သွားတိုက်ခြင်း အနုပညာသည် ထင်ထားသည်ထက် ပိုခက်ခဲနက်နဲ၏။ သွားတိုက်နည်း မသိလျှင် တစ်သက်တာ သွားကျန်းမာရေး ပြဿနာ ရင်ဆိုင်ရလိမ့်မည်။
သွားပွတ်တံ ကိုင်သည့် စတိုင်၊ သွားတိုက်သည့် ကြာချိန်၊ ခပ်ဖိဖိ တိုက်လား ခပ်ဖွဖွ တိုက်လား စသည်တို့သည် သွားကျန်းမာရေး အပေါ် အဆုံးအဖြတ်ပေးသည်။ သတိထားစရာ သွားတိုက်နည်း အမှားများ အကြောင်းကို သြစတြေးလျ သွားဆရာဝန်ကြီး ဒေါက်တာ မိုက်ကယ်တမ်အား ဒေးလီးမေးလ် သတင်းစာက တွေ့ဆုံ မေးမြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြသွားပါမည်။
သွားတိုက်ပြီး ချက်ချင်း ပလုတ် ကျင်းပစ်တာမျိုးက မှားသည်
သွားတိုက်ပြီးလျှင် ပလုတ် ကျင်းပစ်ခြင်းကို လုပ်သင့်သော အလုပ်ဟု လူအများစုကြီးက လက်ခံ ထားသည့်တိုင် သွားကျန်းမာရေး ကျွမ်းကျင်သူများကမူ ထိုအချက်ကို ကန့်ကွက်သည်။
”သွားတိုက်ဆေးဟာ နှစ်ဆင့် အလုပ်လုပ်တယ်။ သွားပေါ်မှာ တင်နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားတယ်။ အဲဒီလို ဖယ်ရှားရာမှာ သွားရဲ့ ပုံမှန် အလုပ်အချို့ပါ ပျက်ယွင်းသွားတယ်။ အဲဒီအတွက် ဒုတိယအဆင့် အဖြစ် သွားတိုက်ဆေးဟာ သွားတွေကို နဂို အနေအထားရောက်အောင် ပြန်ကုစားတယ်။သွားတိုက်ပြီး ချက်ချင်း ပလုတ်ကျင်းလိုက်ရင် ပထမအဆင့်မှာတင် ရပ်သွားရောပဲ။
သွားတိုက်ဆေး အမြုပ်တွေကို ထွေးထုတ်လိုက်ပြီး ရေဆက်ချိုးသင့်တယ်။ ဖလူအိုဒိုက်ဟာ မိမိ ရေချိုးနေချိန်အတွင်း သွားကို နဂိုနေဖြစ်အောင် ပြန်တည်ဆောက်ပေးလိမ့်မယ်။ ပြီးမှ ပလုတ် ကျင်းသင့်တယ်” ဟု ဒေါက်တာတမ်က ပြောသည်။
ထမင်းစားပြီးပြီးချင်း
သွားတိုက်တာ မှားသည်။
ထမင်းစားပြီး မိနစ် (၃၀) လောက်နေမှ သွားတိုက်သင့်သည်။ အစားအသောက်များထဲတွင် ပါသော အက်စစ်ဓာတ်သည် သွားအပေါ်လွှာများကို ပျော့ပျောင်း သွားစေသည်။ ထိုအချိန်မျိုးတွင် သွားချက်ချင်း တိုက်လိုက်ပါက သွားအပေါ်လွှာများ မြန်မြန် ပျက်စီးနိုင်သည်။ မိနစ် (၃၀) လောက်ကြာသည့် အခါတွင်မှ အာခံတွင်းစံ ပမာဏမျှခြေကို ပြန်ရောက်သဖြင့် သွားတိုက်ဖို့ သင့်တော်သော အနေအထား ရှိသွားသည်ဟု ဒေါက်တာတမ်က ပြောသည်။
ခပ်နာနာ ဖိတိုက်တာ မှားသည်
အားစိုက်တိုက်။ နာနာတိုက်။ ပြင်းလေ ပြောင်လေ ဆိုတာမျိုး ပြောတတ်ကြသည်။ သွားတိုက်ခြင်း အနုပညာတွင်ကား ထိုအချက်မှားသည်။
”အတင်း သွားဖိတိုက်တာကြောင့် သွားပျက်စီးတာကလွဲပြီး ဘာအကျိုးမှ မရှိပါဘူး။ ခပ်ပျော့ပျော့ သွားပွတ်တံမျိုးနဲ့ ခပ်ဖြည်းဖြည်းတိုက်ရုံနဲ့ ပြောင်ပါတယ်။ နေရာစုံကို စနစ်တကျ တိုက်ဖို့သာ လိုပါတယ်” ဟု ဒေါက်တာတမ်က ဆိုလိုက်သည်။
နှစ်မိနစ်ထက်နည်းလျှင် သွားမပြောင်။
သွားတစ်ခါတိုက်လျှင် နှစ်မိနစ် ထက်တော့ မနည်းစေနှင့်ဟု ဒေါက်တာတမ်က အကြံပြုသည်။
”နှစ်မိနစ်ထက် နည်းရင် သွားဝါကျင့်ကျင့် ဖြစ်စေမယ့် ဓာတ်ပစ္စည်းတွေ မစင်ဘဲ ကျန်ခဲ့လိမ့်မယ်။ စားကြွင်း စာကျန်တွေလည်း သွားကြားညပ် ကျန်နေလိမ့်မယ်။ သွားလည်း ဖြူဖွေးဖွေး ဖြစ်လာမှာ မဟုတ်ဘူး။ နှစ်မိနစ်စာကို ခပ်ဖြည်းဖြည်းချင်း တိုက်သွားရင် လုံလောက်တယ်။ မြန်မြန် သွက်သွက် ဖိတိုက်ရင် သွားပျက် စီးရုံပဲ ရှိမယ်” ဟု ဒေါက်တာတမ်က ပြောသည်။
သွားရည်စာတွေ ခဏခဏစားရင် သွားပျက်စီးတယ်
”သွားရည်စာတွေ ခဏခဏ စားနေရင် ခံတွင်းထဲမှာ စံပမာဏ မျှခြေပျက်ပြီး အက်စစ်ဓာတ် ကဲလာတတ်တယ်။ အဲ့ဒီအခါ သွားတွေကို အက်စစ်စားပြီး မြန်မြန် ပျက်စီးလွယ်တယ်။ တစ်နေ့လုံး မကြာမကြာ သွားရည်စာ စားနေမယ်ဆိုရင် သွားတွေဟာ အက်စစ်ကန်ထဲ ထည့်ထားသလိုပဲ။ ပျက်စီးနှုန်း ပိုမြန်တယ်” ဟု ဒေါက်တာတမ်က ဆိုသည်။
ရှေ့သွားလောက်သာ
တိုက်တာမှားသည်
လူကြားထဲ ပြုံးလိုက်လျှင် သွားလေးတွေ ဖွေးတက်လာရင် ကျေနပ်ပြီဆိုကာ ရှေ့သွားချည်း ဖိတိုက်နေသူများသည် သွားတိုက်ခြင်း အနုပညာ နားမလည်သူများ ဖြစ်၏။ ရှေ့ချည်းသာ အာရုံစိုက် တိုက်သည့်အခါ ဘေးဘက်ခြမ်းတွေမှာ သွားချေးတွေ တက်ကာ မြန်မြန် ကျိုးလိမ့်မည်ဟု ဒေါက်တာတမ်က သတိပေးသည်။
”ရှေ့၊ ဘယ်၊ ညာနဲ့ အတွင်းပိုင်းတွေကိုပါ စုံနေအောင် တိုက်ဖို့ လိုပါတယ်” ဟု ဒေါက်တာတမ်က လမ်းညွှန်သည်။
ရေချိုးရင်း သွားတိုက်ရင်
သတိထား
ရေချိုးရင်း သွားတိုက်တာ တစ်ချက်ခုတ် နှစ်ချက်ပြတ် အလုပ် ဖြစ်သောနည်းဟု လက်ခံထားကြသည်။ တစ်ကယ်တမ်းတွင်ကား ရေချိုးရင်း သွားတိုက်သည့် အခါ သွားတိုက်သည့် ကိစ္စကို သိပ်အာရုံမစိုက် ဖြစ်သောကြောင့် သွားစင်အောင် မတိုက်ဖြစ်မည့် အန္တရာယ်ရှိသည်။
”ရေချိုးရင်း သွားတိုက်မယ် ဆိုရင် မှန်ရှေ့ရပ်၊ ကိုယ့်မျက်နှာကိုယ် ကြည့်ပြီး တိုက်ပါ။ အဲဒီလိုမှ ကိုယ့်လက် လှုပ်ရှားမှုကို သတိထားမိပြီး သွားပွတ်တံ မှန်အောင် ကိုင်ဖြစ်မယ်။ နေရာစုံအောင် တိုက်ဖြစ်သွားမယ်” ဟု ဒေါက်တာတမ်က ပြောသည်။
Ref: Daily Mail
Messenger
http://www.searchmyanmar.com/link/comment/cid/53680
No comments:
Post a Comment