စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“အပြစ်ခြောက်မျိုး လွတ်ကင်းသောနေရာ”

             
“မျက်မှောက်ခေတ် လူငယ်များ အတုခိုးသင့်သော အဇာတသတ်၏ လူကြီးနှင့် ဆက်ဆံနည်း”
အဇာတသတ်ကို အဖသတ်သော မင်းမိုက်အဖြစ် အများစု လက်ခံထားကြသည်။ သို့သော် အဖသတ်ပြီးနောက် အဇာတသတ်၏ လုပ်ဆောင်ချက်များနှင့် နေထိုင်
ကျင့်သုံးပုံတို့သည် မျက်မှောက်ခေတ် ပြည်သူလူထုတို့အတွက် အတုခိုးစရာ များစွာရှိနေပါသည်။
ထိုအတုခိုးစရာများထဲမှ တစ်ခုချင်းကို အခါအခွင့်သင့်သလို ရေးသား တင်ပြသွားမည်ဟု အားခဲထားပါသည်။

ယခု ထိုအတုခိုးစရာ များစွာထဲမှ တစ်ခုဖြစ်သော အဇာတသတ်၏ စိတ်ဝင်စားဖွယ်ရာ နေထိုင်မှု
တစ်ခုကို တင်ပြလိုပါသည်။

ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခို၊ ငါးမျိုးသောအပြစ် ကင်းစင်သည့် တန်ဆောင်မုန်းလပြည့်ည။
လရောင်ကြောင့် ကုမုဒြာကြာပန်းများ လှိုင်လှိုင်ပွင့်နေသည့်ည၊ ငွေအိုးမှ နို့ရည်များ အရပ်မျက်နှာ
အားလုံးကို သွန်ချထားသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံး သာယာနေသည့်ည၊

တစ်လမှာ တစ်ညသာပြည့်ခွင့်ရ၍ထင်သည်၊ လသည် အစွမ်းကုန် သာနေသည်။
ည၏ အလှသည် မြင်ရသူတိုင်း၏ စိတ်နှလုံးကို သာယာကြည်နူးစရာအဖြစ် ဖန်တီးပေးထားသည်။
သို့သော် ပတ်ဝန်းကျင် တစ်ခုလုံး မည်မျှပင်သာယာကြည်နူးစရာ ကောင်းနေသော်လည်း
မသာယာမကြည်နူးနိုင်သူက “အဇာတသတ်မင်း”ဖြစ်သည်။

အဇာတသတ်မင်းသည် ဖခင်သတ်ပြီးနောက် မည်သို့မျှ အိပ်၍မပျော်တော့၊ လှံမများ မျက်စိကို လာ၍
ထိုးစိုက်နေသကဲ့သို့ ခံစားနေရသည်။အဇာတသတ်မင်းသည် သာယာကြည်နူးစရာ
ကောင်းသောညကို ပြာဿာဒ်ပေါ်၌သာ အချိန်ကုန်နေရသည်။
သို့အတွက် မိမိ၏ခံစားနေရသော ဝေဒနာများကို ကုစားရန် အနီးရှိ အမတ်များကို အကူအညီတောင်းလေ၏။ အမတ်ခြောက်ယောက်တို့သည် မိမိတို့၏
ပုရာဏ ကဿပအစရှိသော တိတ္ထိဆရာကြီးတို့၏ ဂုဏ်များကို ဖော်ကျုး၍ ၎င်းဆရာကြီးတို့ထံတွင်
ဆည်းကပ်ရန် အကြံပြုကြသည်။သို့သော် အဇာတသတ်မင်းသည် လက်မခံချေ။
နောက်ဆုံး သူငယ်ချင်းဖြစ်သူ ဇီဝကသည် ဘုရားရှင်၏ အရဟံအစရှိသော ဂုဏ်တို့ကို ဖော်ကျုးလျက်
ဘုရားရှင်ထံသို့ ဆည်းကပ်ရန် အကြံပြုလေသည်။

အဇာတသတ်မင်းသည် ဇီဝက၏ စကားသံကို ကြားလျှင်ကြားခြင်းပင် မြတ်စွာဘုရားထံ သွားရန်
စီစဉ် ခိုင်းလေတော့သည်။ ဇီဝကသည် ဆင်မငါးရာတို့ကို တန်ဆာဆင်လျက် မိန်းမတို့ကိုမှီ၍ မင်းကြီး၌
ဘေးရန်မရှိနိုင်ဟု နှလုံးပြုကာ မိန်းမငါးရာတို့ကို ယောက်ျားအသွင်လဲစေ၍ မြတ်စွာဘုရားထံသို့
သွားလေ၏။

အဇာတသတ်သည် မြတ်စွာဘုရားကိုတွေ့လျှင် မြတ်စွာဘုရားနှင့်-
❖(၁)။ အလွန်ဝေးသော အရပ်၌လည်း မနေ၊
❖(၂)။ အလွန်းနီးသော အရပ်၌လည်း မနေ၊
❖(၃)။ လေညာဖြစ်သော အရပ်၌လည်း မနေ၊
❖(၄)။ မြင့်မောက်သော အရပ်၌လည်း မနေ၊
❖(၅)။ ရှေ့တည့်တည့် အရပ်၌လည်း မနေ၊
❖(၆)။ နောက်အရပ်၌လည်း မနေ။

ထိုအရပ် ခြောက်ခုမှလွတ်သော တစ်ခုသော အစွန်အဖျား အရပ်၌ထိုင်၍ မြတ်စွာဘုရားကို ရှိခိုး၏။
အဇာတသတ်မင်းသည် ဖော်ပြပါ အရပ်ခြောက်ခုမှလွတ်သော နေရာကို အဘယ့်ကြောင့် နေသနည်း။

❖(၁)။ အလွန်ဝေးသောအရပ်၌ နေလျှင် တစ်ဦးနှင့်တစ်ဦးစကားပြောဆိုသည့်အခါ ကျယ်လောင်စွာ
ပြောဆိုနေရပေမည်။

❖(၂)။ အလွန်နီးသော အရပ်၌နေလျှင် တစ်ဦးနှင့်တစ်ဦးထိခိုက်ခြင်းကို ဖြစ်စေနိုင်သည်။

❖(၃)။ လေညာအရပ်ကနေလျှင် ချွေးနံ့ကိုယ်နံ့တို့သည်မြတ်စွာဘုရားထံသို့ ရောက်၍ မိမိအား အပြစ်ကို
ဖြစ်စေနိုင်သည်။

❖(၄)။ မြင့်မောက်သော အရပ်၌နေလျှင် အဂါရဝ မရိုသေခြင်းကို ဖြစ်စေ၏။

❖(၅)။ ရှေ့တည့်တည့်၌နေလျှင် လေးစားအပ်သော မြတ်စွာဘုရားရှင်၏ မျက်လုံးတော်နှင့် မိမိမျက်လုံးတို့
ပေါင်းစုံထိခိုက်၍ ကြည့်ရှုမှုဖြစ်လျှင် မရိုသေရာ ရောက်နိုင်၏။

❖(၆)။ နောက်အရပ်၌နေလျှင် ကြည့်ရှုပြောဆိုလိုသည့်အခါ လည်ကိုနောက်သို့ဆန့်၍ ပြောဆိုနေရပေမည်။

သို့အတွက်ကြောင့် အဇာတသတ်မင်းသည် ထိုအဖြစ်ခြောက်ခုမှ
လွတ်အောင် နေထိုင်ခြင်းဖြစ်သည်။

မိဘဆရာ လူကြီးများနှင့် ဆက်ဆံသည့်အခါ မျက်မှောက်ခေတ် လူငယ်များ အဇာတသတ်၏
“နေထိုင်နည်း” ကို အတုခိုးသောအားဖြင့် အလိုရှိသောမိမိကိစ္စများ ပြီးစီအောင်မြင်ရုံမျှမက
တန်ဖိုးရှိသော မြန်မာလူငယ်များ ဖြစ်လာနိုင်ပါသတည်း။ ။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association】
-【ဆရာတော်အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)】
(သစ္စာ - ၉၃ ခုနှစ်)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...