စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကယန်းအလှကို ဘယ်လိုထိန်းသိမ်းမလဲ

ကယန်း(ပဒေါင်) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအတိုင်း လည်ပင်းတွင် ကြေးကွင်းစွပ် အမျိုးသမီးတစ်ဦးကို သူမ၏သားငယ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- နေလင်းအောင်)

ကြေးညှော်အထပ်ထပ်ဖြင့် အိုဟောင်းနေသည့် သစ်သားပြားပေါ်တွင် ပန်ပက်ကျေးရွာအုပ်စုဟု အဓိပ္ပာယ်ရသည့် စာလုံးများကို ကယန်းဘာသာဖြင့် ရေးသားထားသည်။

 ကျေးရွာဆိုင်းဘုတ်လွန်သည်နှင့် ပေနှစ်ဆယ်ခန့်မြင့်သည့် ရိုးရာတံခွန်တိုင်များကို ရွာအ၀င်အ၀တွင် ထိုးထိုးထောင်ထောင် တွေ့ရသည်။ တံခွန်တိုင်ကွင်းပြင်၏ တစ်ဖက်ခြမ်းတွင် ခြံဝင်းကျယ်များနှင့် ခြေတံရှည်အိမ်အများအပြားရှိသည်။ ခြေတံရှည်နေအိမ်ခြံဝင်းများအတွင်းမှာတော့ ရွှေရောင်တောက်နေသည့် ကြေးကွင်းများ လည်တိုင်တွင် ရစ်ပတ်ထားသည့် ကယန်းပဒေါင်တိုင်းရင်းသူများကို တစ်ဦးစ၊ နှစ်ဦးစ မြင်တွေ့ရသည်။ အချို့က ခြံအတွင်း အမှိုက်များရှင်းလင်းနေသလို အချို့က လက်ရက်ကန်းထည်များ ရက်လုပ်နေကြသည်။

ယင်းမြင်ကွင်းများက လွိုင်ကော်မြို့နှင့် ရှစ်မိုင်ခန့်အကွာ တောင်ကုန်းတောင်ကြားများကို ကျော်ဖြတ်ပြီးနောက် မြင်တွေ့ရသည့် ကယန်း(ပဒေါင်)တိုင်းရင်းသားများ၏ ကျေးရွာဖြစ်သည်။ နိုင်ငံတကာက လည်ပင်းရှည်(Long Neck) လူမျိုးများဟု သိကြသော ကယန်း(ပဒေါင်)တိုင်းရင်းသားများနေထိုင်သည့် ကျေးရွာဖြစ်ပြီး  ကယားပြည်နယ်အတွင်း ကြေးကွင်းပတ်တိုင်းရင်းသားအများဆုံးနေထိုင်သည့် ကျေးရွာဖြစ်သည်။

တစ်ခါတစ်ရံ ပြည်ပခရီးသွားများ လာရောက်လေ့ရှိသည့် ပန်ပက်ကျေးရွာမှာ တကယ်တမ်းတွင် နိုင်ငံခြားသားများ လေ့လာလိုသော ရိုးရာဝတ်စုံဖြင့် လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးကွင်းပတ်ထားသည့် အမျိုးသမီးများမှာ ကျေးရွာအတွင်း များများစားစားမကျန်တော့ပါ။
‘‘သိပ်မကျန်တော့ဘူး။ အကုန်လုံး ထိုင်းဘက်ရောက်ကုန်ပြီ’’ဟု ဒေသခံ ပန်ပက်ကျေးရွာဥက္ကဋ္ဌ ဦးအောင်ကိုကပြောသည်။
ပန်ပက်ကျေးရွာအုပ်စုတွင် ကျေးရွာငါးရွာရှိပြီး လူဦးရေ နှစ်ထောင်ခန့်ရှိသည့်အနက် ရိုးရာဓလေ့ ကြေးကွင်းပတ်အမျိုးသမီးများ အရေအတွက်မှာ ရာဂဏန်းမျှပင်မရှိတော့။

ပန်ပက်ကျေးရွာအုပ်စုအပြင် ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်နယ်နှင့် မိုးဗြဲမြို့နယ်များတွင်လည်း ကယန်း(ပဒေါင်) တိုင်းရင်းသားများ နေထိုင်သည်။ ရိုးရာဝတ်စုံနှင့် ကြေးကွင်းအများအပြား လေးလံစွာ ၀တ်ဆင်ထားသည့် အမျိုးသမီးများမှာ အသက်ကြီးပိုင်းအရွယ်များသာရှိပြီး အများစုက အိုမင်းနေကြပြီဖြစ်သည်။ ဆယ်ကျော်သက် အမျိုးသမီးငယ်အချို့ကမူ မြို့ပေါ်ရှိ မိန်းကလေးများ ၀တ်စားဆင်ယင်ပုံနှင့် သိပ်မကွာခြားလှ။ တီရှပ်နှင့် လုံချည်ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်အချို့ကိုလည်း မြင်ရသည်။ ခေတ်ကာလ အခြေအနေနှင့် ကျောင်းပညာသင်ယူသည့် လူငယ်များ များပြားလာသည့်နောက် ကြေးကွင်းပတ်ဓလေ့မှာ ကယန်း(ပဒေါင်)မျိုးဆက်များကြား အလေးထားမှု လျော့ပါးလာသည်။

ကယန်းမျိုးနွယ်များ၏ မူလအမည်မှာ ကန်ယန်ဖြစ်ပြီး ကန်ယန်၏ အဓိပ္ပာယ်မှာ နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ စွဲစွဲမြဲမြဲနေထိုင်တတ်သည့် လူမျိုးဟု အဓိပ္ပာယ်ရသည်။

ကယန်းမျိုးနွယ်စုတွင် မျိုးနွယ်ခွဲလေးမျိုးရှိပြီး ကယန်း (ပဒေါင်)၊ ကယန်း(ကငံ)၊ ကယန်း (ကေခို)နှင့် ကယန်း(လထာ)တို့ ဖြစ်သည်။ ယင်းတို့အနက် ပဒေါင်ဟူ၍ လူသိများသည့် ကယန်း(ပဒေါင်)လူမျိုးများမှာမူ ၎င်းတို့မျိုးနွယ်အား တောင်များ၏ အရှင်သခင်ဟု အဓိပ္ပာယ်ရသော ကောင်း၊ ခေါင်း၊ ဒိုဟူသောအမည်ဖြင့် ခေါ်ကြကြောင်း ကယန်းလူမျိုးစုမှတ်တမ်းများအရ သိရသည်။ ထိုကဲ့သို့ အစဉ်အလာသမိုင်းကြောင်းကြီးမားခဲ့သည့် နယ်မြေဒေသတစ်ခုအတွင်း စွဲစွဲမြဲမြဲနေထိုင်သည့် လူမျိုးအများစုမှာ ယနေ့ခေတ်တွင်မူ အခြားနိုင်ငံတစ်ခုတွင် ရောက်ရှိနေထိုင်နေကြသည်။
‘‘လူငယ်တော်တော်များများက သူတို့သိပ်မကြိုက်တော့ဘူး။ ကျောင်းသွား၊ ဘာသွားနဲ့ဆိုတော့ သူတို့အဆင်မပြေဘူးလေ။ ပွဲတွေ ဘာတွေရှိမှပဲ ၀တ်ကြတော့တယ်’’ဟု ရွမ်းကူကျေးရွာမှ အသက် (၅၀)ကျော် ကယန်းအမျိုးသမီးတစ်ဦးကပြောသည်။

ရိုးရာယဉ်ကျေးမှုနှင့် ၀တ်ားဆင်ယင်ပုံပြောင်းလဲလာသည်မှာ အခြားတိုင်းရင်းသားမျိုးနွယ်များ ကြုံတွေ့နေရသော ပြဿနာဖြစ်ပြီး ကယန်း(ပဒေါင်)တိုင်းရင်းသားများအတွက် အကြီးမားဆုံးသော အခြားပြဿနာမှာ နှစ်ရှည်လများ ရိုးရာဓလေ့အတိုင်း နေထိုင်ခဲ့ကြသည့် ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေများ ဇာတိကို တဖြည်းဖြည်း စွန့်ခွာသွားခြင်းဖြစ်သည်။

‘‘ဒီအိမ်တွေက ထိုင်းဘက်ရောက်သွားတဲ့ လူတွေရဲ့ အိမ်တွေပေါ့’’ဟု ရွာလမ်းအတိုင်းလမ်းလျှောက်ရင်း လူသူမဲ့နေသည့် နေအိမ်သုံးလုံးကို ကျေးရွာဥက္ကဋ္ဌက ညွှန်ပြသည်။
ထိုကဲ့သို့ လူသူမဲ့နေသည့် နေအိမ်အများအပြားရှိနေသည်။ ဇာတိမြေအား စွန့်ခွာသွားသူအားလုံးနီးပါးမှာ ကယားပြည်နယ် နယ်စပ် ထိုင်းနိုင်ငံ တခ်ခရိုင်အတွင်းရှိ ထိုင်းအစိုးရစီစဉ်ပေးထားသည့် ကယန်း(ပဒေါင်)ကျေးရွာများသို့ စစ်ဘေးဒုက္ခသည်အဖြစ် သွားရောက်ခိုလှုံကြခြင်းဖြစ်သည်။ ပန်ပက်ကျေးရွာအုပ်စုမှ အနောက်ခြမ်းတစ်ရွာထဲမှာပင် သွားရောက်နေထိုင်သူ ၈၀ ခန့်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

အချို့က မယ်ဟောင်ဆောင်ဒေသသို့ ရောက်ရှိသွားကြကြောင်း ဦးအောင်ကိုကပြောသည်။ အစိုးရနှင့် ဒေသခံလက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များ ငြိမ်းချမ်းရေးမရယူမီကာလများက နယ်မြေမတည်ငြိမ်မှုကြောင့် ရှောင်ပုန်းခဲ့ကြရာမှ ယခုမူ စီးပွားရေးအရပြောင်းရွှေ့နေထိုင်မှုအသွင် ဖြစ်လာသည်။ စစ်ဘေးဒုက္ခသည်အဖြစ်သာ အမည်တပ်ထားသော်လည်း ဒေသခံကယန်း(ပဒေါင်)တိုင်းရင်းသားများမှာ ထိုင်းနိုင်ငံတွင် အထောက်အပံ့များ၊ လစာခံစားခွင့်များနှင့် များစွာအဆင်ပြေကြသည်။ ကြေးကွင်းပတ် ပဒေါင်တိုင်းရင်းသားများရှိသည့် ထိုင်းနိုင်ငံရှိ ကျေးရွာများတွင် ပြည်ပခရီးသွားကုမ္ပဏီများအတွက် အဓိကမော်ဒယ်များဖြစ်လာပါသည်။

‘‘ဟိုမှာက လိုလေသေးမရှိဘူးပဲ။ ဒီမှာနဲ့ ဘာမှမဆိုင်ဘူး။ ဟိုရောက်တာ ဘ၀တစ်ခုပြောင်းသလိုပဲ။ လမ်းတွေဆို အကျယ်ကြီး။ ရေနဲ့ မီးနဲ့၊ နိဗ္ဗာန်လိုပဲ’’ဟု ထိုင်းနိုင်ငံ မဲ့စရိန်းရှိ ကယန်းရွာတွင် သွားရောက်နေထိုင်သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်သော ဒေါ်မူဆိုးက ပြန်လည်မျှဝေသည်။ ဒေါ်မူဆိုးမှာ တံခွန်တိုင်ပွဲတော်ကာလဖြစ်၍ ဇာတိရွာသို့ ပြန်လာခြင်းဖြစ်သည်။

‘‘လစာ ဘတ်နှစ်ထောင်လောက်ရတယ်။ ဧည့်သည်တွေကို ရက်ကန်းရောင်းလို့ရတာရယ်၊ သူတို့ မုန့်ဖိုးပေးကြတာရယ်ဆို တစ်လကို အနည်းဆုံး ဘတ်လေးထောင်၊ ငါးထောင် (ကျပ်တစ်သိန်းသုံးသောင်းငါးထောင်ကျော်) လောက်ရတယ်’’ဟု သူကဆိုသည်။ အဆိုပါဝင်ငွေက သူတို့ကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းနည်းသော တိုင်းရင်းသားများအတွက် မက်လောက်ဖွယ်ရာဖြစ်သည်။

ဒေါ်မူဆိုးကဲ့သို့ပင် ကယားပြည်နယ်တွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ကြသူများတွင် အဆင်ပြေကြသူ အများအပြားရှိသည်။ ကျေးရွာအတွင်း သွပ်မိုးပျဉ်ထောင်ခြေတံရှည်အိမ်များကြားတွင် လက်လုပ်အုတ်များဖြင့် ခံ့ခံ့ထည်ထည် တည်ဆောက်ထားသည့် နှစ်ထပ်တိုက်အိမ်လေးများစွာရှိနေသည်။ အဆိုပါအိမ်များအနက် အချို့မှာ ထိုင်းနိုင်ငံတွင် သွားရောက်နေထိုင်ပြီး ရရှိလာသည့် ငွေများဖြင့် တည်ဆောက်ထားကြခြင်းဖြစ်ကြောင်း ကျေးရွာဥက္ကဋ္ဌ ဦးအောင်ကိုကပြောသည်။

အချို့မှာ ထိုင်းနှင့် မြန်မာနိုင်ငံသို့ ကူးချည်သန်းချည်သွားလာနေထိုင်ကြခြင်းဖြစ်သည်။ ပြည်နယ်တစ်ခုလုံးတွင် ကျင်းပမြဲဖြစ်သည့် တံခွန်တိုင်ရိုးရာပွဲတော်ကာလဖြစ်သည့် မတ်လနှင့် ဧပြီလများတွင် ဇာတိမြေသို့ ပြန်လာကြပြီး ပွဲတော်အတွင်း ဆွေမျိုးများနှင့် ခေတ္တတွေ့ဆုံပြီးနောက် ထိုင်းနိုင်ငံဘက်သို့ ပြန်သွားကြသည်ဟု ရွာခံတစ်ဦးကပြောသည်။
အသက် (၅၀)ခန့်အရွယ် ဒေါ်မူဆိုးမှာလည်း ထိုင်းနိုင်ငံသို့ ၂၀၁၃ က အများနည်းတူ သွားရောက်ခဲ့သည်။ ၀င်ငွေကောင်းသော်လည်း တကယ်တမ်းတွင် သူမ၏ နေရပ်ဒေသမဟုတ်သည့်အတွက် ပျော်သည်တော့မဟုတ်။

‘‘ဟိုမှာက အဆင်ပြေတယ်ဆိုပေမယ့် မပျော်ဘူးလေ။ ကိုယ့်ဒေသမဟုတ်တော့ မပျော်ဘူး။ ဒီကိုပဲ ပြန်လာချင်တယ်။ ခဏခဏပြန်လာဖို့ ကြိုးစားတယ်။ ဒီနှစ်တော့ ပွဲတော်ရက်အတွင်း အရောက်ပြန်လာတာ။ အခု ရွာပြန်ရောက်တာ တစ်လလောက်ရှိပြီ။ ဘာမှလုပ်စရာလည်း မရှိဘူး။ လက်ထဲမှာလည်း တစ်ပြားမှမရှိဘူး’’ဟု ဒေါ်မူဆိုးကပြောသည်။

သူမနည်းတူ နေရပ်ပြန်လိုသည့် ကယန်း(ပဒေါင်)တိုင်းရင်းသားအများအပြား ထိုင်းနိုင်ငံဘက်တွင်ရှိနေပြီး အများစုကတော့ ကျေးရွာသို့ ပြန်လာပြီး နေထိုင်စားသောက်မှု အဆင်မပြေဖြစ်မည်ကို စိုးရိမ်ကြကြောင်း သူမကပြောသည်။ ရိုးရာတောင်ယာလုပ်ငန်းနှင့် လက်ရက်ကန်းလုပ်ငန်းများသာ အများဆုံးလုပ်ကိုင်ကြသည့် ကယန်း(ပဒေါင်)တိုင်းရင်းသားများအတွက် ယင်းလုပ်ငန်းများမှာ မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတော့ကြောင်း ရွာလူကြီး ဦးအောင်ကိုက ရှင်းပြသည်။ တောင်ယာလုပ်ကိုင်ရန် နေရာရှားပါးခြင်းက တိုင်းရင်းသားများအတွက် အခက်အခဲဖြစ်သည်။ ထို့အပြင် ကျေးရွာအတွက် အခြေခံလိုအပ်ချက်များမှာလည်း မပြည့်စုံသေးပေ။ ဧပြီအတွင်းမှာပင် မြို့နယ်မှ စီစဉ်ပေးသည့် ဆိုလာမီးများသွယ်တန်းရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ ကျေးရွာသို့ နိုင်ငံခြားသားဧည့်သည်များ ရံဖန်ရံခါ လာရောက်လေ့လာကြသော်လည်း ထိုင်းနိုင်ငံကဲ့သို့ အများအပြားလာရောက်ခြင်းမဟုတ်ပေ။

 ဒေါ်မူဆိုးကိုယ်တိုင်လည်း ကျေးရွာတိုးတက်မှု အခြေအနေကိုကြည့်ပြီး ပြန်လည်အခြေချရန် လာရောက်ခြင်း ဖြစ်သော်လည်း သူမ ပြန်လည်ရောက်ရှိချိန်တွင် ကျေးရွာအတွင်း ကြီးကြီးမားမား အပြောင်းအလဲဟူ၍ ရွာကိုဖြတ်၍ ဖောက်ထားသည့် ဒီးမော့ဆို- တောင်ငူ ကျောက်ချောလမ်းမကြီးကိုသာ တွေ့ရသည်ဟု ဆိုသည်။
‘‘ဒီကို ပြန်လာတော့ ရွာထိပ်မှာ မီးတိုင်တစ်တိုင်တွေ့တယ်။ နောက် . . . ဒါရယ် (နေအိမ်ရှေ့ရှိ လမ်းမကိုညွှန်၍) ဟိုနားက ပါတီရုံးရယ်’’ဟု သူမ နေအိမ်အနီးမှ မြင်ရသည့် လမ်းမနှင့် အင်န်အယ်လ်ဒီပါတီရုံး အဆောက်အအုံများကို ညွှန်ပြပြောဆိုသည်။

ဒေသခံများကျေးရွာကို စွန့်ခွာလာကြသဖြင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ ကျေးရွာဥက္ကဋ္ဌအနေဖြင့် တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အထောက်အပံ့၊ အကူအညီများ ထင်သလောက်မရရှိကြောင်း ဦးအောင်ကိုကပြောသည်။

‘‘ကျွန်တော်ပြောတယ်။ ဒီမှာတော့ ဒီလိုဒီလိုအခြေအနေတွေ  ဖြစ်နေပြီဆိုပြီး ရွာအတွက် လိုတာတွေ တင်ပြတယ်။ အဓိကက ရေ၊ မီးနဲ့ ဒီမှာနေတဲ့ အဆင်မပြေတဲ့သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး တောင်းတယ်။ စာနဲ့လည်းတင်တယ်။ အဆင်မပြေဘူး’’
ကျေးရွာအတွင်း အခြေခံလိုအပ်ချက်များဖြစ်သည့် ရေ၊ မီး စသည်တို့အပြင် စားဝတ်နေရေး အဆင်မပြေသူများအတွက် လစဉ်ထောက်ပံ့ငွေများပေးနိုင်ပါက သင့်တော်မည်ဖြစ်ကြောင်း ဦးအောင်ကိုက သုံးသပ်သည်။

‘‘သိပ်အများကြီးမလိုဘူး။ တစ်ဦးကို လစဉ်သုံးသောင်းလောက် ထောက်ပံ့ရင်ကို သူတို့ အဆင်ပြေတယ်။ သူတို့အလုပ်လုပ်စရာမလိုအောင် အဆင်ပြေအောင် လုပ်ပေးရင်ကို ဒီကိုပြန်လာကြမှာပဲ’’ဟု ၎င်းကဆိုသည်။

ထို့အပြင် အခြားနည်းလမ်းတစ်ခုမှာ ကယန်းလူမျိုးများ၏ မူလဒေသများဖြစ်သည့် ကျေးရွာများကို ခရီးသွားများ ဆွဲဆောင်ရာဒေသအဖြစ် စီမံပြီး ဧည့်သည်အများအပြားလာရောက်မည်ဆိုလျှင်ပင် များစွာအဆင်ပြေမည်ဖြစ်ကြောင်း ဦးအောင်ကိုက ပြောသည်။ ယခုလက်ရှိတွင် ခရီးသွားများအတွက် ယင်းကျေးရွာများသို့သွားလျှင် လမ်းခရီးကောင်းမွန်နေပြီဖြစ်သော်လည်း ပြည်ပဧည့်သည်လာရောက်လည်ပတ်ရန် အခြေခံလိုအပ်ချက်များစွာရှိသည်။

လက်ရှိတွင် အီတလီ၊ ပြင်သစ်၊ ဂျာမနီစသော နိုင်ငံများမှ ဧည့်သည်များအတွက် ကယားပြည်နယ်သို့ ခရီးစဉ်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများရှိနေပြီး လွိုင်ကော်မြို့ပေါ်တွင် ဟိုတယ်များနှင့် စားသောက်ဆိုင်အသစ်များ ထပ်မံလိုအပ်လျက်ရှိနေသေးကြောင်း သိရသည်။

ကယန်း (ပဒေါင်) တိုင်းရင်းသူများ ရိုးရာယဉ်ကျေးမှုအတိုင်း လည်ပင်းတွင် ကြေးကွင်းဝတ်ဆင်ထားစဉ် (ဓာတ်ပုံ − နေလင်းအောင်)

ခရီးသွားအနေနဲ့ ပြောရရင်တော့ ပန်ပက်က နိုင်ငံခြားသားတွေအတွက် အဆင်ပြေတယ်။ အခုက လမ်းကောင်းသွားပြီဆိုတော့ အဆင်ပြေတယ်။ ကျွန်တော်မြင်တာကတော့ ယိုးဒယားဘက်လို သေချာကျကျနနနဲ့ ဒေသထွက် အစားအစာ ရောင်းတာမျိုးတွေ၊ နောက်ရွာတွေ သန့်သန့်ရှင်းရှင်းထားရင် ကောင်းမယ်။ နောက်ပြည်နယ်အစိုးရအနေနဲ့ သူတို့ကို ရိုးရာဓလေ့အတိုင်း ၀တ်ချင်စိတ်ရှိအောင် လုပ်ပေးမယ်၊ အထောက်အပံ့တွေ ဘာတွေလုပ်ပေးမယ်ဆိုရင်တော့ ဒီဥစ္စာက မြဲလိမ့်မယ်’’ဟု ကယားပြည်နယ်ဒေသများသို့ ပြည်ပဧည့်သည်များအတွက် ၀န်ဆောင်မှုပေးသည့် အီတလီဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုအောင်ထွန်းလင်းက ၎င်း၏အမြင်ကိုပြောသည်။

အဓိကအားဖြင့် ဒေသတွင်းရှိနေသည့် လက်ကျန် ကယန်းပဒေါင်တိုင်းရင်းသားများ ပြည်ပမထွက်စေရန်နှင့် ပြည်ပရောက်တိုင်းရင်းသားများ ပြန်လာစေရန်အတွက် အစိုးရတစ်ခုတည်းအနေဖြင့် တာဝန်ရှိသည်မဟုတ်ဘဲ ခရီးသွားကုမ္ပဏီများပါ ၀ိုင်းဝန်းကူညီသင့်ကြောင်း၊ ခရီးသွားကုမ္ပဏီများအနေဖြင့် ဒေသခံတိုင်းရင်းသားများ နှစ်သက်သည့် လက်ဆောင်နှင့် ၎င်းတို့ကျေးရွာအတွက် လိုအပ်သည့် အထောက်အပံ့များပေးစေလိုကြောင်း ကိုအောင်ထွန်းလင်းကဆိုသည်။

‘‘အဲဒီက ပဒေါင်မလေးတွေဆို ရေမွှေးတို့၊ ဘာတို့ကြိုက်ကြတယ်။ တချို့တွေဆို ဟိုတယ်က လက်ဆောင်ပေးတဲ့ အသေးအဖွဲလေးတွေ၊ ဘာတွေပေးတာ ဒါမျိုးတွေတော့ မလုပ်စေချင်ဘူး။ ခရီးသွားကုမ္ပဏီတွေအနေနဲ့ကလည်း သူတို့ကို ရိုးရာအတိုင်း နေပျော်အောင် ဆွဲဆောင်နိုင်မှပဲ သူတို့ပျော်ကြလိမ့်မယ်’’ဟု ကိုအောင်ထွန်းလင်းကပြောသည်။
ပန်ပက်ကျေးရွာအုပ်စုအတွင်းရှိ ရွမ်းကူ၊ ဒေါကေဒ၊ ကတဲကူ၊ စလုံးကနာ၊ ပိုင်မဆိုင်ဟူသော ကျေးရွာငါးရွာရှိသည်။ ရွာတိုင်းလိုလိုတွင် အခြေခံလိုအပ်ချက်များ အများအပြားရှိနေဆဲဖြစ်သည်။ သောက်သုံးရေရရှိရေးအတွက် ကူညီနေသည့် အင်န်ဂျီအိုအချို့ရှိသည်။ ထိုင်းနိုင်ငံ မဲ့စရိန်းကျေးရွာတွင် နေထိုင်လုပ်ကိုင်နေသော ဒေါ်မူဆိုးက ကျေးရွာအခြေအနေများပြောပြရင်းက စကားတစ်ခွန်းဆိုသည်။

‘‘နင်တို့ ဗမာပြည်ကို တိုးတက်အောင် လုပ်ခိုင်းပေါ့။ နင်တို့ တအားနောက်ကျနေပြီ’’ဟု ရယ်ရယ်ပြုံးပြုံးဖြင့်ဆိုသည်။ သူမအနေဖြင့် မူလရည်ရွယ်ချက်က မိမိကျေးရွာသို့ ပြန်လာပြီး အဆင်ပြေပါက ဆက်လက်နေထိုင်သွားရန် ရည်ရွယ်ခဲ့သော်လည်း ရွာသို့ ပြန်ရောက်ချိန်တွင်မူ စိတ်နှစ်ခွဖြစ်နေပါသည်။
‘‘အခုအဆင်မပြေတော့ ဘာလုပ်ရမလဲမသိသေးဘူး။ အခြေအနေစောင့်ကြည့်မယ်။ လုံးဝအဆင်မပြေရင်တော့ ဟိုကိုပြန်သွားဖို့ စဉ်းစားရမယ်။ တကယ်လို့ နင်တို့အစိုးရက ဟိုမှာလို ကောင်းကောင်းမွန်မွန်လုပ်ပေးရင်တော့ ကျေးဇူးတင်ရမယ်’’ဟု ၎င်းကဆိုပါသည်။
ပန်ပက်ကျေးရွာအတွင်း ဒေါ်မူဆိုင်းကဲ့သို့ နေရပ်ကိုစွန့်ခွာ၍ အဆင်ပြေရာ ရွှေ့ပြောင်းနေသူများရှိသကဲ့သို့ ကျေးရွာအား နှစ်ရှည်လများ ဖက်တွယ်နေထိုင်ကြသူများလည်းရှိနေသည်။ မည်မျှပင် အဆင်မပြေကြသော်လည်း ကျေးရွာမှ မဖယ်ခွာလိုသူ အများအပြားရှိနေဆဲဖြစ်သည်။

ရွမ်းကူကျေးရွာတွင် ရိုးရာဝတ်စုံဖြင့် အသက်(၅)နှစ်အရွယ်ကတည်းက ၀တ်ဆင်နေထိုင်ခဲ့သည့် ရွာ၏ အသက်အကြီးဆုံး အမျိုးသမီးကြီးတစ်ဦးရှိသည်။ သူမမှာ ရွာအတွင်း ကြေးကွင်းအများဆုံး ၀တ်ဆင်နိုင်သူများတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ကြေးကွင်း ၂၃ ကွင်းအထိ ၀တ်ဆင်ထားသည်။ အမည်က ဒေါ်မူနီဖြစ်ပြီး အသက် (၈၀) ရှိနေပြီဖြစ်သော်လည်း  သန်သန်စွမ်းစွမ်းရှိနေဆဲ။
သမီးနှစ်ဦးမှာလည်း ငယ်စဉ်ကတည်းက ကြေးကွင်းများဝတ်ဆင်ထားကြပြီး သူတို့တစ်မိသားစုလုံးမှာ လက်ရှိနေထိုင်သည့် ရွမ်းကူကျေးရွာမှ အခြားမည်သည့်နေရာကိုမျှ မရောက်ဖူးကြောင်းဆိုသည်။
‘‘ငယ်ငယ်ကတည်းက အခုအချိန်အထိ ဒီရွာကလွဲပြီး ဘယ်ကိုမှ မသွားဘူး။ သွားလည်း မသွားချင်ဘူး။ ယောက်ျားကလည်း ဒီမှာပဲသေတော့ ငါလည်း ဒီမှာပဲသေမယ်’’ဟု ဒေါ်မူနီကဆိုသည်။ သို့သော် လူငယ်အများအပြားကမူ ဒေါ်မူနီနှင့် ဆန့်ကျင်ဘက် လွိုင်ကော်မြို့ပေါ်နှင့် အခြားဒေသများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ကြေးကွင်းဝတ်ဆင်ထားသူ လူငယ်များ အလွန်တွေ့ရခဲနေပြီဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစားဖြင့် လေ့လာလိုကြပြီး ယဉ်ကျေးမှုအစဉ်အလာရှိသော မြန်မာနိုင်ငံမှ ကယန်းတိုင်းရင်းသားများသည် ကယားပြည်နယ်အတွင်း အနည်းငယ်သာ ကျန်ရှိတော့သည်။ သို့သော်နိုင်ငံတကာမှ ခရီးသွားဧည့်သည်အများစုကမူ ကြေးကွင်းပတ်ထားသည့် လည်ပင်းရှည် ကယန်းလူမျိုးများဟုဆိုသည်နှင့် ထိုင်းနိုင်ငံကိုသာ လှမ်းမြင်ကြသည်။ အနီးစပ်ဆုံး ဂူးဂဲလ်ရှာဖွေရေးဝက်ဘ်ဆိုက်တွင်ပင် ကယန်းအမည်ဖြင့် ရှာဖွေပါက ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသည့် ကယန်းတိုင်းရင်းသားများ၏ ဓာတ်ပုံများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းနာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ ဦးအောင်ကိုလတ်က ကယန်းလူမျိုးများ၏ ဓလေ့ရိုးရာများနှင့် ပတ်သက်၍ ရိုက်ကူးပုံဖော်ခဲ့သည့် ကယန်းအလှဟူသော ရုပ်ရှင်ကားကြီးတစ်ကားပေါ်ထွက်ပြီး ယင်းကားမှာ ၂၀၁၂ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုရရှိခဲ့သည်။ ၂၀၁၃ အတွင်း မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင်မူ အကဲဖြတ်ဒိုင်များက ပေးအပ်သည့် Best Of Jury ဆုကို ဒါရိုက်တာအောင်ကိုလတ်က ရရှိခဲ့သေးသည်။

ကယန်းဒေသခံအစစ်များဖြင့် ရိုက်ကူးပုံဖော်ခဲ့သည့် ယင်းဇာတ်ကား၏ အဓိကရည်ရွယ်ရင်းမှာ ကယန်း(ပဒေါင်) တိုင်းရင်းသားများသည် မြန်မာနိုင်ငံမှ လူမျိုးစုဖြစ်ကြောင်းကို နိုင်ငံတကာမှ သိရှိရန်နှင့် နိုင်ငံတကာမှ ထိုင်းနိုင်ငံ လူမျိုးတစ်မျိုးအဖြစ် ထင်ယောင်ထင်မှားဖြစ်နေခြင်းကို ဖော်ထုတ်ရန်ဟူသော ရည်ရွယ်ရင်းဖြစ်ကြောင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။ ပန်ပက်ကဲ့သို့သော ကျေးရွာမှာလည်း အဆိုပါ ကယန်းအလှဇာတ်ကားတွင် မြင်တွေ့ရသည့် ပုံရိပ်များအတိုင်း ကျေးရွာ၊ လူမျိုး၊ ယဉ်ကျေးမှု ဓလေ့များရှိနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကယန်းလူမျိုးများအတွက် ရှေးခေတ်ပုံစံ ညီညီညာညာ ဖန်တီးထားသည့် ခပ်ကုပ်ကုပ် တဲအိမ်များမှာ ကယန်း (ပဒေါင်)တိုင်းရင်းသားများ၏ မူရင်းနေထိုင်သည့် ကယားပြည်နယ်ကျေးရွာမှ နေအိမ်များနှင့်မူ လွန်စွာကွာခြားသည်။ တဲသာသာနေအိမ် အလွန်ရှားပါးပြီး ခြေတံရှည်နှစ်ထပ်အိမ်ခံ့ခံ့ထည်ထည်များသာဖြစ်သည်။ ခြံနှင့်ဝင်းနှင့်ဖြစ်သည်။ အချို့နေအိမ်များတွင် လိမ္မော်ရောင် နှစ်ပေစလောင်းများတပ်ဆင်ထားသည်။ မည်သည့်နေအိမ်ကိုမျှ ဧည့်သည်များ စိတ်ဝင်စားလာရန် ဖန်တီးပုံဖော်ထားခြင်းမရှိ။ ပကတိရိုးရာအတိုင်း နေထိုင်သည့် ကယန်း(ပဒေါင်) တိုင်းရင်းသား အနည်းငယ် ပန်ပက်ကျေးရွာအုပ်စုတွင် ကျန်ရှိနေပါသေးသည်။

http://7daydaily.com/story/35562#.VTe8G5MXW1l

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...