စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်္ကျီဆယ်ထည်သာလိုအပ်တဲ့ ပြင်သစ်လူမျိုး

မနှစ်ဆောင်းဦးကနေ ဒီကနေ့အထိ ဂျပန်နိုင်ငံကစာအုပ်ဆိုင်တွေမှာ အရောင်းရဆုံး စံချိန်တင်ခဲ့တဲ့စာအုပ်တစ်အုပ်ရှိတယ်။ အဲဒီစာအုပ်က Lessons from Madame Chic (ပဲရစ်မြို့မှာနေထိုင်စဉ်က သင်ယူခဲ့ရသော ဘဝနေထိုင်မှုတိုးတက်ရေးလျှို့ဝှက်ချက်) ဆိုတဲ့စာအုပ်ဖြစ်တယ်။

စာအုပ်ကိုရေးသားသူက အမေရိကန် တောင်ကယ်ရီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ Jennifer L. Scott ဖြစ်တယ်။ Jennifer က တကယ့်တောင်ကယ်ရီဖိုးနီးယားသူ ပီသသူဖြစ်တယ်။ သူဟာ ပွင့်လင်းဖော်ရွေတယ်၊ ပေါ့ပေါ့တန်တန်နေတတ်တယ်၊ သရေစာကြိုက်သူဖြစ်တယ်။ ခန္ဓာကိုယ်ထိန်းသိမ်းဖို့အတွက် တခြားအမေရိကန်လူမျိုးတွေလိုပဲ ကားမောင်းပြီး အားကစားရုံမှာ သွားကစားတယ်၊ ဖက်ရှင်နှစ်သက်တဲ့ တခြားမိန်းကလေးတွေလိုပဲ သူ့အဝတ်ဘီရိုဟာ လှပတဲ့အဝတ်အစားတွေနဲ့ ပြည့်သိပ်နေပါတယ်။ ဒါတောင် အမြဲတမ်း “အင်္ကျီတစ်ထည်လိုနေတယ်”လို့ ထင်တတ်သူဖြစ်တယ်။ ဒါကြောင့်လည်း အဝတ်အစားသစ်တွေကို သူအမြဲဝယ်ခဲ့တယ်။

ဒါပေမယ့် ပဲရစ်မြို့မှာ နှစ်ဝက်ကြာ ကျောင်းသွားတက်ခဲ့ရာကနေ Jenniferရဲ့ ဘဝအတွေးအမြင်၊ နေထိုင်မှုတွေဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်

ပဲရစ်မြို့မှာ Jennifer ကျောင်းတက်နေစဉ်အတွင်း Chicလို့ခေါ်တဲ့ ပြင်သစ်အထက်တန်းလွှာနေအိမ်မှာ နေခဲ့ပါတယ်။ ဒီပြင်သစ်မိသားစုရဲ့ဘဝနေထိုင်မှုဟာ အထက်တန်းကျပြီး ရိုးစင်းသာမန်လွန်းတာမို့ အမေရိကန်မှာကြီးပြင်းခဲ့တဲ့ Jennifer တစ်ယောက် သက်ပြင်းအခါခါချခဲ့ရပါတယ်။

သာဓကပြရရင် Chic မိသားစုဟာ အစားအစာအပေါ် စိတ်ဆန္ဒပြင်းပြမှုရှိကြတယ်။ ဒါကြောင့် တစ်မိသားစုလုံး အစားအစာ မသုံးဆောင်ခင် ဘာသရေစာမှ မစားကြဘူး။ ဒါမှ တစ်နေ့သုံးနပ်ဆိုတဲ့ အစားအစာအပေါ် စိတ်ပါပါစားသောက်နိုင်ကြတာဖြစ်တယ်။ အိမ်ကို ဧည့်သည်မလာလည်း၊ ဒီမိသားစုအတွက်ပဲ ညစာပြင်ဆင်ရတယ်ဆိုပေမယ့်လည်း Mrs. Chicက အစားအစာကို စိတ်ပါလက်ပါ ပြင်ဆင်တတ်ပါတယ်။ ဖြစ်ကတတ်ဆန်း ချက်ပြုတ်တာမျိုးမရှိဘဲ ကောင်းမွန်တဲ့ပန်းကန်ခွက်ယောက်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့အစားအစာတွေကို တည်ခင်းတတ်ပါတယ်။ တစ်အိမ်သားလုံး စားပွဲမှာဝိုင်းထိုင်ပြီး အစားအစာတွေကို လွတ်လပ်ပေါ့ပါးစွာ သုံးဆောင်ကြပါတယ်။ အစာစားနေတုန်း အချင်းချင်း စကားပြောဆိုတာကလွဲလို့ သတင်းစာကြည့်နေသူ၊ တီဗွီဖွင့်ကြည့်သူ၊ ဖုန်းကြည့်သူတွေ မရှိကြပါဘူး။ အထက်တန်းလွှာ ဒီနေအိမ်မှာ ရှေးကျတဲ့တီဗွီတစ်လုံးပဲရှိပြီး အဲဒီတီဗွီက ဧည့်ခန်းရဲ့ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်သက်သက်ရှိနေခဲ့ပါတယ်။
ကြည့်ရတာ ဘယ်သူမှ တစ်ခါမှဖွင့်ကြည့်ပုံ မရခဲ့ပါဘူး။

Mr. Chic က မနက်တိုင်း ၆ခွဲမှာ နေအိမ်ကထွက်ပါတယ်။ ဒါကြောင့် Mrs. Chic က မနက်တိုင်း ၅နာရီမှာထပြီး မနက်စာပြင်ဆင်ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာတောင် Mrs. Chicကို ဆံပင်စုတ်ဖွားနဲ့ ပိုသီပတ်သီပုံစံမျိုး၊ ညဝတ်အိပ်အင်္ကျီဝတ်ဆင်ပြီး စားသောက်ခန်းထဲမှာ ပြင်ဆင်နေတာမျိုးကို Jennifer တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ မနက်ပိုင်းမှာ ဘယ်လောက်ပဲအလုပ်များများ မနက်စာပြင်ဆင်ပြီးတဲ့ Mrs. Chicဟာ သပ်ရပ်တဲ့ဝတ်စားဆင်ယင်မှုနဲ့ စားပွဲတစ်နေရာမှာထိုင်ပြီး သူ့အတွက် သူကိုယ်တိုင်ပြင်ဆင်ထားတဲ့ မနက်စာကို ဖြည်းဖြည်းချင်း တစ်ကိုက်ချင်း အရသာခံ စားသုံးနေခဲ့တတ်ပါတယ်။

Chic မိသားစုဟာ အိမ်ကောင်း၊ ကားကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် အပြင်ထွက်တဲ့အခါ အတတ်နိုင်ဆုံး ကားကိုအသုံးမပြုဘဲ လမ်းလျှောက်တာကိုပဲလုပ်ခဲ့ပါတယ်။ Mrs. Chicက ခန္ဓာကိုယ်သွယ်လျသူမဟုတ်ပေမယ့် နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပီသသူဖြစ်တယ်။

Mrs. Chic ကို ပဲရစ်လမ်းမပေါ်က ပြင်သစ်အမျိုးသမီးတွေနဲ့ Jennifer နှိုင်းယှဉ်ကြည့်ခဲ့မိပါတယ်။ အရပ်မြင့်သူဖြစ်ဖြစ်၊ နိမ့်သူဖြစ်ဖြစ်၊ ခန္ဓာကိုယ်ဝသူ၊ ပိန်သူဖြစ်ဖြစ် အဲဒီအမျိုးသမီးတွေဟာ ကျက်သရေရှိပြီး အမျိုးသမီးတွေမှာရှိတတ်တဲ့ တမူထူးခြားတဲ့ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ်နေခဲ့ပါတယ်။

“သူတို့ဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လူတိုင်းရဲ့ကိုယ်နေဟန်ထားက ရည်မွန်လှပလို့နေတယ်”လို့ Jenniferကဆိုခဲ့ပါတယ်။ တကယ်တော့ အမျိုးသမီးတို့ရဲ့လှပမှုဟာ သွယ်လျတဲ့ခန္ဓာကိုယ်အချိုးအစားကြောင့်မဟုတ်ဘဲ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ရည်မွန်တဲ့ကိုယ်ဟန်အပြုအမူကြောင့်ပဲဖြစ်ပါတယ်။

ပဲရစ်မြို့က ကမ္ဘာ့ဖက်ရှင်မြို့ဖြစ်တယ်ဆိုပေမယ့် Chicမိသားစုလိုပဲ တခြားပြင်သစ်လူမျိုးတို့ရဲ့ အဝတ်ဘီရိုမှာ မတူတဲ့အချိန်ကာလမှာဝတ်ဆင်ဖို့ အဝတ်အစားအနည်းငယ်ကလွဲလို့ တခြားအဝတ်အစားအပိုတွေ မရှိဘူးဆိုတာကို Jennifer သတိထားခဲ့မိတယ်။

ဥပမာ– Mrs. Chicရဲ့ အဝတ်ဘီရိုမှာ အဝတ်အစား ဆယ်ထည်ပဲရှိပါတယ်။ အဝတ်အစားမများပေမယ့် အဝတ်အစားတိုင်းဟာ အရည်အသွေးကောင်းပြီး သပ်ရပ်သန့်ရှင်းပါတယ်။ Mrs. Chicဟာ နေ့တိုင်း တူတဲ့အဝတ်အစားကို ဝတ်ဆင်ထားတယ်ဆိုပေမယ့် မြင်ရသူတိုင်းကို သပ်ရပ်ရည်မွန်တဲ့ခံစားချက်မျိုး ပေးနေခဲ့ပါတယ်။

Jenniferကသူနေခဲ့ဖူးတဲ့မိသားစုကို Mr. Chic နဲ့ Mrs. Chic လို့ သူ့စာအုပ်ထဲမှာ ခေါ်ဝေါ်ထားပါတယ်။ Chic ကိုဘာသာပြန်ရရင် “ခေတ်ဆန်ကြော့မော့တယ်”လို့ အဓိပ္ပာယ်ရပါတယ်။ Mr. Chic နဲ့ Mrs. Chic တို့ကိုယ်ပေါ်မှာ Jenniferတွေ့မြင်ရတဲ့ Chicရဲ့တကယ့်အဓိပ္ပာယ်က “chicဆိုတာ တန်ဖိုးကြီးတဲ့ နာမည်ကြီးတံဆိပ်လက်ကိုင်အိတ် ဒါမှမဟုတ် နာမည်ကြီးတံဆိပ်အဝတ်အစားတွေ ဘီရိုအပြည့်ထည့်ထားတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဘဝကို စည်းကမ်းတကျနေထိုင်တာမျိုး၊ တည်ငြိမ်အေးချမ်းတဲ့ ရိုးစင်းတဲ့ဘဝကို ဖြတ်သန်းတာမျိုးဖြစ်တယ်”။

ဝယ်ယူသုံးစွဲတယ်၊ ဇိမ်ခံတယ်ဆိုတာ အာဏာရှိ ငွေကြေးရှိလူတန်းစားတွေဖြစ်ပြီး ရိုးရှင်းမှုတွေနဲ့ ဘဝကိုအေးဆေးငြိမ်းချမ်းစွာ ဖြတ်သန်းနေသူတွေကတော့ အထက်တန်းလွှာလူတန်းစားတို့ရဲ့ ဘဝအရည်အသွေးပဲဖြစ်ပါတယ်။

နိုင်းနိုင်းစနေ (Feb. 18. 2014)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...