စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ မီးခိုးမထွက်တဲ့ စက်ရုံများ


အခုလက်ရှိ အစိုးရ တက်လာခဲ့သည်မှာ လေးနှစ်ကျော်၍ လေးလအတွင်း ရောက်ခဲ့ပါပြီ။ သမ္မတကြီးပြောပြောနေသည့် ဆင်းရဲမွဲတေမှုလျှော့ချရေး ကိစ္စသည်လည်းအခုအထိ မအောင်မြင်သေးတာကို တွေ့ရပြန်ပါတယ်။ ဘယ်လိုလုပ်ကြမည်နည်း၊ လယ်တွေသိမ်းထားတာကြောင့် ဆင်းရဲသားလယ်သမားတွေလည်း နာလန်မထူနိုင်သေးပါ။ စက်ရုံလုပ်သားများလည်း လုပ်အားခ တိုးတောင်းကြသော်လည်း လုပ်အားခက အမှန်တကယ် တိုးမလာသေးပါ။ နိုင်ငံခြားထွက်အလုပ်လုပ်သည့် အားကောင်းမောင်းသန်အရွယ်များလည်း ထွက်နေဆဲဖြစ်ပါတယ်။

ဘာဖြစ်လို့ ဆင်းရဲမွဲတေမှုကို မလျှော့ချနိုင်တာလဲ၊ ဆန်းစစ်ဖို့ လိုပါတယ်။ အခြေခံအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံသားများအကြားမှာ အလုပ်လက်မဲ့ဖြစ်နေတာက မြင့်မားနေတာကြောင့်လို့ ပြောနိုင်ပါတယ်။  မြန်မာပြည်ဟာ ဘယ်ဘက်ကကြည့်ပြောပြော အခုအထိ လူအများစုဟာ လယ်
ယာစိုက်ပျိုးရေးနဲ့ ပတ်သက်နေရပါတယ်။ ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးက အရှုံးပဲ ပေါ်နေတော့ လယ်သမားအရွယ်ကောင်းတွေ နိုင်ငံ ခြားထွက်ဖို့ ဖြစ်လာရပါတယ်။ လယ်အသိမ်းခံရလို့ လုံးလုံးဘ၀ ပျက်သွားသူတွေလည်း  ဒီအထဲ မှာ ပါပါတယ်။ အလုပ်လက်မဲ့ ဦးရေ မြင့်မားနေတာကြောင့် ဆင်းရဲတွင်းက မတက်နိုင်ဖြစ်ရသလို အလုပ်ရှိထားသူများမှာလည်း ရရှိတဲ့လုပ်အားခက မသေရုံတမည် သာ စားသောက်နိုင်တဲ့ အခြေ အနေဖြစ်နေတာကြောင့်ပါ။

နောက်ထပ်တွေ့ရှိရတဲ့ အချက်ကတော့ အလွန်အရေးကြီးပါတယ်။ အဲဒါကတော့ ခွင်အားလုံး၊ စီးပွားရေး နယ်ပယ်အားလုံးကို လူနည်းစုက အစစအရာ ရာချုပ်ကိုင်ထားလို့ ဖြစ်ပါတယ်။ အဲဒီ လူနည်းစုထဲမှာ လူကြီးသားသမီး ဆွေမျိုးတွေပါသလို လူကြီးတွေနဲ့ နီးကပ်တဲ့ သူတို့ရဲ့ စီးပွားဖက် တွေလည်း ပါနေပါတယ်။
မြန်မာပြည်ရဲ့ လက်ရှိအနေ အထားဟာ စက်မှုလုပ်ငန်းကြီးငယ်လတ်တွေ တစ်ဟုန်ထိုးတိုးတက်လာဖို့ အခြေအနေ မရှိသေးတာကို တွေ့ရပါတယ်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကလည်း ချက်ချင်းတိုးတက်လာဖို့ အခြေအနေမရှိသေးတာကို အားလုံး လည်း မြင်နေပါတယ်။

သဘောပေါက်နေပါတယ်။ သဘာဝအ ရင်းအမြစ်ကို ထုတ်ယူရင်း စီးပွားရှာတာကလည်း      အင်အားကောင်းတဲ့ နိုင်ငံခြားနဲ့  မြန်မာကုမ္ပဏီတွေ လက်ထဲမှာပဲ ရှိနေပါတယ်။ ကိုင်း ဒါဖြင့်ရင် ဘာလုပ်ကြမှာလဲ။ လုပ်ဖို့ရာ နယ်ပယ်တစ်ခုတော့ ကျန်နေပါသေးတယ်။ လူများစုအတွက် လည်း အလုပ်အကိုင်တွေ ဖန်တီးပေးလာမယ့် လုပ်ငန်းမျိုးဖြစ်ပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ မီးခိုးမထွက်တဲ့ စက်ရုံများလို့ ယနေ့ကမ္ဘာမှာ တင်စားပြောဆို နေတဲ့ လုပ်ငန်းပါ။ အဲဒါက တော့ တိုးရစ်ဇင်လို့ခေါ်တဲ့ ခရီး သွားလုပ်ငန်း ဖြစ်ပါတယ်။

အခုလည်း ခရီးသွားလုပ်ငန်း တွေ လုပ်နေတာပဲ မဟုတ်လား။ ဒီထက် ဘာများထူးပြီး လုပ်စရာ လိုသေးလို့လဲလို့ မေးမယ့်သူများလည်း ရှိနိုင်ပါတယ်။ အမှန်ဆိုရ ရင် အခုလုပ်ကိုင်နေတဲ့ ခရီးသွားလုပ်ငန်းဟာ မတွင်ကျယ်သေးဘူးလို့ ပြောလိုပါတယ်။ အရင်းအနှီး အင်အားတောင့်တင်းတဲ့၊ အဆင် သင့်ဖြစ်နေတဲ့ အုပ်စုများသာ လုပ်ကိုင်နိုင်တာကို မြင်ရပါတယ်။ အရင်းအနှီးအင်အားသေးငယ် သူများ ဒီလုပ်ငန်းအနားကို မကပ်နိုင်သေးပါ။ ဘာဖြစ်လို့ အဲသလို ဖြစ်နေတာလဲ ဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ တင်းမာတဲ့ မပျော့ပျောင်းတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ရှိနေလို့ ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ အားလုံးအဆင်ပြေလာဖို့ လက်ရှိရှိထားတဲ့ ဥပဒေမျိုးစုံကို ဖြေလျှော့ဖို့ လိုလာပါတယ်။

နိုင်ငံခြားသား ခရီးသွားပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက ခရီးသွားပဲ ဖြစ်ဖြစ် ခရီးသွားလာ လည်ပတ်တဲ့ အခါမှာ ခရီးသွားနိုင်တယ်ဆိုတဲ့အချက်ကြောင့် ဒီလူတွေဟာ ချမ်းသာတယ်၊ ငွေကြေးတတ်နိုင် တယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ လူနည်းစုခရီးသွားများကတော့ အမှန်တကယ် ချမ်းသာသူများ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခရီးသွား အများစုဟာ မိမိရှိထားတဲ့ ငွေက လေးအပေါ် တွက်ချက်ပြီး ခရီးသွားရတဲ့သူက အများစုဖြစ်ပါတယ်။ ဒါက ကနေ့အထိ မရိုး နိုင်သေးတဲ့၊ သိထားရမှာဖြစ်တဲ့ ခရီးသွားလုပ်ငန်းရဲ့ သဘာဝများထဲက တစ်ခုပါ။ ခရီးသွားတယ်ဆိုတာဟာ လူတွေအတွက် အပန်းဖြေတာ တစ်မျိုးဖြစ်သလို ဗဟုသု တလိုလားတာကြောင့်လည်း ဖြစ်ပါတယ်။

လူတွေထဲမှာ ငွေကြေး တတ်နိုင်တဲ့ အဆင့်အတန်းက တစ်ဦးနဲ့ တစ်ဦးမတူပါ။ ငွေများများနဲ့ ခရီးသွားနိုင်တဲ့ သူများရှိသလို ငွေကြေးကို တွက်ချက်ပြီး အဲဒီတတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ လျော်ညီတဲ့ ခရီးမျိုးကို သွားသူ တွေလည်း အများကြီးရှိပါတယ်။
ဥပမာတစ်ခုလောက် ပြော ပါရစေ။ အနောက်နိုင်ငံများက ကျောင်းသားတွေဟာ ကျောင်း အားရက်တွေမှာ ခရီးသွားလေ့ ရှိပါတယ်။ သူတို့ဟာ ကျောင်းသားတွေဖြစ်တာကြောင့် ငွေကြေးများများ မတတ်နိုင်ပါ။ အဲဒါ ကြောင့် သူတို့ခရီးထွက်မယ့် နိုင်ငံကိုလေ့လာရပါတယ်။ အဲဒီနိုင်ငံ မှာ ဈေးချိုတဲ့ တည်းခိုခန်းတွေ ရှိသလား။ ဈေးချိုတဲ့ သယ်ယူပို့ ဆောင်ရေးစနစ် ရှိသလား။ ဈေးချိုတဲ့ အစားအသောက်မျိုး ရနိုင်သလားစသဖြင့် တွက်ချက်ရပါတယ်။ အဲသလို တွက်ချက်ပြီးမှ တစ်ဦး ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ခရီးထွက်ပါတယ်။

ငွေကြေးကိုစိစစ်ပြီး ခရီး ထွက်ရတဲ့ လူငယ်ကျောင်းသား ခရီးသွားဖြစ်တာကြောင့် ဂျပန်လို အစစအရာရာ ဈေးကြီးတဲ့ နိုင်ငံမျိုးကိုသွားမှာထက် ထိုင်းနိုင်ငံ လို ဈေးသက်သာတဲ့ နိုင်ငံမျိုးကို ရွေးပါတယ်။ ဂျပန်ကို သွားမယ်ဆိုရင် သူတို့ တတ်နိုင်တဲ့ ငွေကြေးပမာဏာဟာ တစ်ပတ် လောက်နဲ့ ကုန်သွားနိုင်ပြီး ထိုင်းနိုင်ငံကို သွားလည်မယ်ဆိုရင် တော့ လေးပတ်လောက် နေနိုင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို ရွေးချယ်တာပါ။ ထိုင်းနိုင်ငံကို ရောက်လာတဲ့ လူငယ်ကျောင်း သား နိုင်ငံခြားခရီးသွားတွေဟာ တစ်ရက်ကို ဆယ်ဒေါ်လာ (သို့မဟုတ်) ဒေါ်လာနှစ်ဆယ် ၀န်းကျင်လောက်ပေးရတဲ့ တည်းခိုခန်း အသေးစားတွေမှာ တည်းခိုကြပါ တယ်။ လမ်းဘေးကဆိုင်တွေမှာ စားသောက်ပါတယ်။

ဘတ်စ်ကားစီးပါတယ်။ မီးရထားစီးပါ တယ်။ ငွေကြေးတတ်နိုင်တဲ့ လူ တန်းစားက ပင်လယ်စပ်ကမ်းမှာ အပန်းဖြေဖို့ လေယာဉ်နဲ့ သွားပြီး ကြယ်ငါးပွင့်၊ ကြယ်လေးပွင့်၊ကြယ်သုံးပွင့်အစရှိတဲ့ တည်းခိုခန်းတွေမှာ တည်းကြပါတယ်။ ဒါပေမဲ့လူငယ်ကျောင်းသားခရီးသွားများကတော့ ဒေသခံ ဘတ်စ်ကား စီးပြီး သွားပါတယ်။ ဈေးချိုတဲ့ တည်းခိုခန်းအသေးစားတွေမှာ တည်းပါတယ်။ ဒါက ခရီးသွားများရဲ့ မတူကြတဲ့ သဘာဝဖြစ်ပါ တယ်။

ထိုင်းနိုင်ငံမှာ ဈေးချိုတဲ့တည်းခိုခန်းတွေရှိသလို အိမ်တွေမှာလည်း ဟုမ်းစတေးလို့ခေါ်တဲ့ တည်းခိုမှုတွေကို ခွင့်ပြုထားပါတယ်။ အစိုးရဘက်က လုပ်ရတာကတော့ အဲဒီဈေးချိုတဲ့ တည်းခိုခန်းတွေ၊ ဟုမ်းစတေးနေရာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား၊ အဆင်ပြေရဲ့လားဆိုတာ ကို စစ်ဆေးရပါတယ်။ ဒီလောက်ပါပဲ။ အာာဏာပိုင်တွေက ၀င်မရှုပ်ပါဘူး။ အာဏာပြတာမျိုး လည်း မရှိပါဘူး။

အခုမြန်မာပြည်မှာ ဖြစ်နေတာက အသေးစားတည်းခိုခန်း တွေ တည်ဆောက်ပြီး ခရီးသွား ဧည့်သည်ကို လက်ခံတာမျိုး ခွင့်မပြုသေးပါ။ ဥပမာ တစ်ခုလောက် ပြောရရင် ပုဂံက ဒေသခံတစ်ဦး ဟာ ငွေကြေးများများစားစား မရှိသူတစ်ဦး ဆိုပါစို့။ ဒါပေမဲ့ သူ့ရဲ့ အိမ်ဝင်းအတွင်းမှာ မြေအပိုရှိနေပါတယ်။ အဲဒီ ပိုနေတဲ့ မြေကွက်လပ်မှာ သစ်ဝါးစတဲ့ ဈေးချိုတဲ့ပစ္စည်းများနဲ့ ဘန်ဂလို အသေးစား လေးလုံး၊ ငါးလုံးလောက် ဆောက်နိုင်ပါတယ်။ အဲဒီ ဘန်ဂလို အသေး စား တစ်လုံးကို တစ်ညတည်းခိုရင် ဒေါ်လာ သုံးဆယ်လောက်နဲ့ ခရီးသွားများအတွက် တည်းလို့ ရနိုင်ပါတယ်။ အဲဒါဆိုရင် ဒေသခံ အတွက် တစ်ရက်ကို ဒေါ်လာ ၁၅၀လောက် ၀င်နိုင်ပါတယ်။

ဘန်ဂလို လေးငါးလုံးရှိလာတာကြောင့် ဘန်ဂလိုပိုင်ရှင်အနေနဲ့ လုပ်သားလိုလာပါတယ်။ သန့် ရှင်းရေးလုပ် ဖို့၊ အိပ်ရာခင်းနဲ့စောင် စတာ တွေ လျှော်ဖွပ်ဖို့အစရှိတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသခံ နောက်ထပ်လူသုံး  လေးဦး အလုပ်ရနိုင်ပါတယ်။ လာတည်းခိုတဲ့ ခရီးသွားများကို မှီပြီး ဘန်ဂလိုဘေးနားက အိမ်များမှာလည်း စားသောက်ဆိုင် အသေးစားတွေ ထပ်ဖွင့်နိုင်ပါသေးတယ်။ တိုတိုပြောရရင် ခရီးသွားရော အရင်းအနှီးနည်းတဲ့ ဒေသခံတွေအတွက်ပါ အကျိုးရှိပါတယ်။

ဒါပေမဲ့ အခုလက်ရှိ အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲ ဆိုတော့ အရင်းအနှီးနည်းပါးတဲ့ မြေကွက်လပ်ပိုင်ရှင်က အဲသလိုဘန်ဂလိုမျိုးလေးတွေ ဆောက်မယ်ဆိုပြီး မြို့နယ်က သက်ဆိုင် ရာအာဏာပိုင်တွေကို တင်ပြရပါ တယ်။ ဆောက်နိုင်ပါတယ်လို့ အာဏာပိုင်များက ခွင့်ပြုပါတယ်။ ဒါပေမဲ့ သူတို့ကို သိန်းငါးဆယ်၊ခြောက်ဆယ်တော့ ပေးရမယ်လို့ တောင်းပါတယ်။ ဒေါ်လာနဲ့ဆို ဒေါ်လာ ငါးထောင်၊ ခြောက် ထောင် လုံးခနဲ သူတို့ကို ပေးရမှာဖြစ်ပါတယ်။ မြေကွက်လပ် ပိုင်ရှင်အနေနဲ့ အရင်းအနှီးနည်းသူ ဖြစ်လေတော့ အဲသလောက်ငွေကို မပေးနိုင်ပါ။ မပေးနိုင်တော့ဘန်ဂလို ဆောက်ခွင့် မရပါ။ဒီအတိုင်း ငုတ်တုတ်ထိုင်နေရပါ တယ်။

 ကိုယ့်နိုင်ငံသားတွေ စား ပါစေဆိုတဲ့ စိတ်ဓာတ်မျိုးကို ဘာကြောင့် မမွေးနိုင်ရတာလဲ။ စိတ်ပျက်ဖို့ ကောင်းပါတယ်။  နောက်တစ်မျိုးကတော့ ခရီးသွားတွေကို ပြစားဖို့ သမိုင်းဝင်နေရာတွေကိစ္စပဲ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာ နန်းတော်ဟောင်းထဲက မြဘုရားကို ၀င်ကြည့်ဖို့ နိုင်ငံခြားသားတစ်ဦးကို ထိုင်းငွေ ဘတ်ငါးရာ ပေးရပါတယ်။ ထိုင်းနိုင်ငံသားကတော့ ပေးစရာမလို ပါ။

 ဘတ်ငါးရာဆိုတာ ဒေါ်လာနဲ့ တွက်ရင် အကြမ်းဖျင်းအားဖြင့် ၁၇ ဒေါ်လာခန့် ရှိပါတယ်။ တစ် ရက်ကို လူသုံးထောင်မက အဆိုပါမြဘုရားကို လာကြည့်ကြပါ တယ်။ တစ်နှစ်ဆိုရင် ဘယ်လောက်ရမလဲ တွက်ကြည့်နိုင်ပါတယ်။ အဲဒီ နန်းတော်ဟောင်းထဲ မှာ ထိုင်းဘုရင်က မနေတော့ပါ။ လူထုအတွက် အများပြည်သူ အတွက် ဖွင့်ပေးထားတာ ဖြစ်ပါ တယ်။

မြန်မာပြည်က မန္တလေးနန်း တော်ကြီးကို အဲသလိုများစီစဉ်လိုက်ရင် ဘယ်လောက် ကောင်းမလဲလို့ တွေးမိပါတယ်။ ဒါပေမဲ့ နန်းတော်အတွင်းမှာ စစ်တပ်တွေက နေရာယူထားတာဆို တော့ လာကြည့်လို့ ရတယ်ဆို ပေမယ့် တကယ်တမ်းကျတော့ လုံခြုံရေးသဘောအရ အများပြည်သူရော နိုင်ငံခြားသားပါ လွတ်လပ် စွာ ၀င်ရောက်ကြည့်ရှုဖို့ အတော်ခက်ပါတယ်။ တကယ်ဆိုရင် နန်းတော်ကြီးကို သေသေချာချာ ပြုပြင်ထိန်းသိမ်း၊ ဘုတ်တလုတ် ကန်နဲ့ ပန်းခြံကို လှပအောင် ပြုပြင်ထား၊ နန်းဝတ်နန်းစားနဲ့ လူတွေက ဟိုဟိုဒီဒီမှာ သွားနေ၊ ဗန္ဓုလ၀တ်စုံနဲ့ မြင်းစီးနေတဲ့သူတွေ လည်းရှိ။ ရိုးရာအကတွေ ကပြနေတဲ့ သူတွေကလည်း ကပြ၊ လှည်းယဉ်လေးကို ခြူသံတလွင်လွင်နဲ့ စီးချင်တဲ့ သူကိုလည်း လိုက်ပို့၊ အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင် လေးတွေလည်းရှိ၊ အမောပြေ သုံးဆောင်ဖို့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေလည်းရှိ အဲသလိုဆိုရင်တစ်ရက် တစ်ရက် မန္တလေးနန်းတော်ကြီးက ရှာပေးတဲ့ ငွေကြေးပမာဏဟာ နည်းမှာမဟုတ်ဘူး ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုတော့ ရှိပါတယ်။ အဲသလို လုပ်ကိုင်ဖို့ အတွက် လုပ်ပိုင်ခွင့်ကို ခရိုနီ တစ်ဦးဦးကို ချပေးလိုက်ရင်တော့ အသေးစား လုပ်ငန်းလုပ်ကိုင်မယ့် အရင်းအနှီးနည်းတဲ့ ဒေသခံတွေ အတွက်က ဇီးရိုးသာ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်မှာ နိုင်ငံခြား သားကို ငွေကြေးနဲ့ ပြစားဖို့ သမိုင်းဝင်နေရာတွေ၊ အဆောက်အအုံတွေ၊ ယဉ်ကျေးမှု ဆိုင်ရာနေရာတွေ အများအပြားရှိပါ တယ်။

ဈေးကြီးတဲ့ ဟိုတယ်တွေ ရှိသလို ဈေးချိုတဲ့ တည်းခို ခန်း တွေလည်း ရှိသင့်ပါတယ်။ ဒါတွေဟာ ခရီးသွားလုပ်ငန်း (သို့မဟုတ်) မီးခိုးမထွက်တဲ့ စက်ရုံတွေပါပဲ။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ မာတောင့်နေတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ၊ အဟန့်အတားတွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုပါ ကြောင်း။
http://www.7daydaily.com/story/35593#.VThyzCGeDGc

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...