စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူငယ်တိုင်း သတိပြုသင့်သည်မှာ

မိမိတို့၏ လုပ်ဆောင်ချက် ပေါ်မူတည်ကာ အသီးအပွင့်များကို
တန်ပြန်သက်ရောက်မှု အဖြစ် ပြန်လည် ခံစားရပေလိမ့်မည်။
မလျော်ကန်သည့် နည်းဖြင့်ပိုမိုသည့် အကျိုးအမြတ်ကို ရယူချင်သည့် စိတ်သည် မကောင်းသည့် အတ္တစိတ်ပင်ဖြစ်သည်။ ယင်း အတ္တစိတ်ကြောင့် မိမိကိုယ်တိုင်ရော မိမိ၏ ပတ်ဝန်းကျင်ကိုပါ ပူလောင်မှု ကိုဖြစ်စေသည်။
ရိုးသားမှုကို အခြေခံသည့် လုပ်ဆောင်ချက်သည်သာ စစ်မှန်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ အောင်မြင်သူတိုင်းအတွက် ထိုက်တန်သည့် အရင်းအနှီး ဟူသည် ရှိစမြဲဖြစ်သည်။
မိမိ ပေးဆပ်သည်ထက် ပိုမိုသည့် အသီးအပွင့်ကို မရိုးမသား တောင်းဆိုခြင်းသည် သူယုတ်တို့၏ အကျင့်စရိုက်ဖြစ်ပေသည်။
၎င်းအဖြစ်အပျက်နှင့် ပတ်သက်၍ ဖတ်ရှုဖူးသော စာတစ်ပုဒ်ကို
ပြန်လည် မျှဝေလိုပေသည်။

တစ်ခါက လယ်သမားတစ်ဦးသည် မုန့်ဖုတ်သမားကို ထောပတ်(၁) ပေါင်ရောင်းလိုက်လေသည်။ မုန့်ဖုတ်သမားသည် လယ်သမား ရောင်းလိုက်သည့် ထောပတ်ကို (၁)ပေါင် ပြည့်မပြည့် ပြန်ချိန်ကြည့်ရာ အလေးချိန် မပြည့်ကြောင်း တွေ့ရှိလေသည်။ ဒေါသအကြီးအကျယ် ဖြစ်သွားသော မုန့်ဖုတ်သမားသည် လယ်သမားကို တရားစွဲလေတော့သည်။
တရားသူကြီးက လယ်သမားကို အလေးချိန် မပြည့်သည့် ထောပတ်ကို အဘယ်ကြောင့် ရောင်းရသလဲဟု မေးမြန်းရာ လယ်သမား၏ ပြန်လည်တုံ့ပြန်ပုံမှာ မှတ်သား လောက်ပေသည်။ ““တရားသူကြီးမင်းခင်ဗျာ ကျွန်တော့်တွင် တိကျသည့် အတိုင်းအတာဖြင့် ချိန်တွယ်ခြင်း မရှိသော်လည်း မုန့်ဖုတ်သမားပေးသည့် အချိန်အတွယ်ဖြင့် ထောပတ်ကို ပြန်လည် ရောင်းချခြင်းဖြစ်ပါတယ်။

ကျွန်တော့်ဆီက အမဲသား(၁)ပေါင်ကို ချိန်ခွင်ရဲ့တစ်ဘက်မှာထားပြီး ကျွန်တော့်ရဲ့ ထောပတ်ကို အခြားတစ်ဘက်မှာ ထားကာ အညီအမျှ ချိန်တွယ်ပြီး ပြန်လည် ရောင်းချခြင်း ဖြစ်ပါတယ်။ တရားစွဲသင့် တဲ့သူမှာ ကျွန်တော်မဟုတ်ဘဲ မုန့်ဖုတ်သမားသာ ဖြစ်သင့်ပါတယ်။ သူပေးတဲ့ အချိန်အတွယ်အတိုင်း ကျွန်တော့် ထောပတ်ကို ပြန်ရောင်းခြင်း ဖြစ်တာကြောင့် ကျွန်တော့်မှာ အပြစ်မရှိပါဘူး ခင်ဗျာ လို့ပြောပြီး မုန့်ဖုတ်သမားဆီ က၀ယ်ယူထားတဲ့ အမဲသားနှင့် မုန့်ဖုတ်သမားကို ရောင်းချထားသည့် ထောပတ်ကို တရားသူကြီးမင်းရှေ့တွင် ချိန်တွယ်ပြလိုက်သည်။ တရားသူကြီးမင်းလည်း ပစ္စည်းနှစ်ခု၏ အတိုင်းအဆမှာ ညီမျှသည့် ပမာဏဖြစ်နေကြောင်း တွေ့ရှိရသည့် အတွက် လယ်သမားတွင် အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်တော့သည်။

အထက် ဖော်ပြပါ ပုံပြင်ကဲ့သို့ပင် လူငယ်များသည် မိမိတို့၏ ပေးဆပ်မှု အတိုင်းသာ ပြန်လည် ရရှိပေလိမ့်မည်။ မရိုးဖြောင့်သည့် လုပ်ဆောင်ချက်ဖြင့် ပိုမိုများပြားသည့် အောင်မြင်မှု အသီးအပွင့်ကို ရရှိလိမ့်မည် မဟုတ်ပေ။ လုပ်ဆောင်ချက်တိုင်းတွင် တန်ပြန်အကျိုးသက်ရောက်မှု ဟူသည် ရှိစမြဲပင်ဖြစ်သည်။ မရိုးသားခြင်းနှင့် ရိုးဖြောင့်ခြင်းဟူသည် လူ့ပတ်ဝန်းကျင်တွင် အမြဲလို လိုတွေ့မြင်နေရသည့် အကျင့်စရိုက်များ ပင်ဖြစ်သည်။ အချို့သောသူများသည် အလိမ့်အညာဖြင့် အသားကျကာ ရိုးဖြောင့်မှုကို မမြင်နိုင်မရှာ တွေ့နိုင်လောက် အောင်ပင် ၎င်းတို့၏ အတွေးအမြင်များက ပိတ်မှောင်နေပေသည်။ ထိုသူတို့သည် လောက၏ အမှိုက်များ ပင်ဖြစ်သည်။

လူငယ်များအနေဖြင့် စစ်မှန်သည့် အောင်မြင်မှုရရှိဖို့ရာ များစွာသည့် အရင်းအနှီးကို ပေးဆပ်ရလိမ့်မည်။ ဥပမာအားဖြင့် ပြဆိုရသော် ရေထဲတွင် ပေါလောပေါ်နေသည့် ရေခဲတုံး ဥပမာကိုမြင်ကြည့်စေလိုသည်။ ရေခဲတုံး၏ ရေပေါ်တွင် ပေါ်နေသည့် အပိုင်းသည် အောင်မြင်မှုဖြစ်သည်။ ရေအောက်တွင် မြုပ်နေသည့် အပိုင်းသည် အောင်မြင်မှုအတွက် ကျားကန်ပေးဆပ်ရသည့် ပမာဏဖြစ်သည်။ ရေပေါ်တွင် ပေါ်နေသည့် အပိုင်းအစသည် ရေအောက်တွင် ရှိနေသည့် အပိုင်းအဆထက် အဆမတန် သေးငယ်ကြောင်း တွေ့ရှိရပေလိမ့်မည်။ ဆိုလိုသည်မှာ အောင်မြင်မှုရရှိဖို့ရာ ကျားကန် ရင်းနှီးရသည့် ပမာဏသည် အဆမတန် များပြားကြောင်းပင်။

အထက်ပါပုံအရ ရေပေါ်တွင်မြင်တွေ့နေရသည့် အောင်မြင်မှုအတွက် ရေအောက်တွင် ငယ်ရွယ်နုပျိုမှု၊ စွန့်စားရမှု၊ ရိုးဖြောင့်မှု၊ အကြိမ်ကြိမ်ကျရှုံးမှု၊ ဇွဲ၊ လုံ့လ၊၀ီရိယ၊ စိတ်ရှည်သည်းခံမှုနှင့် အားစိုက်ထုတ်မှု စသည်ဖြင့် မရေမတွက်နိုင်သည့် အရင်းအနှီးများစွာဖြင့် ပေးဆပ် တည်ဆောက်ရပေသည်။ လူအများစုမှာ လူတစ်ဦး၏ အောင်မြင်မှုကို အပေါ်ယံသာ မြင်တတ်ကြပြီး ၎င်းအနေဖြင့် မည်မျှ ပေးဆပ်ခဲ့ ရကြောင်းကို သတိမပြုမိကြပေ။ သတိပြုစေလိုသည်မှာ အောင်မြင်နေသူ တစ်ဦး၏ လက်ရှိအောင်မြင်နေမှုကိုသာ မကြည့်ဘဲ ထိုကဲ့သို့ အောင်မြင်မှုရရှိစေရန် မည်ကဲ့သို့ ရင်းနှီးပေးဆပ် ခဲ့ရကြောင်းကို သတိမပြုမိကြပေ။ သတိပြုစေ လိုသည်မှာ အောင်မြင်နေသူ တစ်ဦး၏ လက်ရှိ အောင်မြင်နေမှုကို သာမကြည့်ဘဲ ထိုကဲ့သို့ အောင်မြင်မှု ရရှိစေရန် မည်ကဲ့သို့ ရင်းနှီး ပေးဆပ်ခဲ့ ရကြောင်း ကိုလည်း လူငယ်များ အနေဖြင့် သတိပြုစေ လိုပေသည်။

ပျင်းရိခြင်း၊ မနာလိုဝန်တိုခြင်း၊ အတ္တကြီးခြင်း၊ အဓိကနှင့် သာမညကို မခွဲခြားနိုင်ခြင်း တို့သည်လည်း မိမိတို့၏ အောင်မြင်မှု လမ်းကြောင်းအတွက် အနှောင့်အယှက်ဖြစ်သည့် အရာများဖြစ်ကြောင်း သတိပြုသင့် ပေသည်။ ထို့ကြောင့်ပင် လူငယ်များ အနေဖြင့် အောင်မြင်မှုကို တည်ဆောက်နိုင်ဖို့ရာ ဖြတ်လမ်း နည်းဖြင့် ရေလိုက်မလွဲစေလိုပေ။ မိမိ၏ ထိုက်တန်သည့် ပေးဆပ်မှုဖြင့်သာ အောင်မြင်မှုကို ရရှိပေလိမ့်မည်။ မှန်ကန်မြင့်မြတ်သည့် စိတ်ထားဖြင့် အောင်မြင်သည့် ဘ၀ကို တည်ဆောက်နိုင်ပြီး မိမိတို့၏ မိတ်ဆွေ၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် ရိုးသားကြိုးစားသည့် လူငယ်များ ဖြစ်စေဖို့ရာ ဆန္ဒပြု တိုက်တွန်း လိုက်ပါသည်။

Khun Arkar Thein

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...