နေပြည်တော်လွှတ်တော်အဆောက်အအုံများအနီးမှ ဒေသခံတစ်ဦး ထင်းများသယ်ဆောင်လာသည်ကို တွေ့ရစဉ်/ဓာတ်ပုံ − Getty Images
မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော်သည် ကြီးကြီးမားမား
ထူထောင်ထားသော်လည်း ခြောက်ကပ်ဆိတ်သုဉ်းနေသည့်
တစ္ဆေမြို့တော်ကြီးတစ်မြို့အဖြစ် Daily Mail သတင်းစာက
ခိုင်းနှိုင်းဖော်ပြသွားသည်။
Daily Mail က နေပြည်တော်၏ ပုံရိပ်များကို ဝေဝေဆာဆာဖော်ပြပြီး ကြီးမားခံ့ထည်သလောက် လူသူနည်းပါးလွန်းသည့် အရိပ်အငွေ့များ ယှက်သန်းနေကြောင်း ရေးသားထားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်က ရန်ကုန်အစား မြန်မာနိုင်ငံ၏ တရားဝင်မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့်နောက်ပိုင်း နေပြည်တော်၏ စည်ပင်ချဲ့ထွင်မှုသည် အနည်းအကျဉ်းမျှသာ ရှိခဲ့သည်။
နေပြည်တော်၏ အကျယ်အဝန်းသည် နယူးယောက်မြို့တော်၏ အချက်အချာဖြစ်သော မက်ဟက်တန်ရပ်ကွက်ထက် အဆပေါင်း ၁၂၀ မျှ ရှိနေပြီး လူတစ်သန်းခန့် အဆင်ပြေပြေ နေထိုင်နိုင်လောက်အောင် တည်ဆောက်ထားသည်။ သို့သော်လည်း မြို့ကြီးသည် တစ္ဆေမြို့တစ်ခုသဖွယ် ခြောက်သွေ့နေဆဲဖြစ်သည်။
အစိုးရဝန်ထမ်းများအတွက် အဓိက ရည်ရွယ်တည်ဆောက်ထားပြီး အနီးအနားဒေသခံများသာ နေပြည်တော်တွင် လာရောက်အခြေချနေထိုင်ကြရာ အလုပ်ကိစ္စမရှိသည့် အခြေအနေတွင် စည်ပင်ထွန်းကားသည့် မက်ထရိုပိုလီတန် မြို့ပြကြီးတစ်ခုထက် လူသူအရောက်အပေါက် နည်းပါးလွန်းသည့် နယ်မြေတစ်ခုသဖွယ် ဖြစ်နေသည်။
နေပြည်တော်ရှိ ဧရာမအဝေးပြေးလမ်းမကြီးများသည် ကားစီးရေ ၂၀ မျှ ယှဉ်လျက် မောင်းနှင်နိုင်အောင် ကျယ်ဝန်းစွာ တည်ဆောက်ထားသည်။ ယင်းလမ်းမများသည် အစိုးရသုံး SUV မော်တော်ကားများအတွက် သင့်တော်သလို လိုအပ်ပါက စစ်လေယာဉ်များအခြေစိုက် ဆင်းသက်ရာ လေယာဉ်ပြေးလမ်းများသဖွယ် အသုံးပြုနိုင်အောင် ရည်ရွယ်တည်ဆောက်ထားကြောင်း သတင်းအချို့လည်း ထွက်ပေါ်ခဲ့သည်။
တရားဝင် ကိန်းဂဏန်းအချက်အလက်များအရ နေပြည်တော်၏ လူဦးရေသည် ၉၂၄၀၀ ကျော် ရှိသည်ဟု ဆိုသော်လည်း Daily Mail ၏ ဓာတ်ပုံများက ယင်းအခြေအနေနှင့် ခြားနားနေဟန်ရှိကြောင်းလည်း ဆိုသည်။ Daily Mail ၏ ဓာတ်ပုံများတွင် လမ်းများသည် လူသူနည်းပါး ခြောက်သွေ့နေပြီး ဖြတ်သွားဖြတ်လာ လမ်းလျှောက်သွားသူ၊ စက်ဘီးစီးသွားသူ အနည်းငယ်ကိုသာ တွေ့ရသည်။

လူသွားလူလာရှင်းလင်းနေသော နေပြည်တော်တစ်နေရာ/ဓာတ်ပုံ − Getty Images
နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ၂၀၀၂ တွင် အစပြုခဲ့ပြီး နှစ်ပေါင်း ၂၀၀၀ မျှ လူသူအခြေချနေထိုင်မှုနည်းပါးခဲ့ရာ သစ်တောမြေတစ်ခု၏ အလယ်တွင် နေရာချရွေးချယ်ခဲ့သည်။ ၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရဝန်ထမ်းအချို့သည် မြို့တော်သစ်သို့ စတင်ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော်လည်း စာသင်ကျောင်းနှင့် အခြားသောလိုအပ်ချက်များ ခေါင်းပါးနည်းပါးနေချိန်ဖြစ်သဖြင့် ဝန်ထမ်းအများစုသည် မိသားစုများနှင့် ခွဲခွာနေထိုင်ခဲ့ရသည်။
နေပြည်တော်ကို ဇုန်အမျိုးမျိုး ခွဲခြားသတ်မှတ်ထားပြီး အစိုးရဝန်ကြီးရုံးများကို စစ်တပ်ဧရိယာနှင့် ဝေးလံစွာ ထားရှိသတ်မှတ်ထားသည်။ ဒေသတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖြစ်ထွန်းမှု နည်းပါးလွန်းသော်လည်း စီးပွားရေးဇုန်၊ ဟိုတယ်ဇုန်များကိုလည်း သတ်မှတ်ထားရှိသည်။
လူနေဧရိယာများကို စေ့စေ့စပ်စပ် စုစည်းသတ်မှတ်ထားပြီး လေးထပ်တိုက်ခန်းတွဲ ၁၂၀၀ ဖြင့် တည်ဆောက်ထားသည်။ အဆောက်အအုံများ၏ အမိုးများကို အရောင်ဖြင့် Code ခွဲခြားကာ ဝန်ထမ်းများ၏ အလုပ်ရာထူးအလိုက် ခြားနားသတ်မှတ်ထားသည်။ အစိုးရ၏ အိမ်ရာစီမံကိန်းများ ရှိနေသော်လည်း နေပြည်တော်တွင် ဆင်းရဲနုံချာစွာနေထိုင်ရသူ အများအပြားရှိနေဆဲဖြစ်သည်။
နေပြည်တော်တွင် အပန်းဖြေသွားလာစရာနေရာများလည်း ရှိနေရာ ရန်ကုန်မှ ရွှေတိဂုံစေတီတော်နှင့် အရွယ်တူ၊ ပုံစံတူတည်ဆောက်ထားသည့် ဥပ္ပါတသန္တိစေတီတော်အပြင် ပန်းခြံနှင့် ဥယျာဉ်များလည်းရှိသည်။ ရေပန်းဥယျာဉ်ဧရိယာတွင် ညတိုင်း ဂီတဖျော်ဖြေပွဲများ ရှိသော်လည်း လာရောက်အားပေးသူ အများအပြားကိုမူ မတွေ့ရချေ။
ထို့အပြင် နိုင်ငံခြားသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် နေပြည်တော်သို့ သွားရောက်လည်ပတ်ရန် စိတ်အားထက်သန်မှု မရှိကြဟုလည်း သတင်းများကဆိုသည်။ ခရီးသွားဝန်ဆောင်မှုဌာနများ၏ အဆိုအရ နေပြည်တော်ကို အန္တရာယ်ရှိသော ဒေသတစ်ခုအဖြစ်မှတ်ယူကြပြီး နိုင်ငံရပ်ခြားမှ ထောက်ပံ့ရေး လုပ်သားများသည် ချောက်ချားဖွယ် ဆိတ်သုဉ်းငြိမ်သက်နေသည့် အခြေအနေကို မနှစ်သက်ကြသဖြင့် ရန်ကုန်တွင်သာ အခြေချကာ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရန် ပိုမိုလိုလားကြကြောင်းလည်း သိရသည်။
အစိုးရအနေဖြင့် ကုလသမဂ္ဂ ဌာနအသီးသီးနှင့် နိုင်ငံခြားသံရုံးများအတွက် ငါးဧကစီ အကျယ်အဝန်းရှိသော မြေနေရာများချထားသော်လည်း ဘင်္ဂလားဒေ့ရှ် သံရုံးတစ်ခုသာ နေပြည်တော်သို့ သွားရောက်ပြောင်းရွှေ့အခြေစိုက်ခဲ့သည်။
Daily Mail ၏ Inside Naypyitaw, Myanmar’s haunting capital city ဆောင်းပါးကို ဇွဲရဲဝင့် ဆီလျော်အောင် ပြန်ဆိုသည်။
http://www.7daydaily.com/story/35714

No comments:
Post a Comment