စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ကလေးကို ဘယ်လိုကိုင်တွယ်ကြမလဲ


ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ ကိုယ့်သားသမီးတွေကို အကောင်းဆုံး အပြည့်စုံဆုံးဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ စေတနာပါ။ ဒီတော့ ကိုယ့်ကလေးက သူများကိုအနိုင်ကျင့်တဲ့ လူဆိုးလေးလို့များ အတိုင်ခံရရင် ချက်ချင်းကို စိတ်တိုဒေါသထွက်သွားတတ်ကြတာ သဘာဝပါပဲ။ ရှက်လည်းရှက် စိတ်လည်းဆိုးပြီး တစ်ခုခုကို စိတ်လိုက်မာန်ပါမလုပ်မိခင်မှာ သတိကလေးတစ်ချက်ထားလိုက်ပါ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အရင်ဦးဆုံး စဉ်းစားရမှာ မဟုတ်လား။ ဒီတော့ အသက်ကို ပြင်းပြင်းရှူပြီး စိတ်ကိုတတ်နိုင်သမျှအေးအေးထားပြီး သေချာစဉ်းစားပါ။ ကလေးပြုစုပျိုးထောင်မှု ဆိုတာ လွယ်မယောင်နဲ့ခက်တဲ့ ပညာတစ်ခုပဲမို့ ကိုယ့်ကလေးနဲ့ပတ်သက်တဲ့ဘယ်အရာကိုမဆို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ကြဖို့ အရင်ဆုံး အကြံပြုချင်ပါတယ်။

အနိုင်ကျင့်ဗိုလ်ကျပြီး ရန်ပွဲတွေဖြစ်ကြတာဟာ ဆိုးတဲ့ကလေးရယ်လို့ မဟုတ်ပဲ ကလေးတိုင်းကြုံ တွေ့ရတတ်ပါတယ်။ သူများကိုအနိုင်ကျင့်ဗိုလ်ကျရတာ အကြောင်းရင်း အမျိုးမျိုးရှိတတ်ပါတယ်။ တခြားသူတွေက အတင်းလုပ်ခိုင်းလို့၊ အများကြားမှာ ပေါ်လွင်ချင်လို့ စတဲ့အကြောင်းရင်းတွေ ဖြစ်တတ်သလို ကိုယ့်ကိုအနိုင်ကျင့်ထားလို့ပြန်လုပ်တာမျိုး၊ ဗြုန်းခနဲဒေါသမထိန်းနိုင်လို့ လုပ်မိလုပ်ရာလုပ်လိုက်တာမျိုးလည်း ဖြစ်တတ်တာမို့ ကိုယ့်ကလေးကို အပြစ်တင်မစောသင့်တဲ့အပြင် အနိုင်ကျင့်ခံရတဲ့ကလေးမိဘတွေနဲ့လည်း မငြင်းခုံမိဖို့ အထူးသတိထားရပါမယ်။

အနိုင်ကျင့်ဗိုလ်ကျခြင်း (bullying) ကို လေးမျိုးခွဲခြားထားပါတယ်။

(၁) စကားဖြင့်အနိုင်ကျင့်ခြင်း – သူများမကြိုက်တဲ့ နာမည်ပြောင်ကိုခေါ်ခြင်း၊ မိဘမျိုးရိုးကိုထိခိုက်စေတဲ့ အပြောအဆိုမျိုးပြောခြင်း

(၂)ကိုယ်ထိလက်ရောက်အနိုင်ကျင့်ခြင်း – ရိုက်ခြင်း၊ထိုးကြိတ်ခြင်း၊ ခြေထိုးခံခြင်း၊ နောက်ကတွန်းခြင်း၊ သူများမကြိုက်တဲ့နေရာကို ခဏခဏသွားကိုင်ခြင်း – ဥပမာ – နားရွက်ဆွဲခြင်း၊ ဆံပင်ဆွဲခြင်း

(၃) အဖွဲ့ခွဲအနိုင်ကျင့်ခြင်း – စာသင်ခန်းထဲက သူငယ်ချင်းတွေနဲ့ မပေါင်းရအောင် ဟန့်တားခြင်း၊ မကောင်းကြောင်းလျှောက်ပြောခြင်း၊ ကစားပွဲမှာပါဝင်ခွင့်မပေးခြင်း

(၄)အင်တာနက်မှအနိုင်ကျင့်ခြင်း – facebook, twitter စတဲ့ Socail Website တွေမှာ နာမည်တပ်ပြီးဖြစ်ဖြစ် သွယ်ဝိုက်ပြီးဖြစ်ဖြစ် မဟုတ်မမှန်သတင်းတွေ လွှင့်ခြင်း၊ ရိုင်းစိုင်းစွာရေးသားပြောဆိုခံရခြင်း

ဗိုလ်ကျတတ်တဲ့ကလေးကို ကိုင်တွယ်နည်းအဆင့်ဆင့်

(၁) ဖြစ်ခဲ့တဲ့ကိစ္စကို မိမိကိုယ်တိုင်သေချာစုံစမ်းပါ

ကျောင်းက ဆရာမကဖြစ်စေ၊ ကျောင်းသားမိဘကဖြစ်စေ တိုင်လာတဲ့အခါ အရင်ဆုံး မိမိရဲ့ကလေးကို သေချာအေးဆေး မေးမြန်းပါ။ တမင်လုပ်တာလား၊ မတော်တဆဖြစ်တာလား၊ ဘယ်လိုမျိုးအနိုင့်ကျင့်မှုလဲ စတဲ့အချက်တွေကို သေချာမေးမြန်းစုံစမ်းမှသာ ဖြေရှင်းနည်းလည်း မှန်ကန်မှာဖြစ်ပါတယ်။

ဗိုလ်ကျတတ်တဲ့ကလေးအများစုဟာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် လှည့်ပတ်ပြောတတ်ကြပြီး အမှန်ကိုဖုံးထားတတ်ကြပါတယ်။ ကိုယ့်ကလေးအကြောင်းကို ကိုယ်သာအသိဆုံးဖြစ်တာမို့ ကလေးကို မေးမြန်းတဲ့အခါ လိမ္မာပါးနပ်စွာမေးမြန်းတတ်ဖို့ သတိချပ်ပါ။ ကိုယ်ကအေးအေးဆေးဆေးနဲ့ အပြုသဘောဆန်တဲ့ စကားတွေနဲ့ ဆွေးနွေးမှသာ ကလေးက ကြောက်ရွံ့မှုသိပ်မရှိတော့ပဲ အမှန်အတိုင်းဝန်ခံလာမှာဖြစ်ပါတယ်။

(၂) မိမိကလေး ဘာလို့ဗိုလ်ကျအနိုင်ယူတတ်တာလဲ အကြောင်းရင်းကို နားလည်အောင်လုပ်ပါ

မိဘတွေရဲ့ အပြုအမူတချို့ကလည်း ကလေးကို အတုယူမှားစေပြီး အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ ကလေးဖြစ်သွားစေ တတ်ပါတယ်။ ဒါ့အပြင် ကလေးကို ဆုံးမပြောဆိုတဲ့အခါ ကလေးရဲ့မကောင်းတဲ့အချက်တွေကို ထောက်ပြတာများ သွားပြီး ကောင်းတဲ့အချက်တွေကို လျစ်လျူရှုမိရင်လည်း ကလေးရဲ့မသိစိတ်မှာ သူများကို မကောင်းပြောရတာကို ကြိုက်နှစ်သက်ပြီး အကျင့်ပါသွားတတ်ပါတယ်။

အိမ်မှာ လူကြီးတွေ၊ မောင်နှမတွေက ကလေးကို အမြဲလိုလို မခံချင်အောင် စနောက်တတ်ရင်လည်း ကလေးဟာ မိမိကိုယ်ကိုလေးစားမှုပျောက်ဆုံးပြီး စိတ်အားငယ်တတ်ပါတယ်။ လူကြီးအများစုဟာ ကလေးမနှစ်သက်တဲ့ အေခ်ါအဝေါ် အပြုအမူတွေနဲ့ စနောက်တဲ့အခါ ဒါကိုချစ်စနိုးပြုလုပ်တာလို့ထင်ကြပေမဲ့ ကလေးအနေနဲ့ကျတော့ ဒါဟာအနိုင်ကျင့်ဗိုလ်ကျခံရခြင်းတစ်မျိုးပါပဲ။အဲဒီအခါ ကလေးဟာ သူများကို အနိုင်ကျင့်တဲ့နည်းနဲ့ မိမိရဲ့စိတ်အားငယ်မှုကို ပြေပျောက်အောင်လုပ်တတ်တဲ့အတွက် အနိုင်ကျင့်တတ်တဲ့ကလေးဖြစ်သွားတတ်ပါတယ်။

ကလေးရဲ့စိတ်တွေက အကြမ်းဖက်မှုကို နှစ်သက်သွားခဲ့ရင်လည်း သူ့ရဲ့အပြုအမူတွေက အလိုလိုပဲ သူများကို ထိခိုက်နာကျင်စေတဲ့ဘက်ကို ရောက်သွားတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကြည့်တဲ့ TV အစီအစဉ်၊ Video ခွေနဲ့ ကလေးတွေကစားတဲ့ Game တွေမှာ ကြမ်းတမ်းတဲ့အပြုအမူမျိုးမပါဝင်အောင် မိဘတွေက မျက်ခြေမပြတ် ထိန်းသိမ်းပေးရမှာဖြစ်ပါတယ်

(၃) အနိုင်ကျင့်ဗိုလ်ကျတာကို မိမိအနေနဲ့ လုံးဝလက်မခံနိုင်ကြောင်း ပြောပြပါ။

ပထမအကြိမ်တိုင်ကြားခံရလို့ဖြစ်စေ၊ မိမိဘာသာသိလာလို့ဖြစ်စေ ကလေးက သူများအပေါ်ဗိုလ်ကျနေမှန်းသိရတဲ့အခါ ဒါဟာ လုံးဝမကောင်းတဲ့အပြုအမူဖြစ်ကြောင်း၊ မိမိအနေနဲ့လုံးဝခွင့်လွှတ်မှာ မဟုတ်ကြောင်း၊ ထပ်လုပ်ပါက ဘယ်လိုအပြစ်မျိုးပေးမှာဖြစ်ကြောင်း ရှင်းလင်းအောင်ပြောပြထားလိုက်ပါ။ ပြီးရင်တော့ ကလေးက ထပ်ပြီးဗိုလ်ကျမကျ သိစေဖို့ အမြဲမပြတ်လေ့လာစောင့်ကြည့်ဖို့ အထူးလိုအပ်ပါတယ်။ ကလေးက ပြောစကားနားထောင်ပြီး ထပ်မလုပ်တော့တဲ့အခါ ချီးကျူးပေးပြီး သူလိုချင်တာတစ်ခုခုဝယ်ပေးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်။ ဆုပေးဒဏ်ပေးစနစ်ကို လိုအပ်သလိုပြုလုပ်ပြီး မိမိရဲ့ကလေးကို မျှတမှန်ကန်တဲ့ကလေးဖြစ် အောင် ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

တချို့မိဘတွေက သူများကိုယ့်ကလေးကို တိုင်တဲ့အခါ တင်းတင်းကျပ်ကျပ်စည်းကမ်းသတ်မှတ်ပြီး သူများက အနိုင်ကျင့်လာတဲ့အခါမှာတောင် ပြန်လည်ခုခံခြင်းကို တားမြစ်လိုက်ကြပါတယ်။ သူများကိုလည်းအနိုင်မကျင့်သလို သူများအနိုင်ကျင့်တာကိုလည်း မခံဖို့သင်ပေးကြရမှာ ဖြစ်ပါတယ်။

(၄) အပြစ်ဒဏ်တွေကို သတ်မှတ်တဲ့အခါ ကလေးကို နားလည်အောင်ရှင်းပြထားပါ။

ဆယ်ကျော်သက်တွေအတွက် ထိရောက်တဲ့ပြစ်ဒဏ်ကတော့ ပေးထားတဲ့အခွင့်အရေးတွေကို ပြန်သိမ်းတဲ့နည်းပဲ ဖြစ်ပါတယ်။ ဥပမာ – ဖုန်းပြန်သိမ်းခြင်း၊ အပြင်ထွက်ခွင့်ပိတ်ခြင်း၊ ကပွဲပါတီတွေသွားခွင့်ပိတ်ခြင်းဟာ ဆယ်ကျော်သက်တွေအတွက် သိပ်ကိုထိရောက်တဲ့နည်းပါပဲ။ ဒါ့အပြင် အိမ်အလုပ်တွေကို အပိုလုပ်ခိုင်းခြင်း (ဥပမာ – ကလေးထိန်းခိုင်းခြင်း၊ ရေချိုးခန်းသန့်ရှင်းရေးလုပ်ခိုင်းခြင်း) ကလည်း ထိရောက်တဲ့နောက်တစ်နည်းပါပဲ။ ကိုယ့်ကလေးအတွက် ပိုထိရောက်တဲ့အပြစ်ဒဏ်ကို ရွေးချယ်ချမှတ်သင့်ပါတယ်။ အပြစ်ဒဏ်ကို သတ်မှတ်ပြီးရင်တော့ သေချာရှင်းပြထားပြီး တကယ်လို့ကလေးက ထပ်ပြီးအနိုင်ကျင့်ဗိုလ်ကျခဲ့ရင် ပြောထားတဲ့အတိုင်း တိကျစွာ ပြစ်ဒဏ်ခံ စေရမှာဖြစ်ပါတယ်။ အပြစ်ပေးတဲ့ကာလကိုလည်း အစတည်းက သေချာသတ်မှတ်ထားရပါမယ်။ ကလေးအနေနဲ့ မိမိကိုယ်ကို မှားမှန်းမသိခြင်း၊ သူငယ်ချင်းတွေကြားမှာ သိက္ခာမကျလိုခြင်း စတာတွေရှိတတ်တဲ့အတွက် အပြုအမူဟာ ချက်ချင်းပြောင်းလဲပစ်ဖို့ တခါတလေမှာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ပြစ်ဒဏ်ကာလကို ခပ်ကြာကြာလေး သတ်မှတ်ကာ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်သင့်ပါတယ်။

(၅) ကလေးကို အရှက်ရစေခြင်း၊ မိမိကိုယ်ကိုနဲ့ သူများကို အပြစ်ဖို့ခြင်းကို ရှောင်ပါ။

ကလေးလည်ပင်းမှာ “ I am a bully” လို့ရေးထားတဲ့စာတမ်းကို လည်ပင်းမှာ ဆွဲပြီး ကျောင်းမှာရပ်ခိုင်းထားတာမျိုးဟာ လုံးဝမသင့်တော်တဲ့ပြစ်ဒဏ်မျိုးဖြစ်ပါတယ်။ ကလေးအနေနဲ့ အရှက်ရသိမ်ငယ်စေတဲ့အပြင် ကလေးကိုယ်တိုင်က သူများကိုအရှက်ရအောင်လုပ်တတ်တဲ့စိတ်ကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။

ဒါ့အပြင် ကလေးရဲ့ အနိုင်ကျင့်တတ်တဲ့အပြုအမူဟာ မိဘကြောင့် သူများကြောင့်ဆိုပြီးတော့လည်း လုံးဝမပြောမိ ပါစေနဲ့။ “ကျွန်မလည်း အလုပ်များနေတာနဲ့ သူ့ကို သေချာမဆုံးမမိဘူး၊ သူကလည်း တခြားဘယ်သူ့ဆီကနေ ဒါတွေတတ်လာလဲမသိဘူး” စသဖြင့် အရှက်ပြေပြောတတ်ကြပါတယ်။ ဒါဟာ သိပ်ကိုလွဲမှားတဲ့စကားမျိုးပြောပြီး ကလေးက သူ့လုပ်ရပ်အမှားတွေအတွက် သူများကိုအပြစ်တင်လို့ရတယ်လို့ထင်မြင်သွားစေတတ်ပါတယ်။

(၆) ကိုယ်ချင်းစာတတ်ဖို့နဲ့ လူမှုစည်းကမ်းတွေနားလည်ဖို့ သင်ပေးပါ။

အိမ်မှာတူတူရှိနေချိန်မှာ ကလေးရဲ့အပြုအမူကို စောင့်ကြည့်ပြီး သိဖို့လိုအပ်နေတဲ့ လူမှုဆက်ဆံရေးတွေကို သင်ပေး သင့်ပါတယ်။ ကလေးလည်း ကလေးအရွယ်အလိုက် သိတတ်နားလည်ရမယ့် လူမှုဆက်ဆံရေးနည်းလမ်းတွေကို တတ်မြောက်ဖို့လိုအပ်ပါတယ်။ မိဘတွေအနေနဲ့ သတိပြုသင့်တာက မိမိက တာဝန်ကျေပြွန်ပြီး ကြင်နာတတ်တဲ့ မိဘဖြစ်မှသာ မိမိရဲ့သွန်သင်မှုတွေကို ကလေးက နားလည်စွာလက်ခံနာယူမယ်ဆိုတဲ့အချက်ပါပဲ။ ကလေးကို အမြဲချစ်နေမှာဖြစ်ပြီး အမြဲတမ်းကာကွယ်ပေး မားမားမတ်မတ်ရပ်တည်ပေးမှာဖြစ်သလို မကောင်းတဲ့အပြုအမူ တွေအတွက် အပြစ်ပေးတာကလည်း ကောင်းစေချင်လို့ဖြစ်ကြောင်း သေချာပြောပြပေးသင့်ပါတယ်။ ကိုယ်ချင်းစာနာမှုကို အခြေခံတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေကို ပြောပြပြီး ကိုယ်ချင်းစာနာတတ်အောင် သင်ပေးခြင်းကလည်း ကလေးတွေကို မှန်ကန်မျှတတဲ့ အနာဂတ်သားကောင်းသမီးကောင်းရတနာတွေ ဖြစ်စေမှာပါ။

(၇) ကလေးရဲ့သူငယ်ချင်းတွေနဲ့ ပါတီပွဲလေးလုပ်ပေးပါ။

ကျောင်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ကလေးရဲ့သူငယ်ချင်းတွေအားလုံးကို ဖိတ်ပြီးပါတီလုပ်ပေးခြင်းဟာ ကလေးနဲ့ တခြားအခန်းဖော်တွေကြားက ဆက်ဆံရေးကို တိုးတက်စေပါတယ်။ သင့်ကလေးရဲ့ မွေးနေ့ပွဲကို ကျောင်းမှာ နှစ်စဉ် ကျင်းပပေးခြင်းဟာ ကျောင်းသားတွေကြားမှာလည်း မိမိကိုချစ်ခင်မှုတိုးစေပြီး ကလေးကိုပါ ပိုမိုချစ်ခင်လာစေမှာဖြစ်ပါတယ်။ ပါတီလုပ်တဲ့အခါ ကလေးရဲ့အတန်းဖော်တွေ လာအောင်တော့ သေချာဖိတ်ရမှာဖြစ်ပါတယ်။ တကယ်လို့ ကလေးတွေမလာခဲ့ရင် သင့်ကလေးက အတန်းဖော်တွေ သူ့ကိုမလိုလားဘူးလို့ ထင်မြင်သွားစေနိုင်ပြီး အနိုင်ကျင့်ဗိုလ်ကျလိုစိတ်တွေ ပိုတိုးလာစေနိုင်တာကြောင့်ဖြစ်ပါတယ်။

Crystal Win-YangonLife

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...