စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မုသာဝါဒသိက္ခာပုဒ်ရဲ့ အနှစ်သာရ


ဆရာတော် အရှင်မြတ်ဘုရား၊တပည့်တော် သိလိုတာလေးတစ်ခု မေးပါရစေ။
တပည့်တော် မကြာခဏ မုသားမပါ လင်္ကာမချော လုပ်ပါတယ်။ ငါးပါးသီလမှာ မုသားဆိုရင် ဘယ်လို
မုသားကိုမျှ လက်မခံပါ။ တပည့်တော် အဲဒီလို မုသားလေးတွေ ကင်းအောင် ကြိုးစားကြည့်ပေမဲ့၊
လောက ဆက်ဆံရေးတွေမှာ အဆင်မပြေနိုင်တာကိုတွေ့ရပါတယ်။ မုသာဝါဒသိက္ခာပုဒ်နဲ့ ပတ်သက်ပြီး၊
မည်သို့ လိုက်နာ ကျင့်သုံးရမယ်ဆိုတာကို ထေရဝါဒနဲ့မဟာယာနအမြင် နှစ်မျိုးအရ သိလိုပါတယ်။
(စိုးမင်းညွန့်)

“သစ္စာမန္တန်”
•••••••••••••••
ဗုဒ္ဓလောင်းလျာ ငုံးငှက်မင်းဖြစ်စဉ်က “ငါ့မှာ အတောင်တွေတော့ ရှိပါရဲ့၊ ဒါပေမဲ့
မပျံနိုင်သေးပါ။ ခြေထောက် တွေလည်း ရှိပါရဲ့၊ မပြေးနိုင်သေးပါ။ မိဖနှစ်ပါးလည်း ထွက်ပြေးကြပြီ။
(ဤမှန်တဲ့ သစ္စာစကားကြောင့်) တောမီး၊ ရှောင်ရှားပါလော့”လို့ သစ္စာပြုလိုက်လို့ တောမီးကွင်းပြီး
အသက်ချမ်းသာခဲ့ပါတယ်။ဒါကြောင့် ပါရမီခန်းပျို့မှာ ...
“စကားသစ္စာ၊မှန်သောခါကား၊ဩဇာလေးနက်၊ပေါ်ဆီတက်၍၊
နွယ်မြက်သစ်ပင်၊ဆေးဘက်ဝင်၏ (ပိုဒ်၊ ၁၂၃)”လို့ စပ်ဆိုပါတယ်။

သစ္စာမန္တန်နဲ့ အသက် ချမ်းသာသူတွေ၊ရောဂါ ပျောက်ကင်းသူတွေ ၊
ဘဝအခက်အခဲကို ကျော်လွှားနိုင်သူတွေအကြောင်း ကျမ်းဂန်မှာ များစွာ ဖော်ပြပါတယ်။
“မုသားစကား ဆိုတတ်သူဟာ ဘယ်မကောင်းမှုကို မဆိုလုပ်ဖို့ ဝန်မလေးဘူး”လို့ ဣတိဝုတ်ပါဠိတော် (စာ၊ ၂ဝ၇)မှာမြတ်ဗုဒ္ဓ ဟောထားလို့ မုသားရဲ့ ဆန့်ကျင်ဘက် သစ္စာတရားရဲ့ လေးနက်ပုံနဲ့ မုသာဝါဒမှ ရှောင်ကြဉ်မှုရဲ့တန်ဖိုးကို နားလည်ဖို့ လိုပါလိမ့်မယ်။

“သစ္စာပါရမီ”
••••••••••••••••••••••••
ပါရမီဆိုတာ တစတစ ဖြည်းဖြည်းချင်း ဖြည့်ဆည်းရတာမျိုးပါ။ ထပ်ခါထပ်ခါ၊ မရပ်မစဲ၊
စိတ်ပါလက်ပါ၊ မတွန့်မဆုတ် လုပ်ရတယ်။ သစ္စာဆိုတာက “ကတိတရားရဲ့ ပြီးပြည့်စုံခြင်း၊
မိမိစကားကို မဖောက်ဖျက်ခြင်း၊ ပြောတဲ့ တိုင်းလုပ်၊ လုပ်တဲ့အတိုင်း ပြောခြင်း”လို့လည်း
အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။ ဗုဒ္ဓ လောင်းလျာတွေကျတော့ အမှန်တရားဟာ ၎င်းတို့ရဲ့
ဘဝလမ်းညွှန် ဖြစ်လို့ ယဉ်ကျေးမှုကို ဖော်ပြဖို့တောင် အမှန်တရားကို ဖုံးကွယ်လေ့မရှိဘူးတဲ့။
ကတိပေးပြီးရင် အသက်ကိုပင် စွန့်ရဲကြတယ်။ အလောင်းတော် မဟာသုတသောမမင်းဟာ မိမိကို
သတ်မှာကို သိရက်နဲ့ ပြန်လာပါမယ်ဆိုတဲ့ ကတိအတိုင်း လူသားစားကြူး ပေါရိသာဒဆီကို တစ်ကိုယ်တည်း
အရောက် သွားခဲ့တယ်။

❦ဟိရီတဇာတ် (အမှတ် ၄၃) အရ ဗုဒ္ဓလောင်းလျာဟာ ဘဝသံသရာမှာ ကျင်လည်စဉ်မှာ အခြားသီလလေးပါးကို တစ်ခါတစ်ရံ ချိုးဖောက်နိုင်ပေမဲ့ မမှန်စကားကိုတော့ လုံးဝ မ¬မြွက်ဟဘူးတဲ့။
 

❦ဟိရိဇာတ် (အမှတ် ၃၆၃) မှာတော့ “ကတိအတိုင်း အမှန်ပင် တည်ပါစေ၊ မလုပ်နိုင်တဲ့
ကတိကို ငြင်းဆိုပါ။အချည်းနှီး ဝါကြွားသူတွေကို ပညာရှိတွေ မယုံကြည်ကြဘူး” လို့ သတိပေးထားပါတယ်။
 

❦မဟာသုတသောမဇာတ် (အမှတ် ၅၃၇) အရ“ကောင်းကင်ယံမှ နံနက်ခင်း ကြယ်စင်ဟာ မပြောင်းလဲတဲ့
လမ်းကြောင်းမှန်မှာ တည်နေသလို၊ရာသီတွေ၊အချိန်တွေ နှစ်တွေလည်း ၎င်းတို့ရဲ့ လမ်းခရီးစဉ်မှ
မသွေဖည်သလိုပဲ အလုံးစုံအသိပညာနဲ့ ပြောဆိုသူဟာအမှန်လမ်းစဉ်မှ လုံးဝ မယိမ်းယိုင်ပါဘူး”လို့ ဆုံးမပါတယ်။

“အနှစ်သာရ”
••••••••••••••••
မပြောခင်နဲ့ ပြောဆဲမှာ မမှန်မှန်း သိလျက် ပြောဆိုတာကို မုသားလို့ ဆိုပါတယ်။ မုသားပြောချင်တဲ့ စိတ်ရှိနေရင်၊ အဲဒီ စိတ်နဲ့ ကိုယ်နှုတ် တစ်ခုခုနဲ့ မိမိပတ်ဝန်းကျင်ကို
မဟုတ်တာကို အဟုတ်၊ အဟုတ်ကို မဟုတ် ပြောမိရင် မုသား မြောက်ပါတယ်။
မုသာဝါဒသိက္ခာပုဒ်ကို ဆောက်တည်ပြီး လောက လူ့ဘောင်မှာ နေထိုင်ခိုက် “အတွင်းစိတ်နဲ့ အပြင်ပ
မြွက်ဆိုမှုတွေ အကြား” ခြားနားချက် မရှိအောင် လေ့ကျင့်ရပါမယ်။
မုသာဝါဒကို ရှောင်ကြဉ်သူရဲ့ ကိုယ်ပိုင်ဘဝဟာ အများသိတဲ့ မိမိဘဝနဲ့ တစ်ထပ်တည်း ဖြစ်ပါတယ်။

-သူမြတ်တို့မည်သည် သူတစ်ပါးရဲ့ နှစ်လိုမှုကို ရယူဖို့ ကြွားဝါတာကို မလုပ်ဘူး။
-သူတစ်ထူးရဲ့ ချီးမွမ်းတာကိုရယူဖို့ ကိုယ့်ဟာကိုယ် ချီးမွမ်းစကားမဆို။
-အဲဒါ အတွက် ကိုယ့်ရဲ့ ချွတ်ယွင်းချက်တွေကို ဖုံးကွယ်မထား။
-မိမိရဲ့ ကိုယ်ကျင့်တရားကို အကျိုးမဲ့စွာ ထုတ်ဖော်မပြဘူး။
-ချီးမွမ်းထိုက်သူကို ချီးမွမ်းစကား ဆိုပြီး ၊ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့တယ်။
(ဒါပေမဲ့ အထင်သေးလို့ မဟုတ်ဘဲ၊သနားကြင်နာလို့သာ ဖြစ်ပါတယ်။)

အမှန်တရားကို ¬မြွက်ဆိုမှုဟာ အခြားသူတွေရဲ့ ကောင်းကျိုး ချမ်းသာကို မဖြစ်ပေါ်စေရင်
ဆိတ်ဆိတ် နေသင့်တာပေါ့။ အကယ်၍ အမှန်စကားဟာအခြားသူ တစ်ယောက်ကို အကျိုးရှိမဲ့ပုံပေါ်ရင်
ပြောလိုက်မိလို့ မိမိကိုယ်တိုင်ကို နစ်နာစေနိုင်ပေမဲ့၊အဲဒီစကားကို ¬မြွက်ဆိုသင့်တယ်။ မိမိစကားကို
လေးစားသကဲ့သို့ အခြား ပုဂ္ဂိုလ်တွေရဲ့ စကားကိုလည်း ထောမနာ ပြုပါတယ်။
ဆိုလိုတာက မုသာဝါသိက္ခာပုဒ်မှာ ပြောပြထားတဲ့အဲဒီ အနှစ်သာရတွေပါလို့ လူ့အသိုင်းအဝိုင်းမှာ
အဆင်ပြေနိုင်တဲ့ နည်းနဲ့ (အဲဒီနည်းက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။) တတ်နိုင်သမျှ ကြိုးစားပြီး လိုက်နာကျင့်သုံးဖို့သာ အရေးကြီးကြောင်းပါ။ထေရဝါဒမှာရော၊မဟာယာနမှာပါ ပါရမီဆယ်ပါးနဲ့
အဲဒီအထဲမှာ “သစ္စာပါရမီ”ဆိုတာကို ဖော်ပြပါတယ်။ ဒါကြောင့် အခြေခံ အနှစ်သာရအနေနဲ့
များစွာခြားနားမယ်လို့ မထင်ပါဘူး။

“ပြတင်းပေါက်”
••••••••••••••••••••••••••••
သင့်နှလုံးသားထဲက
တွေးကြံသည့်အတိုင်း
ပြောဆို၊ ပြုမူနိုင်ပါစေ။
အပေါ်ယံ သင့်မျက်နှာသည်
သင့် အတွင်းနှလုံးသား၏
ပြတင်းပေါက် ဖြစ်ပါစေ။ ။
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
-【ဆရာတော်အရှင်ကေလာသ】
Posted by►

https://www.facebook.com/youngbuddhistassociation.mm/photos/a.1024094424267236.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...