စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြောတတ်ဆိုတတ် နေတတ်ပါစေ




“ ဒေါက်…ဒေါက်……ဒေါက်………ကားပိတ်နေတယ် ”
“ ကားလေးပိတ်နေလို့ အစ်ကိုကြီးရေ။ ကျေးဇူးပြုပြီး ဖယ်ပေးပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်နော် ”

ကျွန်တော် မကြာခဏရောက်ဖြစ်တဲ့ စားသောက်ဆိုင်က ကားပါကင်စောင့် လုံခြုံရေး (၂)ဦးရဲ့ မတူညီသော ဆက်ဆံပုံတွေကိုသတိထားနေမိတယ်။စားသောက်ပြီးကားပြန်ထွက်တော့မယ့်အခါ ရှေ့မှာပိတ်ရပ်ထား
တဲ့ယာဉ်က မှန်အလုံတင်ထားတော့

-ပထမစကားကိုပြောတဲ့လုံခြုံရေးကမှန်ကို၃ခါ ခေါက်ပြီးအသံခပ်မာမာနဲ့ပြောပါတယ်။ဒီတော့ယာဉ်မော
င်းသူကဖယ်သာဖယ်လိုက်ရတယ်။ အောင့်သက်သက်ဖြစ်သွားတာ မျက်နှာမှာ အထင်းသားပါ။

ဒုတိယစကားကိုပြောတဲ့လုံခြုံရေးကတော့မျက်နှာချိုချိုနဲ့စကားကိုချိုသာစွာ ပြောတော့ဖယ်ပေးရသူကလည်း
ပြုံးရွှင်စွာနဲ့ လိုလိုလားလား ဖယ်ပေးလေ့ရှိပါတယ်။

အသိတွေနဲ့ လက်ဖက်ရည်ဆိုင် သွားထိုင်တဲ့အခါ တစ်ချို့က စားပွဲထိုးလေးတွေကို -

“ပြွတ်……ပြွတ်……(နှုတ်ခမ်းကို စုပြီး ခေါ်သံ) ဟေ့ကောင် …… ဆေးလိပ်တစ်ပွဲ ချစမ်း” လို့လည်း ပြောလိုက်ရင် စားပွဲထိုးလေးခမျာ ဘာမှပြန်မပြောပဲ လုပ်တော့လုပ်ပေးပေမယ့် သူတို့လေးတွေ မျက်နှာမှာ ကိုယ့်ဘ၀ကိုကိုယ် အားငယ်တဲ့ အရိပ်တွေ အများကြီး မြင်လိုက်ရပါတယ်။

“သားရေ…….ဦးကိုလက်ဘက်ရည်ရှယ်တစ်ခွက် ပေးပါကွာ”လို့ ကျောလေးကိုပုတ်ပြီး ပြောလိုက်တဲ့
အခါကျတော့မိဘနဲ့
အနေဝေးနေရှာကြတဲ့သူတို့လေးတွေမှာမျက်နှာမှာ ပျော်ရွှင်ကြည်နူးတဲ့အရိပ်လေးတွေဖြတ်သန်းသွားပြီး တက်တက်ကြွကြွ လုပ်ပေးတာကို သတိထားမိပါတယ်။

တကယ်တော့ဘယ်လိုပဲ ပြောဆိုပြောဆိုရလာဒ်ကအတူတူပါပဲ။ချိုသာနွေးထွေးစွာ ပြောပြီးခိုင်းတော့
စေတနာလေးကိုပါ အဆစ်ရတာပေါ့။ မေတ္တာရောင်ပြန်ဟပ်တာပေါ့။

အသိတစ်ယောက် ကျွန်တော်တို့ သာကေတရပ်ကွက်လမ်းကျဉ်းလေးတွေထဲ ကားဖြတ်မောင်းရင် လူရှုပ်တော့ စိုးရိမ်စိတ်နဲ့ ဟွန်းကို (၃)ချက်ဆက် အသံရှည်ကြီး မကြာခဏ တီးပါတယ်။ သူဟွန်းတီးပြီး ၀င်လာရင် လမ်းထဲက လူတွေက မနှစ်မြှို့တဲ့အမူအယာတွေနဲ့ စူးစူးရဲရဲကြည့်ကြပါတယ်။ ကျွန်တော်က သူ့ကို ဒီလောက်ကြီး မတီးဖို့၊ တစ်ချက်လောက် အသံခပ်တိုတို တီးရင်ရပြီလို့ ပြောတော့ “ဒါမျိုးလူတွေ၊ ဒီလောက်တီးပေးမှ သိကြမှာပေါ့ကွာ။ ငါတီးတာ ပုံမှန်ပဲ။ ဘာဖြစ်နေလို့တုန်း” လို့တုန့်ပြန်ပါတယ်။ ဟွန်းတီးသံ အတိုအရှည်၊ အနိမ့်အမြင့်မှာ ဘာသာဗေဒ၊ အဓိပ္ပါယ်တွေပါနေတာ မသိလေရော့သလား။

ကျွန်တော်တို့နေထိုင်ရတာလူတွေနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့လူ့လောကအသိုင်းအ၀ိုင်းဖြစ်ပါတယ်။ ကိုယ်နေ့စဉ် ပြုမူပြောဆိုတဲ့ ကိုယ့်ရဲ့ စကားသံ၊ မျက်နှာအမူအရာ၊ အပြုအမူတွေ၊ တဖက်က တုန့်ပြန်လာမှုတွေက ကိုယ့်ဘ၀အပေါ် အများကြီးသက်ရောက်စေပါတယ်။ စကားပြောချိုသာမှု၊ မျက်နှာချိုသာမှုတွေကြောင့် ပုဆိန်နဲ့ ပေါက်ရမှာကို အပ်နဲ့ထွင်းရုံနဲ့ ပြီးသွားတတ်ပြီး အဲဒီစကားကြောင့်ပဲ တစ်ခါတစ်လေ မီးပွားလေးကနေ မီးလောင်တတ်ပါတယ်။
ဆက်ဆံရေးကြောင့် ပြဿနာတက်နေကြရသူအများစုဟာ အမှန်က မိမိဆက်ဆံပြောဆိုပုံ ဘယ်လိုဘယ်ပုံဖြစ်နေသလဲဆိုတာ ကိုယ့်ကိုကိုယ်မသိခြင်းကပိုဆိုးပါတယ်။ဒါကြောင့်ပထမဆုံးကိုယ့်ကိုကိုယ်အရင်သိရှိဖို့လိုအပ်သလို
လိုလိုလားလားပြုပြင်လိုစိတ်လည်း ရှိရပါမယ်။

နောက်တစ်ချက်က ကျွန်တော်တို့အများစုဟာ နေ့စဉ် ဘ၀အမောတွေကြားမှာ ရုန်းကန်လှုပ်ရှားရင်း မေ့လျော့နေတတ်ကြတာက တစ်ဦးနဲ့တစ်ဦး ပြုံးပြဖို့ မေ့နေကြခြင်းပါပဲ။

ပြုံးပြလိုက်တဲ့အခါ ပြုံးပြသူမှာ ဘာမှ အများကြီးမပေးလိုက်ရပါပဲနဲ့ အပြုံးခံရသူမှာ အများကြီးရရှိလိုက်တယ် ဆိုတဲ့ ဆိုရိုးလေးရှိပါတယ်။ကိစ္စအတော်များများမှာ အမြဲတမ်း အပြုံးလေးနဲ့ဆောင်ရွက်ရင် တစ်ခြားသူတွေထက် ပိုမိုအောင်မြင်ခရီးရောက်တတ်ပါတယ်။

နှစ်သစ်မှာ တစ်ဦးကိုတစ်ဦး မေတ္တာ၊ စေတနာတွေ၊ ချိုမြိန်သောအပြုံးတွေနဲ့ လွှမ်းခြုံနွေးထွေးနိုင်ကြပါစေ။

Credit : zaylinthawtar
http://www.searchmyanmar.com/link/comment/cid/53976

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...