စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သည်နှစ် သင်္ကြန်...

ရန်ကုန်သင်္ကြန်တွင် ရေပက်ဖျန်းနေသော မိန်းကလေးများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ပြင်းထန်နေသည့် နေပူဒဏ်အောက်မှာ ၂၀၁၅ မဟာသင်္ကြန်ပွဲတော်ကြီးက အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပြန်သည်။ ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်သည် နွေအပူဒဏ်ပြင်းသော်လည်း ယမန်နှစ်များထက်ကပင် ပိုမိုစည်ကားခဲ့သည်။ အဓိကအားဖြင့် ထုံးစံအတိုင်း လူတိုးမပေါက်သော ကန်တော်ကြီးပတ်လမ်းတစ်လျှောက်၊ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်နှင့်  ပြည်လမ်းတစ်လျှောက်မဏ္ဍပ်များတွင် ရေပက်ခံလူထုက အုံနှင့်ကျင်းနှင့် ဆင်နွှဲခဲ့ကြသည်။ ယခုနှစ်သင်္ကြန်သည် ယခင်နှစ်များနှင့်မတူဘဲ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ လျော့နည်းခဲ့သည်။ ဖျော်ဖြေရေးမဏ္ဍပ်များ ပိုမိုများပြားခဲ့သလို မှုခင်းဖြစ်ပွားမှုနှုန်းလည်း ယမန်နှစ်ထက် မြင့်တက်ခဲ့သည်ဟု သိရသည်။

သင်္ကြန်သည် မြန်မာတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်သော်လည်း ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းနှင့်အညီ သင်္ကြန်ကို ပါဝင်ဆင်နွှဲသူတို့၏ ၀တ်စားဆင်ယင်မှုမှာ တစ်နှစ်ထက်တစ်နှစ် သရုပ်ပျက်အသွင်ဆောင်လာခဲ့ကြသည်။ နာမည်ကျော်အနုပညာရှင်တချို့၏ ၀တ်စားဆင်ယင်မှုသည်လည်း သရုပ်ပျက်အသွင်ဆောင်မှုတို့ရှိခဲ့ရာ အတုယူလွဲမှားစွာ လိုက်လံတုပမှုများ ရှိလာသည်။ ယမန်နှစ်များကဆိုလျှင် အဖော်အချွတ်များပြုလုပ်၍ မဏ္ဍပ်ပေါ်ကခုန်ခြင်း၊ မိန်းကလေးတချို့ အရက်သေစာသောက်စား၍ မူးယစ်နေသည့် မြင်ကွင်းများ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ် မြင်မကောင်းအောင်ဖြစ်ခဲ့သည်။ ယခုနှစ်သင်္ကြန်တွင် ၀တ်စားဆင်ယင်မှုသရုပ်မပျက်ကြရန်နှင့် မူးယစ်ဆေးဝါးများ မသုံးစွဲကြရန် မီဒီယာများမှတစ်ဆင့် ပညာပေးမှုများ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့သလို လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်ကိုယ် ထိန်းသိမ်းပြုပြင်လာကြဟန်ရှိသည်။ ထို့ကြောင့် ၂၀၁၅ သင်္ကြန်သည် သရုပ်ပျက်မြင်ကွင်းများ လျော့နည်းခဲ့သည်။


ရန်ကုန်သင်္ကြန် မဏ္ဍပ်တစ်ခုမြင်ကွင်း (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 
မှုခင်းတွေများပြားလာတဲ့သင်္ကြန်
၂၀၁၅သင်္ကြန်ပွဲတော်သည် ပြီးခဲ့သည့်နှစ် သင်္ကြန်ပွဲတော်ထက် မှုခင်းအရေအတွက်များပြားလာခဲ့သည်။ တစ်နိုင်ငံလုံးတွင် သင်္ကြန်နှင့်ပတ်သက်သည့် လူသတ်မှု၊ ခါးပိုက်နှိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ယာဉ်တိုက်မှု၊မူးယစ်ရမ်းကားမှု စသည့် အမှုစုစုပေါင်း ၁၇၄မှုထိ ဖြစ်ပွားခဲ့ပြီး ၁၆ ဦး သေဆုံးကာ စုစုပေါင်း ၃၅၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ သင်္ကြန်အကျနေ့တွင် ဧရာဝတီတိုင်းနှင့် သင်္ကြန်အတက်နေ့တွင် မကွေးတိုင်းတို့၌ သင်္ကြန်နှင့်ပတ်သက်သည့် လူသတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ သင်္ကြန်ပွဲတော်တွင် လူသတ်မှုတစ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။ ထိုနှစ်တွင် သင်္ကြန်နှင့်ပတ်သက်သည့် မှုခင်းအရေအတွက် ၁၅၉ မှုဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကာ ၉၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် မှုခင်းဖြစ်ပွားမှုနှုန်းပိုမိုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်သင်္ကြန်တွင် စိတ်ကြွမူးယစ်ဆေးဝါးအပါအဝင် မူးယစ်ဆေးဝါးများကို သင်္ကြန်မတိုင်မီကပင် ကြိုတင်ဖမ်းဆီးမှုများ ပြုလုပ်ထားခဲ့သည်။ သင်္ကြန်အကြိုနေ့တွင် နေပြည်တော်သင်္ကြန်ကို ကား၊ ဆိုင်ကယ်တို့ဖြင့် လှည့်လည်သူများကို ရှာဖွေဖမ်းဆီးမှုများပြုလုပ်ရာ တုတ်၊ သံချောင်း၊ အရက်ပုလင်း အများအပြားသိမ်းဆည်းရမိခဲ့သည်။ အိတ်ဇောဖြုတ်သည့်ဆိုင်ကယ်များကိုလည်း ဖမ်းဆီးခဲ့ကြောင်းသိရသည်။

သို့ရာတွင် ‘‘ဒီနှစ်ရန်ကုန်သင်္ကြန်က အေးအေးဆေးဆေးပါပဲ။ ဝတ်စားဆင်ယင်မှုပိုင်းမှာလည်း သိပ်ပြီးပြောစရာမရှိပါဘူး။ မှုခင်းပိုင်းတွေမှာလည်း လျော့ကျပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ လူသတ်မှုမရှိခဲ့ပါဘူး’’ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။
 
ဂယက်ရိုက်ခဲ့သော သင်္ကြန်သီချင်း
တေးရေးရွှေဂျော်ဂျော် ရေးသားပြီး ဖြူဖြူကျော်သိန်း သီဆိုထားသည့် Water Party ရေပါတီသီချင်းနှင့် တေးရေး၊ တေးဆိုနောနော် သီဆိုထားသည့် သင်္ကြန်ပါတီရေပါတီသီချင်းမှာ ယခုနှစ်သင်္ကြန်တွင် ထင်ရှားကျော်ကြားခဲ့ပြီး ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

အဆိုပါသင်္ကြန်သီချင်းခွေမှာ ယခုနှစ်အတွက် ရေပန်းစားခဲ့ပြီး ပါဝင်သည့် တေးသီချင်းများကို သီဆိုသူများက မဏ္ဍပ်များတွင် ဖျော်ဖြေပေးခဲ့ကြသည်။ ရေပါတီဟူသည့် အသုံးအနှုန်းမှာလည်း လူငယ်တို့နှုတ်ဖျားသို့ ရောက်ရှိခဲ့သည်။ သင်္ကြန်တေးသီချင်းများအနေဖြင့် ရိုးရာသင်္ကြန်ပွဲတိုင်းတွင် မပါမဖြစ်ဖွင့်လှစ်ကြသည့် မြန်မာသံစဉ် သင်္ကြန်သီချင်းတေးသံများ ပျံ့လွင့်ဆဲဖြစ်သည်။ ထို့အပြင် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ရေပန်းစားခဲ့သည့် ပိတောက်ကပွဲသီချင်းခွေကဲ့သို့သော သင်္ကြန်သီချင်းဟောင်းအချို့ကို ပြန်လည်ဆန်းသစ်ဖွင့်လှစ်မှုများရှိခဲ့သည်။ သင်္ကြန်ပါတီ ရေပါတီဟူသည့် အသုံးအနှုန်းနှင့်ပတ်သက်၍  ဝေဖန်မှုတချို့ထွက်ပေါ်ခဲ့ရာ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အောက်ပါအတိုင်းဝေဖန်မှုပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

‘‘အရင်ကအသုံးအနှုန်းက Water Festival ပါ။ ဒီတော့ Festival နေရာမှာ Party နဲ့ အသုံးအနှုန်းဖလှယ်ပြီး အစားထိုးတဲ့သဘောပေါ့။ မေးစရာရှိတာက Party နဲ့ Festival က အဓိပ္ပာယ်ကော တူလို့လား။ Party ဆိုတာက မိမိနဲ့ပတ်သက်ရာပတ်သက်ကြောင်း လူအုပ်စုတစ်စု အဖွဲ့စည်းတစ်ခုက ကျင်းပပြုလုပ်တဲ့ အုပ်စုတစ်စုရဲ့ အသေးစားလူအစုအဝေးပွဲတစ်ခုပါ။ Festival ဆိုတာကတော့ လူမျိုးတစ်မျိုး၊ မျိုးနွယ်စုတစ်စုရဲ့ ပိုမိုကျယ်ပြန့်တဲ့ လူထုပွဲတော်မျိုးပါ။ ကွာတာကတော့ လူတစ်စုနဲ့ လူထုပါပဲ။ ဒီတော့ သင်္ကြန်ဆိုတာ လူတစ်စုနဲ့သာ ဆိုင်တဲ့ပွဲလား၊ လူထုနဲ့ ဆိုင်တဲ့ပွဲလား စဉ်းစားဖို့ပါ။  ဆန်းသစ်တာတော့ကောင်းပါတယ်။  ဒါပေမဲ့ ရိုးရာပျက်မယ်၊ အဓိပ္ပာယ်လွဲမယ်ဆိုရင်တော့ စဉ်းစားသင့်တယ်။ ဆန်းသစ်တယ်ဆိုတိုင်း ကောင်းတာမဟုတ်ပါဘူး’’ဟု ဒေါက်တာထွန်းလွင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အမြင်ရေးသားခဲ့သည်။


ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲတွင် တွေ့ရသော လှပျိုဖြူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

သရုပ်ပျက်ဝတ်စားဆင်ယင်မှု လျော့ကျခဲ့သည့်သင်္ကြန်
ယခုနှစ်သင်္ကြန်သည် ယခင်နှစ်များကလို မဟုတ်ဘဲ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ သိသိသာသာလျော့နည်းခဲ့သည်။ မဏ္ဍပ်များပေါ်တွင် အဖော်အချွတ်ကခုန်၍ သရုပ်ပျက်မှုမြင်ကွင်းများကို မတွေ့ရသလောက်ဖြစ်သည်။ ယခင်နှစ်များက အထူးသဖြင့် အမျိုးသမီးငယ်အချို့၏ သရုပ်ပျက်ဝတ်စားဆင်ယင်မှုအပေါ် ဝေဖန်မှုများစွာပြင်းထန်ခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း အဖော်အချွတ်ဖြင့် ကခုန်နေကြသည့် အမျိုးသမီးငယ်တို့ဓာတ်ပုံများ ပလူပျံခဲ့သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေသည့် ၀တ်စားဆင်ယင်မှုမျိုးမပြုလုပ်ကြရန်နှင့် အမြင်မသင့်လျော်သည့် မှတ်ချက်များဖြင့် အချင်းချင်း တည့်မတ်ထိန်းကျောင်းခဲ့ကြပြီးနောက် ယခုအခါ သင်္ကြန်ကာလ ၀တ်စားဆင်ယင်မှုများ လုံခြုံလာသည်ကို တွေ့ရသည်။ သင်္ကြန်လည်ပတ်ခဲ့ကြသူများကလည်း ယခုနှစ်သင်္ကြန်၏ လုံခြုံသောဝတ်စားဆင်ယင်မှုအပေါ် သတိပြုပြောကြားခဲ့ကြသည်။

‘‘မဏ္ဍပ်တွေကို ကြည့်တာတော့ တစ်ယောက်မှ သရုပ်ပျက်ဝတ်စားထားတာတွေ မတွေ့ရဘူး။ နောက်ပြီး ဖေ့စ်ဘွတ်ခ်မှာလည်း ဘယ်မဏ္ဍပ်မှာတော့ ဆိုးလိုက်တာဆိုပြီး မတွေ့ရဘူးဆိုတော့ မနှစ်ကထက်စာရင် အများကြီး လုံခြုံသွားတယ်လို့ ထင်ပါတယ်’’ဟု အလှမယ် ခင်လပြည့်ဇော်ကပြောသည်။

‘‘ဒီနှစ်သင်္ကြန်ကိုကြည့်ရတာ အရင်နှစ်ကထက်စာရင် ယဉ်ကျေးလာတယ်လို့မြင်တယ်။ မနှစ်ကလို ဆိုးဆိုးရွားရွားတွေမတွေ့ရဘူး။ မနှစ်ကတော့ မိန်းကလေးတွေ ၀တ်တာစားတာ ရိုင်းတယ်။ လူမှုကွန်ရက်တွေမှာလည်း ပျံ့နှံ့သွားတယ်။ ဒီနှစ်ကတော့ မရှိဘူး။ အစိုးရက နည်းနည်းကြီးကြပ်တာကြောင့်လည်း ဖြစ်မယ်ထင်တယ်။ မိဘတွေကလည်း ထိန်းသိမ်းတာလည်း ပါမယ်ထင်တယ်။ သူတို့ကိုယ်တိုင်လည်း ထိန်းသိမ်းလာတယ်’’ဟု ဘုရားကျောင်းဝန်ထမ်း မဟေမာလွင်ဦးက သုံးသပ်သည်။

‘‘အထူးသဖြင့် Celebrity တွေ ထိန်းထိန်းသိမ်းသိမ်း ၀တ်ဆင်လာတာတွေ့တော့ စိတ်ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတုယူပြီး ၀တ်စားဆင်ယင်တတ်တဲ့ မိန်းကလေးတွေများလို့ပါ’’ဟု ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှ မီဒီယာတာဝန်ခံကိုဝေကြီးက ဆိုသည်။
မန္တလေးသင်္ကြန်နှင့် ပတ်သက်၍လည်း ‘‘ဒီနှစ်မန္တလေးသင်္ကြန်ထူးခြားတာကတော့ မဏ္ဍပ်တွေကို ခပ်ကျဲကျဲထားထားတယ်။ အရင်နှစ်ထက်ပိုနည်းလာတယ်လို့ ထင်တယ်။ ဝတ်စားဆင်ယင်မှုကတော့ အားလုံးလုံလုံခြုံခြုံပါပဲ။ ဒါပေမဲ့ ရမ်းကားတဲ့သူတွေကတော့ ရှိနေတုန်းပါပဲ’’ဟု မန္တလေးမြို့ခံကိုစည်သူကပြောသည်။

‘‘ရန်ကုန်သင်္ကြန်ကတော့ မိန်းကလေးတွေ လုံလုံခြံခြုံမြင်ရတာ စိတ်ချမ်းသာတယ်။ ဒါပေမဲ့ အရက်ဘီယာသောက်နေတဲ့ အမျိုးသမီးတွေ တွေ့နေရတုန်းပဲ။ အုပ်စုဖွဲ့ရိုက်နှက်တာတွေတော့ မတွေ့ရမကြားရဘူး။ သင်္ကြန်မှာ ရန်ဖြစ်တာကတော့ ရှိနေပေမယ့် ဒါကတော့ ဆိုးဆိုးရွားရွား မဖြစ်ပါဘူး’’ဟု ယခုနှစ်သင်္ကြန်လေးရက်တာလုံး ရေကစားထွက်ခဲ့သူ ကိုမြတ်သူက ၎င်း၏အမြင်ကိုဖွင့်ဟသည်။

ရန်ကုန်သင်္ကြန်မြင်ကွင်းတချို့ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်သင်္ကြန်မြင်ကွင်းတချို့ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

မဏ္ဍပ်များစည်ကားပြီး အချို့ မြတ်၊ အချို့အရှုံးပေါ်
ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်အကြီးနှင့် အလတ်မှာ ၄၀ ကျော်သာရှိပြီး ယခင်နှစ်ကထက် ပိုနည်းသော်လည်း မဏ္ဍပ်အငယ်များမှာ  ပိုမိုများပြားခဲ့သည်။ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းနှင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက် တိုးမပေါက်အောင်ရှိခဲ့သည်။
ရန်ကုန်တွင် မဏ္ဍပ်ကြီးများအနေဖြင့် ကမ္ဘာအေးဘုရားလမ်း၌ အမ်ပီတီမဏ္ဍပ်၊ ပြည်လမ်း၌ အယ်လ်ပိုင်းမဏ္ဍပ်၊ ကိုကာကိုလာမဏ္ဍပ်၊ ၁၉လမ်း၌ စကိုင်းနက်မဏ္ဍပ်၊ မြို့တော်စည်ပင်မဏ္ဍပ်၊ မျှော်စင်ကျွန်း၌ အိုင်စီမဏ္ဍပ်၊ ကန်ပတ်လမ်း၌ အူရီးဒူးမဏ္ဍပ်၊ အရှေ့မြင်းပြိုင်ကွင်း၌ ပိုလိုကလပ်မဏ္ဍပ်တို့ ရှိခဲ့သည်။ ထို့အပြင်  နေပြည်တော်တွင် ကာကွယ်ရေးမဏ္ဍပ်နှင့် စကိုင်းနက်မဏ္ဍပ်တို့ စည်ကားခဲ့ပြီး မန္တလေးတွင် မြို့တော်စည်ပင်မဏ္ဍပ်၊ အယ်လ်ပိုင်းမဏ္ဍပ်၊ ဟိုက်ကလပ်မဏ္ဍပ်တို့ စည်ကားခဲ့ကာ ချောင်းသာတွင် အင်ပါယာမဏ္ဍပ်တို့၌ စည်ကားခဲ့သည်။

မန္တလေးသင်္ကြန်အကျနေ့က နွေရတီမဏ္ဍပ်စင်ပြိုကျမှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့တွင် အဓိကလမ်းမများဖြစ်သည့် ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းတစ်လျှောက်မဏ္ဍပ်များသာ အမြတ်ပေါ်ခဲ့ကြပြီး ကန်ပတ်လမ်းတစ်လျှောက် မဏ္ဍပ်များကမူ အများဆုံး အရင်းလောက်သာရရှိခဲ့ကြ၍ အရှုံးပေါ်သူများခဲ့သည်ဟု ကန်ထရိုက်တာများကပြောသည်။

‘‘ဒီနှစ် ကျွန်တော်တို့အမြတ်ရပါတယ်။ ဘယ်လောက်မြတ်လဲဆိုတာကတော့ ပြောဖို့အဆင်မပြေသေးဘူး။ ကျွန်တော်သိရသလောက်ဆိုရင် ကန်ပတ်လမ်းကလွဲပြီး ကျန်တဲ့နေရာက မဏ္ဍပ်တွေ မြတ်ကြတယ်’’ဟု ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ SPACE INVADER ရေကစားမဏ္ဍပ်မှ ကိုငြိမ်းချမ်းမောင်က ပြောသည်။
ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်မူလုပ်ငန်းမှာ လွန်ခဲ့သည့်ဆယ်နှစ်ကထက် အမြတ်ရရှိမှု ပိုလာခဲ့သကဲ့သို့ ဆောက်လုပ်မှုကုန်ကျစရိတ်မှာလည်း အဆမတန်မြင့်တက်နေခဲ့ခြင်းမှာ ယင်းကာလနှစ်ခုကြား သိသာသည့်ပြောင်းလဲမှုဖြစ်သည်ဟု ၎င်းကမှတ်ချက်ပြုသည်။
‘‘ဒီနှစ်က ကန်ပတ်လမ်းက လူသိပ်မစည်လိုက်တော့ အဲဒီဘက်ကသူတွေ ရှုံးတယ်လို့တော့ သိထားတာပေါ့။ ဒါက သက်ဆိုင်ရာက မဏ္ဍပ်ပါမစ်ချပေးတဲ့အရေအတွက် လျှော့လိုက်တာကြောင့်လို့ပြောဖို့တော့ ခက်တယ်’’ ဟု Barrack မဏ္ဍပ်မှ  ကိုရန်နိုင်က ပြောသည်။

စတုဒိသာတွေ လှိုင်လှိုင်ကျွေးခဲ့တဲ့ သင်္ကြန်

ယခုနှစ်သင်္ကြန်မြင်ကွင်းများအနက် သိသာထင်ရှားသည့် မြင်ကွင်းတစ်ခုမှာ ရပ်ကွက်များအတွင်းမှ စတုဒိသာမဏ္ဍပ်များပင် ဖြစ်သည်။ မြို့နယ်အသီးသီးရှိ ရပ်ကွက်များမှ မိမိတို့ တတ်စွမ်းသရွေ့ စတုဒိသာအလှူများ ပြုလုပ်ခဲ့ကြသည်။ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း စသည်တို့မှ မုန့်ဟင်းခါး၊ ထမင်းဟင်းအထိ ကျွေးမွေးမှုများကို များပြားစွာမြင်တွေ့ခဲ့ရသည်။ စတုဒိသာကျွေးမွေးခြင်း၊ ဆန်နှင့်အစားအသောက်များ လှူဒါန်းခြင်းစသည့် မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာ ကုသိုလ်ကောင်းမှုများကို သင်္ကြန်တွင်းကာလရက်များတွင်ရော နှစ်ဆန်းတစ်ရက်နေ့တွင်ပါ နေရာအနှံ့ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြသည့်နှစ်တစ်နှစ် ဖြစ်သည်။ အရပ်လေးမျက်နှာမှ လာရောက်ကြသူများအား ကျွေးမွေးခြင်းဟူသည့် မြန်မာတို့၏ ချစ်စဖွယ်ဓလေ့တစ်ခုဖြစ်သော စတုဒိသာမဏ္ဍပ်လေးများသည် ယမန်နှစ်များကထက် တွင်ကျယ်စွာပေါ်ပေါက်ခဲ့သည်။
‘‘ဒီနှစ်သင်္ကြန်က စတုဒိသာမဏ္ဍပ်တွေ တော်တော်များတယ်။ မဏ္ဍပ်ကြီးတွေရော။ တချို့ကျတော့လည်း မိသားစုတွေ လမ်းထဲမှာ ကျွေးတာတွေလည်းရှိတယ်။ ဒီနှစ်သင်္ကြန်က ကောင်းတာတွေတော်တော်များတယ်လို့ ပြောလို့ရတယ်’’ဟု အလှမယ် ခင်လပြည့်ဇော်ကဆိုသည်။

‘‘ဒီနှစ် သင်္ကြန်တွင်းရော နှစ်ဆန်းတစ်ရက်နေ့မှာပါ စတုဒိသာတွေ ကျွေးမွေးတာတော့နေရာတိုင်းလိုလိုမှာ တွေ့ရတယ်။ ဒါကတော့ မြန်မာလူမျိုးတွေရဲ့ အလှူအတန်းရက်ရောမှုတွေပိုများလာတာပေါ့’’ဟု ကမာရွတ်မြို့နယ်မှ အင်ဂျင်နီယာကျောင်းသား ကိုရဲလင်းထွန်းက ပြောသည်။

ဗဟန်းမြို့နယ်တွင်နေထိုင်သည့် ကုမ္ပဏီဝန်ထမ်း မချောစုစုနိုင်ကလည်း ‘‘ဒီနှစ်ကတော့ နေရာတိုင်းမှာ စတုဒိသာကျွေးလာတာတွေ များတယ်။ စတုဒိသာကျွေးမွေးတာတွေက နှစ်ဦးနှစ်ဖက်စလုံးကောင်းတယ်လေ။ ကျွေးတဲ့လူလည်း ကုသိုလ်ရ၊ စားတဲ့သူတွေလည်း ကျွေးတဲ့သူများတော့ တွေ့တဲ့နေရာတိုင်းမှာ စားနိုင်တာပေါ့။ ဒီလိုအလေ့အထလေးတွေ မပျောက်ပျက်ဘဲ ပိုများလာတာ အရမ်းကောင်းပါတယ်’’ဟု ပြောသည်။

http://7daydaily.com/story/35560#.VTevvJMXW1l

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...