စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်မရပြဿနာ ပြေလည်စေမည့် သဘာဝနည်း (၅)နည်း


(၂၄)နာရီပတ်လုံး မရပ်မနား လည်ပတ်နေသည့် ယနေ့ လူ့အဖွဲ့အစည်းတွင် အိပ်ရေးမ၀သူ တိုးပွား လာသည်မှာ မထူးဆန်းသော ကိစ္စတစ်ခုလိုကို ဖြစ်လာနေပြီ။ ပျမ်းမျှအားဖြင့် ကမ္ဘာ့လူသား (၄၀) ရာခိုင်နှုန်းသည် တစ်နေ့ကို (၇)နာရီမှ (၉)နာရီကြား အိပ်ရမည် ဟူသော သတ်မှတ် ပမာဏကို မပြည့်မီကြောင်း သိရသည်။

လူနေမှု စတိုင်ကြောင့် အိပ်ရေးမ၀ခြင်း အပြင် အိပ်မရသည့် ဝေဒနာကြောင့် အိပ်ရေး မ၀ခြင်းကလည်း ယနေ့ လူ့အဖွဲ့အစည်းကို ထပ်ပေါင်း နှိပ်စက် နေပြန်သည်။ ပျမ်းမျှအား ဖြင့် ကမ္ဘာသူ ကမ္ဘာသား သုံးပုံတစ်ပုံ မှသည် ထက်ဝက်ခန့် အထိသည် ဘ၀မှာ ကာလ တစ်ခုလောက်၌ အိပ်မရသည့် ဝေဒနာကို ခံစားဖူး ခဲ့ကြကြောင်း စစ်တမ်းများ အရ သိရသည်။ တချို့က ကာလတို လောက်သာ ထိုဝေဒနာ ခံစားရသည်။ အချို့မူကား ကာလရှည်ကြီးထိ ခံစားကြ ရသည်။ အိပ်မရသူများ ထဲမှ (၁၅)ရာခိုင်နှုန်းခန့် သည်ကား ဆိုးဆိုးဝါးဝါးကို အိပ်မရ ပြဿနာ ကြုံရသူ များဖြစ်ပြီး အကျိုးဆက် အဖြစ် လောကကြီးကိုပါ စိတ်ပျက်နေရ တတ်သည်။ အိပ်ရေးပျက်ခြင်း သည် နေ့စဉ်ဘ၀တွင် မှတ်ဥာဏ်အားနည်း စေသလို၊ အာရုံစူးစိုက်နိုင်စွမ်း ကိုလည်း ကျဆင်းစေသည့် အပြင် စိတ်ကျဝေဒနာ အပါအ၀င် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ ပြဿနာ များထိ ဖြစ်ပွားစေ တတ်ကြောင်း သိရသည်။

မျှော်လင့်ချက် ရပ်လိုက်ရန်တော့ မဟုတ်။ မျှော်လင့်ချက် ရှိပါသည်။ အမေရိကန် နိုင်ငံမှ အိပ်စက်ခြင်းဆိုင်ရာ ဆေးပညာကျောင်း၏ အဆိုအရ အိပ်မရ ဝေဒနာသည် ကုသလို့ရသော ကိစ္စဖြစ်၏။ ဆေးတွေဝါးတွေပင် သုံးစရာမလို။ နေထိုင်မှု စတိုင်ကို ပြုပြင်ယူခြင်း၊ စိတ်ခံယူပုံကို ထိန်းကျောင်းယူခြင်းဖြင့် အိပ်မရ ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ဆိုသည်။

အချို့သော အိပ်မရခြင်းများက ပတ်ဝန်းကျင်နှင့် ဆိုင်သည်။ ဆူညံသော၊ လင်းထိန် လွန်းသော ပတ်ဝန်းကျင်မျိုးသည် အိပ်မရအောင် လုပ်လိမ့်မည်။ ထိုအခါ တိတ်ဆိတ် အေးချမ်း မှောင်မိုက်သော နေရာမျိုးကို ပြောင်းအိပ်လျှင် ပြဿနာ အဆင်ပြေလိမ့် မည်။ အကယ်၍ နည်းနည်းလောက်မှ မသောက်ရရင် အိပ်မပျော်ဟု ဆိုသူများအနေ ဖြင့် သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်နှင့် တွေ့ဆုံပြီး ပြေလည်မည့် နည်းကို ရှာရမည်။ ထိုကိစ္စများသည် အပြင်ပန်း သက်ရောက်မှုကြောင့် အိပ်မရခြင်းဖြစ်ရာ အပြင်ပန်း သက်ရောက်မှု များကို ပြောင်းလဲယူခြင်းဖြင့် အိပ်လို့ရသွား လိမ့်မည်။

အပြင်ပန်းကြောင့် မဟုတ်ဘဲ မိမိ၏ အတွင်းစိတ်ကြောင့် ဖြစ်ရသော အိပ်မရ ပြဿနာကား ကိုင်တွယ်ရ ပိုသိမ်မွေ့သည်။ အိပ်မရသည့်အခါ လူသည် စိတ်အားနည်း လာသည်။ ထိုအခါ အလွယ်တကူ ဒေါသ ထွက်တတ်၊ စိတ်ပျက်လာ တတ်သည်။ ထိုသို့ အိပ်မရခြင်းအပေါ် ဒေါသထွက်လေ၊ စိတ်ပျက်လေ လူသည် အိပ်ပျော်ဖို့ ပိုခက်လေ ဖြစ်လာသည်။ အိပ်ပျော်ဖို့ ပိုခက်လေ ဒေါသထွက် စိတ်ပျက်လေဖြစ်ကာ အဆိုးသံသရာ လည်ရသည်။

ထိုပြဿနာကို ဖြေရှင်းဖို့ နည်းကောင်း တစ်လက်ဟူ၍ မရှိ။ တစ်ယောက် အတွက် အသုံးဝင်သော နည်းသည် အခြား တစ်ယောက် အတွက် အမှိုက်ဖြစ်နေ တတ်သည်။ သို့ဖြစ်ရာ အောက်တွင် အိပ်မရသူများ ပြဿနာ ပြေလည်စေမည့် သဘာဝနည်း ငါးနည်းကို အကြံပြု ဖော်ပြပါမည်။ တစ်နည်းမဟုတ် တစ်နည်းသည် အကူအညီလိုသော စာဖတ်သူများနဲ့ ကိုက်ညီလိမ့်မည်ဟု မျှော်လင့်ပါသည်။

၁။ အိပ်မရစေသည့် အကြောင်းရင်းတွေကို ဖယ်ရှား။

အိပ်မရသည့် ညတွေ များလာလျှင် အိပ်ရမှာကိုပင် လူသည် ကြောက်လာသည်။ ညအိပ်ချိန် နီးလာလေ စိတ်ရှုပ်လာလေ ဖြစ်သည်။ အိပ်ရာထဲ တစ်ကယ်ဝင်ပြီး အိပ်ဖို့ ကြိုးစား ပြီဆိုလျှင်လည်း နာရီ သံတစ်ချက်ချက်ကို ကြားယောင် နေမည်၊ ပြတင်းပေါက်က ၀င်လာသော အလင်းမှိန်မှိန်ကို လိုက်ကြည့် နေမိမည်။ ထိုသို့နဲ့ပင် နာရီသံသည် မနက် အာရုဏ်ဆီရောက်သည် အထိ ကိုယ် သိနေမည်၊ ပြတင်းပေါက်က ၀င်လာသော မနက်ခင်း အလင်းရောင် ကိုပါ မြင်ရသည်အထိ ကိုယ်က တစ်ညလုံး နိုးနေလိမ့်မည်။ ထိုသို့ ဖြစ်ပါများလာသည့်အခါ အိပ်ရာထဲ ၀င်ရမှာ ကိုပါ စိတ်ပျက်လာ ရသည်။

ထိုပြဿနာ ဖြေရှင်းရန်အတွက် အိပ်ခန်း ထဲကနေ နာရီကို ထုတ်ထားလိုက်ဖို့၊ ပြတင်းပေါက်ကို အလင်းရောင် မ၀င်နိုင်အောင် အလုံပိတ်ထား လိုက်ဖို့ ဆရာဝန်များက ညွှန်ကြားသည်။ အကယ်၍ အိပ်မပျော်သေးဘူး ဆိုလျှင် ဆက်မအိပ်ဘဲ ထလိုက်ဖို့ ဆရာဝန် များက အကြံပြုသည်။

အိပ်မရသူများ အနေဖြင့် အိပ်ပျက်ည အတွက် စိတ်ပျက် နေခြင်းသည် နောက်နေ့ အတွက်ပါ အိပ်ပျက်ဖို့ လမ်းခင်းလိုက်ခြင်း ဖြစ်သည်ဟု အိုဟိုင်းယိုး အိပ်စက်ခြင်း ဆေးပညာ အင်စတီကျုက ဆိုသည်။ အိပ်ပျက် ညအတွက် စိတ်ပျက်နေမည့် အစား ယနေ့ည အိပ်ပျက်သောကြောင့် လူက အိပ်ချင်မူးတူး ဖြစ်နေခြင်းသည် နောက်နေ့ညမှာ စောစော အိပ်နိုင်စေမည့် အခွင့်အရေး ဖြစ်သည်ဟု မှတ်ယူကာ အပြုသဘောဖြင့် လက်ခံဖို့လည်း အကြံပြုသည်။

၂။ သက်သောင့်သက်သာစိတ်ဖြင့် အိပ် တတ်ပါစေ။

ယနေ့ ဖြစ်ခဲ့တာများ အတွက် သောက ရောက်နေခြင်း၊ နောက်နေ့မှာ ရင်ဆိုင်ရမှာများ အတွက် တွေးပူ နေခြင်းသည် ယနေ့ည အိပ်မရအောင် လုပ်မည့် ရန်သူကြီး များဖြစ်၏။ စိတ်ရှုပ်စိတ်ဖိစီးနေသည့် အခါ ခန္ဓာကိုယ်သည် ကော်တီဇုန်း ဟိုမုန်းများ ထုတ်ပေးသည်။ ထိုဟိုမုန်းများသည် လူကို အိပ်ငိုက် လာအောင် လုပ်သည့် မယ်လ်တိုနင် ဟိုမုန်း မထွက်အောင် တားဆီးသည်။ သို့ဖြစ်ရာ စိတ်ဖိစီး စိတ်သောက ရောက်နေသည့် အခါ မယ်လ်တိုနင် အထွက်နည်းသဖြင့် လူသည် တော်တော်နဲ့ အိပ်မပျော် ဖြစ်တတ်သည်။ စိတ်ဖိစီးမှု ကြီးလေ အိပ်ပျော်ဖို့ ခက်လေ။

သို့ဖြစ်ရာ မအိပ်ခင်မှာ ကိုယ်ရော စိတ်ပါ သက်သောင့် သက်သာရှိအောင် နေတတ်ဖို့ လိုသည်။ မနေတတ်သူများ အားငယ်ရန်မလို။ လေ့ကျင့်ယူလို့ရသည်။ ခန္ဓာကိုယ် သက်သောင့် သက်သာရှိဖို့ အကြောလျှော့ လေ့ကျင့် ခန်းအမျိုးမျိုး၊ ကြွက်သားပျော့ ပျောင်းစေ မည့် နှိပ်နယ်နည်း အမျိုးမျိုး ရှိသည်။ လေ့လာ သင်ယူ အားထုတ်လျှင် ရသည်။ စိတ် သက်သောင့်သက်သာ ရှိဖို့အတွက်လည်း မအိပ်ခင် စာဖတ်ခြင်း၊ သီချင်း နားထောင်ခြင်းမှအစ တရားထိုင်ခြင်းထိ မိမိအတွက် အဆင်ပြေ သော နည်းလမ်းကို ကျင့်သုံးနိုင်သည်။

၃။ အတွေးတွေကို ပြောင်းပြန်လှန်ပစ်နည်း။

အိပ်မရခြင်း ဆိုင်ရာ ယုံကြည်ထားချက် များကို မြေလှန်ပစ် ရမည်။ အိပ်မရခြင်းသည် ဆုံးရှုံးမှုကြီး၊ အားနည်းချက်ကြီးဟု ရှုမြင်ကာ စိတ်ဆင်းရဲ နေသူသည် အိပ်မရခြင်း ပြဿနာကို ပိုကြီးအောင် ချဲ့နေသည့် နှယ်ရှိသည်။ အဖျက် သဘောဆောင် အမြင်များကို ပြောင်းပစ်လိုက် ခြင်းဖြင့် အချို့သော အိပ်မရ ပြဿနာများ ပြေလည်သွား နိုင်သည်။ ယနေ့ည အိပ်မပျော်ခြင်းကို ယနေ့ ညမှာသာ ထားခဲ့တတ်သည့် စိတ်မျိုး မွေးရမည်။ ယနေ့ည အိပ်မပျော်ခြင်းကြောင့် နောက်နေ့ည များမှာပါ အလားတူ ဖြစ်လိမ့် ဦးမည်ဟု တွေးပူနေခြင်းသည် ဖြစ်မလာနိုင် သည်ကို ဖြစ်လာအောင် ဆွဲခေါ်ရာ ရောက်သည်။

အထက်တွင် ဖော်ပြခဲ့သကဲ့သို့ ကိုယ် ရော စိတ်ပါ သက်သောင့်သက်သာ ရှိစေသော နည်းများ ကိုလည်း သုံးမည်၊ အိပ်ပျော်အောင် ကူညီမည့် ပတ်ဝန်းကျင်မျိုး ဖြစ်အောင်လည်း ဖန်တီး ထားမည်၊ အဖျက် သဘောဆောင် အမြင်များကိုလည်း ပယ်ဖျက် ထားမည်ဆို လျှင်ကား အိပ်ပျော်ဖို့ ရာခိုင်နှုန်း အတော် များသွားပြီ ဖြစ်ကြောင်း ကျွမ်းကျင်သူများက အကြံပြု ပြောကြားသည်။

၎။ အအိပ် ကန့်သတ်နည်း။

ဗျူဟာက ရှင်းသည်။ အိပ်မပျော်ဘူးလား။ အိပ်မပျော်ရင် ဆက်မအိပ်ဘဲ အိပ်ရာ ထဲကထ။ အိပ်ပျော်ရမည် ဟူသော စိတ်လည်း မထားဘဲ လုပ်စရာရှိတာ တစ်ခုခု လုပ်နေလိုက်ဖို့ ဖြစ်သည်။ အိပ်ရာထဲ ရောက်ပြီး မိနစ် (၂၀)လောက် ကြာသည်အထိ အိပ်မပျော် သေးဘူးလား။ ဆက်အိပ်ဖို့ မကြိုးစား ပါနဲ့။ အိပ်ရာထဲက ထပြီး တစ်ခုခု လုပ်နေလိုက်ပါ။ တစ်ခုတော့ သတိထားပါ။ ဖုန်း၊ ကွန်ပျူတာ၊ တဲဘလက်တွေ ဖွင့်ပြီး ကလိတာ မျိုးတော့ လုံးဝ မလုပ်ရ။ တောက်ပသော ဖန်သားပြင် များကထွက်သော အပြာရောင် အလင်းလှိုင်းသည် အိပ်မရပြဿနာ ပိုကြီးထွားအောင် လုပ်ပစ်နိုင်သည်။ တီဗီ ကြည့်ခြင်းမျိုးလည်း ရှောင်ပါ။ တောက်ပသော အလင်းရောင်နဲ့ မျက်လုံးနဲ့ ထိတွေ့မည့် ကိစ္စတိုင်းကို ရှောင်ပါ။ စာတစ်အုပ် ကိုင်ကာ စာဖတ်ခြင်းသည် အိပ်မရချိန်မှာ အသိပညာ တစ်ခုခုရအောင် လုပ်ရာ ရောက်သလို၊ အိပ်ပျော်ဖို့လည်း အကောင်းဆုံး နည်းလမ်း တစ်ရပ်ဖြစ်သည်။ အခြားသော မိမိ ၀ါသနာပါရာ အလုပ်များ ရှိပါကလည်း ထလုပ်နေလိုက်ပါ။

အိပ်မပျော်ဘဲ ဖြစ်နေချိန်တွင် အိပ်ရာထဲက ထထွက် လိုက်ခြင်းသည် အိပ်မရခြင်းကြောင့် ဖြစ်လာမည့် အဖျက်စိတ်များနဲ့ အိပ်ရာနဲ့ကို ခွာလိုက်နိုင်သည့် အကျိုးလည်း ရသည်။ အိပ်မရဘဲ ဇွတ်ကြိုးစား ဆက်အိပ် နေလျှင် ထိုအိပ်ရာကြောင့် အိပ်မရဟူသော စိတ်အစွဲပါ ဖြစ်သွားတတ်သည်။ ထိုအခါ နောက်ညများမှာ ထိုအိပ်ရာမှာ ထပ်အိပ်တိုင်း ထိုအိပ်ရာကြောင့် အိပ်မပျော်ဟူသော စိတ်အစွဲ ထပ်ပေါ်လာကာ အိပ်ပျော်ဖို့ ပိုခက်ရ တော့သည်။

၅။ အိပ်ပျော်ဖို့ မကြိုးစားနဲ့။

အိပ်စက်ခြင်းဟူသည် ကြိုးစား လုပ်ယူရသော အလုပ်မျိုး မဟုတ်။ လူသည် အိပ်ချင်လို့ အိပ်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်ရာ အိပ်ပျော်ဖို့ ကြိုးစားခြင်းဟူသည် အိပ်မပျော် အောင် လုပ်နေသည့် သဘောပင် သက်ရောက် သေးသည်။ အိပ်ပျော်အောင် ကြိုးစားမည် ဟူသော စိတ်ကိုပါ လုံးဝ လွှင့်ပစ်ထား လိုက်ပါ။ ထိုစိတ်သည် အလုပ်မဖြစ်။ ဖြစ်နိုင်လျှင် အိပ်ပျော်စေရမည် ဟူသော အတွေးမျိုးကိုပါ ဖျောက်ထားပြီး ကိုယ်လုပ် စရာရှိတာ လုပ်ပါ။

ထူးဆန်းသော နောက်တစ်နည်းကား မအိပ်ချင်အောင် ထိန်းထားခြင်း ဖြစ်သည်။ အိပ်မရသည့် အထဲ မအိပ်ချင်အောင်ပါ ထိန်းခိုင်းနေသည်ဟု ထင်ကောင်းထင်လိမ့် မည်။ သို့သော် လက်တွေ့ စမ်းသပ်မှုများ အရ လူသည် မအိပ်ချင်အောင် မျက်လုံး ပြူးပြဲပြီး ထိန်းထားလေ အိပ်ချင်လာလေ ဖြစ်ကြောင်း တွေ့ထားရသည်။ အိပ်မပျော်မှာကို တွေးပူ မနေနဲ့။ အိပ်ရာထဲ ရောက်ရင် လုံးဝ မအိပ်ဘူးဟူသောစိတ်ဖြင့် မျက်လုံးကို ပြူးထားပြီး နေကြည့်ပါ။ ဘယ်အချိန် အိပ်ပျော်သွားမှန်းပင် မသိလိုက်ဘဲ မိုးလင်းသွားသူ အများ အပြား ရှိနေသည်။ လူတိုင်းအတွက် အသုံးဝင် ချင်မှ ၀င်မည်ဖြစ်သော်လည်း အသုံးတည့် သူများအတွက်မူကား ဆေးကောင်းတစ်လက် ဖြစ်လိမ့်မည်။

Messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...