စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆင်းရဲခြင်း၏ နောက်ကွယ်မှ တရားခံများ


အမေရိကန်ပြည်ထောင်စုတွင် ဆင်းရဲသူ မရှိဘူးလားဟု မေးကြသည်။ အမေရိကန်ပြည်ထောင်စု မစ္စစ္စပီမြစ်ဝှမ်းဒေသတွင် ဆင်းရဲသား အမြောက်အမြား နေထိုင်ကြဆဲဖြစ်သည်။ ဘက်တီနာက သူမအိမ်လေးကို မပြချင်ပြချင်နှင့် ခေါ်ပြသည်။ မြစ်ကမ်းဘေးရှိ အိမ်စုတ်လေးထဲတွင် သူနှင့်အတူ ကလေးခြောက်ယောက် အတူနေကြသည်။ ကလေးခြောက်ယောက်က ညစ်ပတ်နေသော အိပ်ယာခင်း အစုတ်ပေါ်တွင် အိပ်စက်နေကြသည်။ သူတို့အိမ်တွင် ရေချိုးခန်းမရှိ၊ မီးဖိုချောင်မရှိ။ အမေရိကန် ပြည်ထောင်စုနေ အခြားပြည်သူများထံ၌ ရှိနေသော အခြေခံအချက်များ ဘာမျှမရှိသည့် သူများသည် လူဖြစ်နေကြရသည် ဆိုခြင်းမှာ ပြောမယုံ ကြုံ၍သာ သိလိုက်ရခြင်းဖြစ်သည်။

ဘက်တီနာပြောလိုက်သည့် စကားတစ်ခွန်းက ပိုပြီး ရင်နာစရာ ကောင်းလှသည်။
“သူတို့ကို မြန်မြန်ကြီးပြီး ဒီနေရာကနေ ထွက်သွားစေချင်ပြီ။ သူတို့ဘဝ သူတို့ကျောင်းနိုင်မှ ကျွန်မလည်း ဝဋ်ကျွတ်မှာ” ဟူ၏။

အမေရိကန်ပြည်ထောင်စု အဖွဲ့၏ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် ခြောက်ဦးလျှင် တစ်ဦးသည် ဆင်းရဲချိုတဲ့စွာ နေထိုင်ကြရသည်ဟု ဆိုပါသည်။ ယင်းစာရင်းအရ ဆိုလျှင် လူဦးရေ သန်း ၅၀ နီးပါးခန့် ဆင်းရဲမွဲတေစွာဖြင့် နေထိုင်နေကြရသည့် သဘောဖြစ်သည်။

မီယာမီမြို့တွင် နေထိုင်သော အသက် ၇၇ နှစ် အရွယ် မေရီ မက်ဂရိုရီသည် လမ်းပေါ်တွင် ရွှေ့ပြောင်းပြီး နေရသည့် ဗင်ကားလေးတစ်စင်းပေါ်၌ နေထိုင်သူ ဖြစ်သည်။ သူက လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက အိုးပျောက်၊ အိမ်ပျောက် ဖြစ်သွားခဲ့ရသည်။

“အခွန်လည်း မဆောင်နိုင်ဘူး။ အိမ်ငှားနေဖို့ ကလည်း မတတ်နိုင်ဘူး။ ဒါကြောင့် ကားတစ်စီးနဲ့ လှည့်ပြောင်းပြီး နေနေရတယ်” ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် သူ့ထက်ဆိုးသော လမ်းဘေးနေ အိုးမဲ့အိမ်မဲ့တွေ အများကြီး ရှိနေသေးသည်။

အလွန်အမင်း ဆင်းရဲခြင်းဆိုသည်ကို ကမ္ဘာ့ဘဏ်က တစ်နေ့လျှင် ၁ ဒသမ ၂၅ ဒေါ်လာထက် အောက် ဝင်ငွေလျော့နည်းစွာရပြီး စားသောက်နေ ထိုင်နေကြရသည့် ဘဝများကို ဆိုလိုကြောင်း ဖွင့်ဆိုပါသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် ယင်းဝင်ငွေခန့်ဖြင့် စားသောက်နေထိုင်ကြရသူပေါင်း ၆၂ သန်းခန့်ရှိသည်။ ထိုသို့သော ဆင်းရဲတွင်းနက်နေသည့် အနေအထား မျိုးတွင် နေထိုင်ရသူများ ရှိသကဲ့သို့ ကမ္ဘာပေါ်တွင် ချမ်းသာစွာနေထိုင် စားသောက်နိုင်သူများ၊ ပညာကောင်းစွာ သင်ကြားနိုင်သူများ၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိသူများ၊ လူနေမှုဘဝ မြင့်မားနေသူများ ကလည်း အများအပြား ရှိနေကြ သည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ အတွင်းရှိ လူဦးရေ ထက်ဝက်ခန့်သည် ဆင်းရဲချို့တဲ့စွာ နေထိုင်ကြရကြောင်း ကမ္ဘာ့ဘဏ်အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ကမ္ဘာနှင့်ချီပြီး ကြည့်မည်ဆိုလျှင် လူဦးရေ သန်းတစ်ထောင်ခန့်သည် ဆင်းရဲချို့တဲ့စွာ နေထိုင် စားသောက်နေကြရသည်။ ၁၉၉၀ ပြည့်နှစ်ခန့်က ကမ္ဘာ့ဆင်းရဲမွဲတေသူပေါင်း ၁ ဒသမ ၉ ဘီလီယံ ရှိသည်ဆိုသောကြောင့် လျော့ကျလာသည်ဟုတော့ ဆိုရမည်ဖြစ်သည်။

အာရှတွင် ကျားတစ်ကောင်ဖြစ်လာတော့မည့် ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကား အံ့မခန်းဖြစ် သည်။ ၁၉၉၃ ခုနှစ်ခန့်က နိုင်ငံလူဦးရေ၏ ၆၄ ရာခိုင်နှုန်းသည် ဆင်းရဲနေကြသည်။ သို့သော် ဆင်းရဲမှု နှုန်းကို ၂၀၁၀ ပြည့်နှစ်တွင် ၅ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ ပြည်သူပြည်သားများကို ပိုပြီးဝလင်စွာ ကျွေးမွေးနိုင် သည့်အပြင် ပညာလည်းကောင်းစွာတတ်စေရန် သင်ကြားပေးနိုင်ခဲ့သည်။ လူတစ်ဦးချင်း တစ်နေ့ဝင်ငွေသည် ၆ ဒေါ်လာမှ ၉ ဒေါ်လာအထိ ရှိလာခဲ့သည်။

ဆင်းရဲမွဲတေမှု သုံးမျိုးရှိပါသည်။ ယင်းတို့မှာ အလွန်အမင်းအဆင့် (Extreme)၊ အတန်အသင့် အဆင့် (Moderate) နှင့် မဆင်းရဲသင့်ဘဲ ဆင်းရဲရခြင်း (Relative) ဟူ၍ သုံးမျိုးခွဲခြားထားသည်။

အလွန်အမင်း ဆင်းရဲခြင်းဆိုသည်မှာ အသက်ရှင်နေ ထိုင်စားသောက်ရန် အစားအစာ၊ ရေ၊ နေထိုင်စရာ နေရာ၊ အိမ်သာကအစ မရှိဘဲ နေထိုင်နေကြရသည့် အဆင့်ဖြစ်သည်။ လူ့ဘဝအတွက် အရေးပါသော ပညာ သင်ကြားရခြင်းလည်းမရှိ၊ ကျန်းမာရေး စောင့်ရှောက်ခြင်းများလည်း မခံရသည့် အနေအထား များတွင် နေထိုင်ရခြင်းကို အလွန်အမင်း ဆင်းရဲသည့် အဆင့်တွင် နေထိုင်ကြရသူများဟု သတ်မှတ်သည်။ လူတို့၏ အဓိက လိုအပ်ချက်များဖြစ်သော စားဝတ်နေရေး အခြေခံ လိုအပ်ချက်များကို ရသင့် ရထိုက်သော်လည်း အခြေအနေတစ်ခုကြောင့် မရသေးခြင်း အနေအထားတွင် ရောက်နေရသူများကို အတန် အသင့်ဆင်းရဲသည့် အနေအထားတွင် ရောက်နေရသူ များဟု သတ်မှတ်ပါသည်။ နောက်ဆုံးအဆင့် မဆင်းရဲသင့်ဘဲ ဆင်းရဲနေကြရသူများမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများတွင် နေထိုင်ရ ပါသော်လည်း နိုင်ငံတော်က သတ်မှတ်ထားသည့် ဝင်ငွေအချိုးအဆ အတိုင်း ရခြင်းမရှိဘဲ အခြားသူများ၏ ဝင်ငွေထက် လျော့နည်းစွာရပြီး နေထိုင်ရသူများကို ဆိုလိုပါသည်။

ဆင်းရဲခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သောကြောင့် ဆင်းရဲမွဲတေခြင်းက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ရုတ်ချည်းလုပ်ဆောင်ရန် ဆိုသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ ဆင်းရဲခြင်းသည် အချိန်၊ ကာလ၊ နေရာ၊ ဒေသ၊ ဓလေ့၊ မျိုးနွယ်စသည့် အကြောင်းပေါင်းစုံကြောင့် ဖြစ်နိုင်သည်။ ရာသီဥတုနှင့် သဘာဝ ဘေးဒဏ်ကြောင့်လည်း ဆင်းရဲနိုင်သည်။ မဆင်းရဲသင့်ပါဘဲ အနေအထား တစ်ခုကြောင့် ဆင်းရဲနေလျှင် လုပ်ငန်းကျွမ်းကျင်မှု၊ သဘာဝရင်းမြစ်နှင့် စိတ်ကူးစိတ်သန်း ကောင်းမှု၊ ပညာရေး မြင့်တက်သွားလျှင် ဆင်းရဲမွဲတေခြင်းက လွတ်ကင်းကောင်း လွတ်ကင်းသွားနိုင်ပေသည်။

ပညာရေးသည် ဆင်းရဲမွဲတေမှုကို လျှော့ချပေးရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ စီးပွားရေး လုပ်ချင်ကိုင်ချင်စိတ်ရှိပြီး လုပ်ပိုင်ခွင့်များရရှိလျှင် ပိုပြီး တိုးတက်ကြီးပွားစေရန် ကြံဆောင်တော့မည်။ စီးပွားရေးလုပ်လျှင် လူတန်းစားမခွဲခြားခြင်း တန်းတူညီမျှ သာတူညီမျှ ဆက်ဆံရန်စသည့် သဘောတရားများ လိုအပ်လာသည်။ ယင်းအချက်များသည် ပညာတတ်ခြင်း၊ တွေးတော ဆင်ခြင်တတ်ခြင်းများနှင့် ဆက်စပ်နေသောကြောင့် တိုင်းပြည် တစ်ပြည်တွင် ပညာတတ်များ ပေါများလာစေရန် ကြံဆောင်ပေးဖို့ အရေးကြီးသည်။ ပညာမတတ်၍ ဆင်းရဲ၊ ဆင်းရဲ၍ ပညာမတတ်ဆိုသည့် သဘောတရားတို့သည် ပတ်လည်ရိုက်ကာ ချာချာလည်နေနိုင်သည့် သဘော တရားများလည်း ဖြစ်နိုင်ပေသည်။ ပညာတတ်လာလျှင် ကျန်းမာအောင် နေတတ်မည်။ ကျန်းမာလျှင် ချမ်းသာစေရန် ကြံဆောင်နိုင်စွမ်း ရှိသည်။ နည်းပညာများ အလျှံပယ် ကြွယ်ဝနေသည့် ခေတ်သစ်တွင် ပညာရေးနှင့် အလှမ်းမဝေးစေရန် ကြံဆောင်ပေးနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိသည်။ ပညာရေးနှင့် နည်းပညာ ပေါင်းစပ်ပေးလိုက်လျှင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးသည် အလွန်ထိရောက်သော လက်နက်ကို ကိုင်စွဲခွင့်ရလိုက်ခြင်း ဖြစ်သည်။

ပညာတတ်လျှင် လူတို့စားဝတ်နေမှုဘဝ အလိုလို ပြောင်းလဲသွားနိုင်သည်။ မိသားစုဘဝ ကျန်းမာအောင်နေထိုင်၊ ကျန်းမာအောင် စားသောက်လိုစိတ်များ ရှိလာလိမ့်မည်။ အာဟာရ ပြည့်ဝစေရန် စားသောက်နေထိုင်ရမှန်း သိလာလျှင် အသက်လည်း ပိုပြီးရှည်လာလိမ့်မည်။ အမျိုးသမီးများ၊ ကလေးများဘဝ စောင့်ရှောက်ပေးရမည်ကိုလည်း အလိုအလျောက် သိလာနိုင်သည်။ ကိုယ်နေထိုင်ရာ ဝန်းကျင်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး လေးစားမြတ်နိုး တန်ဖိုးထားမှုများသည် ပညာရေးနှင့် များစွာ ဆက်စပ်လျက်ရှိသည်။

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ရသူများသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု များကို မိမိတို့နိုင်ငံအတွင်းရှိ ပညာတတ်မှုနှုန်းနှင့် တိုင်းတာလေ့ရှိကြသည်။

၂၀၁၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့၏ အစီရင်ခံစာ တစ်စောင်တွင် -
“ကမ္ဘာ့ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်အရ ကမ္ဘာ့စားရေရိက္ခာ မလုံလောက်သည့် လူဦးရေ ၉၆၃ သန်းခန့်ကို စားရေရိက္ခာများ လုံလောက်စွာ ရရှိနိုင်ရေး၊ စာမတတ်သည့် လူကြီး ၇၇၆ သန်းနှင့် ကလေး ၇၅ သန်းခန့်ကို စာတတ်မြောက်စေရန် လုပ်ပေးရေးတို့သည် တစ်ပြေးညီ လုပ်ဆောင်ရမည့် လုပ်ငန်းများ ဖြစ်သည်။ ပညာတတ်မြောက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ထွန်ယက် စိုက်ပျိုးစားသောက်စရာ မြေရှိရေး၊ မွေးမြူရေး လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ဆောင်နိုင်ရေးတို့သည် ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမွဲတေမှုက အဓိက လွတ်မြောက်စေသော နည်းလမ်းများဖြစ်သည်” ဟု ဆိုထားသည်။

ကမ္ဘာ့ဘဏ်က ပြည်သူများ အဘယ့်ကြောင့် ဆင်းရဲရကြောင်းကို ပြည်သူ့အသံတစ်ရပ် အနေဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ၊ လူပေါင်း နှစ်သောင်း၏ အသံများကို ရယူခဲ့သည်။ ထိုသူများသည် ထိုတိုင်းပြည် အသီးသီးတွင် ဆင်းရဲဒုက္ခများကို လက်တွေ့ ခံစားနေကြရသူများလည်း ဖြစ်ကြပါသည်။ သူတို့က အဘယ်ကြောင့် ဆင်းရဲကြရသနည်း ဆိုသည့် မေးခွန်းကို အကြောင်းရင်း ဆယ်ချက်ဖြင့် ဖြေဆိုထောက်ပြ ကြသည်။ ယင်းအကြောင်းရင်း အချက်များမှာ -

“တိုင်းပြည်တစ်ပြည်တွင် အာဏာကို အလွဲသုံးစား လုပ်သူများ ကြီးစိုးနေခြင်း၊ ပြည်သူတို့ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများသည် သြဇာအာဏာ မဲ့ပြီး မလှုပ်နိုင်အောင် ချုပ်ကိုင်ထားမှု ခံနေရခြင်း၊ လူမျိုးနိုင်ငံ အသိအမှတ်ပြုခြင်း မခံရဘဲ ဝိုင်းပယ်ထားမှု ခံနေရခြင်း၊ ကျားမခွဲခြားမှု လွန်ကဲခြင်း၊ ပြည်သူတို့ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့် မရခြင်း၊ လုပ်ဆောင် စွမ်းဆောင်နိုင်မှုများကို ကန့်သတ် ချုပ်ချယ်မှုခံနေရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ခံစားခွင့်များကို ကန့်သတ် ပိတ်ပင်ခံနေရခြင်း၊ ပြည်သူတို့ အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာ လုပ်ငန်းများ အခိုင်အမာမရှိခြင်း၊ လူမှုရေးဆိုင်ရာ ဆက်ဆံရေးတွင် ပြဿနာများ ရှိနေခြင်း၊ လူ့ဘောင် အဖွဲ့အစည်းများ ကိုယ်တိုင်က အားနည်းချက်များ ရှိနေခြင်း” ဆိုသည့် အချက်များကို ထောက်ပြထားကြောင်း တွေ့ရသည်။

၂၀၀၀ ပြည့်နှစ်အထိ စာဖတ်ရန်မဆိုထားနှင့် ကိုယ့်လက်မှတ်ကိုပင် ကိုယ်မထိုးတတ်သူပေါင်း ကမ္ဘာတွင် သန်းတစ်ထောင်ခန့် ရှိနေသေးကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

ဆင်းရဲခြင်း၏ နောက်ကွယ်တွင် ပညာမတတ်ခြင်း ဆိုသည့် အကြောင်းရင်းနောက်ခံ ရှိနေသည်။ အရွယ်မတိုင်မီ ကျောင်းထွက်ရခြင်း များသည် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကြီးများတွင်ပါ လက်တွေ့ ရင်ဆိုင်နေရသော ပြဿနာများ ဖြစ်သည်။ ကျောင်းမပြီးဆုံးမီ ကျောင်းထွက်ရခြင်း များကို လေ့လာကြည့်လျှင် မိဘနောက်ခံ အနေအထား ဆင်းရဲချို့တဲ့ခြင်းများ အပြင် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ကြရမှုများ ကြောင့်လည်း ဖြစ်နေကြောင်းတွေ့ရသည်။ ချမ်းသာသော မိသားစုများထက်၊ ဆင်းရဲသောမိသားစုများ ရင်ဆိုင်နေရသည့် ဒုက္ခလည်းဖြစ်သည်။

ဆင်းရဲသောကြောင့် ပညာမသင်နိုင်၊ ပညာ မတတ်သောကြောင့် ဆင်ခြင်တုံတရားမရှိ၊ ဆင်ခြင်တုံ တရားမဲ့သောကြောင့် ဘဝကို ရေစုန်မျှောခဲ့ကြပြီး ထပ်တိုးကာ ဆင်းရဲနေသူများ ကမ္ဘာတွင် များစွာရှိ သည်။ အစိုးရတစ်ရပ်သည် ဆင်းရဲမွဲတေမှု လျှော့ချမည်ဆိုကာ အသံကောင်း ဟစ်တတ်သည်။ သို့သော် ဆင်းရဲမွဲတေအောင်လုပ်ပြီး အမြတ်ထုတ်နေသော အစိုးရပေါင်း များစွာကလည်း ကမ္ဘာ့နေရာအနှံ့အပြား တွင် ရှိနေသည်။ သူတို့အတွက် ဆင်းရဲသူမရှိလျှင် မချမ်းသာနိုင်သဖြင့် ဆင်းရဲမွဲတေမှုကို အစိုးရများ ကိုယ်တိုင်က ပြည်တွင်းစစ်ဖြင့်လည်းကောင်း၊ လူမျိုး ရေးဖြင့်လည်းကောင်း၊ ဘာသာရေးဖြင့်လည်း ကောင်း အကြောင်းအမျိုးမျိုးပြကာ လုပ်ဆောင်နေကြ သည်။ ထိုတိုင်းပြည် နိုင်ငံများရှိ ပြည်သူများဘ၀ကား သေသော်မှတည့် ကောင်းသေး၏ဟု ဆိုရမလောက်ပင်။

အယ်ဒီိတာတစ်ဦး- thevoicemyanmar.com

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...