စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပါရမီ အချစ်




ပါရမီ အချစ်

မေတ္တာ ဆိုတဲ့ ပါဠိရဲ့ အနက်ကို ချစ်ခြင်းလို့ အနက် ပြန်ကြ ပါတယ်။ အချစ်က သုံးမျိုး ရှိပါတယ်။

၁။ ချစ်သူ အချစ်ရယ် ၂။ မိသားစု အချစ်ရယ် ၃။ ပါရမီ အချစ်ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။

ချစ်သူ အချစ်ဆိုတာ မိန်းမ ယောကျာ်း အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။

မိသားစု အချစ်ဆိုတာက မိဘနဲ့ သားသမီး ညီနဲ့အကို မောင်နဲ့နှမ စသည် မိသားစု အချင်းချင်း ချစ်ကြတဲ့ အချစ်မျိုးပါ။

ပါရမီ အချစ်ဆိုတာက တော့ သူတစ်ပါးရဲ့ အကျိုးကို ဖြစ်ထွန်းမူ့ကို လိုလားတဲ့ အချစ်ပါ ။ပါဠိလို ပြောရင် တော့ တဏှာ ပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာ ပေမရယ်ပါ။ မေတ္တာ ပါရမီမှာတော့ နောက်ဆုံး ဖြစ်တဲ့ မေတ္တာ ပါရမီကို ယူရမှာပါ။

ပါရမီ အချစ်ဟာ သူတစ်ပါး အကျိုးကို ငဲ့နေပါတယ်။ မိမိ အကျိုးကို မငဲ့ပါဘူး။ ကိုယ်က သူ့ကို ပါရမီ အချစ်နဲ့ ချစ်ဖြစ်နေရင် သူ ကြီးပွား စေချင်တယ် ၊တိုးတက် စေချင်တယ် ၊ အောင်မြင် စေချင်တယ်။ အစစ အရာရာ အဆင် ပြေစေချင်တယ်။ သူ့ဆီက ဘာတုံပြန်မူ့မှ မမျော်လင့် ပါဘူး ။ ဒါ- ပါရမီ အချစ်ရဲ့ သဘောတွေပါပဲ။

အကြောင်း တစ်ခုခုကြောင့် သိခွင့် ခင်ခွင့် ရကြတဲ့အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီ အချစ်နဲ့ ချစ်မယ်။ သူကလည်း ကိုယ့်ကို ပါရမီ အချစ်နဲ့ ချစ်မယ် နှစ်ဦး စလုံးရဲ့ ခင်မင်မူ့ဟာ အစဉ်အမြဲ ခိုင်မြဲနေတော့ မှာပါ။ တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ် ရဖို့ အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ် ရဖို့အတွက်လည်း သူကကူညီမယ် ဆိုရင် ပါရမီ အချစ်က နိဗ္ဗာန် အထိတောင် ကျေးဇူးပြု နေတော့တာပါ။

တစ်စုံတစ်ယောက်ကို ကိုယ်က ချစ်တယ်ဆိုရင် ပါရမီ အချစ်နဲ့ ချစ်ပြီး နိဗ္ဗာန်ရဲ့ အထောက်အပံ့တွေ အခါ အားလျော်စွာ ဖန်တီး ပေးနေ နိုင်ရပါမယ်။ ဒီလိုပါပဲ၊ သတ္တ၀ါ အားလုံး အပေါ်မှာ ပါရမီ အချစ်နဲ့ ချစ်နိုင်ရမှာ ဖြစ်သလို၊ ချစ်သူ အချင်းချင်း မိသားစု အချင်းချင်း မှာလည်း ပါရမီ အချစ် ပါတဲ့ အချစ်တွေ တွဲ တွဲ ပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူ အချင်းချင်း ချစ်နေကြတဲ့ နေရာမှာ တဏှာ ရာဂကို အခြေခံတယ် ဆိုပေမဲ့ သူကုသိုလ် ဖြစ်ဖို့ ကိုယ်က ဖန်တီးပေး နေမယ်။ ကိုယ် ကုသိုလ် ဖြစ်ဖို့အတွက် သူက ဖန်တီး ပေးနေမယ် ဆိုရင် ချစ်သူ နှစ်ယောက်အတွက် ရန်ဖြစ်တယ်၊ မုန်းတယ် ဆိုတာ တွေဟာ အိပ်မက်ထဲမှာတောင် ရှာလို့ ရတော့မှာ မဟုတ်တော့ ပါဘူး။

ပြီးတော့ ကိုယ့်ရဲ့ မိသား စုဘ၀လေးဟာ ငြိမ်းငြိမ်း ချမ်းချမ်းလေး ရှိနေရုံတင် မကပဲ တရားထူး တရားမြတ် ရဖို့လည်း အထောက် အပံ့တွေ ဖြစ်နေ တော့မှာပါ။ အဆင်မပြေမူ့ တွေဖြစ်တယ်ဆိုတာ တဏှာပေမ အချစ်လောက်နဲ့ပဲ ချစ်နေကြလို.ပါ။ ပါရမီ အချစ် မပါကြ လို့ပါ။ ဒီသဘောလေးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲ နေဖို့ ပါရမီ အချစ်လေးပါ တွဲ ပါပေးရပါတယ်။

တစ်ချို့ မိသားစုတွေမှာ အဆင်မပြေ ဖြစ်တယ် ဆိုတာလည်း ပါရမီ အချစ် မပါ ကြလို.ပါ။ ကိုယ့်မှာ ပါရမီ အချစ်သာ ရှိနေရင် တဖက်က မသိလို့ မှားတဲ့ အမူအရာကို ပြဦးတော့ သူ.ကို ကိုယ်က ဒေါသမထွက်ပဲ “သြော်..သူမသိလို့ ပဲလေ” ဆိုပြီး ခွင့်လွတ်ပြီးသား ဖြစ်နေ တတ်ပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြသနာကို တရား သဘောလေးနဲ့ ဖြေရှင်း တတ်သလို အမှား ပြုသူ တစ်ဖက်သား ကိုလည်း တရားနဲ့ ပြန်လည် ဖေးမ တတ်ပါသေးတယ်။

ပြသနာ တစ်ခုခု ဖြစ်လာပြီ ဆိုရင် ကိုယ်ဖတ်ခဲ့ နာခဲ့ ကျင့်ခဲ့တဲ့ တရားတွေ ပြန်အာရုံပြုပြီး တရားသဘောနဲ့ ပြန်ဖြေရှင်းရ ပါတယ်။ တကယ်လို့ မတရားတဲ့ သဘောနဲ့ ပြန်ဖြေရှင်းခဲ့ရင် မတရားတဲ့ ဆိုးကျိုးတွေပဲ ပြန်ဖြစ်တော့တာပါ။ မတရားတဲ့ တုံ့ ပြန်မူ့ တွေဟာ တစ်ဘက်သားမှာ တစ်သက်တာ စိတ်ဒဏ်ရာ ရသွားစေတာပါ။ တစ်သက်တာ ရသွားတဲ့ စိတ်ဒဏ်ရာကို ပြန်ကုဖို့ ခက်သွားပါပြီ။ ဘ၀ဆိုတာ အမြဲတမ်း အဆင်ပြေ မနေ နိုင်ပါဘူး။ တစ်ချိန်ချိန် ကာလ တစ်ခုခုမှာ ကြီးမားတဲ့ အဆင်မပြေ မူ.ကြီးတွေ ဖြစ်လာ နိုင်ပါတယ်။ အဲဒီ အချိန်မျိုးမှာ ကိုယ် ပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူတွေက ကိုယ့်အနားကို ပြေးလာကြမှာပါ။

ဘ၀မှာ ကိုယ်က ပါရမီ အချစ်နဲ့ ချစ်ခဲ့ရသူ မရှိခဲ့ဘူး။ ကိုယ့်ကြောင့် စိတ်ဒဏ်ရာ ရစေခဲ့တဲ့ သူတွေပဲ ရှိခဲ့တယ် ဆိုရင် ဘယ်လို လုပ်မလဲ။ အဲဒီ အဆင်မပြေမူ. တွေနဲ့ပဲ သေသွားမယ်ဆိုရင် တရားလည်း မကပ်လိုက်နိုင်ရင် မကောင်းတဲ့ ဂတိ တစ်ခုခုကို ရောက်သွား နိုင်ပါတယ်။

ပုထုဇဉ်တွေရဲ့ သဘောက ကိုယ့်အမှားကို ကိုယ်ပြန်မြင်ခဲ ကြပါတယ်။ အဲဒီ အခါမျိုးမှာ ကိုယ့်ကို ပါရမီ အချစ်နဲ့ ချစ်သူ ၊ဒါမှမဟုတ် မိတ်ကောင်း ဆွေကောင်း တစ်ဦးဦးက ကိုယ့်အမှားကို မြင်ပြီး ပြုပြင် ပေးတဲ့အခါ၊ ပြုပြင်ပေးတဲ့ အတိုင်း လက်ခံ ကျင့်သုံး ရပါတယ်။ မိတ်ဆွေကောင်းတွေ ဥပက္ခာပြု သွားအောင် ပြုပြင်ဖေးမမူ.ကို မျက်ကွယ် မပြုရပါဘူး။ အလေးအနက်ထား ကျင့်သုံး ပေးရပါတယ်။ ဒီတော့ ပါရမီ အချစ်ဆိုတာ လူတိုင်း လူတိုင်းအတွက် လိုအပ်နေ တော့တာပါ။ မေတ္တာ ဆိုတာ ကိုယ်ချစ်တဲ့ သူတွေကို ထိုင်ပြီး ပွားနေတာ နဲ့တင် မလုံလောက် သေးပါဘူး။ ထိုင်ပြီး ပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ ပြောရရင် မနောကံ မေတ္တာပါ။ ပွားမေတ္တာ နဲ့အတူ ထားမေတ္တာ ကိုလည်း ကျင့်သုံး နိုင်ရပါမယ်။

သူတစ်ပါး အကျိုးရှိ စေမဲ့ စကားလေးတွေ ပြောပြပေးတာ၊ သူတစ်ပါး အကျိုးရှိ စေမဲ့ အလုပ် ကလေးတွေ ပြုလုပ်ပေးတာ တွေပါ။ ကံအနေနဲ့ ပြောရင်တော့ ၀စီကံ မေတ္တာနဲ့ ကာယကံ မေတ္တာပါ။ ဘယ်လို စကားမျိုးပဲ ပြောရပြောရ မေတ္တာနဲ့ ပြောပေးတာ၊ ဘယ်လို အလုပ်ပဲ လုပ်ရလုပ်ရ မေတ္တာနဲ့ လုပ်ပေးတာ၊ မြန်မာလို ပြောရင် သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး ပြောပေးတာ၊ သူတစ်ပါး အကျိုး ငဲ့ငဲ့ပြီး လုပ်ပေး တာတွေပါ။ ဒါတွေဟာ ထားမေတ္တာ တွေပါပဲ။

တစ်နေ. တစ်နေ. လူမျိုးစုံနဲ့ ဆက်ဆံနေ ကြရတာ ဆိုတော့ ကိုယ်က မေတ္တာ ပါပါလေးသာ ပြောဆို ပြုမူပေးရင် သူတစ်ဖက်သားမှာ အဆင်ပြေပြီး စိတ်တွေ ချမ်းသာ သွားတာပါ။ သူတင်လားဆို ကိုယ်လည်း ထပ်တူ စိတ်ချမ်းသာ ရပြန်တာပါ။ ကိုယ်ကျိုးကို ငဲ့ထားရင် စကားပြောတာ ကအစ ပေါ့ပေါ့ပါးပါး မရှိတော့ပါဘူး။ ဘာဖြစ်လို.လဲ ဆိုတော့ စကားပြောတဲ့ အခါတိုင်း “ငါ့အတွက် ”ဆိုတာကြီးက ရင်ထဲမှာ ရှိနေတာ ဆိုတော့ ပြောရတာ မလွတ်လပ် တော့ပါဘူး။

တကယ်တော့ ဒါတွေဟာ ဘာမှ မခက်ပါဘူး။ အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတာ နဲ့ “ငါ ဒီနေ. ဘယ်သူ နဲ့ပဲ တွေ.တွေ. မေတ္တာပါတဲ့ စကားလေးတွေပဲ ပြောပေးမယ်၊ မေတ္တာပါတဲ့ အလုပ်လေးတွေ ပဲလုပ်ပေးမယ်”လို့ စိတ်ထဲက သုံးကြိမ်လောက် အဓိဋ္ဌာန် ထားလိုက်ရင် လူတစ်ယောက်နဲ့ ဆက်ဆံလိုက် ရတာနဲ့ မေတ္တာ ဆိုတာလေးကို ပြေးသတိရ တော့တာပါ။

တစ်လလောက် လေ့ကျင့်ပြီး ကျင့်သုံး ကြည့်လိုက်ရင် နောက်ပိုင်း ဆက်ဆံမူ့ တွေဟာ မေတ္တာ ပါပြီးသား ဖြစ်နေတော့မှာပါ။ တစ်ခုတော့ ရှိပါတယ်။ ပုထုဇဉ် တွေဆိုတော့ ကိုယ့်ရဲ့ စိတ်ဟာ အမြဲတမ်းတော့ ဖြူဖွေး သန့်စင် မနေနိုင် ပါဘူး။ တစ်ခါတစ်လေ အာရုံဆိုး တစ်ခုခုကြောင့် ညစ်ထေးသွား တတ်တာတွေလည်း ရှိပါတယ်။ အဲဒီလို အခါမျိုး မှာ “ ငါ မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ ၊ငါက မေတ္တာ ပါရမီ ဖြည့်ကျင့်ချင်သူ” ၊လို့ ဆက်ကာ ဆက်ကာလေး ဆင်ခြင်ပေး လိုက်ရင် ပါရမီ ဓတ်တွေ ရင်ထဲကို ပြန်ရောက်လာတာ များပါတယ်။

ပါရမီ အချစ်ရဲ့ သဘောက သူတစ်ပါး အကျိုးကို ငဲ့ပါတယ်။ မိမိ အကျိုးကို လုံးဝ မငဲ့ပါဘူး။ ကိုယ်က အခြေခံ သဘောလေး ကို အာရုံပြုထား နိုင်ရပါမယ်။ ဒီတော့ ပါရမီ အချစ်နဲ့ ချစ်နိုင်ဖို့ အသက်ရှင်နေသူ တစ်ဦးချင်း ဆီမှာကို တာဝန်ရှိပါတယ်။ အားလုံး အားလုံးဟာ ပါရမီ အချစ်တွေနဲ.သာ ချစ်နေကြမယ်ဆိုရင် ရုပ်ဝတ္တုတွေ အလျင်အမြန် မတိုးတက်ဦးတော့ စိတ်ပိုင်းဆိုင်ရာတော့ အစဉ်သဖြင့် ငြိမ်းအေး နေမှာပါ။ အဲဒီ ငြိမ်းချမ်းမူ. ကို အခြေခံပြီး ၀ိပဿနာ ဘက်ကို ကူးလိုက်ရင် တကယ့် ပန်းတိုင် အစစ်ရဲ့ လမ်းကြောင်းပေါ်ကို တန်းကနဲ ရောက်သွားတော့ မှာပါ။

သတ္တ၀ါ အားလုံး ပါရမီ အချစ်တွေနဲ့ ပဲ ချစ်နေနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ မဖြစ်နိုင်သူ တွေကြားထဲမှာ ချစ်တဲ့ စာဖတ်သူ တစ်ယောက်ကတော့ ဖြစ်နိုင်သူ တစ်ယောက် ဖြစ်နိုင်အောင် ကြိုးစားကြ ရပါမယ်။

ပါရမီ အချစ်နဲ့ မချစ်ဖူးကြ သေးလို့သာ တစ်ခြား အာရုံတွေကို စိတ်ညွတ် နေကြတာပါ။ ပါရမီ အချစ်ကို ချစ်ဖူး ပြီးသွားရင် ကုန်ခဲ့သမျှ အချိန်တွေကိုတောင် ပြန်နောင်တရ နေတော့မှာပါ။

ပုထုဇဉ်ဆိုတော့လည်း ကိလေသာလေး တွေက ရှိနေသေးတာ ဆိုတော့ အမြဲတမ်း ပါရမီ အချစ်နဲ. ချစ်နေနိုင်ဖို. ဆိုတာကတော့ မလွယ်ပါဘူး။ ပါရမီ အချစ်နဲ့ နီးလိုက် ဝေးလိုက်တော့ ဖြစ်နေမှာပါ။ ဒါပေမဲ့ ကိုယ်က အဲဒီ နီးနေတဲ့ သဘောလေး ဝေးနေတဲ့ သဘောလေးကို သတိနဲ့ ပြန်သိနေဖို့ ပါပဲ။

ဘာပဲပြောပြော တွေ.ကြဆုံကြ အခိုက်လေးမှာ အပြန်အလှန် ကိုယ်စီ ပါရမီ အချစ်ကလေး တွေနဲ့ ချစ်နေဖို့ ပါပဲလေ။

မှီခိုကျမ်းကိုး-

- ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)၏”ပါရမီ အချစ်”ဓမ္မဆောင်းပါး ။ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်း စက်တင်ဘာ ၂၀၀၇

နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။ မေတ္တာဖြင့်-Aye Aye Cho

http://www.searchmyanmar.com/link/comment/cid/52698

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...