စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရေခဲတောင်များတွင် ရှီးပဒီးရှာဖွေခြင်း

ရှီးပဒီးကောက်သည့် ရေခဲတောင်များ/ဓာတ်ပုံ − ဂျိုး
 
မကြာသေးမီက ရှစ်ရက်ကြာအောင် ခြေလျင်ခရီးနှင်ခဲ့ရသည့် မဒွယ်ရေခဲတောင်မှ ရဝမ်တိုင်းရင်းသူ မဆိန်းရမ်တစ်ယောက် ပြန်လာခဲ့သည်။ သူမနေထိုင်ရာရွာမှ အပေါင်းအဖော်များနှင့် ရေခဲတောင်သို့သွားခဲ့ရသည့် အကြောင်းရင်းမှာ တစ်ခုတည်းဖြစ်သည်။
အားဆေးအတွက် ဈေးကောင်းပေးဝယ်လေ့ရှိကြသည့် ရှီးပဒီးကောက်ရန်ဖြစ်သည်။ အိမ်ခြေ ၇၀ကျော်သာရှိသော မလိခေါမ်ကျေးရွာမှ ရှီးပဒီးသွားကောက်ကြသူများအနက် လက်ချိုးရေတွက်ရသည့် အမျိုးသမီးဦးရေတွင် မဆိန်းရမ်လည်းအပါအဝင်ဖြစ်သည်။

မိသားစုဝင်ငွေကို ပခုံးထမ်း ရှာဖွေပေးနေရသည့် မဆိန်းရမ်က တစ်နှစ် တစ်ခေါက်သွားလျှင် သိန်းနှစ်ဆယ်ကျော် အနည်းလေးရတတ်သည့် ရှီးပဒီးကောက်သည့်အလုပ်ဖြင့် မိသားစုကို ရှာကျွေးနေသည်မှာ ရှစ်နှစ်တာရှိပြီဖြစ်သည်။

ရှီးပဒီးသည် အားဆေးဖော်စပ်ရာတွင် နာမည်ကြီးပြီး ဈေးကောင်းပေးဝယ်ကြသည့် ရေခဲတောင်များတွင်သာ တွေ့ရသည့် အကောင်တစ်မျိုးဖြစ်သည်။ ရေခဲတောင်တွင် ရေခဲများအရည်ပျော်ချိန်၌သာ တွေ့ရတတ်သဖြင့် မဆိန်းရမ်တို့လို ရှီးပဒီးရှာဖွေသူများက ရေခဲပျော်ချိန် ဧပြီလလောက်ဆိုလျှင် ရွာမှထွက်ခွာကြသည်။ ဇူလိုင်လလောက်အထိ သုံးလကျော်ကြာအောင် ရာသီဥတုကြမ်းတမ်းသည့်ဒဏ်၊ ခရီးလမ်းကြမ်းသည့် ဒဏ်ကို ခါးစည်းခံရင်း ရှီးပဒီးများ ရလာတတ်သည်။

ရှီးပဒီးစုဆောင်းသူများက အကောင်အဆင့်မှာပင် ရှာဖွေကြပြီး ထိုရေခဲတောင်နေရာများမှာပင် ယာယီတဲငယ်များထိုးကာ နေထိုင်ပြီး အခြောက်လှမ်းယူကြသည်။ ရှီးပဒီးကို တရုတ်နိုင်ငံ ဈေးကွက်သို့ အဓိက ဦးတည်ရောင်းချကြပြီး အချို့ကလည်း ပူတာအိုအထိ လာရောက်ဝယ်ယူကြသည့် အရောင်းအဝယ်သမားများမှ တစ်ဆင့်ပြန်လည်ရောင်းချကြသည်။
အချို့က ရှီးပဒီကို ဆေးဖက်ဝင်သည်ဟုဆိုကာ ကြက်သားဖြင့်ချက်စားကြသည်။ အချို့ကအရက်ဖြူဖြင့် စိမ်ကာသောက်ကြသည်။

အချို့မှာ အခြားဆေးမြစ်များနှင့်အတူ ပျားရည်ဖြင့် စိမ်ပြီးသောက်ကြသည်။
ရှီးပဒီးတစ်ဆယ်သားလျှင် ဈေးကောင်းရပါက ကျပ်ဆယ်သိန်းကျော်အထိ ဈေးရတတ်ပြီး ယခုနှစ်တွင်တော့ ဈေးမကောင်းသဖြင့် ကျပ်ငါးသိန်းသာရသည်။  ထို့ကြောင့် ရှီးပဒီးများများ စုဆောင်းနိုင်လေ ဝင်ငွေတိုးလေဖြစ်သဖြင့် မဆိန်းရမ်တို့လို ပူတာအိုမြို့နယ် ရွာတော်တော်များများမှ ဒေသခံများသည် ရေခဲတောင်များသို့ ရှီးပဒီးအရှာထွက်သည့်အလုပ်ဖြင့် အသက်မွေးကြသည်။

အများစုကတော့ အမျိုးသားများသာဖြစ်ပြီး ခက်ခဲသည့် ခရီး၊ကြမ်းတမ်းလှသည့် ရာသီဥတုကြောင့် အမျိုးသမီးတော်တော်များများက မသွားနိုင်ကြပေ။
ပူတာအိုနှင့် ရှစ်မိုင်ခန့်သာ ဝေးကွာသည့် မဆိန်းရမ်တို့ မလိခေါမ်ကျေးရွာမှ ရွာသူရွာသား သုံးပုံနှစ်ပုံခန့်သည် ရှီးပဒီးရှာဖွေသည့် အလုပ်ဖြင့် စားဝတ်နေရေး အတွက် ဖြေရှင်းနေကြရကြောင်း ရွာလူကြီးတစ်ဦးကပြောသည်။

ကျေးရွာတွင် အလုပ်အကိုင် မရှိသည့်အတွက် ရှီးပဒီးကောက်ခြင်းသာပဲ ၎င်းတို့အတွက်အဓိကအလုပ်အကိုင်ဖြစ်နေကြောင်းကို ‘‘ဒီမှာကအလုပ်အကိုင်မရှိဘူး။ ရှီးပဒီးကောက်တာပဲ’’ဟု မဆိန်းရမ်က ရ၀မ်စကားဖြင့်ပြောသည်။
ပူတာအိုမြို့နယ်မှသည် အိန္ဒိယနယ်စပ်ထိအောင် ကွာဝေးလှသည့် ရေခဲတောင်များထံအရောက်သွားရသည့် ခရီးလမ်းက ကြမ်းတမ်းလှသည်။

ရေခဲတောင်တွင် နေထိုင်စဉ်စားသောက်ရန် အစားအသောက် အသုံးအဆောင်များကို ကိုယ်တိုင် ထမ်းပိုးသယ်ဆောင်သွားမှသာ အဆင်ပြေသည်။
မဆိန်းရမ်တို့လို မိန်းမသားပင်ဖြစ်သော်လည်း ကိုယ်စားမည့် တစ်တင်းခွဲဆန်အိတ်၊ ဆီ၊ ဆား၊ဆေးဝါးနှင့် အနွေးထည်စောင်တို့ကို များများသယ်ဆောင်သွားနိုင်မှသာ လုံလောက်သည်။  ယင်းအရာများကို ကိုယ်တိုင်ထမ်းပိုးရသဖြင့် ကြံ့ခိုင်မှုရှိရန်လိုအပ်ကာ တော်ရုံလူတွေအတွက်တော့ တွေးတောင် မတွေးဝံ့သည့် ခရီးဖြစ်သည်။

‘‘အမှန်ဆိုရင် ဒီလမ်းခရီးက မိန်းကလေးတွေ မသွားသင့်ဘူး။သူတို့လည်း ၀င်ငွေရတာက ဒီအလုပ်ပဲရှိတဲ့အတွက် သွားကြတာပဲ။ တော်တော်စွန့်စားရ တယ်။ တချို့ယောက်ျားလေးတွေ တောင် လမ်းခရီးကြမ်းလွန်းတော့ငိုတယ်’’ဟုအဆိုပါဒေသသို့ ရှီးပဒီးသွားကောက်ပြီး ပြန်လာခဲ့သည့်ဦးအရမ်ကပြောသည်။

အဆိုပါဒေသတွင် ရေခဲသာရှိသည့်အတွက် ထမင်းဟင်းချက်ရာ၌ အသုံးပြုသည့်ရေကို ရေခဲကိုသာ ပြန်ကျိုချက်ရသည်။ အေးခဲလွန်းလှသည့်အတွက် ရေချိုးရန်လည်းမလွယ်။
ရှီးပဒီးသွားကောက်ရင်း မမျှော်လင့်ဘဲ အသက်လည်း ဆုံးရှုံးနိုင်သည်။ ရေခဲတောင်မှ အခန့်မသင့်ဘဲ ခြေချော်ကာ ကမ်းပါးမှ ပြုတ်ကျသေဆုံးသူများ၊ ဒဏ်ရာရသူများလည်းရှိကြောင်း ဦးအရမ်က သူ၏အတွေ့အကြုံကို ရှင်းပြသည်။

‘‘ရေမချိုးကြဘူး။ အိုင်ကြီးကြီးတွေပဲရှိတာ။ အိုင်တွေမှာလည်း လက်ညှိုးထည့်လို့တောင်မရဘူး။ ချမ်းလွန်းတော့’’ဟု ဦးအရမ်က သူ၏ရေခဲတောင် အတွေ့အ ကြုံအချို့ကို ပြောသည်။
တစ်ခါတလေနှင်းဖုံးလွှမ်းလွန်းသည့်အတွက် လမ်းခရီးမမှတ်မိတော့ကာ လမ်းပျောက်သည်မှာလည်း မကြာခဏကြုံခဲ့ရသည်။

တစ်ခါတစ်ရံတွင် အိန္ဒိယ နယ်စပ်သာမက အိန္ဒိယနိုင်ငံထိဝင်ပြီး ကောက်ရသည့်အတွက် တစ်ခါတစ်ခါ အိန္ဒိယစစ်သားများ နှင့် တွေ့လျှင်လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ရသည့်အတွက် ထွက်ပြေးရသည်များလည်းရှိကြောင်း ဦးအရမ်ကပြောသည်။

အကယ်၍အဖျားကြီးလျှင်လည်း ပါလာသည့် ဆေးဝါးများဖြင့် အဖျားမပျောက်နိုင်ပါက ပူတာအိုအထိပြန်လာဖို့လည်းမလွယ်ကူ ပေ။ ယခုနှစ်ကမ်းပါးမှ ချော်ကျပြီး ဒဏ်ရာရသူ တစ်ဦးအား ပူတာအိုသို့ ထမ်းလာသူများ လမ်းခရီးတွင် နှစ်လကျော်ထိ ကြာမြင့်ခဲ့သည် ဟုဆိုသည်။
အသက်ကိုပင် ပဓာနမထားဘဲ စွန့်စွန့်စားစားရှိလှသည့် ရှီးပဒီးကောက်ခြင်းကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ရခြင်းမှာ  နေရပ်တွင် ဘာအလုပ်မျှ မည်မည်ရရလုပ်ကိုင်၍ မရသောကြောင့်ဟု ဒေသခံများက ဆိုကြသည်။

ရှီးပဒီးကောက် အတူတကွသွားကြရင်း သံယောဇဉ်ငြိတွယ်ကြကာ အိမ်ထောင်ပြုသွားကြသည့် ရှီးပဒီးကြောင့် ဖူးစာဖက်သွားကြသူများလည်းရှိသည်။


အခြောက်ခံထားသော ရှီးပဒီး
နှစ်စဉ် ရေခဲပျော်ချိန်ဖြစ်သည့် ဧပြီလရောက်လျှင် ပူတာအို နယ်မှ ထောင်နှင့်ချီသော ရှီးပဒီး ရှာသူများမှာ ရေခဲတောင်သို့ သွားရန်စိုင်းပြင်းကြတော့သည်။

တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ကြိမ်လျှင် သုံးလကျော် ကြာမြင့်သည့် ယင်းခရီးစဉ်အတွင်း အချင်းချင်းဖေးမရင်း ခက်ခဲကြမ်းတမ်းသည့် ရာသီဥတု၊ အသက်အန္တရာယ်များကို အန်တုကာ ရှာဖွေမြဲ ပင်။
မဆိန်းရမ်နှင့် ဦးအရမ်သို့နေထိုင်သည့် မလိခေါမ်ကျေးရွာသည် ၁၉၈၀ ၀န်းကျင်တွင် စိုက်ပျိုး ရေးစိတ်ဝင်စားသူများ စတင်စု စည်းပြီး နေထိုင်ရာမှ ဖြစ်လာသည့် ကျေးရွာဖြစ်သည်။ ပူတာအိုမှ ရှစ်မိုင်ခန့်သာ သွားရသည့် လမ်းခရီးဖြစ်သော်လည်း လမ်းခရီးအလွန်ဆိုးလွန်းသည့်အတွက် မိုးတွင်းကာလတွင် ဆိုင်ကယ်ဖြင့်အသွားအပြန် ၆ နာရီခန့်မောင်းနှင်ရသည့် လမ်းခရီးဖြစ်ကြောင်း အဆိုပါကျေးရွာမှ ဘာသာရေး ဆရာတစ်ဦးက ဆိုသည်။

‘‘ဒီလမ်းခရီးက မိုးတွင်းဆိုရင် မလွယ်ဘူး။ ဗွက်တွေများတော့ဆိုင်ကယ်နဲ့ဆို ဓာတ်ဆီလည်း အရမ်းကုန်တယ်’’ဟု ကျေးရွာမှ ဘာသာရေးဆရာတစ်ဦးက ဆိုသည်။
အဆိုပါကျေးရွာတွင် လမ်းခရီးကြမ်းတမ်းသည်သာမက ယခုအထိအစိုးရက ကျောင်းဖွင့်ပေးသည့် ကျောင်းလည်းမရှိသည့်အတွက် ကလေးများလည်း အခြား ရွာသို့ ၂ နာရီခန့်လမ်းလျှောက်သွားကာ ကျောင်းတက်နေကြရသည်။

ကျောင်းသားမိဘများက နံနက် ၄ နာရီခန့်တွင် ထမင်းဟင်းချက်ပြုတ်ကာ ကျောင်းသွားမည့်ကျောင်းသားများကို ကျွေးမွေးပြီး ကျောင်းသွားခိုင်းရသည်။
ထိုမျှမကဆေးခန်းလည်းမရှိသည့်အတွက် အဆိုပါဒေသရှိဒေသခံများသည် အဖျားကြီးလျှင် မလွယ်ကူလှသည့် လမ်းခရီးဖြင့် သွားပြီး ဆေးသွားကုကြရသည်။

ထိုကဲ့သို့သော အခက်အခဲများနှင့် ငွေရရှိရန် အလုပ်အကိုင် ရှားပါးသည့်အတွက် ဒေသခံများအများစုသည် မိမိတို့သားသမီးများ၊ ညီ၊ ညီမများအား ကျောင်းထားပေးရန်၊ စားဝတ်နေရေးပြေလည်ရန် တစ်နှစ်တစ်ကြိမ်ရှီးပဒီး သွားကောက်ခြင်းကို နှစ်စဉ် ကြိုးစားပမ်းစား သွားရခြင်းဖြစ်ကြောင်း ကျေးရွာမှအသက် (၇၀) ခန့်ရှိ ရပ်မိရပ်ဖ တစ်ဦးက ဆို သည်။
အခြား အလုပ်အကိုင်မရှိသည့်အတွက် ကျေးရွာများတွင်ရှိသည့် ဒေသခံအများစုသည် တစ်နှစ်လျှင် တစ်ကြိမ် ရှီးပဒီးသွားကောက်ရာမှ ရရှိသည့် ဝင်ငွေဖြင့်တစ်နှစ်လုံး စားသောက်ကြကြောင်း ရပ်မိရပ်ဖများကပြောသည်။

မည်သို့ပင် ခက်ခဲပါစေ၊ ငွေအလုံးအရင်းရသည့် အလုပ်သည် ယခုအလုပ်သာရှိသည့်အတွက် သူ့ မိသားစုစားရေးသောက်ရေးအတွက်၊ သူ့မောင်၊ ညီမများကျောင်းတက်ရောက်ရန် နောက်နှစ်တွေလည်း ရှီးပဒီးသွားကောက်သည့် အလုပ်ကို သွားဦးမည်ဖြစ်ကြောင်း မဆိန်းရမ်းက ဆိုသည်။
‘‘တခြားအလုပ်မရှိတဲ့ အတွက် နောက်နှစ်လည်း သွားဦးမယ်’’

http://www.7daydaily.com/story/42383

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...