စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တရားထိုင်ခြင်း



 

တရာစခန်းဝင်ပြီး တရားဓမ္မကျင့်ကြံကြိုးကုတ် အားထုတ်ကြမယ့်သူတွေအနေနဲ့ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ဖြစ်ခြင်း-ပျက်ခြင်းဆိုတဲ့ မမြဲတဲ့ အနိစ္စသဘောကို သိမြင်နိုင်ရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါကြောင်း ကျန်းမာရေးရှုထောင့်ကနေ ဖော်ပြပေးလိုက်ပါတယ်။

တရားထိုင်ခြင်း ဆိုသည်မှာ---
တရားထိုင်တယ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ အတိုင်းအဆမရှိ၊ လွင့်မျောရှုပ်ထွေးလှတဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ စိတ်ကူးတွေကို ထိန်းချုပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ရှုမြင်သုံးသပ်ဆင်ခြင်တဲ့သဘော ဖြစ်ပါတယ်။
တရားထိုင်ရာတွင် အခြေခံလိုအပ်ချက်

၁။ တိတ်ဆိတ်သော နေရာ---
တရားထိုင်မယ်ဆိုရင် အနှောင့်အယှက်နဲ့ အသံတွေ နည်းနိုင်သမျှနည်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ ထိုင်ခင်းရှိရပါမယ်။

၂။ သက်သောင့်သက်သာ ရှိသော ကိုယ်ဟန်အနေအထား---
ထိုင်းရင်း၊ လဲလျောင်းရင်း၊ ရပ်ရင်း၊ လမ်းလျှောက်ရင်းနဲ့ တခြားလှုပ်ရှားမှု မှန်သမျှ ပြုလုပ်တိုင်းမှာ တရားမှတ်လို့ ရပါတယ်။ အချိန်ကြာကြာ တရားရှုမှတ်နိုင်ဖို့ဆိုရင်တော့ ခန္ဓာကိုယ်အနေအထားဟာ သက်သောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။

၃။ အာရုံစိုက်ရှုမှတ်ရာနေရာ---
တစုံတခုကို အာရုံစိုက်ရှုမှတ်နိုင်ဖို့ဆိုတာ တရားထိုင်ခြင်းရဲ့ အစိတ်အပိုင်းတရပ်ပါ။ ဥပမာရှင်းပြရရင် တရားထိုင်တဲ့သူဟာ နှာသီးဝမှာ တိုးဝင်-တိုးထွက် နေတဲ့ ဝင်လေ-ထွက်လေကို အာရုံစိုက်ရပါမယ်။

၎။ စိတ်ရှည်ကာ အကောင်းမြင်မှု---
တရားထိုင်တဲ့ အချိန်မှာ ပတ်ဝန်းကျင် အနှောင့်အယှက်သာမက ကိုယ့်အတွေးနဲ့ကိုယ် နှောင့်ယှက်တာလည်း ခံရတတ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ရှည်ရှည်ထားပြီး ဖြစ်ခြင်း-ပျက်ခြင်း သဘောကို ရှုမှတ်နိုင်ဖို့ လိုအပ်ပါတယ်။
တရားရိပ်သာတွေမှာတော့ တရားထိုင်သူတွေအတွက် သက်သောင့်သက်သာ တရားဓမ္မ ကျင့်ကြံနိုင်အောင် စီစဉ်ထားရှိတတ်ပါတယ်။ ဒါကြောင့် ဒီအခြေခံလိုအပ်ချက်တွေအတွက် ပူစရာ သိပ်မလိုပါဘူး။

တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း အလုပ်လုပ်ပုံ---
တရားထိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေ ဖြစ်သွားပါတယ်။ တရားထိုင်ချိန် အတောအတွင်း လူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေ အကြောင်းကို လေ့လာသူတွေက တရားထိုင်ခြင်းဟာ ကျန်းမာရေး ပြဿနာတချို့ကို သက်သာလျော့ပါးစေကြောင်း ဆိုပါတယ်။

အကြောင်းကတော့ တရားထိုင်တာဟာ အလိုအလျောက် အလုပ်လုပ်တဲ့အာရုံကြော အဖွဲ့အစည်း (Autonomic Nervous System) အပေါ် သက်ရောက်မှု ရှိစေတာကြောင့်ပါပဲ။ ဒီအဖွဲ့အစည်းဟာ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေကို ထိန်းညှိပေးပြီး နှလုံးခုန်ခြင်း၊ ချွေးထွက်ခြင်း၊ အသက်ရှူခြင်းနဲ့ အစာချေဖျက်ခြင်းဆိုင်ရာ လုပ်ငန်းတွေကိုပါ ထိန်းချုပ်ပေးပါတယ်။ ဒီအဖွဲ့အစည်းမှာ Sympathetic Nervous System နဲ့ Parasympathetic Nervous System ဆိုပြီး အဓိကအစိတ်အပိုင်းနှစ်ရပ် ရှိပါတယ်။

Sympathetic Nervous System ဟာ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ကူညီပါတယ်။ ဥပမာ-လူတယောက်က စိတ်ဖိစီးမှု ခံစားနေရတယ်ဆိုပါတော့ ဒီစနစ်ဟာ "Fight or Flight Response"ဖြစ်စေပြီး နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတွေ မြန်စေတာမျိုး၊ သွေးကြောတွေ ကျဉ်းသွားစေတာမျိုး ဖြစ်စေပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေပါပဲ။ ဒီဆိုးကျိုးတွေ မဖြစ်အောင် တရားထိုင်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

Parasympathetic Nervous System ကတော့ နှလုံးခုန်နှုန်းနှေးအောင်၊ သွေးကြောကျယ်စေကာ
သွေးစီးဆင်းမှုကောင်းအောင်နဲ့ အစာချေဖျက်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ တရားထိုင်တဲ့အခါ ဒီစနစ်ရဲ့ လုပ်ဆောင်မှုကို အားကောင်းစေပါတယ်။

 နောက်ထပ်လေ့လာမှုတရပ်အရ တရားထိုင်တာဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို သိသိသာသာ ပြောင်းလဲစေနိုင်ကြောင်း ဆိုပါတယ်။ တရားထိုင်တဲ့အတွက် အာရုံစူးစိုက်အား ပိုကောင်းလာခြင်း၊ နိစ္စဓူဝလုပ်ငန်း ဆောင်တာတွေမှာ စွမ်းဆောင်ရည် ပိုကောင်းလာခြင်း။
စိတ်တည်ငြိမ်ခြင်းနဲ့ ဉာစ်ရည်ဉာဏ်သွေး ပိုမိုထက်မြက်လာခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

တရားထိုင်ခြင်းကြောင့် သက်သာစေသော ရောဂါဝေဒနာများ---
ကျန်းမာရေးကောင်းသူတွေ တရားထိုင်ရင် ခန္ဓာကိုယ်အနားရစေကာ စိတ်ဖိစီးမှုလျော့ပါးစေပြီး
တော်ရုံရောဂါဝေဒနာတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေး မကောင်းသူတွေ တရားထိုင်ရင်ကော သင့်တော်ပါ့မလား။

ကျန်းမာရေး မကောင်းသူတွေ တရားထိုင်ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုတော့ လေ့လာမှုများစွာက
အောက်ပါအတိုင်း လေ့လာကောက်ချက်ချထားပါတယ်။ တရားထိုင်ခြင်းကြောင့် သက်သာလျော့ပါးနိုင်တဲ့ ရောဂါတွေကတော့ ဓာတ်မတည့်မှုဖြစ်ခြင်း၊ စိတ်ပူပန်သောက ရောက်ခြင်း၊ ရင်ကျပ်ပန်းနာ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ ညောင်းညာနွမ်းနယ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နာကျင်မှုဆိုင်ရာ ပြဿနာများ၊ အိပ်မပျော်ခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး စွဲလမ်းမှုပြဿနာ စတာတွေပဲ ဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းတဲ့ သူတွေ တရားထိုင်မယ်ဆိုရင်တော့ စ,စချင်းမှာ ပြင်းပြင်းထန်ထန် တရားမထိုင်သင့်ပါဘူး။ တရားထိုင်တာကို ဆေးကုသမှု တရပ်လို အသုံးပြုတာထက် ဆေးကုသမှုနဲ့ တွဲပြီးဖြည်းဖြည်းနဲ့မှန်မှန် ဆောင်ရွက်သွားသင့်ပါတယ်။

တရားထိုင်ခြင်းကြောင့် ကျန်းမာရေး မထိခိုင်စေရန်---
တရားထိုင်တာက အများအားဖြင့်တော့ ဘေးအန္တရာယ်ကင်းပါတယ်။ တရားရိပ်သာတွေဟာလည်း
ယောဂီတွေရဲ့ ကျန်းမာရေးအတွက်ပါ ထည့်တွက်ပြီး ဣရိယာပုထ်ညီမျှအောင် စီစဉ်ပေးထားတာပါ။ တရားရိပ်သာရဲ့ အချိန်ဇယားအတိုင်း တရားထိုင်ချိန်၊ တရားနာချိန်၊ လမ်းလျှောက်ရင်း တရားမှတ်ချိန်၊ ဆွမ်းစားချိန်၊ ရေချိုးချိန်....စတာတွေအတိုင်း လိုက်နာဆောင်ရွက်ပေးရုံနဲ့ ဒေါင်ဒေါင်မြည်နေမှာပါ။

ဒီနေရာမှာ တခုသောသင်္ကြန်တွင်း တရားစခန်းမှာ ကြုံတွေခဲ့ရတဲ့ စာရေးသူရဲ့ အတွေ့အကြုံကို
ပြောပြချင်ပါတယ်။ စာရေးသူဟာ တရားစခန်းက ရေချိုးချိန်ပေးတဲ့အခိုက်မှာ ရေမချိုးဖြစ်ဘဲ မွန်းတည့် ၁၂-နာရီကျော်ပြီး နေပူရှိန်ပြင်းထန်တဲ့ အချိန်မှာ ရေချိုးမိလို့ အဖျားကြီးပြီး တရားစခန်းပွဲ မပြီးဆုံးခင်မှာပဲ အိမ်ပြန်ကာ အနားယူခဲ့ရပါတယ်။

ဒါကြောင့် စာရေးသူလို အဖြစ်မျိုး မကြုံရလေအောင် တရားရိပ်သာရဲ့ အချိန်ဇယား၊ စည်းမျဉ်းစည်းကမ်းအတိုင်း ပြည့်ပြည့်ဝဝ တရားအားထုတ်နိုင်ကြစေဖို့နဲ့ တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ မမြဲတဲ့အနိစ္စသဘောတရားကိုသာမက ကျန်းမာရေးကောင်းမွန်ခြင်းဆိုတဲ့ လာဘ်ကြီးတပါးကိုပါ ရရှိနိုင်ကြစေဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
credit to
ဇွန်ခိုင်ဦး(ဆေးဝါးကျွမ်းကျင်မှုတက္ကသိုလ်)

https://www.facebook.com/toke.gyi.1/posts/767535890039742 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...