စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငရဲပြည်က စာ


တစ်နေ့မှာတော့ ဒေါ်မေသီ အိပ်မောကျနေတုန်း ကြောက်စရာကောင်းတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့ပါတယ်။ မီးပင်လယ်လို ပူလောင်နေတဲ့ ငရဲပြည်ကနေ စာပို့သမား ငရဲသားတစ်ယောက် ရောက်လာပါတယ်။ ဒေါ်မေသီကို နူးနူးညံ့ညံ့နဲ့ မနိုး နိုးအောင် နှိုးပါတယ်။ နိုးလာတဲ့အခါ ငရဲပြည်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်က သူ့အတွက် ရေးပို့လိုက်တဲ့စာကို ပေးဖတ်ပါတယ်။

သူငယ်ချင်း မေသီ,
ငါ အခု ငရဲပြည်ရဲ့ တံခါးဝမှာ အစစ်ခံနေရပြီ။
ဒီအချိန်မှာ ငါတွေးမိတာက ငါဒီကို ရောက်လာတာဟာ နင့်ရဲ့ အပြစ်မကင်းဘူးဆိုတာပဲ။
လူ့ပြည်မှာတုန်းက ငါနင်နဲ့ နေ့တိုင်းတွဲပြီး သွားလာနေတယ်။
ဒါပေမယ့် နင်ငါ့ကို လမ်းမှန်မပြောပြခဲ့ဘူး။
နိဗ္ဗာန်ဟာ မြင့်မြတ်တဲ့လမ်းဆိုတာ နင်သိတယ်။
ဒါပေမယ့် အဲဒီအကြောင်း နင်ငါ့ကို မရှင်းပြခဲ့ဘူး။
ငါဟာ အသိအမြင်နည်းတယ်။
နင်ငါ့ကို သွန်သင်ပဲ့ပြင်နိုင်ရဲ့သားနဲ့ လျစ်လျူရှုခဲ့တယ်။
တို့ တစ်ချိန်လုံး အတူရှိနေခဲ့ရဲ့သားနဲ့
နောင်ဘ၀ဆိုတာရှိကြောင်း နင်မရှင်းပြခဲ့ဘူး။
နင်ငါ့ကို အရေးမပါတဲ့အကြောင်းအရာတွေ မှန်ကန်ကြောင်း ရှင်းပြခဲ့တယ်။
ငါမသိတော့ နင့်ကို သူငယ်ချင်းကောင်းလို့ ထင်ခဲ့တယ်။
အခုငါနောက်ကျပြီးသိလိုက်ရတာ
နင် ငါ့ကို ဒီလိုကံကြမ္မာဆိုး မကြုံရအောင် လမ်းပြဖို့ ကောင်းခဲ့တယ်ဆိုတာ။
နင်နဲ့ငါ နေ့ရောညရော အတူတူ ရှိခဲ့ကြတယ်။
ဘာကြောင့် အလင်းရောင်အစစ်ကို ငါ့ကို မပြခဲ့တာလဲ။
နင်နဲ့ငါ ခင်မင်ရင်းနှီးခဲ့ကြတယ်၊ မေတ္တာထားခဲ့ကြတယ်၊ ကူညီခဲ့ကြတယ်။
ငါနင့်ကို မိတ်ဆွေစစ်လို့ သတ်မှတ်ခဲ့တယ်။
အခုတော့ ငါနားလည်လိုက်ပြီ။
နင်ဟာ ငါ့ရဲ့ မိတ်ဆွေ မဟုတ်ဘူး။
မေကြည်

စာကို ဖတ်ပြီးသွားတဲ့အခါ ဒေါ်မေသီ တုန်လှုပ်စွာနဲ့ လန့်နိုးလာပါတယ်။ အိပ်မက်ဟာ ဒေါ်မေသီ့ စိတ်ထဲမှာ တကယ်ဖြစ်ခဲ့သလို ကျန်နေပြီး ဇောချွေးတွေ ပြန်နေပါတယ်။ အိပ်မက်ရဲ့ အဓိပ္ပါယ်ကို နားလည်လာတဲ့အခါ ဒေါ်မေသီဟာ သူ့သူငယ်ချင်း ဒေါ်မေကြည်အပေါ်မှာ တရားဘက်ကို စည်းရုံးသိမ်းသွင်းဖို့ ပျက်ကွက်ခဲ့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာပါတယ်။ ဒီနေ့က စပြီး သူငယ်ချင်းဒေါ်မေကြည်ကို အကျိုးမရှိတဲ့ တောင်စဉ်ရေမရ စကားတွေ တတွတ်တွတ် ပြောဆို နှစ်သိမ့်နေမဲ့အစား နိဗ္ဗာန်ရောက်ကြောင်းတရားတွေ စည်းရုံးဟောပြောတော့မယ်လို့ ဒေါ်မေသီ ဆုံးဖြတ်လိုက်ပါတယ်။

အချိန်ကို ကြည့်လိုက်တော့ မနက် ၇ နာရီ ထိုးနေပြီ။ ဒေါ်မေကြည်က ဒီအချိန်ဆို အိပ်ရာမထတတ်သေးပေမယ့် အချိန်မဆိုင်းတော့ဘဲ ဒေါ်မေသီ ဖုန်းဆက်လိုက်ပါတယ်။ ဒေါ်မေကြည်ရဲ့ အမျိုးသားက ဖုန်းကို ဖြေပါတယ်။

“ကိုမျိုးအောင်လား၊ မေသီပါ။ မေကြည်နဲ့ ပြောချင်လို့ … ”

“အော်.. မေသီ.. မမေသီ မသိသေးဘူးလား.. ကျွန်တော် အသိမပေးရသေးလို့ထင်တယ်။ ”

ကိုမျိုးအောင်ရဲ့ အသံက ကတုန်ကယင်ဖြစ်နေပါတယ်။

“မသိသေးဘူး .. ဘာကို သိရမှာလဲ ..”

“မေကြည် .. ညက ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးသွားပြီ ..ကျွန်တော်က မမေသီ သိမယ်ထင်လို့ ..”


လိပ်ပြာ-(ကျန်းမာရေးမဂ္ဂဇင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...