စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဒေါသ၀င်လာရင် ဖြေဖျောက်နည်း (၁၁)နည်း”



ဆရာကြီးဦးဋ္ဌေးလှိုင်က သူ့ရဲ့ “မေတ္တာဝါဒ”စာအုပ်မှာ ကိုယ်တွေ့ ဝတ္ထုလေး ထည့်ရေးပြထားပါတယ်။
အဲဒီဝတ္ထုလေးအကျဉ်းချုပ် ပြောပြရအောင်ပါ။

တစ်ခါတုန်းက မဟာစည်ဆရာတော်ဘုရားကြီးဆီကို ဒကာမကြီးတစ်ယောက် တရားလာအားထုတ်ပါတယ်။ ဒါပေမယ့် သူကတရားမှတ်လို့ မရဘဲ ဖြစ်နေပါတယ်။
ဒါကြောင့် ဆရာတော်ကြီးက မေတ္တာပွားနည်းကို အရင်သင်ပေးပါတယ်။

တရားစစ်တဲ့အခါကျတော့...ဒကာမကြီးက “တပည့်တောာ် ကျန်တဲ့သူတွေကို မေတ္တာပို့လို့
ရပေမယ့်၊ စီးပွားပြိုင်ဘက် ရန်သူအိမ်နီးချင်းဒကာမကိုတော့ ပို့လို့မရ ဖြစ်နေတယ်ဘုရား”
လို့  လျှောက်ပြပါတယ်။ ဒီတော့ ဆရာတော်ကြီးက “ရန်သူကို
နောက်ဆုံးမှထားပို့ပါ။ ပို့လည်းပို့ကြည့်ပါဦး။ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူ မရှိဘူး။
သူ့ကျေးဇူးလေးတွေကို ရှုပြီး ပို့ပါ။”လို့ အကြံပေးလိုက်ပါတယ်။

နောက်သုံးလေးရက်ကြာလာတော့ ဒကာမကြီးက ဆရာတော်ဘုရားကြီးဆီ ပြန်ရောက်လာပြီး
“ဆရာတော်ဘုရား တပည့်တော် မေတ္တာပို့လို့ရသွားပါပြီဘုရား။မေတ္တာပို့နေရင်း တပည့်တော်ရဲ့
အာရုံထဲမှာ ပို့ရင်းပို့ရင်းနဲ့ သူ့မျက်နှာက ပြုံးလာပါတယ်ဘုရား။ ပြုံးပြီး တပည့်တော်ကို
တောင်းပန်ပါတယ်။ ဒီလောက်နဲ့ တပည့်တော် မအံ့သြသေးပါဘူး။ အပြင်မှာလည်း တပည့်တော်ကို
တရားအာရုံထဲမှာမြင်ရတဲ့ အ အင်္ကျီ၊လုံချည်နဲ့လာတောင်းပန်ပါတယ်ဘုရား”လို့သူကလျှောက်ပြပါတယ်။

ဆရာကြီးဦးဋ္ဌေးလှိုင်က သူ့ကိုယ်တွေ့ကလေးကို ထုတ်ပြထားတာပါ။
ပုထုဇဉ်တွေဆိုတော့ သူ့အတိုင်းအတာနဲ့သူတော့ ရန်သူ၊မလိုလားသူ၊ သဘောထားမတိုက်ဆိုင်သူ
တွေကတော့ ရှိနေကြမှာပါပဲ။ ဒီတော့ ဒေါသကလည်း ၀င်လာတော့မှာပါ။

ဘယ်လိုနည်းနဲ့ပဲ ၀င်လာ ၀င်လာ၊ မေတ္တာပွားချင်သူ
တစ်ယောက်အနေနဲ့ ၀င်လာတဲ့ဒေါသကို ပယ်ပစ်ရပါ့မယ်။
“ဒေါသ”ဟာ မေတ္တာရဲ့ ရန်သူပါ။
ဒီတော့ ဘယ်လို ပယ်မလဲ...?

“၀ိသုဒ္ဓိမဂ်” က “ဒေါသ၀င်လာရင် ဖြေဖျောက်နည်း (၁၁)နည်း”ကို ဆက်ပြထားပါတယ်။
အဲဒီ (၁၁)နည်းကိုလည်း ဒီမှာ ခပ်ကျဉ်းကျဉ်းပြောပြရအောင်ပါ။

(၁)။ မေတ္တာပွား၍ ဖျောက်ခြင်း၊
(၂)။ မြတ်စွာဘုရား၏ အဆုံးအမသြ၀ါဒကို ဆင်ခြင်၍ ဖျောက်ခြင်း၊
(၃)။ ရန်သူ၏ ကောင်းကွက်ကို ရှာ၍ ဖျောက်ခြင်း၊
(၄)။ သနား၍ ဖျောက်ခြင်း၊
(၅)။ မိမိကိုယ်ကို ဆုံးမ၍ ဖျောက်ခြင်း၊
(၆)။ ကမ္မဿကတာဉာဏ်ဖြင့် ဖျောက်ခြင်း၊
(၇)။ သည်းခံပုံ ဇာတ်တော်လာ နည်းများဖြင့် ဖျောက်ခြင်း၊
(၈)။ သံသရာတစ်လျှောက်၌ ဆွေမျိုးမတော်ခဲ့သူ မရှိဟု ဆင်ခြင်၍ ဖျောက်ခြင်း၊
(၉)။ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း၊
(၁၀)။ ဓာတ်ခွဲ၍ ဖျောက်ခြင်း၊
(၁၁)။ ဥစ္စာပေးယူ၍ ဖျောက်ခြင်း၊
အားလုံးပေါင်း (၁၁) နည်းပါ။

နံပါတ် (၁) က မေတ္တာပွားပြီး ဖျောက်ရပါမယ်။
ရှေ့ မှာ ပြောခဲ့တဲ့အတိုင်း မိမိ၊ချစ်သူ၊အလယ်အလတ်ပုဂ္ဂိုလ်၊
ရန်သူကို အစဉ်အတိုင်းပွားရပါ့မယ်။အဲဒီလိုပွားပြီး ဖျောက်ပါတဲ့။

မေတ္တာပွားလို့မှ မပျောက်ရင် နံပါတ် (၂) က
မြတ်စွာဘုရားရဲ့ သြ၀ါဒကို ဆင်ခြင်ပြီး ဖျောက်ရပါ့မယ်။ဆင်ခြင်ပုံကတော့...
✤“အို...ယောဂီ အမျက်ထွက်တာ မကောင်းမှန်း သိပါလျက် အမျက်ထွက်လာသူကို ကိုယ်က
ပြန်ထွက်ရင် ပထမအမျက်ထွက်တဲ့သူထက် ပိုမိုက်တယ်”လို့ မြတ်စွာဘုရား ဟောထားတယ် မဟုတ်လား။

✤ပြီးတော့ “သူတစ်ပါး အမျက်ထွက်တာကို သိပြီး ကိုယ်ကမထွက်ဘဲ နေလိုက်တာဟာ မိမိသူတစ်ပါး
နှစ်ဦးသားရဲ့ အကျိုးကို ကျင့်လိုက်တာ ဖြစ်တယ်”လို့လည်း မြတ်စွာဘုရား ဟောထားတယ် မဟုတ်လား။

✤“အစွန်းနှစ်ဘက်ကလည်း မီးလောင်၊ အလယ်မှာလည်း မစင်ပေနေ၊
သူသေကောင်ဖုတ်တဲ့နေရာမှာလည်း အသုံးပြုထားတဲ့ ထင်းကုလားတုံးဟာ မြို့ ရွာမှာ ဘာမှ အသုံးမ၀င်သလို ဒေါသထွက်တဲ့သူဟာလည်း အဲဒီထင်းတုံးအတိုင်းပါပဲ
လို့ မြတ်စွာဘုရား ဟောထားပြန်တယ် မဟုတ်လား” စသည်ဖြင့် အဲဒီလိုဆင်ခြင်ပြီး ဖျောက်ပါတဲ့။
ဒါမှမဟုတ် တခြားကိုယ်ကြားဖူးတဲ့ သြ၀ါဒနဲ့ လည်း ဆင်ခြင်ပြီး ဖျောက်လို့ရပါတယ်။

အဲဒီလိုဆင်ခြင်လို့ မှ မပျောက်ရင် နံပါတ်(၃) က ရန်သူရဲ့ ကောင်းကွက်ကလေးကို ရှာပြီး ဖျောက်ပါတဲ့။
“သြော် သူက အပြောသာကြမ်းတာ၊ အတွင်းစိတ်ကတော့ကောင်းသားပဲ၊ ဘယ်တုန်းကတော့ ငါ့ကို ဘယ်လိုကူညီခဲ့ဖူးတာပဲ” စသည်ဖြင့် ကောင်းကွက်
(ဒါမှမဟုတ်) ပြုခဲ့ဖူးတဲ့ ကျေးဇူးလေးတွေကို ဆင်ခြင်ပြီး ဖျောက်ရပါတယ်။

နံပါတ်(၄)က သနားပြီးဖျောက်ပါတဲ့။ “သြော် သူငါ့အပေါ် မကောင်းတဲ့စိတ်တွေ ထားနေပါလား၊
အဲဒီ မကောင်းတဲ့စိတ်က သူ့ကိုမကောင်းကျိုးပေးတော့မှာပဲ၊ အို...သနားစရာပဲ”
အဲဒီလိုသနားပြီး ဖျောက်ပါ။ ကရုဏာထားပြီး ဖျောက်ပါတဲ့။

အဲဒီလိုဆင်ခြင်လို့ မှ မပျောက်ရင်
နံပါတ်(၅) က ကိုယ့်ကိုယ်ကို ဆုံးမပြီးဖျောက်ပါတဲ့။

ဝိသုဒ္ဓိမဂ်ကတော့ ဆုံးမပုံနဲ့ ပတ်သက်ပြီး ဂါထာ(၁၀)ဂါထာပြထားပါတယ်။ ဒီမှာတော့ အဲဒီ (၁၀)ဂါထာလုံးကို မပြောတော့ပါဘူး။ ကိုယ့်ကိုယ်ကို ဆုံးမတတ်သလို၊
ဆုံးမပြီး ဖျောက်လို့ ရပါတယ်။“အို...ယောဂီ၊ ရန်သူကို အမျက်ပြန်ထွက်ရင်
သူ့ အကြိုက်ဖြစ်မှာပေါ့။ကိုယ့်အမျက်ထွက်လိုက်လို့ သူ့ရဲ့ဆင်းရဲမှုကို ပြုနိုင်တာလည်းရှိမယ်၊
မပြုနိုင်တာလည်း ရှိမယ်။ ဒါပေမယ့် လောလောဆယ် ကိုယ်ကတော့ဒေါသရဲ့ နှိပ်စက်မှုကို ခံနေရပြီ မဟုတ်လား” စသည်ဖြင့် ကိုယ့်ကိုယ်ကို ဆုံးမပြီး ဖျောက်ပါတဲ့။

အဲဒီလိုဆင်ခြင်လို့ မှ မပျောက်ရင် နံပါတ်(၆) က “ကမ္မဿကတာဉာဏ်” နဲ့ ဖျောက်ပါတဲ့။
ကမ္မဿကတာဉာဏ်ဆိုတာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ သိတဲ့ဉာဏ်ပါ။

“သူပြုနေတဲ့ မကောင်းတဲ့ကံဟာ သူ့ရဲ့ကိုယ်ပိုင်ဥစ္စာဖြစ်သွားပြီ။ အဲဒီကံကပဲ မကောင်းကံအားလျှော်စွာ
အကျိုးပေးတော့မှာ။ငါက ဝေဖန်စရာမလိုဘူး။ကံကပဲ သူ့ ကို ဝေဖန်ပေးလိမ့်မယ်။”
အဲဒီလိုကံကို ဆင်ခြင်ပြီး ဖျောက်ရပါ့မယ်။

အဲဒီလိုဆင်ခြင်လို့ မှ မပျောက်ရင် နံပါတ်(၇)က သည်းခံမှုဇာတ်တော်တွေကို အာရုံပြုပြီး ဖျောက်ပါတဲ့။
မဟာသီလ၀ဇာတ်၊ ခန္တီဝါဒီဇာတ်၊ ဆဒ္ဒန္တဇာတ်၊ မဟာကပိဇာတ် စသည်ဖြင့် ကိုယ်ကြားဖူးတဲ့
ဇာတ်တစ်ခုခုကို အာရုံပြုပြီး “ဘုရားအလောင်းဟာ သည်းခံခဲ့တယ်။ အဲဒီလိုအာရုံပြုပြီး သည်းခံခဲ့တဲ့အတွက်
နောက်ဆုံးတော့ အောင်မြင်တာပဲ။ ဘယ်ကိစ္စမဆို သည်းခံလိုက်ရင် အဆင်ပြေသွားတာပါ။”
အဲဒီလိုသည်းခံစိတ်မွေးပြီး ဖျောက်ရပါမယ်။

သည်းခံစိတ်မွေးလို့မှ မပျောက်ရင် နံပါတ်(၈)က ဆွေမျိုးစပ်ပြီး ဖျောက်ပါတဲ့။

“သြော်...သံသရာမှာ ဆွေမျိုးမတော်ခဲ့တဲ့သူဆိုတာ မရှိဘူး။ ဘ၀တစ်ခုမှာ ငါ့ရဲ့ အမေ တော်ခဲ့ရင် တော်ခဲ့မှာပဲ။ အမေတော်ခဲ့တုန်းက ကိုးလလွယ် ဆယ်လဖွားပြီး
ကိုယ်ဝန်ဆောင်စဉ်မှာ အပူအစပ်တွေလည်း ရှောင်ခဲ့ရမှာပဲ။ အနေအထိုင်အသွားအလာလည်း
ဆင်ခြင်ခဲ့ရမှာပဲ။မွေးလာတဲ့အခါမှာလည်း မေတ္တာအပြည့်နဲ့ နို့ချိုတိုက်ကျွေးပြီး ပြုစုခဲ့မှာပဲ။
ကျင်ကြီးကျင်ငယ်တွေကိုလည်း မရွံမရှာသုတ်သင်ပေးခဲ့မှာပဲ။ ငါ့ရဲ့ အဖေလည်း တော်ခဲ့ချင်
တော်ခဲ့မှာပဲ။ ငါ့ရဲ့ အဖေတော်ခဲ့တုန်းက အရပ်တစ်ပါးကိုသွားပြီး၊သက်စွန့် ဆံဖျား စီးပွားရှာပြီး ငါ့ကို ကျွေးမွေးခဲ့မှာပဲ။ ငါ့အတွက် အသက်ကိုလည်း စွန့်ချင်စွန့်ခဲ့မှာပဲ။
ဒါမှမဟုတ် ငါ့ရဲ့ သားသမီး၊ညီအစ်ကို၊မောင်နှမလည်း တော်ခဲ့မှာပဲ။ အဲဒီလိုဆွေမျိုးစပ်ပြီး ဖျောက်ပါတဲ့။

အနမတဂ္ဂိယသံယုတ်လာသုတ်တို့မှာ ပြထားတာက သံသရာမှာ အမိအဘ ညီအစ်ကို မောင်နှမ
မတော်ခဲ့ဖူးတာ ရှိကို မရှိပါဘူးတဲ့။ တစ်မျိုးမဟုတ် တစ်မျိုးတော့ ဆွေမျိုးတော်စပ်ခဲ့ကြတာပါပဲတဲ့။

အဲဒီလိုဆင်ခြင်လို့ မှ မပျောက်ရင် နံပါတ်(၉)ကမေတ္တာအကျိုးတွေကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။

မေတ္တာပွားတဲ့သူဟာ
-ချမ်းချမ်းသာသာ အိပ်ရတယ်၊
-ချမ်းချမ်းသာသာ နိုးရတယ်။
-ကောင်းတဲ့အိပ်မက်ကိုပဲ မက်ရတယ်။
-နတ်လည်းချစ်တယ်။ လူလည်းချစ်တယ်။
-နတ်တွေလည်း စောင့်ရှောက်တယ်။
-မီး ၊အဆိပ် ၊ဓားတွေကိုလည်း ရှောင်ရှားပေးတယ်။
-လျင်လျင်မြန်မြန် သမာဓိရတယ်။
-မျက်နှာလည်း ကြည်လင်တယ်။
-သေတဲ့အခါ တွေတွေဝေေ၀မသေရဘူး။
-ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။
အဲဒီလို မေတ္တာအကျိုးကိုဆင်ခြင်ပြီး ဖျောက်ပါတဲ့။ ဒီမေတ္တာအကျိုး (၁၁)မျိုးကို မဟာစည်ဆရာတော်
ဘုရားကြီးရဲ့  လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက်ပါ။

(အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက်လူနတ်၊ စောင့်လျက်နတ်များ၊
မီးဆိပ်ဓားတို့၊ ရှောင်ရှားကိုယ်မှာ၊ လျင်စွာစိတ်တည်၊
ရွှင်ကြည်မျက်နှာ၊ သေတာမတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှုအကျိုးတည်း။)

မေတ္တာအကျိုးကိုမှ ဆင်ခြင်လို့မှ မပျောက်ရင် နံပါတ် (၁၀)က ဓာတ်ခွဲပြီး ဖျောက်ပါတဲ့။

ဓာတ်ခွဲပုံကတော့ “နေပါဦး...အို ယောဂီ၊ သင်အမျက်ထွက်နေတာက ဘာကို
အမျက်ထွက်နေတာလဲ။ သူ့ ရဲ့ ဆံပင်ကိုလား၊ အသည်းကိုလား၊ အသားကိုလား၊ အကြောကိုလား၊
ဒါမှမဟုတ် ပထ၀ီဓာတ်ကိုလား၊ အာပေါဓာတ်ကိုလား၊ ရူပက္ခန္ဓာကိုလား၊ ဝေဒနာက္ခန္ဓာကိုလား”
စသည်ဖြင့် အဲဒီလိုဓာတ်ခွဲပြီး ဖျောက်ရပါတယ်။။

ဓာတ်ခွဲလို့မှ မပျောက်ရင် နံပါတ်(၁၁)က ဥစ္စာပေးယူပြီး ဖျောက်ပါတဲ့။
သူနှစ်သက်မယ်ထင်တဲ့ ပစ္စည်းဥစ္စာလေးတွေပေးပြီး ဖျောက်ပါတဲ့။
သီဟိုဠ်ခေတ်က သံဃိကကျောင်းတစ်ကျောင်းမှာ မထေရ်ကြီးတစ်ပါးက မထေရ်ငယ်တစ်ပါးကို
အမျက်ထွက်ပြီး ကျောင်းတိုက်ကထွက်သွားရအောင် လုပ်နေပါတယ်တဲ့။ ဒီတော့ မထေရ်ငယ်က
မထေရ်ကြီးဆီသွားပြီး “ဆရာတော်ဘုရား၊ ဒါကရှစ်ကျပ်တန် အကောင်းစားသပိတ်ပါဘုရား။
တပည့်တော်ရဲ့ မယ်တော်ကြီးက လှူထားတဲ့အတွက် အပ်အပ်စပ်စပ် ရထားတာပါဘုရား။ သုံးဆောင်ပါဘုရား” အဲဒီလို သွားပေးလိုက်တော့ မထေရ်ကြီးနဲ့မထေရ်ငယ်ဟာ အဆင်ပြေသွားပါတယ်တဲ့။
ဒါလည်း ၀ိသုဒ္ဓိမဂ်က ပြထားတဲ့ ၀တ္ထုလေးပါ။“ပေးကမ်းခြင်းသည် အောင်မြင်ရာ၏”ဆိုတဲ့
လူတွေပြောနေတဲ့ စကားဟာ ဘုရားဟော တစ်ခုပါပဲ။

ကိုယ့်သန္တာန်မှာဖြစ်နေတဲ့ ဒေါသရန်ငြိုးကို အထက်က(၁၁)နည်းထဲက ကိုယ်နှစ်သက်ရာ တစ်နည်းနည်းနဲ့
ဖျောက်ပါတဲ့။ (၁၁)နည်းလုံးနဲ့ ဖျောက်ဖို့မလိုပါဘူး။

မေတ္တာပွားမယ့် ပုဂ္ဂိုလ်ဟာ ဒေါသရန်ငြိုးကို ဖြစ်တဲ့နည်းနဲ့ဖျောက်ရပါ့မယ်။ ဒါမှလည်း မေတ္တာပွားလို့ရမှာပါ။
ကဲ စာဖတ်သူတွေ ပြောကြည့်ပါဦး။“ရန်ငြိုးဖျောက်နည်း (၁၁)နည်း” ထဲက
ဘယ်နည်းကို ကြိုက်တယ်ဆိုတာ။

ဘာပဲပြောပြော ကိုယ်နှစ်သက်ရာတစ်နည်းနည်းနဲ့တော့ ဖျောက်ကြည့်ဖို့ပါပဲလေ။
-【စာရိုက်ပူဇော်သူ-Admin Team ofYoung Buddhist Association】
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】
[မေတ္တာအတွေးများ-အလင်းတန်းဂျာနယ်(၇-၃-၂၀၀၅)မှ ကောက်နှုတ် ပူဇော်မျှဝေပါသည်။]


https://www.facebook.com/youngbuddhistassociation.mm/photos/a.207215705955116.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...