စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောမင်းသား

ဇာတ်မင်းသားဝတ်စုံဖြင့် ကပြနေသော ကိုရန်အောင်ကို ဦးပိန်တံတားအနီးတွင် တွေ့ရစဉ်/ဓာတ်ပုံ- ညီညီဇော်
 
‘‘ဆိုင်းပွဲဆိုလည်း ကျွန်တော်...အရပ်ထဲ ဇာတ်ပွဲ၊ နတ်ပွဲဆိုလည်း ကျွန်တော်...ဆိုင်းသံကြားရင် ရိုးတိုးရွတမနေနိုင်ပါနော်...အိုးစည်ဒိုးပတ်ဝိုင်းလည်း ၀င်ကလိုက်ချင်သနော်...ဆိုင်းသံကို ကြားရုံနဲ့ ဘယ်လိုမှတားမရ အမြဲထကလို့ပျော်။ အရပ်ထဲကပြောကြ ကျွန်တော့်ကို အမည်ထူး အသွင်ထူး  အမြဲရွှင်မြူးတဲ့...သဘင်ရူးတဲ့နော်’’

ညနေ နေညိုချိန် ဦးပိန်တံတား၏ အောက်ခြေမှ အဆိုတော်အောင်သစ်ရဲ့ ‘‘သဘင်ရူးနဲ့ ပန်းမမ’’သီချင်းသံလွင့်ပျံ့လာသည်။ တံတားပေါ် ဖြတ်သန်းသွားနေသူအချို့ တံတားအောက်ဘက်ဆီ လှမ်းမျှော်ကြည့်လိုက်ကြသည်။ တံတားအောက်က လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်တစ်စီးပေါ် ဆောင်းဘောက်စ်တစ်လုံးတင်ကာ အဖြူရောင်ဇာတ်မင်းသားဝတ်စုံကို အကျအန၀တ်ဆင်ပြီး သဘင်ရူးသီချင်းနှင့် ကပြနေသည့် လူငယ်တစ်ဦးကို တွေ့လိုက်ကြရသည်။
လမ်းဘေးမှာ ကပြနေသည့် မင်းသားလေးအား ဦးပိန်တံတားပေါ်မှရော တံတားအောက်ဘေးပတ်ဝန်းကျင်များကပါ လာရောက်ကြည့်ရှုကြသည်။ တကယ့် ဇာတ်မင်းသားတစ်ဦးအလား ခြေထိုး၊ လက်ချိုး အကကောင်းလွန်းလှသည်မို့ ဆုတော်ငွေတွေ ချီးမြှင့်ကြသည်။ ပြည်ပဧည့်သည်များကလည်း ဓာတ်ပုံတွေ တဖျပ်ဖျပ်လာရိုက်ခဲ့ကြသည်။

ဦးပိန်တံတားဝန်းကျင် ညနေစောင်းပြီဆို ဆိုင်ကယ်ပေါ် ဆောင်းဘောက်စ်တစ်လုံးတင် ဇာတ်မင်းသားများ၏ နှစ်ပါးသွားသီချင်းတွေဖွင့်ကာ ဇာတ်မင်းသားဝတ်စုံပြည့် ၀တ်ဆင်ထားသည့် ထိုအမျိုးသား ရောက်ရောက်လာတတ်သည်။ လူသူမြင်ရသည့် တံတားဘေးအကွက်အကွင်းကောင်းသည့်နေရာတစ်ခုရွေးကာ ဇာတ်သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဖွင့်၍ ကပြနေတတ်သည့် မင်းသားလေးကို ဦးပိန်တံတားဝန်းကျင်က ဈေးသည်တွေ သတိထားမိလာသည်။

 တချို့က သူ့ကို ဇာတ်တစ်ဇာတ်ထဲက မင်းသားလို့ထင်ကြသည်။ တချို့ကတော့ စိတ်ကျန်းမာရေးချို့ယွင်းကာ လာရောက်ကပြနေသည့် ဝေဒနာသည်လေးတစ်ဦးအလား ထင်မှတ်မှားကြသည်။
သူ့အမည်က အကယ်ဒမီခြောက်ထပ်ကွမ်း နာမည်ကျော်မင်းသားနှင့်အမည်တူ မောင်ရန်အောင်ဟုခေါ်ပါသည်။

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာနားက တဲကြီးမအူပင်ရွာမှာနေသည်။ အသက်ကတော့ (၂၂)နှစ်ရှိပြီ။ သူမွေးတဲ့အချိန် မင်းသားရန်အောင် နာမည်ကြီးနေချိန်မို့ မိဘတွေက အလွယ်တကူ ရန်အောင်ဟု အမည်ပေးလိုက်ကြသည်ဟု မောင်ရန်အောင်က ဆိုပါသည်။ အနုပညာရှင်၏ နာမည်ကို ယူပေးလိုက်ပြီးနောက် မောင်ရန်အောင်တစ်ယောက် အသက်တဖြည်းဖြည်းကြီးလာလေ ဇာတိကပြလာလေ ဖြစ်လာပါတော့သည်။

မောင်ရန်အောင် အသက်(၁၄)နှစ် လူပျိုပေါက်အရွယ်ရောက်တော့ ရွာနားတွင် အလှူတစ်ခုနှင့်ကြုံသည်။ ထိုအလှူတွင် ရွာသူလေးတွေက ယိမ်းအကဖြင့် ကပြဖျော်ဖြေနေသည်ကို တွေ့ခဲ့ရသည်။ ညီညီညာညာ ကပြနေကြသည့် ရွာသူလေးများကိုကြည့်ရင်း သူပါ ၀င်ကချင်လာသည်။ အဲဒီအချိန် ရွာက ကာလသားတွေကလည်း မြှောက်ပေးတာကြောင့် ရွာသူတွေကြား ၀င်ကခဲ့ပါတော့သည်။
ဗီဇက ပါလာလို့လားမသိ။ ကတတ်သလို ကလိုက်တာကို အောက်ကပရိသတ်တွေက သဘောကျကာ ဆုတော်ငွေတွေ ချီးမြှင့်ကြသည်။ အဲသည်ကအစ မောင်ရန်အောင် ဇာတ်သဘင်ဝါသနာပိုးက ပိုကြီးထွားလာပါတော့သည်။

အလှူမှာကပြီးတဲ့နောက် ပိုးကသတ်လို့မရတော့။ ရွာနား အလှူတွေ ဘုရားပွဲတွေမှာ ကက်ဆက်ဖွင့်ပြီဆိုတာနဲ့ ပြေးကာ ကွေးနေအောင်ကသည်။ မင်္ဂလာဆောင်အ၀င်နေ့ ကက်ဆက်ဖွင့်ရင်လည်း ၀င်ကသည်။ နောက်ပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေမှာ ဇာတ်စင်ရှေ့က ထောင့်တစ်နေရာမှာ နေရာယူပြီး ဇာတ်မင်းသားတွေကတဲ့အတိုင်း လိုက်ကပြန်သည်။ မိခင်ဖြစ်သူက ဘာမှမပြောပေသိ ဖခင်ကတော့မရ။ ကမယ်ပြုမယ်ဆို လိုက်ရိုက်သည်။ လေးခွဖြင့် လိုက်ပစ်သည်။ သို့သော် ၀ါသနာက ရှေ့ဆောင်လာတော့ ဘယ်လိုမှတားမရဆီးမရတော့။
မောင်ရန်အောင်တို့ မိသားစု က ရွာမှာတင် သပြေတို့၊ နှင်းဆီတို့ စိုက်တာဆိုတော့ မောင်ရန်အောင်ကို လယ်ထဲဆင်းခိုင်းသည်။  မောင်ရန်အောင်က လယ်ထဲဆင်းတော့လည်း အခင်းဘေး ရေဒီယိုတစ်လုံးချကာ ကလို့ရမယ့် သီချင်းလာရင် ပေါက်ပြားပေါက်ရင်းပင် ကွေးနေအောင် ကပြသည်။ နောက်ပန်းတွေကို စက်ဘီးတစ်စီးဖြင့် လည်ရောင်းတော့လည်း ပန်းရောင်းရင်း ကပြသည်။ 

အပိုဝင်ငွေရအောင် ရေခဲချောင်း ရောင်းပြန်တော့လည်း ကလိုက် ရောင်းလိုက် လုပ်နေပြန်တော့ နောက်ဆုံးဖခင်ဖြစ်သူလည်း မနိုင်တော့ဘဲ စိတ်ချမ်းသာသလို နေပါတော့ဟု လွှတ်ထားလိုက်ရတော့သည်။

မိသားစုဆီက နားလည်မှုရတော့ မောင်ရန်အောင်တစ်ယောက် ရွာနီးနားတွင်မက တခြားရွာတွေဆီကိုပါ ပန်းရောင်းရင်း၊ ရေခဲချောင်းရောင်းရင်း လိုက်ကပါတော့သည်။ အဲသလို လိုက်ကရင်း ခင်မင်ရင်းနှီးလာသည့် ဇာတ်သမားတချို့ ဆိုင်းလူရွှင်တော်တချို့က သူတို့ကတတ်သည့် ကကွက်အချို့ သင်ပြပေးတတ်ကြသည်။ ကဗျာလွတ်ကတာမျိုး၊ ဖိုးချစ်ခြေထိုးနည်းမျိုး သင်ပြပေးကြသည်ဟု မောင်ရန်အောင်ကဆိုသည်။ တချို့ကကွက်တွေကိုတော့ ဇာတ်မင်းသားတွေ ကပြနေတာကိုကြည့်ရင်း လိုက်ကကာ သင်ယူခဲ့ရသည်ဟု မောင်ရန်အောင်ကဆိုသည်။

ရပ်တကာ ဘုရားပွဲ၊ အလှူပွဲတွေလိုက်ကရင်း ငါန်းဇွန်ပွဲကို ရောက်သွားသည်။ ငါးန်ဇွန်မှာ နေ့ခင်းဘက် မင်းသားတွေနှင့် မြို့ခံတွေ ဘောလုံးကန်နေချိန် ဆောင်းဘောက်ဖြင့် သီချင်းဖွင့်တာကြောင့် သူသွားကသည်။ အဲသလိုကနေရင်း ငါန်းဇွန်ပွဲလာကသည့် ဇာတ်မင်းသားလေးစွမ်းဇာနည်၏ မိခင်က သူ့အား ဆုငွေလာချသည်။ ဇာတ်သဘင်အသိုင်းအ၀ိုင်းထဲက သူ့အား အသိအမှတ်ပြုသည့် သဘောမျိုးဆိုတော့ မောင်ရန်အောင် ၀မ်းသာသွားသည်။

အဲသလို ၀မ်းသာရင်း သူ့ဆန္ဒတစ်ခုကို အကောင်အထည်ဖော်ချင်လာသည်။ ညရောက်တော့ ဇာတ်ခုံနောက်ထဲဝင်ကာ စွမ်းဇာနည်ဆီသွားရန် အားခဲလိုက်သည်။ မောင်ရန်အောင်က ဇာတ်မင်းသားလိုသာ လိုက်ကနေတာ၊ တကယ်တမ်း သူ့မှာ ဇာတ်မင်းသားဝတ်စုံတစ်စုံမှရှိသေး။ ဇာတ်မင်းသားဝတ်စုံကလည်း တစ်စုံသိန်းချီတန်တာမို့ ကိုယ့်ဟာကိုယ်ဝယ်ဖို့ ဘယ်လိုမှမဖြစ်နိုင်။ အလှူမှာဆို မောင်ရင်လောင်းဝတ်စုံကို မင်းသားပုံစံဝတ်ကာ စာရွက်အဖြူတစ်ရွက်ကို ခေါင်းပေါင်းပုံစံချိုးပြီး မင်းသားလို ၀င်ကခဲ့ရတာမျိုးဖြစ်သည်။ အဆင်ပြေသလိုကြုံသလို ၀င်ကခဲ့ရတာမို့ ဇာတ်မင်းသားဝတ်စုံလေးတစ်စုံတော့ သူပိုင်ဆိုင်ချင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် အခွင့်အရေးရတုန်း စွမ်းဇာနည်ဆီဝင်ကာ မင်းသားဝတ်စုံ အကျလေးများရှိရင် ပေးဖို့သွားတောင်းသည်။ စွမ်းဇာနည်က သည်ပွဲမှာ အပိုပါမလာသည့်အတွက် ရွှေဘိုမြို့ထောင့်စေတီပွဲမှာ လာယူဖို့ပြောသည်။

ရွှေဘိုမြို့ထောင့်စေတီရောက်တော့ စွမ်းဇာနည်ဆီက မင်းသားဝတ်စုံ မှတ်မှတ်ရရသွားတောင်းသည်။ စွမ်းဇာနည်ကလည်း သူပြောထားသည့်အတိုင်း မင်းသားဝတ်စုံတစ်စုံ ပေးလိုက်၍ မောင်ရန်အောင်တစ်ယောက် ၀မ်းသာအားရ ဖြစ်သွားခဲ့ရသည်။ ဘော်ကြယ်တွေကပ်ထားတဲ့ တောင်ရှည်အဖြူရယ်၊ လိပ်ပြာပုံစံအင်္ကျီရယ်၊ မင်းသားဝတ်တဲ့ ဘောင်းဘီလေးရယ်ဖြစ်သည်။ ပထမဦးဆုံး မင်းသားဝတ်စုံလေး ၀တ်ဆင်ရတော့မည်မို့ မောင်ရန်အောင် ပျော်လိုက်သည်မှာ အတိုင်းမသိ။

အဲသည်နောက်တော့ မင်းသားဝတ်စုံပြည့်ဖြင့် အမေရေရင်ပွဲ၊ အလုံဘိုးဘိုးကြီးပွဲ၊ ငါးထပ်ကြီးဘုရားပွဲ၊ ပခန်းကိုကြီးကျော်ပွဲတွေမှာ လိုက်ကပါလေတော့သည်။ မင်းသားဝတ်စုံဖြင့် လိုက်လံကပြနေသည့် မောင်ရန်အောင်ကို တချို့က အကကောင်းသဖြင့် ဆုတော်ငွေတွေချကြသည်။ တချို့ကတော့ သူ့ဝါသနာအတိုင်း မရှက်မကြောက်ကပြနေတာကို သဘောကျသဖြင့် ဆုချီးမြှင့်ကြသည်။ တချို့တော့ လူတွေသူတွေကြား မျက်နှာပြောင်ပြောင် ကပြနေတာ သာမန်စိတ်အခြေအနေ မဟုတ်နိုင်ဟု ထင်မြင်ပြီး ငွေသားတွေပေးကြသည်။

ပခန်းကိုကြီးကျော်ပွဲကအပြန် ရေစကြိုနယ်ထဲက ရွာတစ်ရွာ၏ လမ်းပေါ်မှာ မောင်ရန်အောင် ကဖြစ်သည်။ ထိုသို့ အညာနေပူပူထဲ ချွေးဒီးဒီးကျကာ ကပြနေသည့် မောင်ရန်အောင်ကို လာကြည့်နေသည့် ပရိသတ်ထဲမှ မိန်းကလေးတစ်ဦးက သနားစိတ်ဖြင့် ကြည့်နေခဲ့သည်။ တကယ်တမ်း ထိုမိန်းကလေးက ကတာပြုတာတွေ ကြည့်လေ့ကြည့်ထမရှိ။ ၀ါသနာလည်း စိုးစဉ်းမျှမပါ။ သို့သော် ၀မ်းစာရေးအတွက် ကပြနေသည့် ထိုကောင်လေးကို သနားစိတ်ဝင်ကာ အားပေးခဲ့သည်။ သူငယ်ချင်းတွေက ဆုချခိုင်းတော့ သွားဆုချပေးသည်။ သူငယ်ချင်းတွေက မောင်ရန်အောင်အား ရူးနေတာနေမှာဟုပြောတော့ ဘာရယ်မသိ၊ ထိုမိန်းကလေး စိတ်ထဲမကောင်းဖြစ်သွားခဲ့သည်။

ကလို့ပြီးတော့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်ဖြင့် မောင်ရန်အောင်အား အိမ်ကို ရေနွေးသောက်ဖိတ်ခေါ်လာခဲ့သည်။ အိမ်မှာ ရေနွေးတိုက်၊ မုန့်ကျွေးရင်း သူ့ဝါသနာဗီဇလေးတွေ ကြားသိလာရတော့ ပိုလို့ရင်းနှီးလာခဲ့သည်။ ဇာတ်သဘင် ကတာပြုတာတွေ ကြည့်လေ့ကြည့်ထမရှိသော၊ ၀ါ သနာမပါသော ထိုမိန်းကလေးမှာ မောင်ရန်အောင်နဲ့ကျမှ ဘာရယ်မသိ။ သဒ္ဓါစိတ်တွေ ယိုဖိတ်လာခဲ့သည်။ ထို့နောက် နှစ်ဦးသား မေတ္တာမျှခဲ့ပြီး မကြာခင် လူကြီးစုံရာဖြင့် လာတောင်းပါလေတော့သည်။ ဘေးပတ်ဝန်းကျင်ကတော့ ထိုမိန်းကလေးအား ပြောဆိုသတိပေးကြသည်။

နင် အရူးလင်လုပ်မလို့လား ဆိုတာတွေတောင်ပါသည်။ မိဘတွေကတော့ ကောင်လေးမှာ သားကြီးမယားကြီးမရှိ၊ နောက်ကြောင်းရှင်းသည်ဆိုလျှင် သဘောမတူနိုင်စရာမရှိဟုဆိုကာ ပေးစားလိုက်တော့ မတင်တင်မိုးဟု အမည်ရသည့် ထိုမိန်းကလေးနှင့် မောင်ရန်အောင်မှာ ၂၀၁၂ ဧပြီတွင် အကြောင်းပါလေတော့သည်။

မိန်းမရပြီးတော့လည်း မောင်ရန်အောင် ခြေမငြိမ်သေး။ ပွဲလမ်းရှိရင် လိုက်ကသည်။ အလှူတွေ၊ ပွဲတွေလမ်းတွေမှာ မောင်ရန်အောင်တစ်ယောက် လိုက်လိုက်ကနေတာကို ကိုယ့်ရပ်ကိုယ့်ရွာ မျက်နှာသိတွေမို့ ဒီကလေး ၀ါသနာကြီးရှာသည်ဟု နားလည်ပေးတတ်ကြပေမယ့် တခြားရပ်ရွာမှာတော့ အဲသလိုအခွင့်အရေးမျိုး မောင်ရန်အောင်တစ်ယောက် မရခဲ့ရှာပါ။

မှတ်မှတ်ရရ တခြားမြို့နယ်တစ်ခုက ဆေးရုံသစ်ဖွင့်ပွဲတစ်ခုမှာ ဇာတ်ပွဲပါတော့ မောင်ရန်အောင်တစ်ယောက် ရေခဲချောင်းရောင်းရင်း သွားကသည်။ ကနေရင်း သူလို ၀ါသနာပါတဲ့ ကလေးတစ်ယောက်က နည်းနည်းလောက်သင်ပေးပါဆိုတော့ သူကလည်း သူကတတ်တဲ့ကကွက်တွေ ကပြသင်ပြပေးနေသည်။ အဲသလိုအချိန် ရွာခံလူငယ်တချို့က မောင်ရန်အောင်အား မျက်စိစပါးမွေးစူးလာသည်ထင်သည်။ ကပြနေတဲ့ မောင်ရန်အောင်နဲ့ မတော်တဆတိုက်မိရင်း ဆွဲထိုးခံရတော့သည်။ မောင်ရန်အောင်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် ပွဲကြည့်ပရိသတ်ထဲ ၀င်ပြေးသည်။ ထိုသို့ ၀င်ပြေးလိုက်တော့မှ ပိုဆိုးတော့သည်။ လူတွေ ရုတ်ရုတ်သဲသံဖြစ်ကာ ပွဲပျက်သွားပါလေတော့သည်။

တောနေလူတန်းစား ဖျော်ဖြေပွဲကား ရှားပါးလှသည်မို့ တစ်ခါတလေ ဖြစ်တောင့်ဖြစ်ခဲ ဇာတ်ပွဲလေးပျက်သွားတာကြောင့် မောင်ရန်အောင်ကို စိတ်တော်ငြိုးကြတော့သည်။ မောင်ရန်အောင် လူကြီးအိမ်မှာ ထိတ်တုံးခတ်ခံရသည်။ ရိုက်နှက်ဆုံးမခံရသည်။ မောင်ရန်အောင်တစ်ယောက်ကတော့ ထိတ်တုံးတန်းလန်းဖြင့် ငိုယိုကာ သူဝါသနာပါလို့သာ လာကခြင်းဖြစ်ကြောင်း၊ ပွဲပျက်အောင် လုပ်တာမဟုတ်ကြောင်း ရှင်းပြသည်။ ဒုက္ခရောက်မှ အိမ်မှာ ကိုယ်ဝန်ခုနစ်လနှင့် ကျန်ရစ်ခဲ့ရသည့် မိန်းမမျက်နှာပြေးမြင်ကာ မျက်ရည်တွေကျလာသည်။ နောက်ဆုံး လူကြီးက လွှတ်ပေးလိုက်တော့ သူ့ ရွာအရောက် ပြန်ပြေးသည်။ သို့သော် ရိုက်နှက်ခံလာရသည့် ဒဏ်ရာကြောင့် လမ်းဘေးဇရပ်တစ်ခုနားလဲကျကာ သတိလစ်မေ့မြောသွားခဲ့ပြီး တစ်ဆင့်စကားတစ်ဆင့်နားဖြင့် အိမ်ကမိသားစုက လာသယ်ခဲ့ရသည်ဟု မောင်ရန်အောင်ကပြန်ပြောပြသည်။

ခန္ဓာကိုယ်တွေ ထိခိုက်သည်အထိ ဖြစ်ပျက်ခဲ့တာတောင် မောင်ရန်အောင်တစ်ယောက် မမှတ်သေး။ မိန်းမကလည်း ကတာပြုတာ သဘောမကျတော့။ မောင်ရန်အောင်ကလည်း မယားကို ထင်းလည်း ရောင်းကျွေးသည်။ ပေါက်ပြားပေါက်၊ ဆေးဖျန်းအလုပ်တွေလည်း လုပ်ကျွေးခဲ့ပါသည်။ သို့သော် မကလို့ကတော့ ဘယ်လိုမှမနေနိုင်။ မယားဖြစ်သူကလည်း ငယ်ငယ်ချောချောမို့ ယောက်ျားက ရပ်တကာလှည့် ကပြနေတော့ ရှက်တော့ ဆက်မကဖို့၊ရွာပြန်လိုက်ခဲ့ သူလုပ်ကျွေးမည်ဟု မကြာခဏပြောရှာသည်။ ပြောမရတော့ လင်မယား ကတောက်ကဆဖြစ်ကြရသည်။ နောက်ဆုံး သားတစ်ယောက်ရပြီးချိန်ထိ ဘယ်လိုမှပြောမရတော့ သူ့အလိုလိုက် အကြိုက်ဆောင်ကာ သူသွားလေရာနောက် တကောက်ကောက်လိုက်ပြီး လိုအပ်တာလုပ်ပေးလိုက်တော့သည်ဟု မတင်တင်မိုးကဆိုသည်။

အဲသလို မိသားစုလိုက် ဆိုင်ကယ်တစ်စီး ဆောင်းဘောက်စ်တစ်လုံးတင်ကာ နယ်တကာလှည့်ကြသည်။ ရောက်တဲ့နေရာ ဘုရားကျောင်းဇရပ်တွေမှာ တည်းခိုကြသည်။ မန္တလေးမှာဆို ဦးပိန်တံတား၊ ဈေးချိုတော်နဲ့ ကျောက်ဝိုင်းတွေနားလည်း သွားကဖြစ်သည်။ မောင်ရန်အောင်က အလှူခံကာ ကပြခြင်းမျိုး မဟုတ်သော်လည်း မြန်မာလူမျိုးတို့၏ သဒ္ဓါတရားထုံးစံအတိုင်း ဆုချီးမြှင့်တဲ့ငွေတွေက  သာမန်ဇာတ်ထဲလိုက်တာထက်ပင် ပိုရလာခဲ့သည်။ ညနေတစ်ပိုင်း ကပြလျှင် နှစ်သောင်းသုံးသောင်းခန့် ရတတ်သည်ဟု မောင်ရန်အောင်တို့ မိသားစုကဆိုသည်။

တချို့ကတော့ မြန်မာဇာတ်မင်းသားဝတ်စုံဖြင့် လမ်းဘေးမှာ ကပြနေတော့ ဝေဖန်ကြတာလည်းရှိသည်။ သို့သော် မောင်ရန်အောင်ကတော့ သူ့အတွေးနဲ့သူ ဘာကိုမျှမမြင်။ ‘‘ကျွန်တော်က ပိုက်ဆံတောင်းတာ မဟုတ်ဘူးလေ။ သူတို့ကျေနပ်လို့ ဆုချတဲ့ ပိုက်ဆံရတာ။ သူများပစ္စည်း ခိုးတာမဟုတ်ဘူး။ မူးရူးပြီး ကတာလည်း မဟုတ်ဘူးလေ’’ဟု သူ၏ခံယူချက်ကို ဖွင့်ဟသည်။

မောင်ရန်အောင်က စွမ်းဇာနည်တို့၊ ၀င်းနောင်တို့၊ မျိုးနန္ဒတို့ရဲ့ ဇာတ်သီချင်းတွေနဲ့ ကပြတာဖြစ်သည်။ ဖြစ်နိုင်ရင်တော့ သူ့နာမည် မောင်ရန်အောင်ပါသည့် ကိုယ်ပိုင်သီချင်းမျိုးလေးနဲ့ ကပြချင်ပါသည်ဟုဆိုသည်။ ‘‘တစ်ခါတလေ သူတို့ သီချင်းတွေနားထောင်ပြီး မျက်ရည်တောင်ကျတယ်’’ဟု မောင်ရန်အောင်ကဆိုသည်။

နောက်ပြီး မောင်ရန်အောင်က ပြိုင်ပွဲတွေဘာတွေ ၀င်ပြိုင်ချင်ခဲ့သည်။ အဲသည်နောက် ဇာတ်ခုံစင်မြင့်ထက်တွင် ကပြရသည့် နိုင်ငံတော်ဇာတ်မင်းသားတစ်ယောက်ဖြစ်ချင်ခဲ့တာဖြစ်သည်။ သို့သော် လက်တွေ့ဘ၀မှာတော့ဖြင့် မြေပေါ်၊ လမ်းပေါ်မှာသာ ကပြနေရဆဲဖြစ်သည်။ သူတို့မွေးထားသည့် သားလေးကလည်း တစ်နှစ်နှင့် ဆယ်လရှိပြီး ဖအေ့သွေးပါသည်လားမပြောတတ်။ ဖခင်က ကဖို့ မိတ်ကပ်လိမ်းနေရင် သူက လိုက်လိမ်းသည်။ ကက်ဆက်ဖွင့်ရင်လည်း လိုက်ကသည်။

သားငယ်ဝါသနာပါရင် သူ ဖြစ်ခွင့်မရခဲ့သည့် စင်မြင့်ထက်က နိုင်ငံကျော် ဇာတ်မင်းသားတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးမည်ဟု မောင်ရန်အောင်ကဆိုသည်။
‘‘ကချင်လွန်းလို့ပါ ဆရာသျှန်ရယ်။ ပေါက်မယ့်သီချင်းလေးတစ်ပုဒ်လောက်တော့ ရေးပေးပါ ဆရာသျှန်ရယ်။ သဘင်ရူးလို့ခေါ်ပါစေ။ ဆရာသျှန်ရေးတဲ့ သီချင်းနဲ့ ကျွန်တော် အောင်သစ်တစ်ယောက် အားရပါးရ ကလိုက်ချင်ပါတယ်’’

အဆိုတော်အောင်သစ်ရဲ့သီချင်းက မောင်ရန်အောင်အတွက် ရည်ရွယ်ရေးထားသလားတောင် ထင်ရသည်။ မောင်ရန်အောင်ကလည်း အောင်သစ်ရဲ့ သဘင်ရူးနဲ့ ပန်းမမသီချင်းဖြင့် ကွေးနေအောင်ကပြသည်။ ဦးပိန်တံတားပေါ်က ပရိသတ်တွေက သဘောကျကာ ဆုတော်ငွေတွေ တံတားပေါ်ကနေ ပစ်ချပေးသည်။ တံတားကြမ်းကြားကနေ အသာချပေးကြသည်။ မောင်ရန်အောင်က ဆုတော်ငွေများ သွားကောက်ယူရင်း လက်အုပ်ကလေးချီသည်။ နေမင်းက စစ်ကိုင်းတောင်တော်ရိုးမှာ မေးတင်နေလေပြီ။ ဦးပိန်တံတားပေါ်မှာ နေရောင်ခြည်က ခပ်ဖျော့ဖျော့သာ ရှိတော့သည်။ တံတားအောက်ဘက်ဘေးမှာတော့ မောင်ရန်အောင်တစ်ယောက် ကွေးနေအောင် ကနေဆဲ။       ။

http://www.7daydaily.com/story/35610#.VThz6SGeDGc

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...