စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဝ” တို့၏ လျှို့ဝှက်ပန်းခြံ



“ဝ” တိုင်းရင်းသူ ယနန်းဆွန်းညီညီနှင့် သင်္ဘောပျက်
“ဝ” တိုင်းရင်းသူ ယနန်းဆွန်းညီညီနှင့် သင်္ဘောပျက်
မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ၂၀၁၃ ခုနှစ် အစောပိုင်းတွင်  တရုတ်နိုင်ငံမှ  လက်နက်ကြီးများ  တပ်ဆင်ထားသော  ရဟတ်ယာဉ် ၅ စီး ဝယ်ယူခဲ့သည်ဟု ၂၀၁၅ ခုနှစ် ဧပြီလထုတ် Jane’s Defence စစ်ရေး အပတ်စဉ် ဂျာနယ်တွင် ဖော်ပြခဲ့သည့်အတိုင်း ဟုတ် မဟုတ် အချိန်တန်လျှင် သိလာရကောင်း သိလာနိုင်ပါသည်။ သို့မဟုတ် သိချင်မှလည်း သိနိုင်ပါမည်။

“Y-90 အမျိုးအစား ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားသော Mil Mi-17 ‘Hip’ အလတ်စား ပို့ဆောင်ရေး ရဟတ်ယာဉ် များကို ဝယ်ယူခဲ့ကြောင်း သတင်းဖော်ပြချက်ကို UWSA နှင့် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က နိုင်ငံခြားမီဒီယာများအနေ ဖြင့် သတင်းရေးသားခြင်းမပြုမီ “ကျနော်တို့လက်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သေချာသိအောင် လုပ်သင့်တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
လျှို့ဝှက်သော “ဝ” ဒေသ၏ ဌာနချုပ် ပန်ဆန်းမြို့သို့ ဧရာဝတီမှ သတင်းထောက်များ ကြုံတောင့်ကြုံခဲ သွားရောက် ခွင့်ရရှိခဲ့ပါသည်။ “ဝ” အဖွဲ့ လက်ထဲတွင် မည်သို့ သော လက်နက်ကြီးများ ရှိနေသည်ကို အတိ အကျ သိနိုင်ရန် ကျနော်တို့ သတင်းထောက်များ မတတ်နိုင်ခဲ့သော်လည်း စိတ်ဝင်စားစရာ တခုကိုတော့ ရှာဖွေတွေ့ရှိခဲ့ပါသည်။

UWSA က တရုတ်နိုင်ငံမှ FN-6 အမျိုးအစား အပေါ့စား လေယာဉ်ပစ် ဒုံးကျည်များ ဝယ်ယူခဲ့သည် ဆိုသောသတင်းကို ငြင်းဆိုရင်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းခန့်တွင် ဦးအောင်မြင့်က “ဟုတ်ပါတယ် ကျနော်တို့ လေယာဉ်နဲ့ ရေငုပ်သင်္ဘော ၂ စီး ဝယ်ခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ အင်ဂျင်တွေမပါဘူး အခွံတွေချည်းပါ။ အဲဒါ တွေကို ဥယျာဉ်ထဲက လမ်းဘေးမှာထားပါတယ်” ဟု ဧရာဝတီသို့ ပြောခဲ့သည်။ နိုင်ငံခြား သတင်းဌာနများက နောက်တကြိမ် ချဲ့ကားပြောဆိုခြင်း ဖြစ်သည်ဟုလည်း သူကဆိုခဲ့သေးသည်။

ပန်ဆန်းမှ မိုင်းလားသို့ သွားရာလမ်းတွင် လူသူအရောက်အပေါက်နည်းသော “ပန်းခြံ”တခု ကို ကျနော်တို့တွေ့ရှိခဲ့ရသည်။ မလှမ်းမကမ်းတွင် ရဟတ် ယာဉ်တစီး၊ လေယာဉ်ပျံတစီးနှင့် ရှပ်ပြေး ယာဉ် တစီးတို့ကို မြက်ရိုင်းပင်၊ ပေါင်းပင်များ ကြားတွင် မြင်ရပါသည်။ အင်တာနက်ပေါ်တွင် လိုက်လံရှာဖွေကြည့်သည့်အခါ လူမှုမီဒီယာတခု ဖြစ်သည့် Facebook တွင် “ဝ” တိုင်းရင်းသူ ယနန်းဆွန်းညီညီ တင်ထားသော ဓာတ်ပုံ ၃ ပုံ တွင် ထိုဥယျာဉ်ကို တွေ့ရှိနိုင်သည်။

ထိုပုံများအရ ရေငုပ်သင်္ဘောတစီးဟု ဖော်ပြခဲ့မှုသည် အမှန်တကယ်မှာ ကူးတို့သင်္ဘောတစီးသာ ဖြစ်သည်။
“ဝ စစ်တပ်မှာ လေယာဉ်ပျံရှိတယ်လို့ လူတွေက ပြောကြတယ်။ အဲဒါ အမှန်မဟုတ်ပါဘူး။ တကယ်တော့ ပြတိုက်လုပ်ဖို့အတွက် လေယာဉ်အပျက်တွေပါ” ဟု ယနန်းဆွန်းညီညီက ဧရာဝတီသို့ ပြောသည်။ အရွယ်အစားလည်း မကြီးမားသော ထိုပစ္စည်းဟောင်းများသည် မုံးပေါက်တောင်ကြားရှိ တိရစ္ဆာန်ဥယျာဉ် အတွင်းတွင် တည်ရှိပြီး အားလပ်ရက်များတွင် မိသားစုများနှင့်အတူ ကလေးများ လာရောက်လည်ပတ်သော နေရာတခု ဖြစ်လာခဲ့သည်။

UWSA သည် တရုတ်နိုင်ငံမှ လေယာဉ်ပစ် လက်နက်များဝယ်ယူခြင်းဖြင့် ၄င်းတို့၏ လက်နက်ကြီးများကို အဆင့်မြှင့်တင်ခြင်း  မဟုတ်ဘဲ ကလေးများ ကစားနိုင်ရန်နှင့် လေ့လာနိုင်ရန်အတွက် အများပြည်သူပိုင် ပန်းခြံတခု ပြုလုပ်ပေးချင်သော ရည်ရွယ်ချက်ဖြင့်သာ ထိုပစ္စည်းများ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု “ဝ” ခေါင်းဆောင်များက ပြောသည်။

“တချို့နိုင်ငံခြား မီဒီယာတွေက ကျနော်တို့မှာ ရဟတ်ယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေရှိတယ်လို့ ရေးကြ ပြောကြတယ်။ အဲဒါမမှန်ပါဘူး။ ကျနော်တို့ “ဝ” ကလေးတွေအတွက် ပြတိုက်ဆောက်ဖို့ ရဟတ်ယာဉ် အပျက်တွေ သင်္ဘောအပျက်တွေကို ဝယ်ထားတာပါ” ဟု UWSA ၏ ပြင်ပဆက်ဆံရေးဌာန၏ ဒုတိယဌာနကြီးမှူး ဦးဆမ်ခွန်းက ဧရာဝတီသို့ ပြောခဲ့သည်။
စာနယ်ဇင်းသမားများအနေဖြင့် “ဝ” ဒေသ ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းများနှင့် မကြာမီနှစ်များတွင် ကျင်းပရန်ရှိသော အစိုးရနှင့် ငြိမ်း ချမ်းရေးရယူခြင်း နှစ် ၃၀ ပြည့် အခမ်းအနားအကြောင်း စသည်များကို လွတ်လပ်စွာမေးခွင့် ရှိကြောင်း သို့သော်လည်း ၄င်းအနေဖြင့် အခြား အကြောင်းအရာများကိုတော့ ပြောခွင့်မရှိကြောင်း ဦးဆမ်ခွန်းက ပြောသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် “ဝ” ထိန်းချုပ်နယ်မြေ နှစ်ခုရှိသည်။ တခုမှာ ရှမ်းပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်နှင့် ထိစပ်နေပြီး အခြားတခုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်းနယ်စပ်တွင် ရှိသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲချိန်တွင် ခွဲထွက်လာခဲ့သော “ဝ” လက်နက်ကိုင်အဖွဲ့သည် တပ်သား ၂၀ဝ၀ဝ ခန့် ရှိပြီး မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သည်။
“ဝ” တိုင်းရင်းသူ ယနန်းဆွန်းညီညီနှင့် ရဟတ်ယာဉ်ပျက်
“ဝ” တိုင်းရင်းသူ ယနန်းဆွန်းညီညီနှင့် ရဟတ်ယာဉ်ပျက်
“ဝ” ဒေသသည် လူသူအရောက်အပေါက် နည်း၍ ဝေးလံသောကြောင့် UWSA ၏ စစ်ရေး အင်အားနှင့် ပတ်သက်၍ ထင်ကြေးပေး ပြောဆိုမှုများ ဖြစ်ပေါ်စေခဲ့ရသည်။ ကျွမ်းကျင်သူများနှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက UWSA တွင် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်များ၊ သံချပ်ကာ ကားများ၊ တင့်ကားများ စသည့် စွမ်းအားမြင့် စစ်လက်နက်ပစ္စည်းများ ရှိနေသည်ဟု ကာလ ကြာမြင့်စွာကတည်းက ပြောဆိုနေခဲ့ကြသည်။

ထို့ပြင် UWSA သည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သော အဖွဲ့အစည်းတခုအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ UWSA က နယ်မြေအတွင်းတွင်၂၀ဝ၅ ခုနှစ်မှစ၍ ဘိန်းထုတ်လုပ်မှုများကို အမြစ်ပြတ်ရှင်းလင်းခဲ့ပြီး ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန် မူးယစ်ဆေးထိန်းချုပ်ရေး အေဂျင်စီ (US Drug Enforcement Agency) က မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသည့် အဖွဲ့အစည်းတခုအဖြစ် စာရင်းသွင်းထားဆဲ ဖြစ်သည်။ ထို့ပြင် ဘိန်းနှင့် မက်သဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုတွင်လည်း ပါဝင်နေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုများလည်း ရှိနေသည်။

UWSA သည် ၁၉၈၉ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ရရှိခဲ့ပြီး ယခုအခါ ၂၆ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အစိုးရက ပြည်နယ် အဖြစ် သတ်မှတ်မပေးခဲ့ဘဲ ရှမ်းပြည်နယ်အတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုအဖြစ်သာ သတ် မှတ်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ကာလ တလျှောက်တွင် UWSA က ၎င်း၏စစ်အင်အား ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့သည့်အတွက် မြန်မာ စစ်တပ်၏ ထိုးစစ်ဆင်မှုကို အကာအကွယ်ယူ နိုင်ရန် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင် သူအချို့က ယုံကြည်ခဲ့ကြသည်။
မုံးပေါက်တောင်ကြားရှိ ဥယျာဉ်တွင်းမှ ပျက်စီးယိုယွင်းနေသော ပစ္စည်းများက ရှင်းလင်းစွာ သိနိုင်သည့်အချက်တခုတော့ သတင်းစကား ပါးလိုက်ပါသည်။ ယင်းမှာ “ဝ” ဒေသသည် မှန်းဆထင်မြင်ချက်များနှင့် ကောလာဟလများ ပေါ်ထွက်ရန် ရေခံမြေခံကောင်းသည့် နယ်မြေ တခုအဖြစ် ဆက်လက်ရှိနေဦးမည်ဟူ၍ပင် ဖြစ်ပါတော့သည်။
http://burma.irrawaddy.org/article/2015/05/22/75385.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...