စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝေဖန်ထိုးနှက်ချက်တွေကို ဘယ်လိုလျစ်လျူ ရူကြမလဲ


စာရေးသူ ဒီဆောင်းပါးလေးကို ရေးဖြစ်တဲ့အကြောင်းရင်းလေးကို ဦးစွာပထမ ပြောပြပါရစေ။ အိမ်ခြေမဲ့လူတန်းစားတွေကို ကူညီမြေတောင်မြှောက်ပေးနေတဲ့ ၃၈နှစ်အရွယ် ဂီတသမားတစ်ဦး နဲ့တွေ့ဆုံခဲ့ရခြင်းကြောင့် ဖြစ်ပါတယ်။ အဲဒီဂီတသမားဟာ အသက် ၂၀အရွယ်တည်းက ဒီပရဟိတလုပ်ငန်းကို လုပ်လာခဲ့တာဖြစ်ပြီး အိမ်ခြေမဲ့မျှော်လင့်ချက်ကင်းနေသူ လူတော်တော် များများကို ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ကူညီဖေးမခဲ့ပါတယ်။

စာရေးသူပြောချင်တာက သူ့ရဲ့ ပရဟိတလုပ်ငန်းအကြောင်းမဟုတ်ပါဘူး။ သူ့ရဲ့ပုံစံကိုပြောပြချင်တာပါ။ သူ့တစ်ကိုယ်လုံးမှာ တက်တူးတွေ၊ နားကွင်းတွေ အများကြီးရှိပြီး ကျစ်ဆံမြီးရှည်တွေက ခါးထိအောင်ရှည်လျှက်ရှိနေပါတယ်။ မယုံနိုင်စရာပြောင်းလဲသွားခဲ့တဲ့ ပရဟိတသမားလေးနဲ့ စကားစမြည်ပြောပြီးတဲ့နောက် မှာတော့ ရှေးရိုးစွဲတွေ၊ မကောင်းမြင်ဝါဒီတွေ၊ ဝေဖန်လေကန် သမားတွေကို လုံးဝလျစ်လျူရှုနိုင်ပြီး ဘ၀အနှစ်သာရကို ပျော်ရွှင်စွာရှာတွေ့ခဲ့သူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ သိလာခဲ့ရပါတယ်။ လျစ်လျူရှုခြင်းရဲ့ အနှစ်သာရကို ကောင်းစွာသိနိုင်ဖို့ လက်တွေ့ရှောင်ကြဉ်ရမယ့်အချက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) သူတပါးရဲ့ ထင်မြင်ချက်များကို လျစ်လျူရှုပါ။

သူတပါးက ထင်မြင်ချက်တွေပေးတဲ့အခါ နားထောင်ပေးလိုက်ပြီး ဒါဟာ ၁၀၀% အမှန်မဟုတ်ဘူးဆို တာ အမြဲသတိရပါ။ ဘ၀မှာ အခက်အခဲတွေကို ကိုယ့်နှလုံးခုန်သံကို အဖော်ပြုရုံကလွဲပြီး ဘယ်သူမှ အနားမှာ မရှိတဲ့ အခြေနေမျိုးနဲ့လည်း ရင်ဆိုင်ခဲ့ရတာကို သတိရပါ။ ဒါကြောင့် ကိုယ့်နှလုံးသားရဲ့ စကားသံကိုပဲ နားထောင်ပါ။

သူများရဲ့ အမြင်မှာ ကောင်းစေဖို့ သူများရဲ့ လိုအင်ဆန္ဒတွေကို ပြည့်ဝစေဖို့ပဲ အမြဲလုပ်ဆောင်မိ တဲ့အခါ ကိုယ့်ဘ၀အစစ်အမှန် ပျောက်ကွယ်သွားတတ် ပါတယ်။ ဒါကြောင့် အများရဲ့ဝေဖန်ချက် တွေကို မကြောက်ပဲ ကိုယ့်ရင်တွင်းဆန္ဒကိုပဲ အဓိကထား လုပ်ဆောင်ပါ။ ကိုယ့်ရဲ့ အစစ်အမှန် အရည်အချင်းကိုပဲ လူတွေ သဘောကျအထင်ကြီးအောင် လုပ်ဆောင်ပါ။ တကယ်တမ်းစဉ်းစား ကြည့်ရင် ကိုယ့်ဆန္ဒကို ကိုယ်အကောင်အထည်မဖော်နိုင် ရင် ဘ၀က ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဒီတော့ တစ်စုံတယောက်က ကိုယ့်ရဲ့ ဆန္ဒတွေကို ဖိနှိပ်ဖို့ ကြိုးစားလာခဲ့ရင် သူနဲ့ ဝေးတဲ့ နောက်တစ်လမ်း ကိုသာ ရွေးလျှောက်လိုက်ပါတော့။

(၂) အတိတ်က ပြဿနာများကို လျစ်လျူရှုပါ။

ဖြစ်ပြီးခဲ့တာတွေကို ပြောင်းလဲလို့မရတဲ့အတူတူ ရှေ့ကိုဆက်ဖို့ပဲ အမြဲတွေးပါ။ စိတ်ဖိစီးမနေပဲ အကောင်းဆုံးကိုလုပ် ကျန်တာမေ့လိုက်ပါ။ အတိတ်က အမှားဆိုတာ သင်ဘယ်သူဆိုတာကို ကိုယ်စားပြုနေတာ မဟုတ်ပဲ သင်ဘယ်လမ်းကို ရွေးချယ်သင့်တယ်ဆိုတာကိုပဲ လမ်းညွှန်တာပါ။ ဘ၀ဆိုတာ သိပ်ကိုလှပတဲ့ သံသရာစက်ဝန်းလေးပါ။ လူတွေကို သန်မာကြံ့ခိုင်စေဖို့ အားနည်းချက်တွေအကြောင်းကို သိလာအောင်လုပ်ပေးပါ တယ်။ လောကဓံ အနိမ့်မှာ ရလာတဲ့သင်ခန်းစာကြောင့် လောကဓံအမြင့်ကို တဖန်ပြန်လည်ရ ရှိတယ်မဟုတ်ပါလား။

လောကဓံဆိုတာ ဖြစ်ဖို့ပါလာတဲ့အတိုင်း ဖြစ်ကိုဖြစ်တာ အံ့သြဖွယ်တွေ့ရမှာပါ။ စိတ်အညစ်ဆုံးအခြေအနေတစ်ခုကနေ သင်ယူရရှိလာတဲ့ သင်ခန်းစာတွေဟာ အကောင်းဆုံးသင်ခန်းစာတွေဆိုတာ ငြင်းချက်မရှိမှန်ကန်တယ်မဟုတ်လား။ တစ်ခါတစ်ခါ ဘယ်လောက်ပဲကြိုးစား ကြိုးစား အခြေအနေတစ်ခုဟာ ပြိုပျက်သွားတတ်တာလည်း ကြုံဖူးကြမှာပါ။ အခု သင်ဖြစ်ချင်သလိုဖြစ်မနေတာဟာ တစ်နေ့နေ့မှာ လုံးဝဖြစ်မလာတော့ဘူးလို့ ဆိုလိုနေတာမှ မဟုတ်တာ။ ဒီတော့ အတိတ်ကိုထားခဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပဲ အာရုံစိုက်ကြပါစို့။

(၃)နေ့စဉ်ဘ၀ရဲ့ အဆင်မပြေမှုများကို လျစ်လျူရှုပါ။

အဆင်မပြေတဲ့နေ့တစ်နေ့ဆိုတာ လာပြီးရင် ထွက်သွားမှာပဲလေ။ ဒါကို အလေးအနက်ထား စိတ်ညစ်နေတော့မှသာ အဆင်မပြေတာ ပိုများလာတော့မှာပေါ့။ မိမိရဲ့စိတ်နှလုံးကို ညှိုးနွမ်းစေ မဲ့အရာတွေကို ဒီအတိုင်းအမှတ်တမဲ့ထားလိုက်နိုင်တာ ဘယ်လောက်ကောင်းတဲ့ အရည်အချင်း တွေလဲ။ ဘာတွေပဲဖြစ်နေနေ ရွှင်မြူးနေနိုင်တာဟာ အကျိုးမဲ့နိုင်တာမျိုးမှ မဟုတ်တာ။ သင့်ကို လေးပင်နေစေတဲ့

အကျိုးမဲ့အတွေးတွေကို ဖယ်ခွာချလိုက်ပြီး ပေါ့ပါးစွာ ရှေ့ကိုလျှောက်ရမှာပေါ့။
နေ့စဉ်နေ့တိုင်း လဲကျမယ်၊ ပြန်ထမယ်၊ အမှားလုပ်မယ်၊ အမှန်ပြင်မယ်၊ အသက်ရှင်နေထိုင်မယ်၊ သင်ယူမယ်။ သင်ဟာ ပုထုစဉ်ပဲ အရာရာ ဘယ်ပြည့်စုံနိုင်မလဲ။

နာကျင်စရာတွေရှိလာရင်တောင် ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေဖို့ အသက်ရှင်ခွင့်ရှိနေတာဟာ ကျေးဇူးတင်စရာပဲပေါ့။ ဘယ်လောက် ပဲ စိတ်ပျက်နေပေမဲ့ ခြေလှမ်းတွေကို မရပ်လိုက်ပါနဲ့။ ခြေတစ်လှမ်းလေး လှမ်းလိုက်ရုံနဲ့ ပျော်ရွှင်မှုကို ဘွားကနဲတွေ့သွားနိုင်တယ်လေ။

အကောင်းမြင်ကြည့်မယ်။ ကျန်းမာအောင် စားမယ်။ လေ့ကျင့်ခန်းလုပ်မယ်။ စိတ်ပူစရာတွေ မေ့ပစ်မယ်။ အလုပ်ကြိုးစားမယ်။ ခဏခဏရယ်မောမယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မယ်ပေါ့။ ဒါတွေ သင်လည်း လုပ်နိုင်တယ်မဟုတ်လား။

(၄)ဘ၀တိုးတက်ရေးအတွက် ကြိုးစားလို့ ပင်ပန်းရခြင်းများကို လျစ်လျူရှုပါ။

ဘ၀မှာ ပင်ပန်းဆင်းရဲမှု ၂ မျိုးရှိပါတယ်။ ကိုယ့်ကို ပင်ပန်းစေရုံပဲလား။ ကိုယ့်ကို ပြောင်းလဲသွား စေတဲ့ ပင်ပန်းမှုမျိုးလား။ တကယ်လို့ သင်ဟာ သင်ယူတတ်သူဆိုရင် ဒုတိယပင်ပန်းမှုကိုပဲ တွေ့ကြုံရမှာပါ။ တစ်ခုခုသင်ယူတတ်မြောက်ချင်ရင်တော့ ထိုက်သင့်သလောက် ပင်ပန်းခံရမှာပဲလေ။ ဒါဟာ လောကနိယာမပါ။ အခု သင်ဟာ ကိုယ်ဖြစ်ချင်တာ ဖြစ်နေပြီဆိုရင် ကိုယ်လျှောက်လာ ခဲ့ရတဲ့လမ်းတလျှောက်ကို ပြန်လည်မြင်ယောင်ကြည့်ပြီး ပထမခြေလှမ်းကို ဘယ်လိုစခဲ့လဲ ပြန်တွေးကြည့်ပါ။ တစ်နေ့တည်းနဲ့ မရပေမဲ့ တချိန်မှာတော့ ရလာတာပဲမဟုတ်လား။

သင့်ရဲ့ အားအင်တွေဟာ တချိန်တည်းမှာ စုဆောင်းခဲ့တာမဟုတ်ပဲ အခက်အခဲတွေကို တဆင့်ချင်း ဖြတ်ကျော်ခြင်းမှ တိုးတက်လာတာပဲ မဟုတ်ပါလား။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ အံကြိတ်ပြီး ရှေ့ဆက်ပါ။ တာရှည်တောင့်ခံနိုင်ခြင်းအတွက် တစ်ခုတည်းသောဆုလာဘ်ကတော့ အောင်မြင်မှုပါပဲ။ ဒီတော့ ဆူညံဆူညံ ညည်းညူမနေပဲ လုပ်စရာရှိတာ တိတ်ဆိတ်စွာလုပ်ပြီး အောင်မြင်မှုရဲ့ မြည်ဟိန်းသံနဲ့ ဆူညံလာမယ့်အချိန်ကို စောင့်ဆိုင်းလိုက်ပါ။

(၅) အသေးအဖွဲအလုပ်တွေကို လျစ်လျူရှုပါ။

တစ်ခုခုကို တတ်မြောက်အောင် သင်ယူတဲ့အခါ စစချင်းမှာ “Yes” ကိုများများပြောပြီး အရာအားလုံးကို လက်ခံလုပ်ဆောင် ပေးကာ မိမိနဲ့ အကိုက်ညီဆုံး အလုပ်ကို ရှာဖွေစူးစမ်းပါ။ မိမိရဲ့ပန်းတိုင်ကို တွေ့ရှိတဲ့အခါမှာတော့ မိမိမပန်းတိုင်ကို အာရုံစိုက်နိုင်ဖို့ အသေးအဖွဲကိစ္စတွေကို “No” လို့ပြောပြီး ငြင်းတတ်အောင် လေ့ကျင့်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အသေးအဖွဲတွေကို မငြင်းတတ်ရင်တော့ အရာရာကို တာဝန်ခံသွားရတတ်ပြီး အောင်မြင်မှုနဲ့ဝေးကာ စိတ်ဖိစီးခြင်း စိတ်ပျက်ခြင်းက သင့်ကို အနိုင်ယူသွားပါလိမ့်မယ်။

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် Bruce Lee ရဲ့ မှတ်သားဖွယ်စကားတစ်ခွန်းကတော့ “အသေးအဖွဲကို မချန်ခဲ့နိုင်ရင် နေ့စဉ်နဲ့အမျှ ဆုတ်ယုတ်မှာပဲ” လို့ဆိုပါတယ်။ အရေးပေါ်ကိစ္စမဟုတ်တဲ့ အရာတွေကိုလုပ်ရင်း အရေးကြီးတာတွေကို လုပ်ဖို့အချိန်တွေ မကုန်ဆုံးသင့်ပါ။ အဓိကနဲ့ သာမညကို ခွဲခြားပြီး အချိန်ကို အသုံးချတတ်မှ ရေရှည်ပန်းတိုင်ကို ရောက်နိုင်မှာပါ။

(၆) စိတ်မရှည်တတ်တဲ့ အတွေးတွေကို လျစ်လျူရှုပါ။

မိမိရဲ့ ယုံကြည်ချက်အတွက် လုပ်ဆောင်နေချိန်မှာ ယုံကြည်ချက်မဲ့စေမဲ့ စိတ်မရှည်တဲ့ အတွေးတွေကို မေ့ပစ်ပါ။ ခြေတစ်လှမ်းတည်းနဲ့ တောင်ကို မကျော်နိုင်ကြောင်း အမြဲနှလုံးသွင်းပြီး စိတ်လောမကြီးပဲ တဆင့်ချင်းလှမ်းပါ။ တစ်နေ့မှာ နည်းနည်းပဲတိုးတက်ရင်တောင် ဒါဟာ တိုးတက်မှုပဲမဟုတ်လား။

ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်မှာပဲဖြစ်ဖြစ် တိုးတက်မှုကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းလုပ်ဆောင်ပါ။ တိုးတက်မှုနှေးလို့ စိတ်မရှည်ရင်တော့ စိတ်ရှုပ်ထွေးကာ တိုးတက်မှုပိုနှေးတော့မှာပေါ့။ တခါတလေမှာ တိုးတက်မှုကို မမြင်ရတဲ့အခါမျိုးလည်းရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ရှည်သည်းခံခြင်းကလွဲပြီး ဘယ်အရာကမှ သင့်ကို မကူညီနိုင်ပါဘူး။

(၇) မိမိမလုပ်နိုင်တဲ့ အရာများကို လျစ်လျူရှုပါ

တစ်ခုခုကို စွန့်စားလုပ်ရမယ့်အခါမျိုးမှာ အကောင်းဆုံးကို လုပ်ပြီး ရလဒ်ကို လျစ်လျူရှုလိုက်ပါ။ မိမိမလုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက် စိတ်ရှုပ်မခံပါနဲ့။ စာမေးပွဲဖြေသူတစ်ယောက် ဟာ အောင်စာရင်းကို ကြိုတင်ပူပန်နေဖို့ မလိုသလိုပဲ တစ်လမ်းလုံးက မီးပွိုင့်တွေ စိမ်းနေမှ ကားမောင်းထွက်လာသူမျိုးလည်း မရှိနိုင်ဘူးမဟုတ်ပါလား။

အခက်အခဲတိုင်းဟာ အကြောင်းရင်းရှိကြပြီး သင့်ကို တစ်ခုခုပေးဖို့ ရည်ရွယ်နေတာပါ။ မမျှော်လင့် တဲ့ပြဿနာတွေကို ကျော်လွှားအောင်မြင်ခဲ့ရ တာလောက် ပြီးပြည့်စုံတဲ့ ပီတိရှိနိုင်ပါ့မလား။ နောက်ဆုံးမှာတော့ ပြဿနာဆို တာ ပြီးသွားတတ်စမြဲဆိုပေမဲ့ အဲဒီကနေရခဲ့တဲ့ သင်ခန်းစာက တစ်သက်တာအကျိုးကို ဖြစ်ထွန်းစမြဲပါပဲ။

(၈) ကြောက်စိတ်ကို လျစ်လျူရှုပါ။

ဘ၀ဆိုတာ ကြောက်စရာတွေကို စွန့်စားကျော်လွှားဖို့ ဖြစ်တည်လာတာပါ။ မစွန့်စားရင်တော့ ကိုယ့်အစွမ်းကို မသိရဘူးပေါ့။ ဘာကိုမှ မစွန့်စားရဲတာဟာ အရာအားလုံးကို စွန့်လွှတ်နေတာပါပဲ။ အမှန်ပြောရရင် ဘ၀မှာ ဘာကိုမှကြောက်စရာမရှိပါဘူး၊ နားလည်သင်ယူစရာပဲရှိတာပါ။ အမြဲတမ်း စိတ်ကို အေးအေးထားပြီး ကြောက်စရာတွေကို တည့်တည့်ကြည့်ကာ နားလည်မှုယူပြီး ကျော်လွှားလိုက်ပါ။

လူတိုင်းဟာ ကြောက်တတ်ကြတာပါပဲ။ တကယ်တမ်းကျတော့ စိတ်ထဲကကြောက်နေလို့သာ ကြောက်စရာဖြစ်နေတတ်တာပါ။ ကြောက်စိတ်နဲ့ ပူပန်သောကမီးတောက်လောင်နေခဲ့ရင်တော့ ဒါတွေကို မေ့ပစ်ပြီးမီးကို ငြိမ်းလိုက်ပါ။ အလင်းရောင်ကို နေ့စဉ်ကြည့်နေသူအဖို့ အမှောင်ကို မြင်ဖို့ အချိန်မရှိတော့တာကို အမြဲသတိရပြီး အမြဲတမ်းအလင်းရောင်ကိုပဲ ကြည့်ပါ။

အနှစ်ချုပ်ပြောရရင်တော့ သင့်ရဲ့ စိတ်ဟာ အရာရာကို ပုံဖော်နိုင်ပြီး ပုံဖော်မှုအတိုင်း ရောက်အောင် တွန်းပို့နိုင်တာကို ယုံကြည်ပါသလား။ တကယ်လို့ ယုံကြည်တယ်ဆိုရင်တော့ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်ကို မွေးဖို့အသင့်ဖြစ်နေရမှာပေါ့။ အမှားတစ်ခါကြုံတိုင်း အမှားတစ်ခုသိသူအဖြစ် ယုံကြည်မှုကို နှစ်ဆတိုးလိုက်ပါ။ အမှားများစွာကိုကျော်ဖြတ်ရင်း အောင်မြင်တဲ့ဘ၀ကို တည်ဆောက်သူတွေ ချည်းပါပဲ။ “စိတ်ကဆောင် အရာရာအောင်၊ စိတ်သာ အဓိက မှတ်ယူကြ” ဆိုသလိုပဲ မိမိစိတ်ရဲ့ အင်အားကိုယူပြီး အသေးအဖွဲတွေ၊ ကြောက်စိတ်တွေ၊ သံသယတွေ၊ သူတပါးရဲ့အမြင်တွေ၊ ပင်ပန်းဆင်းရဲမှုတွေ၊ ဝေဖန်ထိုးနှက်ချက်တွေကို လျစ်လျူရှုပြီး အမြဲတမ်း အလင်းရောင်ကိုပဲ ကြည့်မြင်တတ်သူတွေ ဖြစ်နိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။

Win Pa Pa San-yangon life
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...