတာ
နောက်ဘ၀အထိလိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်းကုသိုလ်ပါရမီတွေ ပြုဖြစ်နေဦးမှာပါ။ဒါဆိုရင် နိဗ္ဗာန်နဲ့လည်းတဖြည်းဖြည်း နီးသွားတော့မှာပါ။

အဓိကကတော့ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ကြုံလာတဲ့ အာရုံကိုအကြောင်းပြုပြီး ကုသိုလ်ဖြစ်သွားဖို့ပါ။
ဒါကိုကိုယ်ကအလေ့အကျင့်ဖြစ်အောင် လေ့ကျင့်၊လေ့ကျင့်ထားဖို့ပါ။လေ့ကျင့်ထားရင် စွဲသွားတတ်ပါတယ်။
နောင်ဆိုရင်အထူးကြောင့်ကြစိုက်စရာ မလိုတော့ပါဘူး။ဘာပဲပြောပြော စိတ်ညစ်ရင် ရေချိုးလိုက်ပါ။
ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ်။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)】
ကျမ်းကိုး။
၁။ ဗောဇ္ဈင်ခုနှစ်ပါး မြတ်တရား၊ သပြေကန်ဆရာတော်။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊တိပိဋက မင်းကွန်းဆရာတော်။

(ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)၏“စိတ်ညစ်ရင်ရေချိုးပါစာအုပ်”စာမျက်နှာ၂၀မှ-၂၉
အထိ ကောက်နှုတ်ကူးယူ ပူဇော်မျှဝေပါသည်။)
အလင်းတန်းဂျာနယ်(၇.၉.၂၀၀၉)
 

“ရှောင်ရင် ကုသိုလ်၊မရှောင်ရင် ဒုစရိုက်”




တချို့ကလည်းပြောကြတယ်။ငါးပါးသီလထဲက တစ်ပါးလောက်လုံရင် ပြီးသလိုလို၊
နှစ်ပါးလောက်လုံရင် ပြီးသလိုလိုနဲ့။မဟုတ်ဘူး။ ငါးပါးလုံးလုံမှ ပြီးတယ်။
ငါးပါးသီလဟာ -“ရှောင်ရင်ကုသိုလ်၊မရှောင်ရင် ဒုစရိုက်”ပဲ။
ဒါကဘုရားက သတ်မှတ်ပေးတာ မဟုတ်ဘူး။သဘာဝတရားကြီးက သတ်မှတ်ထားတာနော်။စဉ်းစားကြည့်။

❖ကိုယ့်ကိုတစ်စုံတစ်ယောက်က လာသတ်လို့ရှိရင်ကြောက်တယ်မဟုတ်လား။ကိုယ်မကြိုက်ဘူးလေ။
ကိုယ်မကြိုက်တဲ့အလုပ် သူများသွားမလုပ်နဲ့။ဒီလိုဆိုလိုတာပဲ။“အတ္တူပနာယိက-အမြဲတမ်း ကိုယ်နဲ့နှိုင်းယှဉ်ကြည့်”။ကိုယ်မကြိုက်တဲ့အလုပ်ကို မလုပ်နဲ့။ကိုယ်ကိုသတ်မယ်ဆိုရင် ကိုယ်ကြောက်တယ်။
ဒါကြောင့်မို့ ဘယ်သတ္တဝါကိုမှ မသတ်ဘူး၊ရှောင်တယ်။

❖ကိုယ့်ပစ္စည်းအခိုးခံရမယ်ဆိုရင် စိတ်ဆင်းရဲမယ်။အဲဒါကြောင့် သူများပစ္စည်းလည်း မခိုးနဲ့။

❖ကိုယ့် သားမယား စော်ကားမယ်ဆိုရင် ကိုယ်လည်း မခံနိုင်ဘူး။
ဟော-သူများသားမယားလည်း မစော်ကားပါနဲ့။ဒါငါးပါးသီလပဲလေ။အကုန်လုံး ကိုယ် မကြိုက်တဲ့ဟာတွေချည်းပဲ။

❖ကိုယ့်ကို လိမ်ပြောမယ်ဆိုရင် မခံနိုင်ဘူး။
သူများကို မလိမ်နဲ့လေ။

❖အဲတော့ အရက်ကျတော့ ဘယ်လိုပြောမတုန်း။ကိုယ်တိုင်က ကြိုက်နေတာ။
ဒါလေးသောက်ရမှဆိုတော့ စိတ်တွေကြွလာပြီးတော့မပြောသင့်တဲ့စကားတွေ ပြောပြီးတော့၊
မလုပ်သင့်တာတွေ လုပ်တယ်။အင်မတန်မှ တည်ကြည်အေးဆေးစွာ နေတတ်တဲ့လူတစ်ယောက်ဟာ အရပ်ထဲမှာ အေးအေးဆေးဆေးမဟုတ်ဘဲ၊ဆူဆူပူပူ ဖြစ်လာတယ်။
ကောင်းသလား၊မကောင်းဘူးလား၊ဒါတစ်ခုတည်းနဲ့ပဲ ကြည့်ဦး။

နောက်တစ်ခါ စဉ်းစားကြည့်အုန်း။အရက်ဆိုတာ ဝင်လာတာနဲ့ တစ်ပြိုင်တည်း
လူတစ်ယောက်ဟာ အမှန်အကန် စဉ်းစားနိုင်စွမ်းမရှိတော့ဘူး။ဦးနှောက်ရဲ့ အခြေအနေတွေ ပြောင်းသွားတယ်။ပြောင်းသွားတဲ့ အတွက်ကြောင့်
ဘယ်သူ့ကို ထိခိုက်သလဲဆိုကိုယ်သိရမယ့် အတတ်ပညာတွေ၊နည်းပညာတွေ၊
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ၊ဒါတွေဟာ ပျောက်သွားတယ်။သူ့အတွက် တန်ဖိုးမဲ့သွားတယ်။
စိတ်အေးကြည်လင်မှုဆိုတာလည်း ပျက်စီးသွားတယ်။ဒါ ဘယ်သူမှမလုပ်ဘူး။

ကိုယ်သောက်တတ်လို့ သောက်ပြီးတော့ အိပ်အုန်းတော့ဘယ်သူ့ ထိခိုက်သလဲမေးရင် ကိုယ့်ကိုယ်ကို
ထိခိုက်တယ်။ကိုယ့်ကိုယ်ကို ထိခိုက်တယ် ဆိုတာပညာ ရ-ရမှာ မဟုတ်ဘူး။ကုသိုလ် ရ-ရမှာ မဟုတ်ဘူး။
ဒါ ထိခိုက်တာပဲလေ။အဲသလို ထိခိုက်တဲ့အခါမှာ-
✤ကိုယ်သာ ထိခိုက်တာ မဟုတ်ဘူး။
✤ကိုယ့်ကို မှီနေတဲ့ မိသားစုလည်း ထိခိုက်တယ်။
✤အလုပ်လုပ်မှာလည်း မလုပ်ဘူး။
ဟော-ကိုယ်လည်း ထိခိုက်တယ်။ကိုယ့်မိသားစုလည်း ထိခိုက်တယ်။
နောက်ပြဿနာတွေ အများကြီးတတ်လာတယ်။

သွေးဆိုးတဲ့သူတွေကျတော့ အရက်မူးပြီးရန်ဖြစ်ကြတာပဲ။ဒါတွေဟာ ဘာကြောင့်လဲ။
ဒါကြောင့်ဖြစ်တယ်။အဲတော့ အဲဒီလို ပြဿနာတွေတက်စေတတ်တဲ့ အရက်ဟာ သောက်သင့်သလား၊
မသောက်သင့်ဘူးလား။ဒီလို စဉ်းစားကြည့်လိုက်လို့ရှိရင်ဒီအရည် ဝင်လိုက်သည့် အတွက်ကြောင့်
မကောင်းတဲ့အလုပ်တွေ အကုန်လုပ်ရဲသွားတယ်ဆိုရင်၊မကောင်းတဲ့ဟာပဲ ဆိုတာကို သဘောပေါက်နားလည်လို့ရှိရင်ငါးပါးသီလဟာ ဘာမှမခက်တော့ဘူး။အင်မတန်မှ မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်ရမယ့် သီလ။

ကိုယ်က အမြဲတမ်း လူတော်လူကောင်း လူ့အဆင့်နဲ့ပြည့်ပြည့်ဝဝ သူတော်ကောင်း စိတ်နဲ့ အမြဲတမ်းရှိဖို့၊
လိမ်လိမ်မာမာ နေတတ်ဖို့ကို ရွေးချယ်ရတယ်။

အရိယာသူတော်စင် ဖြစ်ရပြီဆိုရင် ဘုရားဂုဏ်၊တရားဂုဏ်၊သံဃာဂုဏ
ယုံကြည်မြတ်နိုးပြီးတော့ ငါးပါးသီလကိုအသက်ထက်မြတ်နိုးတဲ့ ပုဂ္ဂိုလ်မျိုး၊
အသက်ထက် မြတ်နိုးတယ်ဆိုတာ-
✤ငါးပါးသီလကို ချိုးမလား၊အသေခံမလားဆိုရင်အသေခံမယ်။ငါးပါးသီလ မဖျက်ဘူး။
အသက်ထက် မြတ်နိုးတယ်ဆိုတာ အဲဒါကိုပြောတာ။လူဆိုတာ လဲလှယ်တတ်ကြတယ်လေ။

အသက်နဲ့ ပစ္စည်းဥစ္စာနှစ်မျိုးမှာ ပစ္စည်းဥစ္စာဆုံးရှုံးခံမယ်။အသက်တော့ အသေမခံဘူး။
ဟော-ဒီလို ပြောကြတယ်လေ။

အဲတော့ အရိယာသူတော်စင်တွေကတော့ငါးပါးသီလတော့ အပျက်မခံဘူး။အသက်သေချင် သေပါစေ။
ငါးပါးသီလနဲ့ သေသွားရင်မြတ်တယ်။ဒီလို ယူဆတယ်။အေး-ဒါကြောင့်မို့လို့ “တကယ်တန်ဖိုးရှိတဲ့အရာကိုတန်ဖိုးရှိတယ်လို့ သိပြီး၊ကျင့်သုံး နေထိုင်ခြင်းဟာ
မြတ်ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း နေထိုင်ခြင်း”ဖြစ်ပါတယ်။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
 
Related Posts Plugin for WordPress, Blogger...