စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဈေးဝယ်သူတို့ သင့်စတိုးဆိုင်မှ လိုချင်တဲ့ အရာတွေ



ဈေးဝယ်သူ တစ်ယောက် အနေနဲ့ မိတ်ဆွေ ရဲ့ စတိုးဆိုင်ကို ဝင်လိုက်တာနဲ့ ကုန်ပစ္စည်းတွေပဲ လိုချင် ဝယ်ချင်တယ်လို့ ယူဆပါသလား…။ ခေတ်စနစ်တွေဟာ ပြောင်းလဲ လာနေပါပြီ။ ကုန်ပစ္စည်း ကို ဗဟိုကျတဲ့ စားသုံးမှု စနစ်မှသည် ဝန်ဆောင်မှုကို ဗဟိုကျတဲ့ စားသုံးမှု စနစ်ကို ဦးတည်လာနေပြီမို့ ဖြစ်ပါတယ်။ အဓိကကတော့ ရွေးချယ်စရာ များလာခြင်းကြောင့် ဖြစ်ပါတယ်။ ရှင်းပါတယ်။ အကယ်၍ မိတ်ဆွေဆိုင်သာ ဝန်ဆောင်မှု မကောင်းရင် သူ အခြားဆိုင်သွားတော့မှာပါ။ ဒီခတ်က နေရာတိုင်းမှာ စတိုးဆိုင် ရှိပြီဖြစ်တဲ့ ခေတ်ဖြစ်နေတာကိုး..။ ဒီတော့ ဝန်ဆောင်မှုလို့ ပြောရင် အင်မတန် ဂွင်ကျယ်ပါတယ်။ အသေးစိတ် အားဖြင့် ဘာတွေ အနည်းဆုံး ကောင်းဖို့ လိုတယ်ဆိုတာ လေ့လာ ကြည့်ရအောင်…။

၁) သန့်ရှင်း၊ သပ်ရပ်တဲ့ ပြင်ဆင်မှု ပုံစံ
လူတိုင်း အသန့်ကြိုက်ပါတယ်။ ဆိုင်မှာ ခင်းကျင်းပြသထားမှုဟာ သပ်သပ်ရပ်ရပ် ရှိနေပြီး ကြမ်းပြင်၊ နံရံ များက အစ သန်ပရှင်းနေဖို့ လိုအပ်ပါတယ်။ ညဘက်ဆိုလည်း မီးအလင်းရောင် ကောင်းကောင်း ပေးနိုင် ရပါမယ်။ ဆိုင်ရဲ့ အပြင်အဆင်ဟာ လူတစ်ယောက် ဒီဆိုင်မှာ ဈေးဝယ်သင့်မဝယ်သင့် ပထမဆုံး စဉ်းစားထည့်တွက်တဲ့ အချက်ထဲမှာ ပါဝင် ပါတယ်။

၂) ဖော်ရွေတဲ့ ဝန်ဆောင်မှု
ဒါဟာ အရမ်းအရေးကြီးတဲ့ တစ်ခုပါပဲ။ ဈေးကွက်စီးပွားရေး စနစ်နဲ့အတူ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကြောင့် လူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ အတွေးအခေါ်များလည်း ပြောင်းလဲ လာပါပြီ။ အထပ်မှာ ဖော်ပြသခဲ့လို ပါပဲ။ ဒီခေတ်က ကုန်ပစ္စည်းကို ဦးတည်စားသုံးတဲ့ ခေတ်တစ်ခု မဟုတ်တော့ပဲ ဝန်ဆောင်မှုကိုပါ တွဲဖက် စားသုံးတဲ့ ခေတ်ကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ဝင်လာပြီး ပစ္စည်းမဖြစ်မနေ ဝယ်ပါဆိုတဲ့ အကြည့်မျိုး၊ ဆက်ဆံမှုမျိုး၊ စားသုံးသူကို ထမင်းရှင်အဖြစ် မမြင်ပဲ ကလေးတစ်ယောက်လို မြင်ပြီး ဝန်ဆောင်မှု ပေးခြင်း တို့ဟာ စားသုံးသူများကို ဆုံးရှုံးသွားရပါစေ လိမ့်မယ်။ ဆိုင်တံခါး ဖွင့်လိုက်ဝင်လာတဲ့သူကို မင်္ဂလာပါ။ ထွက်သွားတဲ့သူကို ကျေးဇူးတင်ပါတယ်။ အစရှိသဖြင့် ပြောပေးတာတို့၊ စားသုံးသူက မသိလို့ ကုန်ပစ္စည်းအကြောင်း မေးတဲ့အခါ စိတ်ရှည်လက်ရှည် ရှင်းပြ၊ ပြောပြပေးနိုင်တာတို့ဟာ ဝန်ဆောင်မှု ကောင်းပဲ ဖြစ်ပါတယ်။ အကယ်၍ လိုအပ်မယ်ဆိုရင် ကုန်ပစ္စည်းခပ်များများ ဝယ်တဲ့ စားသုံးသူကို ဆိုင်ရှေ့အပြင်ထိ ထွက်ပြီး တက္ကဆီဆိုလည်း တက္ကဆီ၊ ကိုယ်ပိုင်ကားဆိုလည်း ကိုယ်ပိုင်ကား အဲ့လောက်ထိ ပို့ပေးရင် အမြင်မှာ လောကွတ်ချော်သလို ဖြစ်ပေမယ့် ဒါမျိုး ဝန်ဆောင်မှုသာ ရလိုက်ရင် ဘယ်လောက်ကောင်းမလဲ ဆိုတာ စားသုံးသူတိုင်း စိတ်ကူးယဉ်ကြပါလိမ့်မယ်။

၃) မြန်ဆန်၊ အဆင်ပြေတဲ့ ငွေပေးချေမှု စနစ်
ငွေပေးချေမှု စနစ်က မြန်ဆန်ရမယ်။ အဆင်ပြေဖို့လည်း လိုအပ် ပါတယ်။ အကယ်၍ ငွေရှင်းကောင်တာ ဝန်ထမ်းက တွက်ချက်ပေးတာ ကြာနေတာမျိုးတို့ ဖြစ်ရင် စားသုံးသူကို ဒီကုန်ပစ္စည်း ငါလိုကော လိုအပ်ရဲ့လားဆိုတဲ့ အတွေးကို ရပ်နေတုန်းမှာ တွေးသွားစေမှာ ဖြစ်ပါတယ်။ အကယ်၍ ခပ်မြန်မြန် လမ်းစဉ်တစ်ခုသာ အသုံးပြုမယ်ဆိုရင် စားသုံးသူများရဲ့ ဝယ်ယူနိုင်ချေကို မြင့်တင်စေမှာ ဖြစ်ပါတယ်။ အခု အများစု ကြုံတွေ့ရတဲ့ ပြဿနာကို သိကြမှာပါ။ အကြွေ ကိစ္စ ဖြစ်ပါတယ်။ အကြွေမရှိလို့ တစ်ရှူး၊ ချိချဉ် အစရှိသဖြင့်တို့ ပေးခြင်းဟာ လောလောဆယ်အတွက်က အဖြေတစ်ခုလို ဖြစ်နေပါတယ်။ အမှန်တော့ သူဟာ အပြီးပြည့်စုံဆုံး လမ်စဉ်မဟုတ်ပါဘူး။ နိုင်ငံတကာမှာဆိုရင် ဒီလို ပြဿနာ ကြုံခဲ ပါတယ်။ အကယ်၍ ဈေးဆိုင်အနေနဲ့ အီလက်ထရောနစ် ငွေပေးချေမှု စနစ် တစ်ခုခုကိုသာ အသုံးပြုမယ် ဆိုရင် ဒီလို ပြဿနာကို ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒါမျိုးကလည်း မြန်မာပြည်မှာ ဖြစ်လာနေပြီ ဖြစ် ပါတယ်။

၎) ခပ်အေးအေး အဲကွန်းအခန်း
မြန်မာပြည်ရဲ့ ရာသီဥတုကို အများစု သိကြမှာပါ။ ပူအိုက်တဲ့ ဒေသတွေမှာ ဖွင့်ထားတဲ့ ဆိုင်တွေ ဆိုရင် ဆိုင်ထဲမှာ အဲကွန်းလေး ဖွင့်ပေးထားနိုင်ဖို့ လိုအပ် ပါတယ်။ လေအေးကြောင့် လူတို့ဟာ အတူပါရှိလာတဲ့ အပူများ ငြိမ်းသွားပြီး စိတ်ကို ရွှင်လမ်းစေပါတယ်။ စိတ်ရွှင်လမ်းလာတာကြောင့် သူ့အနေနဲ့ ယင်းနေရာမှာပဲ ဈေးဝယ်ချင်စိတ်ကို ပိုလို တိုးတက်စေမှာ ဖြစ်ပါတယ်။ ရန်ကုန်တို့လို ပူအိုက်တဲ့ မြို့မှာ ဆိုရင် ပိုလို့တောင် အရေးကြီး ပါတယ်။

၅) ရွေးချယ်စရာ စုံလင်မှု
ကုန်ပစ္စည်း အမျိုးအစားတစ်ခုမှာပဲ ရွေးချယ်စရာ အနည်းဆုံး ၂ မျိုး၊ ၃ မျိုးလောက် ရှိနေရင် အကောင်းဆုံး ဖြစ်ပါတယ်။ စားသုံးသူ အနေနဲ့ သူတို့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ထောက်ခံကြောင်း ကုန်ပစ္စည်းနဲ့ သက်သေပြ ခင်းကျင်းပေးခြင်းဟာ စားသုံးသူက မိမိ အပေါ် ပိုလို့ ယုံကြည် အားကိုးလိုစိတ် တိုးစေ ပါတယ်။ လူတစ်ကိုယ အကြိုက်တစ်မျိုး ဖြစ်တာကြောင့် အမျိုးအစား မတူကွဲပြား ကြိုက်ကြတဲ့ စားသုံးသူ ၃ ဦးအတွက် သူတို့ ၃ ဦးစလုံးစီ ဝယ်ယူနိုင်မယ့် ကုန်ပစ္စည်း ကိုယ်စီ ရှိနေမယ်ဆိုရင် ဒါဟာ မိမိရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

၆) ရာသီ အလိုက် ကုန်ပစ္စည်းများ

သီတင်းကျွတ် အချိန်ခါ သမယ ဆိုရင် ကုန်ပစ္စည်းများ ရယ်ဒီ ထည့်ထားပြီးတဲ့ ကန်တော့ဆွဲခြင်းများ ရောင်းအား တက်ပါတယ်။ နွေရာသီဆိုရင် အအေး ဗူး အစုံ အရောင်းသွက် ပါတယ်။ သင်္ကြန်ဆိုရင် ဖုန်းရေစိုခံအိပ်နဲ့ အခြား သင်္ကြန်တွင်းသုံး ပစ္စည်းများ ဖြစ်တဲ့ မျက်မှန်၊ ဖိနပ် များလည်း ရောင်းအား သွက်ပါတယ်။ ရာသီအလိုက် လူကြိုက်များနိုင်မယ့်၊ ဝယ်နိုင်မယ့် ပစ္စည်းများကို မိမိရဲ့ ဆိုင်မှာ ဦးစားပေး ခင်းကျင်း ဖော်ပြခြင်းဟာလည်း လိုအပ် ပါတယ်။

၇) ကုန်ပစ္စည်း အမျိုးအစားဆိုင်ရာ လမ်းညွန်ဆိုင်းဘုတ်
အကယ်၍ မိမိရဲ့ စတိုးဆိုင်ဟာ ကျယ်တယ်ဆိုရင် ဒါဟာ လိုအပ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ ဈေးဝယ်သူ အများစု ကြုံတွေ့ရတဲ့ ပြဿနာ ဘယ်ဟာလေးတော့ လိုချင်ရင် ဘယ်နေရာမှာ ရှာရမှန်း မသိလို့ ဝန်ထမ်းကို မေးရတာမျိုးတို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆိုင်ရဲ့ အကြီးအသေးပေါ် မူတည်ပြီးတော့ ဘယ်နေရာမှာတော့ ဘယ်လို ကုန်ပစ္စည်းလေး ရှိပါတယ် ဆိုတဲ့ အမှတ်အသား လဏ္ခဏာ ဆိုင်းဘုတ်များ လိုအပ် ပါတယ်။

၈) ပရိုမိုးရှင်း ကာလ နှင့် ပစ္စည်း
လူတိုင်း ပရိုမိုးရှင်း လိုချင်သူချည်း ဖြစ်ပါတယ်။ အကယ်၍ မိမိဆိုင်မှာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတစ်ခုခုဟာ သို့မဟုတ် အချို့ဟာ လျော့ဈေးနဲ့ ရနိုင်နေပြီ ဆိုရင် ဒါကို သိသာ၊ ထင်သာ၊ မြင်သာ ရှိအောင် ဖော်ပြထားပေးရန် လိုအပ်ပါတယ်။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် လျော့ဈေးနဲ့ ရနိုင်ကြောင့် စာသာ ကပ်ထားရင် ယေဘုယျအားဖြင့် ယင်း ပစ္စည်းရဲ့ ရောင်းအားက တက်ပါတယ်။ ဒါကြောင့်မို့ လျော့ဈေး အမြဲတမ်း ရနိုင်တဲ့ နေရာလေးတစ်ခုပါလားလို့ လူတို့ရဲ့ စိတ်မှာ စွဲသွားပြီ ဆိုရင် ယင်း စတိုးဆိုင်ကို မလွဲမသွေ လာရောက် ဝယ်ယူကြမှာပဲ ဖြစ်ပါတယ်။

၉) ထူးခြားတဲ့ အစီအစဉ်များ

ထူးခြားတဲ့ အစီအစဉ်ဆိုတာ ကံစမ်းမဲလည်း ဖြစ်နိုင်တယ်။ အခမဲ့ လက်ဆောင်တစ်ခုခုကို အမှတ်တရတစ်ခုအနေနဲ့ ပေးတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ယင်းကဲ့သို့ အစီအစဉ် တစ်ခုခုလုပ်ရင် စားသုံးသူကို စိတ်အနောက်အယှက်မဖြစ်စေဖို့တော့ ရှောင်ကြဉ်ရန် လိုအပ် ပါတယ်။ ဥပမာ သီချင်းသံ အကျယ်ကြီး ဖွင့်တာတွေ၊ အနောက်အယှက် ဖြစ်ပေမယ့် ပန်းဖလက်နဲ့ ကြော်ငြာ လက်ကမ်းစာစောင်တွေ အစရှိသဖြင့်တို့ကတော့ ကောင်းတဲ့ အစီအစဉ်တွေ မဟုတ်ပါဘူး။ သွေးပေါင်ချိန်စက် လူတိုင်း အခမဲ့ ချိန်နိုင်တဲ့ စူပါမားကပ်တစ်ခု ဗိုလ်တစ်ထောင်မှ တွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ အခြား ဆိုင်များနဲ့ မတူပဲ မိမိရဲ့ ဆိုင်မှာ ထူးခြားတဲ့ အစီအစဉ်ကောင်းများလည်း ပေးစွမ်းနိုင်လည်း ဒါဟာ စားသုံးသူ လိုချင်တဲ့ အရာများထဲက တစ်ခုပဲ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477662

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...