စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အတာသင်္ကြန်တွင် သတိထားရမည့် မူးယစ်ကျော့ကွင်း

 
သင်္ကြန်တွင်း အမျိုးသမီးငယ်အချို့ ဤသို့ ပျော်ပါးခဲ့ကြသည်။ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 
တည်နေရာက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။ အချိန်အခါက တစ်နိုင်ငံလုံးရှိ လူကြီးလူငယ်အများစု ကမ်းကုန်အောင် မြူးတူးပျော်ပါးကြမည့် ရိုးရာသင်္ကြန်ပွဲတော်။ အခြေအနေက မူးယစ်ဆေးဝါးလောကတွင် ကမ္ဘာ့အဆင့်စာရင်းဝင်နေပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ တရားရုံး(UNODC)က အန္တရာယ်ရှိကြောင်း နှစ်စဉ်အစီရင်ခံစာထုတ် သတိပေးနေရသည့်အခြေအနေ။ နောက်ဆုံးသန်းခေါင်စာရင်းကောက်ယူမှုအရ လူဦးရေသန်း ၅၀ ကျော်ရှိနေချိန်တွင် မူးယစ်ရဲတပ်ဖွဲ့ဝင် ၁,၁၀၀ သာရှိနေသော လက်ရှိအချိန်ကာလ အကျပ်အတည်းများ။ မည်သို့ပင်ဆိုစေ ရိုးရာသင်္ကြန်ပွဲတော်၏ အရိပ်အငွေ့နှင့်ဆန့်ကျင်စွာ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ကြီးစိုးနေပြီဖြစ်သော မြန်မာနှစ်သစ်ကူးပွဲတော်ကြီးသည် တူးပို့တူးပို့အသံ၊ အလန်းလွန်ဒီဂျေတီးလုံးများနှင့် အတူလာမည့် ရက်ပိုင်းအတွင်း ရောက်လာတော့မည်ဖြစ်သည်။

အပူလွန်ကဲသည့် ရာသီဥတုအခြေအနေ၊ စိတ်ရှိတိုင်း မူးယစ်သောက်စားမည့်သူများ၏ ယာဉ်မတော်တဆမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများစွာရှိသည့်အနက် သင်္ကြန်ပွဲတော်ကို အကြောင်းပြုကာ လူငယ်များ၏ အသက်အန္တရာယ်နှင့် ဂုဏ်သိက္ခာကို အဓိကခြိမ်းခြောက်မည့် ရန်သူမှာ စိတ်ကြွဆေးကဲ့သို့ မူးယစ်ဆေးပင်ဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ သုံးသပ်ဝေဖန်မှုများ ဆူညံနေပြီဖြစ်သည်။
နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်အချို့၊ အနုပညာရှင်အချို့နှင့်အတူ ကိုယ်ပိုင်သင်္ကြန်မဏ္ဍပ်ဆောက်ကာ မဏ္ဍပ်ပေါ်မှ အခြေအနေများကို ထဲထဲဝင်ဝင်သိသည့် ရန်ကုန်မြို့ခံ ကိုဝဏ္ဏက သူ၏မျက်မြင်ကိုယ်တွေ့အဖြစ်အပျက်များကို လူငယ်များသတိပြုနိုင်ရန် ယခုလိုသတိပေးသည်။

‘‘သင်္ကြန်မှာ ပျော်ရုံမဟုတ်ဘူး။ ပျော်တာနောက်မှာ မိန်းကလေးတွေ အများကြီးအသုံးချခံရတယ်။ စိတ်ကြွဆေးမျိုးစုံက မဏ္ဍပ်ကြီးတွေမှာ အကုန်ရှိတယ်။ မိန်းကလေးတွေကဲမှ လူစည်တာလေ။ ဆေးပေးလိုက်တယ်ဆိုတာကလည်း ပါးစပ်ထဲ တန်းပြီးခွံ့လိုက်တာပဲ။ ပုလင်းကြီးနဲ့ ပြထားပြီး ဟန်ပြထားတာမျိုးမရှိဘူး’’ဟု ကိုဝဏ္ဏကဆိုသည်။

နှစ်စဉ် သင်္ကြန်မဏ္ဍပ်ထိုင်သူ မအိမ့်ချိုက‘‘မနှစ်က ကမ္ဘာအေးဘုရားလမ်းမှာဆောက်တဲ့ မဏ္ဍပ်တစ်ခုမှာ ဆေးပြားတွေ အလကားဝေတယ်။ မဏ္ဍပ်ထိုင်ဖို့ တောင်းထားတဲ့ ဈေးထဲမှာ တစ်ရက်ကို ဆေးဘယ်လောက်ဝေမယ်ဆိုတာ limit ပါပြီးသား။ ပြီးတော့ ဆေးခြောက်နဲ့လုပ်ထားတဲ့ သူတို့အခေါ် မုတ်လို့ခေါ်တဲ့ ဆေးလိပ်တွေဝေတယ်။ ဖိတ်ထားတဲ့အနုပညာရှင်တွေနဲ့ သူတို့အချင်းချင်းဝေကြတာ။ လူတိုင်းကိုမဝေဘူး’’ဟု ပြောသည်။

ဆယ်ကျော်သက်ရွယ် မိန်းကလေးများကို ပစ်မှတ်ထားကာ စိတ်ကြွဆေးမျိုးစုံ အသုံးပြု၍ ကာမလိမ်လည်ရယူဖျက်ဆီးခြင်းသည် သင်္ကြန်ကာလအတွင်း စိုးရိမ်စရာအကောင်းဆုံးဖြစ်ကြောင်း နေပြည်တော် မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကျော်ကျော်မင်းက သတိပေးသည်။

‘‘ပုံစံအမျိုးမျိုးနဲ့လာတဲ့ စိတ်ကြွဆေးတွေကို ရေတို့ ၊ အချိုရည်တို့ထဲမှာ ထည့်လိုက်ရင် အရောင်တို့ အရသာတို့က မသိသာဘူး။ မသိသာတော့ မိန်းကလေးတွေမှာ အလစ်အငိုက်မိပြီးတော့မှ သောက်မိတဲ့အခါ မိနစ်ပိုင်းအတွင်းပဲ စိတ်အာရုံတွေ ထွေပြားပြီးတော့မှ ထိန်းချုပ်လို့မရတော့ဘူး။ တချို့ဆေးတွေကျတော့ အဲဒီထက် ပိုဆိုးပြီးတော့ ကာမဆန္ဒစိတ်တွေ နှိုးဆွတဲ့အနေအထားမျိုးတွေ ဖြစ်လာတယ်။  ဒီလိုနဲ့ မိန်းကလေးတွေ ဘ၀ပျက်သွားတာမျိုးတွေ ဒီနောက်ပိုင်းမှာ ဒီလိုဆေးတွေ ပေါ်လာပြီ။ အပေါင်းအသင်းတွေနဲ့ လည်ပတ်တဲ့အခါ ဒီအချိန်မှာ သတိနဲ့နေကြဖို့လိုတယ်’’ဟု ၎င်းကပြောသည်။

ကိုဝဏ္ဏကလည်း လူချမ်းသာအသိုင်းအ၀ိုင်းတွင် မိန်းကလေးများအား ပစ်မှတ်ထား၍ ကာမလိမ်လည်ယူသူအချို့ အသုံးပြုသည့် စိတ်ကြွဆေးတစ်မျိုးအကြောင်းကို ယခုလို အသိပေးသည်။ လူချမ်းသာအသိုင်းအ၀ိုင်းတွင် E ဟု အလွယ်ခေါ်သည့်  etascy ဆေးပြားဖြစ်ပြီး ဈေးနှုန်းမှာ တစ်လုံးလျှင် ကျပ်ငါးသောင်းခန့်ရှိကာ  ပါရာစီတမော့ဆေးပြားဆိုက်ထက် အနည်းငယ်ထူကြောင်းရှင်းပြသည်။ ယင်းဆေးပြားကို မဏ္ဍပ်ပေါ် ကခုန်နေစဉ် သူငယ်ချင်းအဖော်က မိန်းကလေး၏ ပါးစပ်ထဲ ထိုးထည့်လိုက်ခြင်းဖြစ်ပြီး မိနစ်ပိုင်းအတွင်း အာနိသင်တက်လာကြောင်းဆိုသည်။

‘‘ပုံမှန်အချိန် လူအကပ်မခံတဲ့ မိန်းကလေးက ဆေးသုံးပြီးရင် အသားချင်းအထိခံတယ်။ လိုက်လျောတယ်။ စိတ်သဘောထားပျော့ပျောင်းသွားတယ်။ များသောအားဖြင့် မိန်းကလေးတွေကို ခေါ်လာပြီး အင်ထရိုလုပ်ပေးတဲ့ လူကပဲ ကောင်မလေးတွေကို ပြန်ပြီးတော့ ကြံဖို့အတွက်ပဲ သုံးတာများတယ်’’
ဒုတိယရဲမှူးကြီးကျော်ကျော်မင်းကလည်း etascy ဆေးပြားနှင့် ပတ်သက်၍ ‘‘ဒီဆေးကို သောက်ပြီးတဲ့အခါ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကြိုက်တာစိန်ခေါ် တိမ်ပေါ်အထိလိုက်မယ်ဆိုတာမျိုးဖြစ်သွားတယ်။ မကြောက်မရွံ့တော့ဘူး။ မိုက်ရူးရဲဆန်သွားတယ်။ အထိန်းအကွပ်မဲ့သွားတော့ အန္တရာယ်မျိုးစုံဖြစ်ကုန်တာပေါ့’’ဟု သတိပေးသည်။

ယင်းဆေးပြားအပြင် ငွေကြေးထောင်ဂဏန်းနှင့် ရနိုင်သည့် စိတ်ကြွဆေးပြားမျိုးစုံနှင့် စိတ်ကြွဆေးရောစပ်ထားသည့် ကော်ဖီမှုန့်ကဲ့သို့ ကာမစိတ်ကို လှုံ့ဆော်သည့် စိတ်ကြွဆေးများကိုလည်း မိန်းကလေးရော ယောက်ျားလေးပါ သတိထားရန်လိုသည်ဟု ဆိုသည်။
‘‘ဒါမျိုးရောင်းတဲ့လူအတွက် အကျိုးအမြတ်ကြီးတယ်။ ဈေးပေါတယ်။ လူငယ်တွေ ရက်ရက်စက်စက် သုံးနေကြမှာ။ နှစ်တိုင်း အဲဒီလိုတွေချည်းပါပဲ။  ရဲဘက်က တကယ်ဖမ်းမယ်ဆိုရင် မဏ္ဍပ်နားမှာတင် တသီကြီးမိမှာပါ’’ ဟု ကိုဝဏ္ဏကပြောသည်။

သားကောင်ဖမ်းမည့် မုဆိုးများကတော့ လိင်စိတ်နိုးကြွစေမည့် ပစ္စည်းများကို သင်္ကြန်ပွဲတော်အမီ နည်းပေါင်းစုံဖြင့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ပြည်တွင်းသို့ သွင်းလာနေသည်။ ယခုတစ်ပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့တွင် ရန်ကုန်သို့ပို့မည့် လိင်စိတ်ကြွဆေးများ၊ ညစ်ညမ်းခွေများနှင့် လိင်အင်္ဂါအတုများကို ဒေသတွင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထိုသတင်းကြား၍ မိမိတို့၏ ဆယ်ကျော်သက်အရွယ် သားသမီးများနှင့် တပည့်များအတွက် စိုးရိမ်မိကြောင်း ကိုယ်ပိုင်ပုဂ္ဂလိကကျောင်း တည်ထောင်ထားသည့် ဒေါ်ဆွေရည်ဝင်းကပြောသည်။ သင်္ကြန်ပွဲတော်မတိုင်မီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က စီမံချက်ဖြင့် လုံခြုံရေးနှင့် မူးယစ်တားဆီးနှိမ်နင်းရေးစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်နေသော်လည်း နှစ်စဉ်သင်္ကြန်မဏ္ဍပ်ထိုင်သူများကမူ ရဲတပ်ဖွဲ့၏လိုအပ်ချက်ကို ယခုလို ထောက်ပြဝေဖန်သည်။

‘‘သင်္ကြန်မဏ္ဍပ်တွေရဲ့ အနောက်မှာ စုပုံနေတဲ့ရေသန့်ဘူးခွံတွေကို စစ်ကြည့်ရုံနဲ့ဆေးသုံးထားလား၊ မသုံးဘူးလားဆိုတာ သိနေတာပဲ။  ရဲက အရေးယူတယ်ဆိုတာ ဘာလဲ။ သင်္ကြန်ကို ပျော်ရရုံသက်သက် ရေလာကစားတဲ့သူတွေအတွက် ဆေးသုံးပြီး လွတ်နေတဲ့သူတွေကြောင့် စိတ်ပျက်ရတယ်။ တကယ်မကဲတဲ့ မိန်းကလေးတွေလည်းရောပြီး သိက္ခာကျတယ်’’ဟု ပြည်ပခရီးသွားအေဂျင်စီ ကုမ္ပဏီဝန်ထမ်းမသဉ္ဇာက သင်္ကြန်တွင်း လုံခြုံရေးတာဝန်ယူသည့် ရဲတပ်ဖွဲ့အပေါ် အားမလိုအားမရဖြစ်ရပုံကို ရင်ဖွင့်သည်။
‘‘အခုနောက်ပိုင်းမဏ္ဍပ်တွေက စည်းရုံးစရာတောင် မလိုဘူး။ လူငယ်တွေက သိနေကြတယ်။ ဘယ်သူပါရင် ဆေးခြောက်ရတယ်၊ ဘယ်သူပါရင် မုတ်ရတယ်ဆိုတာ။ ကျွန်တော်တို့တောင် သိနေတာ၊ ရဲတွေလည်း သိမှာပဲ။ အရက်သောက်တာ ထားလိုက်တော့။ မူးယစ်ဆေးတွေ့တာနဲ့ သုံးတဲ့သူရော မဏ္ဍပ်တာဝန်ခံပါဖမ်း။ အကောင်ရဲ့သားဆို အဖေပါ ရာထူးချသင့်တယ်’’ဟု နှစ်စဉ်မဏ္ဍပ်ထိုင်သူ လမ်းမတော်မြို့နယ်မှ ကိုစိုင်းနွမ်ခမ်းကပြောသည်။

လူကုံထံအသိုင်းအ၀ိုင်းနှင့် နီးစပ်သူ ကိုဝဏ္ဏကတော့ ရန်ကုန်မြို့တွင်း တည်ဆောက်ထားသည့် မဏ္ဍပ်ကြီးအများစုတွင် အစိုးရအသိုင်းအ၀ိုင်းမှ လူကြီး(၎င်းတို့ အခေါ် အကာင်ကြီး) သားသမီးများ ပါဝင်ပတ်သက်မှုရှိနေပြီး ရဲတပ်ဖွဲ့က  အရေးယူရန် အခက်အခဲအချို့ရှိကြောင်း ပြောသည်။
‘‘ရဲတပ်ဖွဲ့ကတော့ အင်ဂျင်နီယာပိုင်းလည်း နားလည်တာမဟုတ်တော့ လုံခြုံရေးပိုင်းအတွက်ပဲ သူကြည့်ပြီး ပြောနိုင်မယ်။ ရှုထောင့်စုံကြည့်ပြီး မပြောနိုင်ဘူး။ သူတို့က အတွင်းပိုင်းစည်းကိုတော့ ဘာမှဝင်ပတ်သက်လို့မရဘူး။ ကောင်မလေးတွေတက်တာ လမ်းတစ်လမ်း၊ ဆင်းရင်လမ်းတစ်လမ်း၊ မူးရင်ကမယ်ဆိုတဲ့ အခန်းတွေ ရောက်သွားတာတို့ဘာတို့။ ဒါတွေက အကွက်တွေအများကြီးပဲ။ ဒီဥစ္စာကတော့ ကိုယ့်ကွင်းမှာ ကိုယ့်ဘာသာကိုယ် လုံအောင်လုပ်ပြီးတော့ ကတဲ့ကကွက်တွေ။ ဘယ်လိုမှ အပြင်လူဝင်ရောက်စွက်ဖက်လို့မရဘူး။ မဏ္ဍပ်မပေးထိုးမှရမယ်’’ဟု ကိုဝဏ္ဏက ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှု အခက်အခဲနှင့်ပတ်သက်၍ ပြောသည်။

ရိုးရာသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲလိုသူတို့၏ ဝေဖန်မှုများကို ရဲတပ်ဖွဲ့အနေနှင့် ဓမ္မဓိဋ္ဌာန်ကျကျ ပြန်လည်မဖြေရှင်းနိုင်ခဲ့။ ၎င်းတို့လုပ်လိုက်သည့် လုပ်ရပ်အလွဲများက သက်သေပြနေသည်။ ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလက မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး သရုပ်ပျက်သောကြောင့်ဟုဆိုကာ အစိုးရက ပိတ်ပင်ခဲ့သည့် မဏ္ဍပ်များတွင် နာမည်ကြီး Grand Royal မဏ္ဍပ်က ထိပ်ဆုံးမှပါခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးကိုယ်တိုင် နောက်နှစ်များ၌ ဆောက်ခွင့်မပေးတော့ဟု တရားဝင်ပြောထားသည့် Grand Royal မဏ္ဍပ်ကို ယခုနှစ်တွင် ထပ်မံခွင့်ပြုခဲ့ပြန်သည်။
‘‘လူလယ်ကောင် မဏ္ဍပ်ထဲမှာ ယောက်ျားတစ်ယောက်ရဲ့ ခေါင်းကို ကိုယ့်ရင်ဘတ်ဖော်ပြီး ဆွဲကပ်ဖို့ ဘယ်လို သာမန်မိန်းကလေးက လုပ်မလဲ။ ဟိုတစ်လောက ကော့ကန်ကားတဲ့ ဓာတ်ပုံတွေ ထွက်လာရတာ ဒါတွေမပါဘူးလို့ ဘယ်သူတာဝန်ခံပြောရဲလဲ’’ဟု မအိမ့်ချိုကပြောသည်။
ရဲတပ်ဖွဲ့၏ လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ယူမှုအပေါ် ဝေဖန်မှုများကို ဒုတိယရဲမှူးကြီးကျော်ကျော်မင်းက ယခုလို ကာကွယ်ပြောဆိုသည်။

‘‘ကျွန်တော်တို့ အမြဲတမ်းစိန်ခေါ်မှုကတော့ အင်အားပေါ့။ ကျွန်တော်တို့ တစ်နိုင်ငံလုံး လူဦးရေ  ၅၁ သန်းနဲ့ ၅၃ သန်းကြားလောက် ရှိလိမ့်မယ်။ ဒါပေမဲ့ မူးယစ်တပ်ဖွဲ့ဝင်အင်အားက တစ်နိုင်ငံလုံးမှာ ၁,၁၀၀ ပဲရှိတယ်။ အင်အားနဲ့ပတ်သက်ရင် ဘယ်လိုမှချိန်ထိုးလို့မရဘူး’’ဟု ဆိုသည်။
ယခုနှစ်သင်္ကြန်၌ အမှုအခင်းနည်းစွာ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့အင်အားနည်းသည့် အခြေအနေတွင် ပြည်သူများ၏ အခန်းကဏ္ဍ အရေးပါကြောင်း ၎င်းက သတင်းစကားပါးသည်။

‘‘ကျွန်တော်တို့မှာ အင်အား ၁,၁၀၀ ဆိုရင် တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ကြည့်နိုင်တာ မျက်လုံးပေါင်း ၂,၂၀၀ ပဲ ကြည့်နိုင်တယ်။ ဒီ ၂,၂၀၀ နဲ့ လူသန်းပေါင်း ၅၀ ကျော်ကြားထဲမှာ ကျွန်တော်တို့ ဘယ်လိုလုပ်စီမံမလဲဆိုတော့ တာဝန်သိတဲ့ ပြည်သူက အဓိကနေရာက ပါလာပါပြီ’’ဟု ပြောသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၃)တပ်ဖွဲ့ခွဲ (ရန်ကုန်)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးမြင့်အောင်ကလည်း ယခုနှစ်သင်္ကြန်မဏ္ဍပ်များတွင် မူးယစ်ဆေးဝါးသုံးကြောင်း သတင်းရရှိပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားစေလိုပြီး ထိထိရောက်ရောက် အရေးယူပေးမည်ဖြစ်ကြောင်းပြောသည်။

ကမ္ဘာအေးဘုရားလမ်းတွင် တည်ဆောက်ထားသည့် Play Boy မဏ္ဍပ်မှ တာဝန်ရှိသူ မရွှေရည်က ၎င်းတို့မဏ္ဍပ်တွင် မူးယစ်ဆေးအပြင် အရက်သေစာသောက်စား၍ အပျော်ကြူးမည့်သူများကြောင့် အခြားသူများ အနှောင့်အယှက်မဖြစ်စေရန် ရဲတပ်ဖွဲ့လုံခြုံရေးအပြင် ကိုယ်ပိုင်ပုဂ္ဂလိကလုံခြုံရေးအဖွဲ့ ငှားရမ်းထားကြောင်း ပြောသည်။ ပြည်လမ်းအင်းလျားကန်အနီး Channel 5 မဏ္ဍပ်မှ ကိုသစ်မင်းဆွေကလည်း လူငယ်များ မူးယစ်ဆေးသုံး၍ အပျော်လွန်ကြူးခြင်းမျိုး မဖြစ်စေလိုကြောင်း အကြံပြုသည်။ ‘‘အပျော်ဆိုတာ မိမိကိုယ်ကိုယ်ရော သူတစ်ပါးပါ မထိခိုက်မနစ်နာစေတဲ့ အပျော်မျိုး။ မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်စရာကို အတင်းဖန်တီးယူတာ မလုပ်သင့်ပါဘူး။

ထိန်းကွပ်မှုမရှိတဲ့ ပျော်ရွှင်မှုဟာ ပျော်တာလို့ မဆိုသာဘဲ ပရမ်းပတာလုပ်ရပ်လို့
သာ ဆိုရပါလိမ့်မယ်။ ပရမ်းပတာပျော်ခြင်းရဲ့နောက်မှာ သောကဗျာပါဒ စိတ်ဆင်းရဲစရာ ပါလာတတ်လို့ပါပဲ။ မိမိထိန်းသိမ်းလာတဲ့ မိမိဂုဏ်သိက္ခာ၊ လူမျိုး၊ နိုင်ငံ့ဂုဏ်သိက္ခာကို မိမိရဲ့ ပရမ်းပတာပျော်ရွှင်မှုကြောင့်  မှေးမှိန်မသွားရအောင် သတိနဲ့ပျော်ဖို့ လိုပါတယ်’’ဟု ဆရာတော်အရှင်သူရဓမ္မက သင်္ကြန်ပွဲတော်ဆင်နွှဲမည့်သူများအား မိန့်ကြားသည်။

http://7daydaily.com/story/35312#.VSabvi7dXLV

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...