
Elbrus တောင်ဟာ ဥရောပရဲ့အမြင့်ဆုံးတောင်ဖြစ်သလို တောင်တက်သမား အများစု မကြာခဏတက်လေ့ရှိတဲ့ တောင်တစ်တောင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်တောင်တက်သမားမှ Andrey Rodichev လိုတက်မှာ မဟုတ်ပါဘူး။ Rodichev ဟာ အလေးမသမား တစ်ဦးဖြစ်ပြီး Elburs တောင်ပေါ်ကိုတက်ရာမှာ ၇၅ ကီလိုဂရမ် လေးတဲ့အလေးကို ထမ်းပြီးတက်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီလိုတက်ဖို့အတွက် သူဟာ တစ်ရက် ကို ၂ ကြိမ် တစ်ပတ် ကို ၇ ရက် ပင်ပင်ပန်းပန်းလေ့ကျင့်ခဲ့ရပါတယ်။ မနက်တိုင်းမှာ ၁၀ ကီလိုဂရမ် အလေးကိုထမ်းပြီးတော့ ၁ နာရီ ခွဲ လောက်ပြေးလေ့ရှိပါတယ်။ ဒီစိန်ခေါ်မှုအတွက်သူဟာ ကိုယ်ခန္ဓာအလေးချိန် ၂၀ ကီလိုဂရမ်ကို ဆုံးရှုံးခဲ့ရပါတယ်။ Elbrus တောင်ဟာ ပုံမှန်တောင်တက်သမားတွေ အတွက်တော့ တက်ရလွယ်ကူတဲ့ တောင်ဖြစ်ပေမယ့် ၇၅ ကီလိုဂရမ် အလေးထမ်းပြီး တက်ဖို့ဆိုတာကတော့ ကြီးမားတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။
စတက်မယ့်နေ့ရောက်တော့ Rodichev ဟာ ၂၀ ကီလိုဂရမ်ရှိတဲ့ အလေးချောင်း မှာ ၂၅ ကီလိုဂရမ်စီရှိတဲ့ အလေးပြား ၂ ပြား နဲ့ တောင်ကို စတင်တက်ခဲ့ပါတယ်။ ၁ နာရီကို ၅၀ မီတာနှုန်းနဲ့ ပုံမှန်တက်ခဲ့ပေမယ့် တခါတလေ ၁ နာရီကို ၁၅ မီတာ ပဲ ရောက်ခဲ့ပါတယ်။ နောက်ဆုံး ၂ ရက်မှာ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ကြုံခဲ့ရပေမယ့် ဇွဲမလျှော့ပဲ ကြိုးစားခဲ့တာကြောင့် ၈ ရက်မြောက်နေ့မှာ ပန်းတိုင်ကို ရောက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Rodichev ဟာ နာမည်ကြီးနေပြီး သူ့ရဲ့ဒီခရီးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ မကြာမီ ထွက်လာတော့မှာ ဖြစ်ပါတယ်။ Rodichev ကတော့ သူ့ရဲ့စံချိန်ကို ချိုးနိုင်မယ့် သူတစ်ဦးကို မျှော်နေပါတယ် လို့ဆိုပါတယ်။
https://www.facebook.com/ayesaycommm/posts/453003601538417




https://www.facebook.com/ayesaycommm/posts/453003601538417
No comments:
Post a Comment