စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်ဖို့ လျှို့ဝှက်ချက်များ ၁




လုပ်ငန်းခွင်မှာ အောင်မြင်ပြီး ဘ၀မှာ ပျော်ရွှင်ဖို့ဆိုတာ မတော်တဆ တိုက်ဆိုင်လို့ ရလာတဲ့အရာမဟုတ်ပါဘူး။ စနစ်တကျ လေ့လာကျင့်ကြံမှုရဲ့ အသီးအပွင့်တွေပါ ။ ကျားမ အသက်အရွယ် မရွေး အခုထက် အောင်မြင်မှုရဖို့အတွက် ဆရာသမားတွေရဲ့ လျှို့ဝှက်ချက်တွေကို နည်းနည်းချင်းစီ ဖော်ပြဖို့ ၇ည်ရွယ်ထားပါတယ်။ အဲဒါတွေထဲက ပထမဆုံးအချက်ကတော့

မိမိကိုယ်ကိုလေးစားပါ

ကိုယ့်ကိုယ်ကိုမှ မလေးစားရင် သူတပါးက လေးစားမယ်လို့ မထင်ပါနဲ့၊ မိမိကိုယ်ကို လေးစားမှုဟာ အောင်မြင်မှုအတွက် အခြေ ခံကျဆုံးသော့ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လေးစားတော့ ကောင်းတာတွေပဲ ရွေးလုပ်မယ်။ ဒါနဲ့ပဲ တဆင့်ထက်တဆင့် မြင့်သထက် မြင့်လာပါလိမ့်မယ်။ မခက်ဘူးဆိုပေမယ့် သိပ်လည်းမလွယ်လှတဲ့ ဒီအလုပ်ကို အခုပဲ စလိုက်ရအောင်။

လက်တွေ့လုပ်ဆောင်ရမည့် အချက်များ

(၁) လုပ်ဖော်ကိုင်ဘက်များ အထက်အောက်လူကြီးများကို အမြဲပြုံး နှုတ်ဆက်ပါ။
ပြုံးခြင်းသည် စိတ်ချမ်းသာကျေနပ်မှုကို ပြသည်။ မိမိကိုယ်ကို
လေးစားယုံကြည်ခြင်း၊ စိတ်ထက်သန် တက်ကြွခြင်းကို ပြသည်။
ရွှင်လန်းတက်ကြွသူအား လူအများ နှစ်သက်အားရစမြဲဖစ်သည်။
တကယ်အောင်မြင်နေသူများ အောင်မြင်မှု၏ အသီးအပွင့်ကို ခံစားနေရသူများသည်
အလုပ်ခွင်တွင် ဆုံမိသမျှလူတိုင်းကို ပြုံးပြီးနှုတ်ဆက်ကြစမြဲဖြစ်သည်။

(၂)တယ်လီဖုန်းဖြင့် စကားပြောသည့်အခါ သင့်စကားသံထဲမှာ
ချိုသာမှုအပြုံးပါပါစေ။ ဖုန်းဆက်သည့်အခါ သင့်အမည်ကို
တတ်နိုင်သမျှအရင်ဆုံးပြောပါ။ အကယ်၍ တစ်ဖက်လူသည် သင့်အားမသိသေးသူဖြစ်က
သင်သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း မှန်းဆ၍ ရနိုင်မည့်အချက်အလက်တချို့နှင့်
သင်ဆက်သွယ်ရမည့်အကြောင်းအရင်းတို့ကို တိုတိုတုတ်တုတ်ပြောဆိုပါ။
ထိုသို့ပြောခြင်းဖြင့် သင်သည် ယဉ်ကျေးရည်မွန်သူဖြစ်သကဲ့သို့
လူတစ်ဖက်သားအား လေးစားအားနာတတ်သူဖြစ်ကြောင်းလည်း တစ်ဖက်လူ
ခံစားသိရှိမည်ဖြစ်သည်။
သူတပါးကို လေးစားစွာ ဆက်ဆံလျှင် သင်လည်း လေးစားစွာပင် တုံ့ပြန်ဆက်ဆံခြင်း ခံရပေမည်။

(၃) သင့်အားချီးကျူးသူကို ကျေးဇူးတင်စကားဆိုရန် မမေ့ပါနှင့်။
ချီးကျူးခံရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ ဟာ အလကားပါဗျာ၊ ဘာမှ
မဟုတ်ပါဘူး၊ ကျွန်တော့်ကြောင့်ဖြစ်တာမဟုတ်ပါဘူး စသဖြင့် ချီးကျူးခံရသော
မိမိလုပ်ရပ်ကိုဖြစ်စေ၊ မိမိကိုယ်ကိုဖြစ်စေ သေးသိမ်သွားအောင်
နှိမ့်ချပြောဆိုခြင်း မပြုသင့်။ သူတစ်ပါးချီးကျုးကာမှ မိမိလုပ်ရပ်၊
သို့မဟုတ် မိမိကိုယ်ကို ဂုဏ်ဖော်ကာ အကျယ်ချဲ့ပြောဆိုနေခြင်းမျိုးလည်း
မပြုသင့်။ ချီးကျူးစကားဆိုသူအား “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်” ဆိုတာလောက်သာ
ပြောခြင်းသည် မပိုမလို အနေတော်ပင်ဖြစ်သည်။

(၄) သူတပါးတို့အား နာမည်ပြောင်ပေးသည့် အလေ့အထကို ရှောင်ကြဉ်ပါ။ မိမိကို
နာမည်ပြောင်ပေးလာလျှင်လည်း လက်မခံပါနှင့်။ သင့်ကိုယ်ပေါ်၌ ၄င်းနာမည်ပြောင်
တွယ်ကပ်မနေအောင် (ပဋိပက္ခ မများသောနည်းဖြင့်) ဖယ်ရှားပစ်ပါ။
နာမည်ပြောင်ဟူသည် လူတစ်ယောက်အား အနည်းနှင့်အများ သေးသိမ်စေသော သဘောရှိရာ
နာမည်ပြောင်ကြောင့် သင့်အပေါ် အများ၏လေးစားမှုသာမက
သင့်ကိုယ်သင်လေးစားယုံကြည်မှုပါ အနည်းနှင့်အများ
ထိခိုက်လျော့ပါးစေနိုင်ပေသည်။

(၅) လုပ်ငန်းဌာနအတွင်း အုပ်စုငယ်ကလေးများ ဖွဲ့စည်းခြင်းကို ရှောင်ကြဉ်ပါ။
အထူးသဖြင့် အရှုံးစိတ်သန်သူများနှင့် ရောနှောပေါင်းဖက်ခြင်းမပြုမိအောင်
သတိထားပါ။ ထက်သန်တက်ကြွကာ လုပ်ငန်းခွင်၌အောင်မြင်နေသူများကို
အတုယူနည်းမှီးနိုင်ရန် အားထုတ်ပါ။

(၆)
နေ့စဉ်နံနက်တိုင်း ငါသည် တန်ဖိုးမဖြတ်နိုင်သော
ပုဂ္ဂိုဟ်တစ်ယောက်ဖြစ်သည်။ ငါသည် အကန့်အသတ်မရှိသော စွမ်းအားများကို
ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်သည် ဟူ၍ စိတ်မှ ရွတ်ဆိုရင်း တစ်နေ့တာဘ၀ကို
အစပြုပါ။
မိမိကိုယ်ကို လေးစားယုံကြည်ခြင်းစိတ်များ
တစ်နေ့တခြားတိုးပွားလာပါလိမ့်မည်။ မိမိကိုယ်ကို လေးစားခြင်းသည်
အောင်မြင်မှု၏ အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်သည်။

ဒါတွေကတော့ ဆရာဖေမြင့်ရဲ့ အောင်မြင်မှု၊ ချမ်းသာသုခနှင့် ဓနဥစ္စာ စာအုပ်ထဲက ထုတ်နှုတ်ထားတာတွေပါ။ မဖတ်ရသေးသူတွေအတွက် အမြည်းလည်းဖြစ်၊ အကျိုးလည်းရှိစေမှာမို့ နောက်ပို့စ်တွေမှာလည်း ဆက်ပြီးဖော်ပြသွားပါဦးမယ်။

သူငယ်ချင်းအားလုံး အောင်မြင်ပျော်ရွှင်တဲ့ဘ၀ကို ရရှိကြပါစေ..
စုပြည့်စုံ
http://www.searchmyanmar.com/link/comment/cid/52699

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...