စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဏ်သူဌေး ဦးရဲကျော်သူ (၁၈၃၃-၁၉၁၀)

                 
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ၊ (၁၉၀၀)ပြည့်နှစ် ၀န်းကျင်ကပင် အိန္ဒိယ ရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် "ဦးရဲကျော်သူ အင် ကုမ္ပဏီလီမီတက်" လုပ်ငန်းကို တည် ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့် ထိသမျှ ငွေဖြစ်သည်ဟု တင်စားပြောခံရသူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လ ၀ီရိယ တီထွင်ဥာဏ်နှင့် ပြည့်စုံ၍ လှေထိုးသားဘ၀မှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘ၀မမေ့ဘဲ လှေထိုးသားဘ၀က အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊ ထူးခြားမှု တစ်ရပ် မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလား တပည့်ကလေးနှင့် အတူ မြို့ကိုလှည့်၍ "အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေ မျှောနေသည်၊ ဆယ်ယူကြလော့"ဟု ဆော်သြလေ့ရှိသူ စသည့် ကောင်းသတင်း အဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီး ပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ကုမ္ပဏီရှယ်ယာ ပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ် သုံး၍ ငွေချေး ခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ် ငန်းပိုင်ရှင်ဟု သတ်မှတ်ကြသည်။ ထိုဘဏ်လုပ်ငန်းသည် ၁၉၁၀ ပြည့်နှစ် ၀န်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီး ငွေ သိန်းတစ်ရာကျော် ရှိသည်။ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက်သားဖြစ်သာ ဦးရွှေသာသည် ၁၉၂၄ ခုနှစ် ၀န်းကျင်တွင် တရားဝင်ဘဏ်အဖြစ် စနစ်တကျ တည်ထောင်၍ ဆောင်ရွက်ခဲ့သည်။ ယင်းဘဏ်မှ "မသံဒါဖြူအင် ကုမ္ပဏီ လီမီတက်"ကို ခွဲခြား တည်ထောင်၍ အိမ်ငှားခ၊ မြေငှားခ ကောက်ခံသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သည်။ ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယ သူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။

အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက် အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးများအတွက် အမွေအဖြစ် ရူပီး ငွေ သိန်း ၇၀ မျှ ကျန်ရစ်ခဲ့သည်။
မောင်ဇေယျာ ရေးသားသော မြန်မာလူကျော် ၁၀၀ (ပထမအုပ်) မှ-ကူးယူဖော်ပြပါသည်။ ။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...