စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“အလောင်းတော်သိဒ္ဓတ္ထမင်းသား ဘ၀ဖြစ်စဉ်”“နတ်ပြည်မှ စုတေတော်မူခြင်း”


 
ဒီပင်္ကရာ မြတ်စွာဘုရား၏ ဗျာဒိတ်ခံယူ ရရှိပြီးနောက် လေးအသေင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း
ပွင့်တော်မူသော၂၃-ဆူသော ဘုရားရှင်တို့၏ထံတော်တို့၌လည်းဆက်လက် ဗျာဒိတ်ခံယူကာ ပါရမီတော် တို့ကို ဖြည့်ကျင့်ခဲ့သည်။

အလောင်းတော်သည် ပါရမီများကို ဝေဿန္တရာမင်းဘ၀တွင် ပြည့်စုံစွာ ဖြည့်ကျင့်ပြီးနောက် တုသိတာနတ်ပြည်၌
“သေတကေတု”မည်သော နတ်သားဖြစ်လေသည်။ သက်တမ်းစေ့ နတ်စည်းစိမ်ခံစားပြီးနောက်
စုတေခါနီးသောအခါ စကြ၀ဠာတစ်သောင်း၌ ရှိကြသော နတ်ဗြဟ္မာတို့သည် အလောင်းတော်ထံ
စုဝေးရောက်လာကြ၏။“အရှင်နတ်မင်း - ဘုရားဖြစ်ဖို့ အချိန်တန်ပါပြီ၊
လူ့ပြည်၌ ပဋိသန္ဓေယူ၍ ဘုရားဖြစ်တော်မူပါ” ဟု တောင်းပန်ကြလေသည်။

“ကြည့်ခြင်းကြီးငါးပါး”
••••••••••••••••••••••••••••••
အလောင်းတော်နတ်မင်းသည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်ကို ချက်ချင်း ၀န်မခံသေးဘဲ
ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်တော်မူသည်။

(၁) ကာ (အခါကာလ) = လူတို့၏ အသက်တမ်း အနှစ်တစ်သိန်းမှ အောက် အနှစ်တစ်ရာ
အထက်၌သာ ဘုရားဖြစ်နိုင်သော အချိန်အခါ ဖြစ်သည်။

(၂) ဒီပ (ကျွန်း) = ကျွန်းကြီးလေးကျွန်းတွင် ဇမ္ဗူဒီပ ခေါ်တောင်ကျွန်း၌သာ ဘုရားပွင့်ရိုး ရှိသည်။

(၃) ဒေသ (အရပ်) = တောင်ကျွန်းတွင်လည်း မဇ္ဈိမဒေသ၌သာ ဘုရားပွင့်ရိုးရှိသည်။

(၄) ကုလ (အမျိုး) = မဇ္ဈိမဒေသတွင်လည်း ခတ္တိယ(မင်း)မျိုးနှင့် ဗြဟ္မဏ (ပုဏ္ဏား)မျိုးတို့၌သာ
ဘုရားပွင့်ရိုးရှိသည်။

(၅) မာတု အာယုပရိစ္ဆေဒ (မယ်တော်အသက်အပိုင်းအခြား)
= မယ်တော်ဖြစ်မည့်သူသည် သီလ စင်ကြယ်သူဖြစ်၍ ဘုရားအလောင်းဖွားပြီးနောက် (၇)ရက် ကြာလျှင်
နတ်ရွာစံရလောက်သော အသက် နေရှိရသည်၊ သည်ထက် ရှည်လည်း မရှည်ရ၊ တိုလည်း မတိုရ။

“လုမ္ဗိနီဥယျာဉ်၌ ဖွားတော်မူခြင်း”
•••••••••••••••••••••••••••••••••••••
ကြည့်ခြင်းကြီးငါးပါးကို ကြည့်ရှုဆင်ခြင်ပြီးသောအခါ“ဘုရားဖြစ်ရန် လူ့ပြည်၌ ပဋိသန္ဓေယူတော့မည်”
ဟု ၀န်ခံကတိပြုတော်မူလေသည်။ထိုသို့ ၀န်ခံပြီး မကြာမီပင် တုသိတာနတ်ပြည်မှ စုတေခဲ့သည်။

စုတေပြီးနောက် ကပိလ၀တ်ပြည် သာကီဝင်မျိုးတို့၏ ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင်ကြီး
မယ်တော် မာယာဒေ၀ီ၏ ၀မ်း၌ ပဋိသန္ဓေ တည်နေတော်မူသည်။
အလောင်းတော် ပဋိသန္ဓေတည်သည်နှင့် တပြိုင်နက် မြေငလျင်ကြီး ပြင်းစွာ တုန်လှုပ်လေသည်။

ပဋိသန္ဓေ တည်သောနေ့ကား မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြသပတေးနေ့
ဖြစ်သည်။ မယ်တော် မာယာဒေ၀ီသည် ဥပုသ်သီလ စောင့်သုံးလျက် ကျက်သရေတိုက်ခန်း၌
စက်တော်ခေါ်နေစဉ် အောက်ပါ အိပ်မက်ကို မြင်မက်သည်။

“နတ်မင်းကြီးလေးယောက်တို့သည် ဟိမ၀န္တာ၌ရှိသော အန၀တတ်အိုင်၌ မိမိအား ရေချိုးစေပြီးလျှင်
နတ်ဝတ်တန်ဆာများ ၀တ်ဆင်စေသည်။ထို့နောက် ငွေတောင်၌ အတွင်းရှိ ရွှေဗိမာန်ကြီးထဲ၌
အရှေ့ဘက်သို့ ဦးခေါင်းပြုလျက် အိပ်စက်စေကြလေသည်။ထိုအခါ ဆင်ဖြူတော်တစ်စီးသည် လက်ယာနံပါးကို ဖောက်ထွင်း၍ ၀မ်းတွင်းဝင်သကဲ့သို့ ဖြစ်သွားသည်”
ဟု အိပ်မက်မက်လေသည်။

“ကျူးရင့်ကြွေးကြော်သော စကားသုံးခွန်း”အလောင်းတော် သန္ဓေခ၍ ဆယ်လစေ့သော
ကဆုန်လပြည့်နေ့တွင် မယ်တော်မာယာသည် ဆွေမျိုးများရှိရာ ဒေ၀ဒဟပြည်သို့ ခရီးထွက်ခွာလေသည်။
ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ်တော်ရှိသည်။
အင်ကြင်းပန်းများ ပင်လုံးကျွတ် ဖူးပွင့်နေချိန်ဖြစ်၏၊ မယ်တော်မာယာသည် ဥယျာဉ်တော်အတွင်း
ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်၏အခက်ကို လက်တစ်ဘက်ဖြင့် လှမ်းကိုင်စဉ်မှာပင်
အလောင်းတော်မြတ်ကို ဖွားမြင်တော်မူခဲ့သည်။ထိုအခါ၌လည်း မြေငလျင်ကြီးစွာ တုန်လှုပ်ပြန်သည်။

ဖွားတော်မူလျှင် နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းတော်အား ပူဇော်ကြကုန်၏၊
ဘုရားအလောင်းမင်းသားသည် မြေပေါ်၌ ရပ်တော်မူလျက် အရပ်ဆယ်မျက်နှာကို ကြည့်တော်မူ၏၊
ထို့နောက် မြောက်အရပ်သို့ ခြေခုနှစ်လှမ်း လှမ်းကြွတော်မူ၏၊ ထို့နောက် တည့်တည့်မတ်မတ်
ရပ်တော်မူပြီးနောက် အောက်ပါ စကားသုံးခွန်းကိုမြွတ်ဆို ကျူးရင့် ကြွေးကြော်တော်မူသည်။
အဂ္ဂေါဟမသ္မိ လောကဿ - ငါသည် လောကတွင် အဦးဆုံးဖြစ်၏။ဇေဋ္ဌာဟမသ္မိ လောကဿ -
ငါသည် လောကတွင် အကြီးအကဲဆုံးဖြစ်၏။သေဋ္ဌောဟမသ္မိ လောကဿ -
ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။

ထို့နောက် မယ်တော်မာယာသည် သားတော်အလောင်းမင်းသားနှင့်အတူ ကပိလ၀တ် နေပြည်တော်သို့ ပြန်ကြွခဲ့လေသည်။

ဘုရားအလောင်းတော်ကို မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့၌ ဖွားတော်မူပြီး
ခုနှစ်ရက်မြောက်သောအခါ မယ်တော်မာယာစုတေ၍ တုသိတာနတ်ပြည်၌ ဖြစ်လေသည်။
 
-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist's Association】
-【ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဋ္ဌာန
“ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ”-】

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...