စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါနဲ့မဆိုင်တဲ့ ကြွက်ထောင်ချောက်




ကျွန်တော်တို့က ဂျစ်စုတ်ဟုခေါ်သော တူမလေးက ကျွန်တော့်ကို ပုံပြင်တစ်ပုဒ်ပြောပြသည်။ က လေးစကားမို့ ယုတ္တိကျ၊မကျကျွန်တော်မသိ။ ဒါပေမဲ့ ပုံပြင်ကိုတော့ တော်တော်သဘောကျသွားသည်။ ပုံပြင်က ဒီလို ...။

လယ်သမားကြီးတစ်ယောက် အိမ်မှာ နွား၊ ၀က်၊ ကြက်နှင့်ကြွက် ဆိုသော သတ္တ၀ါလေးကောင်ရှိ သည်။ တိရစ္ဆာန်ချင်းမို့ ရင်းနှီးကြ သည်ပေါ့။ တစ်နေ့ လယ်သမား က ကြွက်ထောင်ချောက်တစ်ခု ၀ယ်လာသည်။ ကြွက်ကစိုးရိမ်တ ကြီးဖြင့် နွားဆီကိုပြေးသည်။ နွား က ကြွက်ထောင်ချောက်က ငါနဲ့ ဘာဆိုင်လို့တုံးဆိုပြီး ပြောလွှတ် သည်။ ကြွက်ခမျာ အားကိုးလို့ရလိုရငြား ၀က်ဆီကိုသွားပြန် သည်။ ၀က်ကလည်း ထိုနည်းနှင် နှင်။ သည်လိုနှင့် ကြက်ကိုပြောပြီး အကူအညီတောင်းပြန်တော့ ကိုယ့်ကိစ္စကိုယ်ရှင်း ငါတို့နဲ့မဆိုင် ဟု မျက်နှာလွှဲသည်။ ကြွက်ခမျာ ကူသူမဲ့ ကယ်သူမဲ့ဘ၀။

တစ်ရက်တော့ကြွက်ထောင် ချောက်ထဲကို မြွေတစ်ကောင်ဝင် နေသည်။ လယ်သမားကမသိဘဲ ကြွက်ထောင်ချောက်ဆီ လက်အ နှိုက် မှာ မြွေပေါက်ခံရတော့သည်။ လယ်သမား ဆေးရုံရောက်သွား ၏။ ဆေးရုံတက်နေသော လယ် သမားကို စွပ်ပြုတ်တိုက်ရန်ကြက် ကိုသတ်၏။ ဆေးရုံစရိတ်အတွက် ၀က်ကိုပေါ်ရောင်း၏။ သည်လို အဖြစ်မျိုးက ကံဆိုးလို့ဖြစ်တာ ယ တြာချေဖို့ အလှူလုပ်ရမယ်ဆို သောဗေဒင်ဆရာ၏ကောင်းမှုဖြင့် နွားကိုပါပေါ်ပြီး အလှူလုပ်၏။ ကြွက်ကလည်း သည်လိုကံဆိုးနေ သည့်အိမ်မှာ မနေဆိုကာ ပြောင်း သွား၏။ ပုံပြင်က ဒါပဲဖြစ်သည်။ ကြွက်ထောင်ချောက်တစ်ခုက စ တင်လိုက်သော အဖြစ်အပျက်။ ကိုယ်နှင့်မဆိုင်ပါဘူးဟု ဘာသိ ဘာသာနေလိုက်သော အခြေအ နေက ယခုတော့ သတ္တ၀ါလေး ကောင်လုံးဆီသို့ အန္တရာယ်ဂြိုဟ် ဆိုးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

တစ်ခါသား ညပိုင်းကျွန် တော်အိမ်ပြန်တော့ ပြည်လမ်း အေဒီကွေ့မှာ ဆိုင်ကယ်တစ်စီး တုံးလုံးလဲနေသည်။ ဆိုင်ကယ် ပေါ်ပါသည့်လူနှစ်ယောက်က တစ်နေရာစီမှာ လွင့်စဉ်ကျလို့၊ တစ်ယောက်က မလှုပ်မယှက်၊ တစ်ယောက်ကတော့ ဆန့်ငင် ဆန့်ငင်။ ကျွန်တော်စီးလာသည့် တက္ကစီကိုရပ်ခိုင်းပြီးသည်လူနှစ် ယောက်ကို ဆေးရုံပို့ဖို့ပြောသည်။ တက္ကစီဆရာက ခါးခါးသီးသီးငြင်း သည်။ သူကူညီလိုက်လျှင် သူအ မှုပတ်မည်။ ဆေးရုံရောက်လျှင် ချက်ချင်းပြန်လို့မရ။ ရဲကသံသယ ဖြင့်မေးမည်။ ပြီးလိုအပ်လျှင် အမှု မှာပါ သက်သေလိုက်ရမည်ဆို ကာ မကူညီ။ သူမှမဟုတ်အဲသည့် နားက ဖြတ်သွားသည့်ကားတိုင်း လည်း မည်သူမျှမကူညီ။ ကျွန် တော်ကိုယ်တိုင်လည်း တက္ကစီ ဆရာပြောစကားနှင့်ပင် ကူညီဖို့ လက်တွန့်ခဲ့သည်။ ကျွန်တော့်ကို ကျွန်တော်လည်း အတ္တကောင်ဟု သမုတ်လိုက်သည်။

ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့ အစည်းတွင် အမြဲဂုဏ်ယူပြောဆို လေ့ရှိသော စကားတစ်ခွန်းရှိ သည်။ မြန်မာဆိုသည်မှာယဉ်ကျေး ဖော်ရွေသော၊ ကူညီတတ်သောလူ မျိုးတဲ့။ သို့သော် ထိုအဓိပ္ပာယ်ဖွင့် ဆိုချက်က မည်သည့်ခေတ်ကာလ တွင် ကုန်ဆုံးကျန်ရစ်ခဲ့ရလေပြီမ သိ။ မိမိတိုင်းပြည်နှင့်လူမျိုးကို ဒုက္ခပေးခဲ့သော၊ နှိပ်စက်ကလူပြုခဲ့ သော ဖက်ဆစ်ဂျပန်များကိုပင်စစ် ရှုံး၍ထွက်ပြေးရသောအခါ၌ ကူ ညီကယ်တင်စောင့်ရှောက်သည့် လူမျိုးဟု စစ်ပြန်ဂျပန်ကြီးများနှုတ် က သတိတရတဖွဖွပြောခဲ့သော လူမျိုးက ယခုတော့ ကိုယ့်လူမျိုး အချင်းချင်းကိုပင် ကူညီဖေးမဖို့ လက်တွန့်ခဲ့ပြီ။ သူများဒုက္ခတွေကို ကိုယ်နှင့်မဆိုင်ဟုဆိုကာလျစ်လျူ ရှုထားနိုင်ခဲ့ပြီ။

သာမန်အားဖြင့် လူတစ် ယောက်ကို ကူညီလိုက်ရခြင်းအ တွက် တုံ့ပြန်အကျိုးကို မျှော်လင့် ၍ ကူညီသူရှားပါးပါလိမ့်မည်။ သို့ သော် ထိုအကျိုးမျိုးမရရုံမက ကူ ညီမှုကြောင့် ဆိုးကျိုးများပင် ဖြစ် စေသောအခါ သူသူငါငါ ကူညီလို စိတ်များ လျော့ပါးသွားနိုင်ကြ သည်။

နှစ်အတန်ကြာက ၀တ္ထုတို တစ်ပုဒ်ဖတ်ခဲ့ဖူးသည်။ ရေးသူကို မမှတ်မိတော့။ ၀တ္ထုထဲမှာ ဘတ်စ် ကားစီးရင်း ကိုယ့်ရှေ့မှာလာရပ် နေသည့် ကောင်မလေးကို ထိုင်ခုံ နေရာထပေးလိုက်သည်။ ကားက ကျပ်ညပ်နေသည်မို့ မိန်းကလေး ငယ်ကို ဦးစားပေးကူညီလိုက် သည့်သဘော။ နောက်တစ်နေ့အ ခြားဘတ်စ်ကားပေါ်မှာထိုကောင် မလေးကို သူ့ချစ်သူကောင်လေး နှင့်အတူ ထပ်တွေ့သည်။ သူ့ကို မြင်မြင်ချင်း ကောင်မလေးက ကောင်လေးကိုတီးတိုးပြောသည်။ ‘‘အဲဒီလူကြီးပေါ့ ချစ်ကိုနှာကျပြီး နေရာထပေးတာ’’ဟူ၏။ ထို ကောင်မလေး၏ သိမ်ဖျင်းယုတ် ညံ့သော အတွေးအခေါ် အပြုအမူ ကြောင့် ထိုသူက ကားပေါ်မှာ ဘယ်တော့မှ နေရာထမပေးတော့ ဟု ဆုံးဖြတ်လိုက်သည်တဲ့။ ဒါက စကားဖြင့် စော်ကားခံရခြင်း။

သည့်ထက်ဆိုးသည့် အဖြစ် အပျက်ပေါင်းများစွာရှိသေးသည်။ ဥပမာအနေဖြင့် နာဂစ်အဖြစ်အ ပျက်ကို ပြန်ညွှန်းရမည်ထင်သည်။ နာဂစ်မှာ လူတွေအကြီးအကျယ် ဒုက္ခရောက်ကြတော့ လှူဖို့တန်း ဖို့သွားကြသူတွေ တားမြစ်ခံရ သည်။ ခြိမ်းခြောက်ခံရသည်။ နာ ဂစ်ကြောင့် သေဆုံးသွားသူတွေ အလောင်းကို မြှုပ်နှံပေးသူတွေဆို လျှင် နှစ်ရှည်ထောင်ဒဏ်တွေပင် ကျခံလိုက်ရသေးသည်။ သည်လို ပဲ နှစ်ရှည်နိုင်ငံရေးလှုပ်ရှားမှုကြီး အတွင်း နိုင်ငံရေးသမားများကို တစ်ဖက်တစ်လမ်းမှ ကူညီခဲ့သူ တွေ ဘ၀ပျက်သည်အထိ ဖိနှိပ်ခံ ခဲ့ရသည်။ သည်လိုနှင့် နိုင်ငံရေး ဆိုတာ ကိုယ်နှင့်မဆိုင်ဆိုသော အတွေးတွေကို ခံယူလာကြသည်။ နောက်တော့ စွဲမြဲလာသည်။သည် လိုနှင့် အတ္တစည်းဝိုင်းထဲ ၀င်ထိုင် မိပြီး ငတေစိတ်ဓာတ်မျိုး တစ်နိုင် ငံလုံး ပျံ့နှံ့ထွန်းကားလာသည်။ဒါ ကို ကဗျာဆရာလူအိမ်က ကျွဲ မြီး တိုပုံရသည်။ ၂၀၁၅ မေလထုတ် ခေတ်ရနံ့ မဂ္ဂဇင်းမှာ ‘‘မီးက လောင်နေပြီ’’ဆိုသည့်ကဗျာတစ် ပုဒ်ကို ရေးဖွဲ့သည်။

ထိုင်ကြည့်နေ

ထိုင်ကြည့်နေ

ဒီမီးက

မကြာခင်

ခင်ဗျားအိမ်ထဲ ကူးလာတော့မှာ။

မဆိုင်သလိုပြုနေ

မဆိုင်သလိုပြုနေ

ဒီကျည်ဆန်က

မကြာခင်

ခင်ဗျားဗိုက်ထဲ စိုက်ဝင်တော့မှာ။

သူ့လည်ပင်းပဲ ကိုယ်ညှစ်ရမလား

ကိုယ့်လည်ပင်းပဲ သူညှစ်ရမလား

အဖြစ်က မနှစ်ကထက်ဆိုး

ချစ်ပါတယ်ဆိုတဲ့စကား

နားခါးခဲ့ပြီ။

ကဗျာက အဓိပ္ပာယ်ဖွင့်စရာ မလိုအောင်ပင် ရှင်းလင်းလှသည်။ သို့သော်လည်း ဆက်စပ်တွေးစရာ တွေ၊ ဆက်လက်မေးစရာတွေ တော့ အများကြီးရှိလာသည်။ ကျွန်တော်တို့သည် ကားပေါ်မှာ နေရာဖယ်ပေးမိသဖြင့်၊ ကူညီဖေးမပေးမိသဖြင့် နှာဘူးကျသည်ဟုထင်သော ကောင်မလေးမျိုးကို တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မည်(သို့မဟုတ်) ယာဉ်တိုက်မှုတစ်ခုကို ကူညီပေးခဲ့မှုကြောင့် တစ်စုံတစ်ရာ သင်္ကာမကင်းစစ် ဆေးမေးမြန်းခြင်းခံရကောင်း ခံရ ပါလိမ့်မည်။ သို့သော်လည်း ကျွန် တော်တို့ရရှိခဲ့သော အဆိုးရလဒ် ထက် ကူညီခံရသူရရှိသောအကျိုး ရလဒ်အတွက် ကျွန်တော်တို့ဝမ်း မြောက်မှုက အတိုင်းမသိဖြစ်ပါ လိမ့်မည်။ တစ်စုံတစ်ခုသော အ ဆိုးရလဒ်အတွက် ကူညီရိုင်းပင်း လိုသောစိတ်ကို ဖယ်ထုတ်ပစ်ကြ မည်လား။ တစ်နည်းအားဖြင့် ကိုယ်နဲ့မဆိုင်ပါဘူးဆိုသော စိတ် မျိုးဖြင့် ဆက်လက်ဖြတ်သန်းကြ မည်လား။ သူများအိမ်မီးလောင် နေတာကို ၀ိုင်းဝန်းငြှိမ်းသတ်အကူ အညီမပေးဘဲ ထိုင်ကြည့်နေရင်း ကိုယ့်အိမ်မီးကူးစက်လောင်ကျွမ်း ခံရသည့်အဖြစ်မျိုးက ဧကန်ပင်ရှိ ပါသည်။

လတ်တလောအခြေအနေ ကိုပင် ဥပမာတင်ကြည့်လျှင် အ ခြေခံဥပဒေပြင်ဆင်ရေးကို ပြည် သူအများစုက လိုလားကြသည်။ သို့သော်လည်း အချို့က ကိုယ်နှင့် မဆိုင်ဟု သဘောထားကြသည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုသူထံသို့ ထိုအခြေခံ ဥပဒေ၏ အကျိုးဆက်သည်ဧကန် မလွဲ ရောက်ရှိလာပါလိမ့်မည်။ သမ္မတ၏သားသည် ဧကန်သမ္မတ ဖြစ်လာမည်ဟုဆို၍မရ။ ကာကွယ် ရေးဦးစီးချုပ်၏ မျိုးဆက်သည် လည်း ကျိန်းသေ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာမည်ဟုမည်သူမျှ အာမမခံနိုင်။ တစ်ချိန်ချိန်တွင် သူ တို့သည် သာမန်ပြည်သူလူထုဘ၀ ဖြင့် ထိုအခြေခံဥပဒေ၏ ဆိုးကျိုး ရလဒ်ကို ခံစားရပါလိမ့်မည်။ သူ တို့ခေတ် သူတို့အခါ၏စစ်အာဏာ ရှင်လက်အောက်တွင် သူတို့ဒုက္ခ များစွာဖြင့် နေထိုင်ရပါလိမ့်မည်။ တစ်ခဏတာ ငါသာနေတာပဲဆို သည့်အတွေးက မိမိမျိုးဆက်ကို သစ္စာဖောက်ရာရောက်ပါလိမ့် မည်။ မဆိုင်သလိုနေရင်း ထိုထို ကျည်ဆန်တို့က ၀မ်းဗိုက်နား သီ သီလာပြီဖြစ်သည်။ ၂၀၀၈ အခြေ ခံဥပဒေသည် မြွေဝင်နေသော ကြွက်ထောင်ချောက်တစ်ခုဟု သာ ကျွန်တော်ကထင်သည်။

ကျွန်တော်တို့အားလုံးသည် ကျွန်တော့်တူမ ဂျစ်စုတ်ပြောသော ပုံပြင်ထဲကအတိုင်း နွား (သို့မ ဟုတ်) ၀က်၊ ကြက်၊ ကြွက်တစ် ကောင်ကောင်ဖြစ်နေပါလိမ့် မည်။(သို့မဟုတ်) လယ်သမားလည်းဖြစ်ကောင်းဖြစ် နေပါမည်။ ကြွက်ထောင်ချောက်တစ်ခုကို ငါတို့နှင့် မဆိုင်ဟု သဘောထားမိလျှင်တော့...။။

7day daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...