စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သမိုင်းဝင်ရေဘေးနှင့် မိုဘိုင်းဖုန်းများမှ အကူအညီ

ရေဘေးကာလတွင် ပျံ့နှံ့ခဲ့သည့် အထင်ကရဓာတ်ပုံများ

ဖြစ်ရပ်(၁)
ကလေးမြို့စတင် ရေကြီးပြီး နောက်တစ်နေ့တွင် ဖေ့စ်ဘွတ်ခ်ပေါ်မှ အရေးပေါ်အကူအညီတောင်းခံသည့် အကြောင်းအရာတစ်ခုတက်လာသည်။ ယင်းအကြောင်းအရာက ကလေးမြို့ ကွန်ပျူတာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအပါအဝင် ကျောင်းအနီး ကျေးရွာများမှ ဒေသခံ ၁၀၀ ကျော် ပိတ်မိနေကြောင်း ယင်းအဆောက် အအုံအတွင်းရှိ လူအချို့က မိုဘိုင်းဖုန်းဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုကာ အကူအညီ တောင်းခံလာခြင်းဖြစ်သည်။

အကူအညီတောင်းခံပြီး နာရီပိုင်းအတွင်း ရေကြီးနေသည့် ကလေးတက္ကသိုလ်ဓာတ်ပုံနှင့် အကူအညီတောင်းသော အကြောင်းအရာများဖေ့စ်ဘွတ်ခ်ပေါ်တွင် တစ်နိုင်ငံလုံးမှ လူများသိရှိကူညီခွင့်ရခဲ့သည်။ ရက်ပိုင်းအတွင်း ကလေးဒေသရှိ  ကျေးရွာများသာမက ကျောင်းအတွင်း ပိတ်မိနေသည့်ဒုက္ခသည်များထံ အကူအညီများ ရောက်ရှိခဲ့သည်။
ထို့ပြင် ယင်းအဆောက်အအုံမှပင် မီးဖွားရန်အရေးတကြီးလိုအပ်နေသည့် ကိုယ်ဝန်ဆောင်တစ်ဦးကိုလည်း အချိန်မီကယ်တင်နိုင် ခဲ့သည်။

ဖြစ်ရပ်(၂)
ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသများသို့ တပ်မတော်(လေ)မှဆန်အိတ်များ ပို့ပေးရာတွင် အမြင့်မှ ချပေးသည့်အတွက် ရွှံ့များပေ၍ ကူညီသည့် ဆန်များပျက်စီးသွားသည့် ပုံများတစ်မုဟုတ်ချင်းပျံ့နှံ့သွားခဲ့သည်။ ရွာခံနေထိုင်သူနှင့် ကူညီသူအချို့ထံမှထွက်ပေါ်လာသည့် ယင်းဓာတ်ပုံများကြောင့် တစ်နိုင်ငံလုံးက အခြေအနေမှန်ကိုမသိရှိဘဲ ကူညီကယ်ဆယ်ရေးအဖွဲ့များကို ၀ိုင်းဝန်ပြစ်တင်ကြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး  ရေဘေးသင့်ဒေသများတွင် ရဟတ်ယာဉ်ဆင်းမရသည့်အတွက် ဆန်အိတ်များကိုအမြင့်မှချပေးရခြင်းဖြစ်ကြောင်း၊ ကြိုးဖြင့် ချပေးရန်မှာလည်း အဆင်မပြေသည့်အတွက် ယခုလိုချပေးရခြင်းဖြစ်ကြောင်း စစ်တပ်ဘက်မှ တာဝန်ရှိသူများသည် အွန်လိုင်းပေါ်မှ ချက်ချင်းပြန်လည်ဖြေရှင်းခဲ့ကြသည်။

‘‘အချို့သော ထောက်ပံ့ရေးပစ္စည်းများမှာ ရွှံ့ဗွက်ထဲသို့ လည်းကောင်း၊ ကွဲနိုင်သည့် ပစ္စည်းအချို့ပျက်စီးမှုများ ရှိခဲ့သည်ကိုလည်းကောင်း သိရှိရသည့်အတွက်များစွာ စိတ်မကောင်းဖြစ်မိပါသည်။ နောင်တွင် အလားတူ ကိစ္စရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး စီမံဆောင် ရွက်လျက်ရှိပါသည်။ ယခုကဲ့သို့ လိုအပ်ချက်များ၊ အကြံပြုချက် များရရှိသည့်အတွက် အလွန် တရာကျေးဇူးတင်ရှိပါကြောင်း၊ လိုအပ်ချက်များနှင့် အကြံပြုချက်များအား ကြိုဆိုလျက်ရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်’’ ဟူ၍ဖြစ်သည်။

ဖြစ်ရပ် (၃)
နီညိုရောင် ရွှံ့ရေပြင်ပေါ် မှဖြတ်၍ ကမ်းဆီသို့ ကပ်လာသော ကယ်ဆယ်ရေးစက်လှေတစ်စီးကို ဝါးခမောက်ဆောင်းထားသည့် သနပ်ခါးပါးကွက်ကျားဖြင့် အမျိုးသမီးငယ် အချို့နှင့် အမျိုးသား အချို့တို့က ၎င်းတို့၏ ဖုန်းများဖြင့် ဓာတ်ပုံရိုက်နေကြသည်။

‘‘ရန်ကုန်က ပစ္စည်းလာလှူ တဲ့ လူတွေ လာနေပြီ။ ရွာထဲက လူတွေ ထွက်လာခဲ့ကြဖို့ ပြောလိုက် ပါဦး’’ဟု စက်လှေကမ်းကို ကပ်လာသည့်နှင့် တစ်ပြိုက်နက် စွပ်ကျယ်အဖြူရောင်ဝတ်ထားသည့် အမျိုးသားတစ်ဦးက ရွာထဲမှ လူများကို အားရဝမ်းသာဖြင့် ဖုန်းဆက်ခေါ်သည်။ အဆိုပါ စက်လှေသည် ရေကြီးမူကြောင့် ဘေးလွတ်ရာသို့ ခေတ္တရှောင်တိမ်းနေရသည့် ပြည်သူများအား ရန်ကုန်မှ လာရောက်ထောက်ပံ့သည့် အဖွဲ့တစ် ခုဖြစ်သည်။

ပစ္စည်းလာလှူသူများကို ရွာသူရွာသားများက ဖုန်းကင်မရာများဖြင့် ဓာတ်ပုံတဖျပ်ဖျပ်ရိုက်ကြသည်။ အဆိုပါရွာမှာ ကော လင်းမြို့မှ ခုနစ်မိုင်ခန့် ကားဖြင့်သွားရပြီး မိနစ်၂၀ ခန့် လှေစီးကာ ခြေသလုံးကျော်နစ်သည့် ရွံ့များထဲတွင် နှစ်မိုင်ခန့် လမ်းလျှောက်သွားရသည့် ကသစ်ကုန်းကျေးရွာဖြစ်သည်။

 ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်မှစ၍ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော ကိုမန်မုန်တိုင်း အရှိန်ကြောင့် နိုင်ငံတစ်ဝန်း ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပြည်နယ်နှင့် တိုင်း ၁၂ခုတွင် ရေကြီးမှုများ ဖြစ်ပေါ်ကာ စစ်ကိုင်း ၊မကွေး  တိုင်းဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့အား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခဲ့ရသည်။
 ရေဘေးအန္တရာယ် ကျ ရောက်သည့် ရက်များအတွင်း သတင်းမီဒီယာများ မရောက်ရှိမီ ဖေ့စ်ဘွတ်ခ်ပေါ်တွင် လူအများတွေ့မြင်ခွင့်ရသော ဓာတ်ပုံအများစုမှာ ဒေသအသီးသီးသို့ ရောက်ရှိပျံ့နှံ့လျက်ရှိသည့် လက်ကိုင်ဖုန်း များမှဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များရောက်ရှိသည့် ကျေးရွာနီးပါးတိုင်းတွင် စမတ်ဖုန်းကိုယ်စီကိုင်ဆောင်ထားသူများကိုတွေ့ မြင်ရသည်။ ထို့ပြင်ရေဘေးကျ ရောက်သည့် ဒေသများနှင့် နီးစပ်သည့် မြို့ရွာများတွင် နေထိုင်သူများထံမှလည်း ပုံအများအပြားပျံ့နှံ့ခဲ့သည်။ ယင်းဓာတ်ပုံနှင့်သတင်းအချက်အလက်များက  သမိုင်းဝင်သည့်ယခုရေဘေးတွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူများ၊ မီဒီယာများနှင့် အာဏာပိုင်များအတွက် အထောက်အကူဖြစ်သကဲ့သို့ အစိုးရက အရေးတယူမရှိသည့်ဒေသများ၏ ပကတိအခြေအနေများကိုပါ ဖွင့်ထုတ်ပြခဲ့သည်။
၂၀၁၄ နှစ်လယ်ခန့်တွင် စတင်အသက်ဝင်လာပြီး အခြေခံလူတန်းစားများဆီသို့ အမှန်တ ကယ်ရောက်ရှိလာခဲ့သည့် တန်ဖိုးနည်းဖုန်းများသည် ရေဘေးရှောင် ဒေသခံများအတွက် အသုံးဝင် သည့်  ကိရိယာများ ဖြစ်လာခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေကြီးမူများ ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း ဒေသအသီးသီးမှ မိုဘိုင်းဖုန်း အသုံးပြုသူများသည် ရေဘေးအခြေအနေများ ကို စာများ၊ ဓာတ်ပုံများဖြင့် ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမူကွန်ရက် စာမျက်နှာများပေါ်သို့ အချိန်နှင့် တစ်ပြေးညီ တင်ပေးနိုင်ခဲ့သည့်အတွက်အချိန်တိုအတွင်း သတင်းဌာနများ နှင့် နိုင်ငံတစ်ဝန်းမှ လူများ သိရှိနိုင်စေရန် မျှဝေပေးနိုင်ခဲ့သည်။

‘‘ဒေသခံတွေက ရေကြီးတာကို ဖုန်းတွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က တစ်ဆင့် ဖြန့်ဝေပေးနိုင်တဲ့ အတွက်အချိန်တိုအတွင်း တစ်နိုင်ငံလုံးကိုပျံ့သွားပြီး ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးတွေ အမြန်လုပ်နိုင်ခဲ့တယ်’’ဟု မကွေးတိုင်း အတွင်း၌ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ECODEV ပရဟိတအဖွဲ့မှ ဦးသောင်းဝင်းကပြောသည်။

‘‘ဒါက ကောင်းမွန်တဲ့ သတင်းအချက်အလက်ဖွံ့ဖြိုးလာမူပဲ။ အခုလို အခြေအနေမှန်ကို ပြည်သူတွေက မသိဘူးဆိုရင် ဘာလုပ်ရမယ်ဆိုတာ သူတို့စဉ်းစားမိမှာမဟုတ်ဘူးလေ။ ရေဘေးအခြေအနေကို အချိန်တိုအတွင်းမှာ သိရတော့ အားလုံးက ဝိုင်းပြီး လုပ်ပေးကြတာကို တွေ့ရပါတယ်’’ ဟုမြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းကပြောသည်။
မြန်မာနိုင်ငံတွင် အဆိုးရွား ဆုံးသော သဘာဝဘေးဒဏ်ကို ၂၀၀၈ နာဂစ်မုန်တိုင်းဝင်ရောက် ချိန်တွင် ကြုံတွေ့ခဲ့ရပြီး သဘာဝဘေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အချိန်မီမရရှိခဲ့သည့်အတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့သောကြောင့် လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲပြီး လူဦးရေ ၁ ဒသမ ၄သန်းကျော် သဘာဝဘေးဒဏ်ခံခဲ့ရသည်။

ထို့အပြင် ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးမှာလည်း နောက်ကျမှ ရရှိခဲ့ပြီး သတင်း အချက်အလက် ဖြန့်ဝေမူ အားနည်းခဲ့သည့်အတွက် နိုင်ငံတကာအကူအညီများလည်း ထိရောက်စွာ မရရှိခဲ့ပေ။ ယခုဖြစ်ပေါ်နေသော နိုင်ငံအနှံ့အပြား ရေလွှမ်းမိုးမူသည် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေး အန္တရာယ်များ ထဲမှ တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး မိုဘိုင်းဖုန်းများသည် အချက်အလက်များ မျှဝေရာတွင် အကောင်းဆုံးကိရိယာအနေဖြင့် အသုံးပြုနိုင်ခဲ့သည့်အတွက် လိုအပ်သည့် ကယ်ဆယ်ရေးနှင့် ပစ္စည်းများ လှူဒါန်း ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်နိုင်ခဲ့သည်။

အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့အပြားတွင် ရေလွှမ်းမိုးမူများကြောင့် ရေဘေးသင့်ပြည်သူ ကိုးသိန်းကျော်အထိ ရှိလာပြီး သေဆုံးသူ ၉၉ ဦးအထိ ရှိလာပြီဖြစ်သည်။
‘‘ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဖေ့စ်ဘွတ်ခ်ပေါ်ကနေတစ်ဆင့် မျှဝေပေးတဲ့ အ တွက် ဘယ်နေရာမှာ ရေကျနေပြီ၊ဘာတွေလိုအပ်နေတယ်ဆိုတာ သိရတဲ့အတွက် ကြိုပြီး ပြင်ဆင်လို့ရတယ်။ သတင်းထုတ်ပြန်တာစောင့်နေမယ်ဆိုရင်တော့ ရေမြုပ်ပြီးမှပဲ သွားကယ်နိုင်မယ့် အခြေ အနေရှိတယ်’’ဟု ဦးမျိုးမြင့်ထွန်း ကထောက်ပြသည်။

ရေကြီးမူဖြစ်ပေါ်ပြီး ရက် ပိုင်းအတွင်း နိုင်ငံတစ်ဝန်းမှ ကျောင်းသား၊ ကျောင်းသူများ၊ပရဟိတအဖွဲ့အစည်းများနှင့် အနုပညာရှင်များသည် ရေဘေးရှောင်ပြည်သူများအတွက် အလှူခံပြီး လှူဒါန်းမူများ ပြုလုပ်ခဲ့ကာ စီး ပွားရေးလုပ်ငန်းရှင်များကလည်း ပါဝင်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် နိုင်ငံအနှံ့အပြား တွင် ရေလွှမ်းမိုးမူ ဘေးအန္တရာယ်များကြုံတွေ့နေသည့်အတွက် ပြည်တွင်းမှ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများသည် ရေဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများ နှင့် ဓာတ်ပုံများကို HashTag(#)များဖြင့် တွဲ၍ နိုင်ငံတကာမှ ပိုသိလာစေရန်နှင့် အလှူရှင်များရနိုင် ရန် ကမ်ပိန်းတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

HashTag (#) ကမ်ပိန်းတွင်ဟားခါးမြို့၌ ရေကြီး၍ မြေပျိုမူကြောင့် အဆောက်အအုံများ ပြိုကျသည့်ဓာတ်ပုံများ၊ ရေအောက်သို့ ရောက်နေပြီး အပေါ်ပိုင်းအနည်းငယ်သာ ပေါ်နေသော ကလေးမြို့ဆိုင်းဘုတ်ပုံ၊မကွေးမြို့တွင် ရေဘေးကြောင့် ကျွဲနွားများနှင့် အိမ်မွေးတိရစ္ဆာန်များကို ရွှေ့ပြောင်းနေသည့် ပုံများနှင့်ကောလင်းမြို့တွင် ရေဘေးကြောင့် စာသင်ကျောင်းနစ်မြုပ်နေပုံစသည့် ဓာတ်ပုံများကို တွဲ၍ တင်ခဲ့ကြသည်။ ၎င်းတို့၏ ကြိုးစားမူကြောင့် ဖေ့စ်ဘွတ်ခ်မှ မြန်မာနိုင်ငံရေဘေးအတွက် လိုအပ်သည့်အကူအညီများ ရရှိရန်အတွက် ကနဦးလှူဒါန်းငွေ ကျပ်သိန်း၆,၀၀၀ ကျော် (ကန်ဒေါ်လာငါးသိန်း) ကိုမတည်လိုက်ပြီး နိုင်ငံတကာမှ လှူဒါန်းနိုင်ရန် မြန်မာရေဘေးအတွက် DonateButtonပါဝင်သည့် သီးသန့်စာမျက်နှာတစ်ခုကို သြဂုတ် ၇ရက်တွင် ပြုလုပ်ပေးခဲ့သည်။

 ‘‘ဒါကို အစိုးရပိုင်းက လူကြီးတွေက အမြင်မမှားဖို့လိုတယ်။ ရေဘေးနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ရင် အရေးယူသွားမယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ တကယ်ဆို ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့၊ အချက်အလက်မှန်တွေကို ဖြန့်ဝေပေးဖို့ ဆိုပြီး တိုက်တွန်းသင့်တယ်။

ခြိမ်း ခြောက်တာမျိုးမဖြစ်သင့်ဘူး’’ဟုဦးမျိုးမြင့်ထွန်းက အကြံပြုပြော ကြားသည်။
ပြီးခဲ့သည့် ၂၀၀၇ က နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့ချိန်တွင် ဘေးသင့်ရာ ဒေသများမှသတင်းအ ချက်အလက်ရရှိရန် နှောင့်နှေးခဲ့မှုကြောင့်  အချို့ကျေးရွာများ၌ လူအချို့အသက်မဆုံးရှုံးသင့်ဘဲဆုံးရှုံးခဲ့ရသည်။ ကူညီပေးရန်လိုအပ်မည့်အရာများကို ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့ရသည်။ အထူးသဖြင့် သတင်းအချက်အလက် နှောင့်နှေးမှုကြောင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အကူအညီများ နှောင့်နှေးခဲ့ရသည်။

ယခုရေဘေးတွင်တော့ မိုဘိုင်းဖုန်းများမှရသည့် သတင်းအချက်အလက်များသည် ဒုက္ခ သည်များအတွက်များစွာ အကူ အညီရခဲ့သည်။ ဒုက္ခသည်များထံမှရရှိသည့် သတင်းအချက်အလက်များကို အခြေခံ၍ အကူအညီများ သွားရောက်ပေးအပ်လျက်ရှိနေပါသည်။

http://7daydaily.com/story/44140

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...