စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ခုပ်သံများ မမြည်ရလေအောင်


 

“ထန်းပင်ကိုခေါင်းဖြတ်ပြီး ပြန်လည်စပ်သော်လည်း အသက်မရှင်နိုင်” စာရေးသူတို့ ပထမပြန် စာမေးပွဲဖြေစဉ်က မှတ်သားခဲ့ဖူးသော ဥပမာလေးတစ်ခု ဖြစ်သည်။
အခက်၊အလက်၊အရွက်၊အသီးများဖြင့် သန်မာစွာ စည်ပင်ပေါက်ရောက်နေသော ထန်းပင်တစ်ပင်ကို အပင်၏ထိပ်ခေါင်ဖြစ်သော ဦးပိုင်းမှ ဖြတ်ချလိုက်လျှင် ထို ဖြတ်ထားပြီး သော အပိုင်းအစအား ပြန်လည်
စပ်ခြင်းသည် မဖြစ်နိုင်။မရရအောင် စပ်လျှင်ကား ရချင်တော့ ရနိုင်မည်။ အသက်ပြန်လည်ရှင်သန်ဖို့မှာ
လုံးဝ မဖြစ်နိုင်တော့ချေ။ အသီးအရွက်များဖြင့် ဝေဝေဆာဆာ ရှင်သန်သော ထန်းပင်တစ်ပင်
ပြန်လည်ဖြစ်ရဖို့ကား လမ်းမရှိပေ။ မကြာသော အချိန်ကာလတစ်ခု၌ ပုပ်ဆွေးပြီး
လဲကျပျက်စီးသွားမည်မှာ မလွဲပင်ဖြစ်သည်။

ထိုဥပမာ အတူပင် မြတ်စွာ ဘုရားရှင်၏ တပည့်သား သံဃာတော်တို့၌လည်း ပါရာဇိကကျပြီးသော
ရဟန်းတော်သည် “ဦးခေါင်းဖြတ်ထားပြီးသော ထန်းပင်”နှင့် တူသည်။ ရဟန်း သံဃာတော်တို့၏ အသက်ကို သေစေနိုင်သော၊ သေပြီးလျှင် အသက်ပြန်လည်မရှင်နိုင်တော့သော အကြောင်းတရား(၄)ပါးရှိ၏။
(၁)။မမြတ်သောမေထုန်အမှုကို ကျူးလွန်မိခြင်းကြောင့် သေဆုံးရခြင်း၊
(၂)။ခိုးယူလိုသောစိတ်အစုဖြင့် အရှင် မပေးအပ်သော ဥစ္စာကို ခိုးယူခြင်း အမှုကို ကျူးလွန်မိခြင်းကြောင့်
သေဆုံးရခြင်း၊
(၃)သေစေလိုသောစိတ်အစုဖြင့် လူဇာတ်ဖြစ်သောသူကို သတ်ခြင်း အမှုကို ကျူးလွန်မိခြင်းကြောင့် သေဆုံးရခြင်း၊
(၄)ဈာန်၊ မဂ်၊ ဖိုလ်တရားများ မိမိ၌ ထင်ရှားမရှိဘဲ လိမ်လည်၍ရှိ၏ ဟူ၍ပြောဆိုခြင်းအမှုကို
ကျူးလွန်မိခြင်းကြောင့် သေဆုံးရခြင်း။

ရဟန်းတော်တစ်ပါး အနေဖြင့် ထိုလေးပါးတွင် တစ်ပါးပါးသို့ ကျရောက် ကျူးလွန် မိလျှင်တော့ ပါရာဇိက ကျတော့၏။ပါရာဇိက ဟူသည်မှာ ပါရာဇိကသိက္ခာပုဒ်နှင့် ပါရာဇိက
အာပတ်ကို ကျူးလွန်မိလျှင် ယင်း နှစ်ပါးတို့က ကျူးလွန်သူကို သာသနာတော်မှ ဆုံးရှုံးစေ၏။
ထို့ကြောင့် သိက္ခာပုဒ်နှင့်အာပတ်ကို “ပါရာဇိက”ဟု ခေါ်ရ၏။ နောက်ပြီး ပါရာဇိက ကျသောပုဂ္ဂိုလ်ကိုလည်း
ဆုံးရှုံးခြင်းသို့ ရောက်သောကြောင့် ပါရာဇိကဟုပင် ခေါ်ရသေး၏။

ပါရာဇိက ကျပြီး၍ ရဟန်း၏ အသက်သေဆုံးသွားသူတစ်ဦးအဖို့ယခုလက်ရှိ ပစ္စုပ္ပန်ဘဝဖြင့် ရဟန်းကောင်းတစ်ပါးပြန်လည်ဖြစ်ခွင့်ရရန်မှာ လမ်းရှိတော့မည် မဟုတ်ပါ။
ရဟန်းကောင်းတစ်ပါး ပြန်ဖြစ်ရေးအတွက် သံဃာတော်(၄)ပါးမဟုတ်၊ တစ်ထောင်မကသော
သံဃာတော်တို့ဖြင့် ဝိုင်းစုပြီး ကမ္မဝါရွတ်ပေးလျှင်တောင် ဤဘဝ ဤခန္ဓာဖြင့် ပြန်ရနိုင်စရာ မရှိ။
ပါရာဇိကကျပြီးသော(ရဟန်းမဟုတ်တော့သော)သူအတွက် “သွားလမ်း နှစ်လမ်း”သာ ရှိသည်။
လူထွက်လျှင်ထွက် (သို့မဟုတ်) ရှင်သာမဏေ ပြန်လည်ဝတ်နိုင်လျှင် ဝတ်၊ ဤနှစ်လမ်းသာ ရှိ၏။
ပါရာဇိကကျပြီးသူအား ထိုနှစ်ပါးသည်သာ ကုစားရာ ဖြစ်၏။ လူဝတ်ကြောင်ဖြင့်ဖြစ်စေ၊ ရှင် သာမဏေအဖြစ်ဖြင့်ဖြစ်စေ ကုသိုလ်တရား၌မွေ့လျော်ပြီး ကျင့်ကြံနေထိုင်ပါက
ကောင်းသောလားရာဖြစ်သော လူ့ရွာ နတ်ပြည်အဆုံး၌ နိဗ္ဗာန် ဝင်ရောက်နိုင်သေး၏။

ပါရာဇိကကျပြီးသူသည် ကိုယ့်ကိုယ်ကိုယ် ပါရာဇိကကျပြီးမှန်းသိနေတာတောင် အကယ်၍ ရှင်မပြန်
လူမချွတ်ဘဲ ငါရဟန်းဟူ၍ နေမြဲတိုင်း မိန့်မိန့်ကြီးနေမည်ဆိုလျှင် ထိုသူသည် မိမိချမ်းသာမှုအတွက်၊
မိမိ ပြေလည်မှုအတွက် အယောင်ဆောင်ပြီး အပေါင်းအဖော်ကို ခိုးထားသော “သံဝါသထေနကသူခိုး”
တစ်ယောက်သာဖြစ်လိမ့်မည်။ရဟန်း၏အသက်ကို သေစေသောအကြောင်းတရား
လေးပါးတို့အနက် ပထမ ပါရာဇိက-မေထုန်အမှုကို ကျူးလွန်ခြင်းကြောင့်သေဆုံးခြင်း၊
ပါရာဇိကကျသူများသည် ယင်းအပြစ်ကို ကျူးလွန်မိ၍ ပါရာဇိကကျသည်က ပိုများမည်ဟု ထင်မိ၏။

“ပစ္စည်း၊မာတု ဤနှစ်ခုဘိက္ခုသေကြောင်း ဓားနှစ်ချောင်း”။ရဟန်းတော်များ ကျောင်းလု ကြခြင်း၊
မြေနေရာလုကြခြင်းများရှိပါသည်။ ထိုကိစ္စများက သိပ်မများလှဟုထင်၏။
မာတု - ရဟန်းကြီး ရဟန်းငယ်၊ ရှေးရှေးက ရဟန်းတော်များရော ယခုရဟန်းတော်များပါ သေနေကြသေးသည်။ကြီးမားထက်မြက်သော ထိုးဖောက်နိုင်စွမ်းသော
ဓားတစ်ချောင်း ဖြစ်၏။ ဤနေရာ၌ လောကဆိုရိုးစကားတစ်ခုနှင့် ဆိုချင်ပါသည်။
“လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှမြည်တာ”မှန်ပါ၏။ လူတို့အနေဖြင့်တော့ အဆင်ပြေသည်။
ရဟန်းနှင့် မာတုဂါမ-ဘယ်ဘက်ကမှ လက်တစ်ဘက်မဟုတ်။ တီးစရာလည်းမလိုပါ။သူ့ဟာသူနေကြရင် ဘာမှ မဖြစ်နိုင်။မနေကြလို့သာ အခက်တွေ့နေရသည်။ လက်တစ်ဘက်ဖြစ်ချင်တဲ့ ဘက်ကကမ်း လာလျှင်တောင် လက် တစ်ဘက်ရှိပါမှဖြစ်မည်။ အသံမြည်နိုင်မည်။
တစ်ခါမျှ စာသင်သား သံဃာတစ်ပါး၏ စကားများကို ပြန်ကြားယောင်မိသည်။

ကိုယ်တော်တစ်စု ဘုရားပွဲ ကြည့်ပြီး ပြန်လာရင်း လမ်း၌ အပျို အရွယ်ဒကာမ တစ်ယောက်ကိုတွေ့၏။
နစ္စဂီတ စသောတရားတို့သည် ကုသိုလ်တရားအား မေ့လျော့စေ၏။ ကိုယ်တော်များမှာလည်း ကိုယ်စီ
အပျော်ကျူးလိုသောစိတ် ဝင်နေကြသည်။ ဒကာမအနား ရောက်ရင် စ-မယ်(ကျီစယ်မယ်)ဟု
အားခဲလာခဲ့ကြ၏။
အနားလည်းရောက်ရော ဆန့်ကျင်ဘက်အတွေးကိုယ်စီပြန်ဖြစ် သွားသည်။ သတိတရားများပြန်ဝင်
လာတော့၏။ဒကာမလေး၏ သံဃာ့အပေါ်၌ အရိုအသေပေးလိုက်ခြင်းကြောင့် ဖြစ်သည်။
သံဃာတော်များ ကြွလာသည်ကို မြင်၍ လမ်းဘေး ကပ်ရပ်၏။ထို့နောက် ဖိနပ်ကလေးကို
ချွတ်၍ လက်အုပ်ကလေးပါ ချီထားလိုက်သေးသည်။ဤသို့သော ဒကာမမျိုးကို အဘယ်သို့သော
သံဃာတော်က စချင်ဦးမည်နည်း။ ပြောင်ချင်ဦးမည်နည်း။

ကြာနီကန်ဆရာတော် ဦးဇဋိလ၏တရားတော်ဩဝါဒတစ်ခုကို မှတ်သားဖူး၏။ “ဘုရားပွဲ ကြည့်တဲ့ သံဃာတော်များမို့ မရှက်တတ်ဘူးမထင်ပါနဲ့ ရှက်တတ်ကြပါတယ်။ ဒါကြောင့်မို့ သင်္ကန်းလေးကို ခေါင်းပေါ်မှာခြုံပြီး လာလာကြည့်ကြတာပေါ့။မယုံလို့ရှိရင် ရောက်လာတဲ့သံဃာ
ဆီးကြိုပြီး ထိုင်ထိုင်ပြီးသာ ကန်တော့လိုက်၊ အလိုလို တစ်ပါးပြီးတစ်ပါး ပြန်သွားကြလိမ့်မယ်”
ဆရာတော်ဘုရား၏ ဩဝါဒ အတိုင်းပင်။ သံဃာတော်တို့၌ ဟိရီ ဩတ္တပ္ပတရားများ ရှိကြပါသည်။
အနည်းအများသာ ကွာခြားသည်။ ဆွမ်းဒကာ-ဒကာမတို့၏ ကျေးဇူး တရား(မျက်နှာ)ကို
ပြန်ငဲ့ကွက်လေ့ ရှိကြပါသည်။

“မဟာမောရ”ဇာတ်တော်၌ ဘုရားလောင်းသည် ဥဒေါင်းငှက်မျိုး၌ ဖြစ်၏။ ဘုရားလောင်း၏ ကိုယ်ခန္ဓာမှာ
ရွှေစင်အဆင်းနှင့်တူသည်။ တစ်နေ့သ၌ ဘုရားလောင်းသည် ရေဆိပ်၌ ရေဆင်းသောက်စဉ်တွင် မိမိ၏အဆင်းကိုမြင်၍ အန္တရာယ်၏ ဘေးကို ဆင်ခြင်မိ၏။ ထို့ကြောင့်
မိမိတစ်ကိုယ်တည်း အေးချမ်းသော ဟိမဝန္တာအရပ်တစ်ခု၌ သွားနေ၏။ နေစဉ် ကာလတစ်လျှောက်လုံး
ဘေးအန္တရာယ်တို့မှကင်းစေရန် ပရိတ်မန္တာန်များကို ရွတ်ဖတ်၍ နေ ၏။နေစဉ်ကာလများသည်သက်တမ်း
(၇၀ဝ) ပင်ကြာခဲ့၏။ ထိုကာလ များ၌လည်း မုဆိုးအမျိုးမျိုးတို့၏ အန္တရာယ်မှလွတ်မြောက်အောင်မြင်ခဲ့၏။
တစ်နေ့၌ မုဆိုးတစ်ယောက်၏ကျော့ကွင်းတွင် သက်ဆင်း ကျရောက်ရလေ၏။

အကြောင်းကား “မ”သတ္တဝါ ကြောင့်ပဲ ဖြစ်၏။ မုဆိုး၏လိမ္မာပါးနပ်မှုဖြင့် ဥဒေါင်းငယ် ငှက်မတစ်ကောင်ကို
အတတ်ပညာသင်စေ၍ ဘုရားလောင်းရွှေဥဒေါင်းမင်းဆီသို့ သွားရောက်ဖြားယောင်းစေ၏။
ထိုဖြားယောင်းမှု ဥဒေါင်းမ၏ အသံ၌ပင် ဘုရားလောင်း၏ သတိတရားများ ပျက်ပြားစေခဲ့၏။
သက်တမ်း (၇၀ဝ) တိုင်တိုင် ငြိမ်သက်နေသော ကိလေသာတရားများသည် ထို မ-သံ၏ ညှို့ငင်အားကြောင့်
အုံကြလေသည်။ အဆုံး၌ ဆင်ခြင်တတ်သော ဉာဏ်များပါ ပျောက်ဆုံး၍ ကျော့ကွင်း၌ သက်ဆင်းရသည်၏
အဖြစ်သို့ ရောက်ရလေသည်။

မ-ဟူသော သတ္တဝါသည် အကျင့်သီလ ရှိသော ပညာရှိ သူတော်ကောင်းတို့ကို ဒုက္ခပေးနိုင် ဆုံးသောအရာ ဖြစ်၏။အသက်ဘေး အန္တရာယ်ပင်ဖြစ်စေနိုင်သည်။ ဖြစ်စေခဲ့သော
သာဓကအများအပြားပင် ရှိပါသည်။ ဖိုသတ္တဝါ၏ ကြိုက်နှစ်သက်ဆုံး အဆင်းသည် မ-သတ္တဝါ၏
အဆင်းဖြစ်သည်။(ထိုနည်းတူ အာရုံငါးပါးလုံးမှတ်ရမည်) ဖိုသတ္တဝါ ကို ညှို့ယူအဖြားယောင်းနိုင်ဆုံးသောအရာမှာလည်း မ-သတ္တဝါ၏ အဆင်း၊အသံ၊အနံ့၊အရသာ၊
အတွေ့အထိတို့ဖြစ်၏။မသတ္တဝါကို ဖြားယောင်းနိုင်ဆုံးသောအရာမှာလည်း ဖိုသတ္တဝါ၏အာရုံ(၅)ပါးပင် ဖြစ်သည်။

ဘုရားအလောင်းတော် ပါရမီဖြည့်ခဲ့သော ဇာတ်တော်များတွင် မိန်းမ ဖျက်၍ သေကြေပျက်စီးခြင်းများကို အများအပြားပင်တွေ့ရ၏။ မြန်မာ့ရာဇဝင်သမိုင်း၌လည်း မိန်းမကြောင့်ပဲ
တိုင်းပျက်ပြည်ပျက် သွေးချောင်းစီးသောအဖြစ်အပျက်များများစွာ တွေ့ရမည်။ဈာနလာဘီ ပုဂ္ဂိုလ်များကို
ဈာန်မှလျောစေခဲ့၏။ စာရေးသူ၏ဆိုလိုရင်းမှာ -
“ပစ္စည်းမာတု၊ ဤနှစ်ခု ဘိက္ခုသေကြောင်း ဓားနှစ်ချောင်း”မှ မာတု၏ အစွမ်းထက်လှပုံ၊ ပျက်စီးဖို့ နီးစပ်ပုံဖြစ်၏။ မဟာမောရ ဇာတ်တော်ကို ပြန်ကြည့်မည် ဆိုလျှင်
ဘုရားအလောင်းတော်ရွှေဥဒေါင်းမင်းသည် နှစ်ပေါင်း(၇၀ဝ)လုံးလုံးရာဂကိလေသာ ကို
ဖိနှိပ်ထားနိုင်ခဲ့ပြီး ဥဒေါင်းမ၏ အသံလေးတစ်ချက်အောက်မှာ ထိုတရားများ ပျက်စီးသွားခဲ့သည်မှာ အလွန်
အံ့ဩစရာကောင်းလှပါသည်။သို့သော် ထိုအကြောင်းအရာများက အမှန်တကယ်ပင်ဖြစ်ခဲ့၏။

ထိုမျှလောက် “မ”တို့၏ အာရုံငါးပါးက အစွမ်းထက်နေလျှင် ယနေ့ ပုထုဇဉ်သံဃာများအဖို့ အဘယ်မှာလျှင်
တောင့်ခံနိုင်ဦးမည်နည်း။ အမှန်တကယ် တိုက်ခိုက်ဖြားယောင်းလာလျှင် တောင့်ခံနိုင် မည်ဟု မထင်ပါ။
အချို့သောဒကာမများကို တွေ့ဖူးပါသည်။ရဟန်းတော်များနှင့် အလွန် ရင်းနှီးလွန်း၏။
ရင်းနှီးလွန်းလို့ ထင်သည်။ ရိုသေမှုများကိုလည်းမတွေ့ရပါ
လူဟူသော အမှတ်နှင့် ဆက်ဆံသည်လည်း ဖြစ်နိုင်၏။ မောင်နှမဆက်ဆံမှုမျိုးနှင့် ဆက်ဆံသည်လည်း
ဖြစ်ကောင်း ဖြစ်နိုင်၏။ ဘယ်ကဲ့သို့သော စိတ်ထားမျိုးနှင့် ဆက်ဆံသည်ဖြစ်စေ ရောထွေး ယှက်တင် ဆက်ဆံခြင်းမျိုး သည်မဖြစ်သင့်။ ထိုမြင်ကွင်းမျိုးကို ဘာသာခြားတို့က
မြင်လျှင် အထင်သေးမည်၊ကဲ့ရဲ့စရာဖြစ်၏။မိမိတို့ ဘာသာကို ပုတ်ခတ်စော်ကားလိုသူများအတွက်
အခွင့်အရေးပေးသလို ဖြစ်၏။ ထိုသူတို့က ဒါမျိုးကို ချောင်းနေကြသည်။

ရဟန်းတော်များနှင့် ရင်းနှီးလွန်းသော ဒကာမတို့အနေနှင့် ကာကွယ်ပြောဆိုသော စကားများ ရှိမည်။
“ဘာဖြစ်လဲ၊ ငါတို့က ကိုယ့် မောင်နှမတွေလို သဘောထားပြီး ဆက်ဆံတာ”
ဤဆင်ခြေမျိုးနှင့်တော့ မရပါ။ ဘာသာခြားတို့အမြင်မှာ သူတို့ လိုရာသာ မြင်မည်။
သဘောထားလည်း ကြီးပေးနိုင်မည် မဟုတ်ပေ။နောက်ပြီး မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့သော
ဝိနည်း ပိဋကတော်၌ မာတုဂါမကို အကြောင်းပြု ပညတ်တော်မူခဲ့သော သိက္ခာပုဒ်ပေါင်း များစွာရှိသည်။
အလွန် ရင်းနှီးသော ဆက်ဆံမှုတို့ကြောင့် ရဟန်းတော်အား ပါရာဇိကမကျနိုင်သေးသော်လည်း
ထိုဆက်ဆံမှု မျိုး၌ ရဟန်းတော်အား အာပတ် အမျိုးမျိုး သင့်နေနိုင်သေး၏။

သံဃဒိသေသ်လို အာပတ်မျိုး သင့်သွားမည်ဆိုပါလျှင် ရဟန်းတော် ဒုက္ခရောက်ရ၏။ ထိုအာပတ်က
ကုစားဖို့ခက်ခဲသောကြောင့်ဖြစ်၏။ ရဟန်းသံဃာများသည် ဒကာ မများနှင့် ကင်းလို့မဖြစ်ပါ။
ဟိုယခင်ကကော ယခု မျက်မှောက်ကော ကင်းပြီးနေလို့လည်း မရနိုင်ပါ။
စာရေးသူ ဆိုလိုသည်မှာ ကောင်းသောဆက်ဆံခြင်းမျိုးကို မဟုတ်ပါ။ ပလော်ပလီ ဆက်ဆံခြင်းမျိုးကို ဆိုပါသည်။ ရဟန်းနှင့် မာတုဂါမ ဆက်ဆံကြရာ၌ မာတုဂါမဘက်က
စပြီး မမှားမိသည်ဘဲထား၊ ရဟန်းဘက် က စ,မှားလာမည့်အရိပ်အယောင် တွေ့လျှင်
ရှေ့၌ဆိုခဲ့ပြီးသော ဒကာမ ကလေးအတိုင်း ထိုင်ပြီးသာ ကန်တော့ပေးလိုက်စေချင်၏။
ထို ရဟန်း သတိရသွားနိုင်သည်။ အရှက်ပါ ရသွားစေနိုင်သည်။

ရဟန်းနှင့်မာတုဂါမတို့၏ သတိ ကင်းမဲ့စွာ ပြောဆို ဆက်ဆံနေကြ ခြင်းကြောင့် ပါရာဇိက ကျသည့်
အဆင့်ထိ ရောက်သွားမည်ဆိုလျှင် ဘယ်ဘက်ကမှ ကောင်းနိုင်ဖို့ မရှိ။ မာတုဂါမမှာလည်း သာသနာတော်ကိုမလေးစားသူ၊ပျက်စီးစေသူမည်၏။ ရဟန်းမှာတော့
“ထန်းပင်ခေါင်းဖြတ်” သည်ဆိုသည့်အတိုင်း သာသနာတော်မှ ဆုံးရတော့၏။ လူဝတ်ဘဝ၏ ဒုက္ခမျိုးစုံကို
ခံစားရတော့မည် ဖြစ်၏။ ဘယ်ဘက်ကမှ တီးလို့ ရသော လက်တစ်ဘက်မဖြစ်ကြလျှင် အကောင်းဆုံး
ဖြစ်ပါမည်။အင်မတန်မှလည်း ဖြစ်စေချင်ပါသည်။“မြတ်စွာဘုရား၏ သာသနာတော်မြတ်ကြီးသည်
ကြာမြင့်စွာ အဓွန့်ရှည်ပါစေသောဝ်။”


-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【နေမင်းချွန်း-စကျင်ရွှေပြည်】


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.9

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...