စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“၀ါသနာကိုယ်စီ ၊စရိုက်ကိုယ်စီ ၊ကမ္မဋ္ဌာန်းကိုယ်စီ”


                          
သံသရာတွင် ကျင်လည်ရသည်ရှိသော် လူ့ဘ၀အမျိုးမျိုး၊ နတ်ဘ၀အမျိုးမျိုး၊ တိရိစ္ဆာန်ဘ၀အမျိုးမျိုး အားဖြင့်
အောက်ဆုံး ငရဲဘုံများစွာမှ အမြင့်ဆုံး ဗြဟ္မာ့ဘုံအထိ မရောက်ဖူးသူ၊ မကျင်လည်ဖူးသူ မရှိခဲ့ ဟူ၍
မြတ်ဘုရား ဟောကြား ထား ခဲ့ဖူးသည်။ ထိုသို့ ကျင်လည်နေစဉ်ဘ၀များစွာ အတွင်း
တိရိစ္ဆာန်ဖြစ်နေလျင် တိရိစ္ဆာန်သဘာဝအားဖြင့်၊ လူဖြစ်လာလျှင် လူ့သဘာဝ လူ့စိတ်
ပင်ကိုယ်ဗီဇအားဖြင့်စရိုက်များကိုယ်စီပါလာတတ်ကြသည်။ထိုဝါသနာအထုံများ ကောင်းခဲ့လျင် ကောင်းခဲ့သလောက်၊
ဆိုးခဲ့လျင်ဆိုးခဲ့သလောက် ကိုယ့်အနာဂတ်ကိုကိုယ်ကိုယ်တိုင် ဖန်တီးမိကြပြန်၏၊

အောက်ဆင်းပြီးရင် ပြန်တက်ဖို့ မလွယ်ကူလူတစ်ယောက် ဒီဘ၀မှာ မကောင်းမှုတွေ လုပ်ပြီး
အပါယ်ငရဲကို ရောက်သွားပါပြီ၊ ငရဲမှာ မိမိရဲ့ အကုသိုလ်အားကြီးလျှင် ကြီးသလောက်
နှစ်ပေါင်းများစွာ ခံရအုံးမယ်၊ ငရဲဘုံမှာ တိတိကျကျ သက်တမ်းဆိုတာမရှိပါ။
မိမိရဲ့ အကုသိုလ်အရှိန်အဟုန်သည်ပင် သက်တမ်းဖြစ်သည်။အကုသိုလ်ကံ ကုန်သောနေ့သည် ငရဲက
လွတ်သောနေ့ပင်။

ကံတွေကုန်လာလို့ ငရဲက လွတ်ပြန်သော်လည်း ကံအကြွင်းအကျန်များကြောင့် တိရိစ္ဆာန်ဘ၀၊
ပြိတ္တာဘ၀ စသည်မှာ ပေး ဆပ်ရအုံးမည်။ငရဲက လွတ်လွတ်ချင်း လူ့ဘ၀ကို ရောက်လာသူဟာ
တော်တော်ရှားသည် ဟု ဆိုရပါမည်။ထို့ကြောင့် အပါယ်လေးဘုံ ထဲမှ ငရဲထက် သာသည်ဟု
ယူဆရသော တိရိစ္ဆာန်ဘ၀တခုခုကို မလွဲမသွေ ရောက်ရတတ်သည်။ အတိတ်ဘ၀များစွာကို
ပြန်လည် မြင်နိုင်ကြသော ရဟန္တာမထေရ်ကြီးများ၊ အချို့အချို့သောအရိယာသာဝကတို့သည်လည်း
သူတို့ရဲ့ အတိတ်ဘ၀ကို ပြန် လည်အာရုံပြုကြသောအခါ တိရိစ္ဆာန်ဘ၀သာ အများဆုံးဖြစ်ကြပါသတဲ့။

ဒီတော့ ငရဲက လွတ်လာလို့ ဆိုပါစို့။ကြက်ကလေး တကောင် ဖြစ်တယ်ပဲထားအုံး။
ကြက်ဘ၀မှာ ကိုယ့်ဝမ်းဝဖို့အတွက် ပိုးကောင်ငယ်လေးတွေ၊ ပိုးဖလံလေးတွေ၊ ပုရွက်ဆိတ်တွေ၊ ခါချဉ်ကောင်တွေ၊ စသည်ဖြင့် နိုင်ရာနိုင်ရာ စားသောက်လေ့ရှိလေတော့
ကံမကောင်းလို့ တိရိစ္ဆာန်ဘ၀ ရောက်ရတယ်။ကုသိုလ်စိတ် ဆိုတာ ဖြစ်ခွင့်မရှိပဲ အကုသိုလ်
ပါဏာတိပါတတို့ကိုသာ ဆက်တိုက် ကျူးလွန်နေသောကြောင့် လူ့ဘ၀ကို ပြန်လည်ရောက်ရှိဖို့
သိပ်ခဲ့ယဉ်းလှတာ သိသာလှသည်။

“၀ါသနာ စရိုက်တို့၏ သဘော”
••••••••••••••••••••••••••••••••
ဝါသနာ စရိုက်ဆိုသည်မှာ ဘ၀ဆက်တိုင်း ဆက်တိုင်း အကြိမ်ပေါင်းများစွာ လုပ်မိ၊ ပြောမိ ကြံစည်မိသောကြောင့် တခြား သောအကျင့်တွေထက် အားကောင်းသောလက္ခဏာ
ဟု ဆိုလျင် သင့်တော်ပါလိမ့်မည်။

ဆိုပါစို့ 。。。。
●အတိတ်ဘ၀များတွင် ကာမတဏှာလောဘအားကြီးခဲ့သူသည်
ယခု လူ့ဘ၀ရောက်လာလျင်လည်း တဏှာအားကောင်းနေဆဲပင်၊ အားကောင်းနေသောကြောင့်
စိတ်အလိုလိုက်ကာ ပျော်ပါး လိုက်စားမိပါက နောင်ဘ၀များတွင် အထုံဝါသနာအဖြစ်
ကိန်းအောင်းသွား ပြန်သည်။ကံမကောင်းပါက ငရဲသွားရမည်။
ငရဲက လွတ်ပြန်လျင်လဲ ၀ါသနာအထုံက ပပျောက်သေး၊ တိရိစ္ဆာန် အထီး အမ ဖြစ်ပြန်လျင်လည်း ဆက်လက် အားထုတ်မိရင်း တဏှာကိလေသာတွေ ပိုမို
တိုးပွားလာကာ မီးတောက်ထဲ ဓာတ်ဆီလောင်းထည့်သလို ဖြစ်ပြန်တော့သည်။

●အတိတ်ဘ၀များတွင် ဒေါသအားကြီးသူ၊ မောဟ အားကြီးသူ၊ ထိန မိဒ္ဓ- ထုံထိုင်း ဖျင်းအ-သော
အလေ့အကျင့်များ၊ စရိုက်များ အားကြီးသူတို့သည်လည်း တဘ၀နှင့် တဘ၀ သံကွင်းများဆက်နေသကဲ့သို့
ဥပနိဿယပစ္စယသတ္တိ များဖြင့် ကျေးဇူးပြုနေသောကြောင့် ယခုဘ၀တွင်လည်း ဒေါသကြီးသူ၊ မောဟကြီးသူ၊
ထိန မိဒ္ဓအားကြီးသူ စသဖြင့် အထုံဓာတ်များဆက်ကာ ပါလာတတ်သည်။

အကယ်၍ ယခု ဘ၀တွင် မိမိအခြေအနေကို သိရှိပြီး၊၀ါသနာ၊ ဓာတ်ခံများကို နည်းနည်းချင်း လျော့ချနိုင်လျှင်
နောင်ဘ၀တွင်လည်း ကိလေသာများ အားနည်းနေပါလိမ့်မည်။မိမိစိတ်က မီးပုံကြီးမှန်း သိနေသော်လည်း
ဝိပဿနာရေ၊ သမထရေ၊ ဒါနရေ ၊ သီလရေများဖြင့် လောင်းကာ ငြှိမ်းသတ်ရန် စိတ်မကူးဘဲ၊
တဏှာစိတ်၊ ဒေါသစိတ် ဟူသော လောင်စာများကိုသာ ထပ်မံဖြည့် တင်းနေပါက အောက်ကိုသာ
ဆင်းရဖို့ ရှိတော့သည်။

အောက်က တက်လာပြန်လျင်လည်း ၀ါသနာအားကြီးလိုက်၊ ပျော်ပါး လိုက်စား လိုက်ဖြင့် လုံးချာလည်ကာ
အပါယ်လေးဘုံတွင်သာ လည်နေပေလိမ့်မည်။လူ့ဘုံပြန်ရောက်ဖို့ကို အတော်ကြိုး စားမှတော်ကာကျမည်။
ထို့ကြောင့်ပင် အဖမြတ်စွာသည် လူအမျိုး စရိုက်အမျိုးမျိုးရှိသူများအတွက် အမျိုးမျိုးသော
ကမ္မဋ္ဌာန်းများကို ဟော ကြားနည်းပေးတော်မူခဲ့သည်။ထိုကမ္မဋ္ဌာန်းများက နည်းပေါင်း( ၄၀ ) အထိ များပြားပါသည်။ထိုအထဲမှ မိမိစရိုက် မိမိဝါသနာကို မိမိသည်သာ အသိဆုံးဖြစ်သည်မို့ သင့်လျော်သော ကမ္မဋ္ဌာန်းများကို ဖော်ပြလိုပါသည်။

“စရိုက်နှင့် ကမ္မဋ္ဌာန်းများ”
••••••••••••••••••••••••••
စရိုက် ( ၆ )ပါး ဆောင်ပုဒ်လင်္ကာ
(၁)။ ရာ ၊ ဒေါ ၊ မော ၊ ၀ိ ၊ သဒ် ၊ ဗုဒ္ဓိ ၊ စရိ ဤခြောက်ဖြာ။
(၂)။ အသု ၊ ကာယ ၊ ဆယ့်တစ်ဝ ၊ ရာဂ လျော်လှစွာ။
(၃)။ အဆင်း၊ မည ၊ ရှစ်ဋ္ဌာန ၊ ဒေါသ လျော်လှစွာ။
(၄)။ အာနာပါန ၊ အလျော်ကျ ၊ မောဟ ၊ ၀ိတက်သာ။
(၅)။ မရဏနှင့် ဥပသမာ၊ သညာတစ်တန် ၊ ၀၀တ္ထာန် လေးတန် ဗုဒ္ဓိသာ။
(၆)။ နုဿတိ ဆ ၊ သဒ္ဓါ ကျ ၊ သေသ အားလုံးသာ။
(၇)။ ကသိုဏ်းကြီးမူ ၊ မောဟယူ ၊ ငယ်မူ ၀ိတက်သာ။

“စရိုက် ( ၆ )ပါး သရုပ်”
••••••••••••••••••••••••••
၁။ ရာဂစရိုက်
၂။ ဒေါသစရိုက်
၃။ မောဟစရိုက်
၎။ ၀ိတက် စရိုက်
၅။ သဒ္ဓါ စရိုက်
၆။ ဗုဒ္ဓိ ( ပညာ ) စရိုက် ဟူ၍ ခြောက်ပါး ရှိ၏။

ရာဂ စရိုက် အားကြီးသူအတွက် ကမ္မဋ္ဌာန်းများ
••••••••••••••••••••••••••••••••••••••••••••••••••
( က ) အသုဘ ၁၀ ပါး၊
( ခ ) ကေသာ၊ လောမာစသော ကာယကောဋ္ဌာသ ၁ ပါး ဤ (၁၁ )ပါးသည် ရာဂစရိုက်နှင့်လျော်၏။

“ဒေါသ စရိုက်”
••••••••••••••••••••••••••
( က ) အညို ၊ အရွှေ ၊ အနီ ၊ အဖြူ ဟူသောဝဏ္ဏကသိုဏ်း ( ၄ ) ပါး၊
( ခ ) အပ္ပမညာ ဟူသော ဗြဟ္မစိုရ်တရား၎ ပါးအားဖြင့် ဤရှစ်ပါးသည် ဒေါသစရိုက်နှင့်လျော်၏။

“မောဟ စရိုက် / ၀ိတက်စရိုက်”
••••••••••••••••••••••••••
အာနာပါန ကမ္မဋ္ဌာန်းသည် မောဟစရိုက်၊ ၀ိတက်စရိုက်များနှင့် လျော်၏။

“ဗုဒ္ဓိ ( ပညာ ) စရိုက်”
••••••••••••••••••••••••••
၁။ မရဏာနုဿတိ ဘာဝနာ၊
၂။ ဥပသမာ နုဿတိ ဘာဝနာ၊
၃။ အာဟာရေ ပဋိကူလသညာ၊
၎။ စတုဓာတု ၀၀တ္ထာန်အားဖြင့် ဤလေးမျိုးသည် ပညာအားကြီးသူအတွက် သင့်လျော်၏။

“သဒ္ဓါစရိုက်”
••••••••••••••••••••••••••
၁။ ဗုဒ္ဓါနုဿတိ၊
၂။ ဓမ္မာနုဿတိ၊
၃။ သံဃာနုဿတိ၊
၎။ သီလာနုဿတိ၊
၅။ စာဂါနုဿတိ၊
၆။ ဒေ၀တာ နုဿတိ အားဖြင့် ဤခြောက်ပါးသည်သဒ္ဓါတရား အားကောင်းသူအတွက် သင့်လျော်၏။

စရိုက်အားလုံးနှင့် သင့်လျော်သော ကမ္မဋ္ဌာန်းများ
၁။ ပထ၀ီ- မြေကသိုဏ်း
၂။ အာပေါ - ရေ ကသိုဏ်း
၃။ တေဇော - မီးကသိုဏ်း
၎။ ၀ါယော - လေကသိုဏ်း၊
၅။ အာကာသ - ဟင်းလင်းပြင် အပေါက်ဟူသော ကသိုဏ်း
၆။ အာလောက - အရောင်အလင်း ကသိုဏ်း အားဖြင့် ( ၆ ) မျိုး
၇။ အာကာသာနဉ္စာယတနဈာန်၊
၈။ ၀ိဥာဏဉ္စာယတန ဈာန်၊
၉။ အာကိဉ္စညာယတနဈာန်၊
၁၀။ နေ၀သညာ နာသညာယတနဈာန်အားဖြင့်
အရူပ္ပသညာ ( ၄ ) မျိုး ပေါင်း ၁၀ ပါးသည် မိမိကိုယ်ကို
ဘယ်စရိုက် ၀ါသနာအားကြီးမှန်း မခွဲခြားနိုင်သူများအတွက် သင့်လျော်၏။

စကားကြွင်း။ ။ မောဟ အားကြီးသူသည် ကသိုဏ်းကို ကျင့်မည်ဆိုပါက ကြီးသောကသိုဏ်းဝန်းဖြင့်သာ သင့်လျော်၏။ဝိတက် - အကြံအစည် အတွေးများပြားသူသည်
သေးငယ်သော ကသိုဏ်းဝန်းနှင့် သင့်လျော်၏။

မိမိစရိုက်ကို သိနေပါက အဘယ်ကမ္မဋ္ဌာန်းကို ရွေးချယ်သင့်သည်ကို ခွဲခြားနိုင်ရကား
ကမ္မဋ္ဌာန်းများကို ထပ်မံ ဖော်ပြလိုက်ပါသည်။

“ကမ္မဋ္ဌာန်း ( ၄၀ )”
••••••••••••••••••••••••••
ဆောင် ။ ။ ကသိုဏ်းတစ်ဆယ်၊
အသု ဆယ်နှင့်၊ တစ်ဆယ် နုဿတိ၊ လေးရှိ
ပမညာ၊ ဧ သညာတည့်၊
တစ်ဖြာ ဓာတု၊ လေးခု အရူ၊ ပေါင်းရုံးယူ၊ ရေမူ
ကမ္မဋ္ဌာန်းလေးဆယ်တည်း ။

“ကသိုဏ်း ၁၀ ပါး”
••••••••••••••••••••••••••
အသုဘ ၁၀ ပါး
အနုဿတိ ၁၀ ပါး
အပ္ပမညာ ၄ ပါး
အာဟာရေ ပဋိကူလသညာ ၁ ပါး
စတုဓာတု ၀၀တ္ထာန် ၁ ပါး
အာရုပ္ပ ကမ္မဋ္ဌာန်း ၄ ပါး အားဖြင့် ပေါင်း
သမထကမ္မဋ္ဌာန်း လေးဆယ် ဖြစ်၏။

ကသိုဏ်း ( ၁၀ ) ပါး
••••••••••••••••••••••••••
ဤနေရာ၌ ကသိုဏ်းဆိုသည်မှာ အလုံးစုံကို
ခြုံမိအောင် ရှုရသော ကသိုဏ်းဝန်း ကမ္မဋ္ဌာန်းအာရုံ ဟု ဆိုလို သည်။
၁။ ပထ၀ီကသိုဏ်း မြေကသိုဏ်း
၂။ အာပေါကသိုဏ်း ရေကသိုဏ်း
၃။ တေဇောကသိုဏ်း မီးကသိုဏ်း
၎။ ၀ါယောကသိုဏ်း လေကသိုဏ်း
၅။ နီလကသိုဏ်း အညိုရောင်ကသိုဏ်း
၆။ ပီတကသိုဏ်း အ၀ါရောင်ကသိုဏ်း
၇။ လောဟိတကသိုဏ်း အနီရောင်ကသိုဏ်း
၈။ သြဒါတကသိုဏ်း အဖြူရောင်ကသိုဏ်း
၉။ အာလောကကသိုဏ်း အလင်းရောင်ကသိုဏ်း
၁၀။ အာကာသကသိုဏ်း အာကာသဟင်းလင်းပြင်ကသိုဏ်း
အားဖြင့် ဆယ်မျိုးရှိလေသည်။

အသုဘ ကမ္မဋ္ဌာန်း ( ၁၀ )ပါး
••••••••••••••••••••••••••••••••••
အသုဘ ဆိုသည်မှာ “ မတင့်မတယ် စက်ဆုပ်ဖွယ် လူသေကောင် ” ဟု ဆိုလို၏။
၁။ ဥဒ္ဓုမာတက အသုဘ = သေပြီး ၂ရက် ၃ ရက်ကြာသဖြင့်
ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၂။ ၀ိနီလက အသုဘ = အဖြူရောင် အနီရောင်ရောလျက်
ညိုမဲဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေ ကောင်၊
၃။ ၀ိပုဗ္ဗက အသုဘ = ပေါက်ပြဲ ကွဲအက်နေ၍
ပြည်ပုပ်တို့ ယိုထွက်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၎။ ၀ိစ္ဆိဒ္ဒက အသုဘ = ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၅။ ၀ိက္ခာယိတက အသုဘ = ခွေး ကျီး လင်းတ တို့ ထိုးဆွ
ကိုက်ဆွဲနေသော စက်ဆုပ်ဖွယ် လူသေကောင်၊

၆။ ၀ိက္ခိတ္တက အသုဘ = ခြေ လက်၊ ခေါင်း ခန္ဓာကိုယ် ဖရိုဖရဲ ပြန့်ကျဲ ဟောင်ပုတ်နေသော လူသေကောင်၊
၇။ ဟတ ၀ိက္ခိတ္တက အသုဘ = ဓားဖြင့် မွှန်းထားသဖြင့် ခြေ လက် ခေါင်း ကိုယ် ဖရိုဖရဲပြန့်ကျဲ ဟောင်ပုပ်နေသော စက်ဆုပ်ဖွယ် လူသေကောင်၊
၈။ လောဟိတက အသုဘ = ခန္ဓာကိုယ်အနှံ့အပြား ထိုထိုအရပ်မှ သွေးချင်းချင်းနီ ယိုစီးနေသော
စက်ဆုပ်ဖွယ် လူသေကောင်၊
၉။ ပုဠ၀က အသုဘ = ပိုးလောက် တဖွားဖွား သွားလာ ၀င်ထွက် စက်ဆုပ်ဖွယ်သော လူသေကောင်၊
၁၀ ။ အဋ္ဌိက အသုဘ = တစ်ချောင်းစီကွဲထွက် တွဲစပ်ရန် ခက်ခဲသော ပုပ်ညှီနံ့ထွက်နေသော စက်ဆုပ်ဖွယ်
အရိုးကောင်၊ အားဖြင့် ဆယ်မျိုး အပြားရှိလေ၏။

“အနုဿတိ ကမ္မဋ္ဌာန်း ( ၁၀ ) ပါး”
••••••••••••••••••••••••••••••••••••
အနုဿတိ ဆိုသည်မှာ “ အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် အောင့်မေ့ခြင်း ” ကို ဆိုလိုပေသည်။
၁။ ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ ဂုဏ်တော်များနှင့် ရုပ်သဏ္ဍာန် ပုံတော်ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ = တရားတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၃။ သံဃာ နုဿတိ = သံဃာတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၎။ သီလာနုဿတိ = မိမိ စောင့်ထိန်းထားသော သီလတို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၅။ စာဂါ နုဿတိ = မိမိ ပြုခဲ့ဖူးသော ဒါနကုသိုလ်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊

၆။ ဒေ၀တာ နုဿတိ = နတ် ဗြဟ္မာတို့ ကဲ့သို့ပင် မိမိမှာလဲ နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း
ကောင်းမှုကုသိုလ်တွေ များစွာ ရှိပေ၏ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၇။ ဥပသမာ နုဿတိ = နိဗ္ဗာန်၏ အေးငြိမ်းသော သဘောကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၈။ မရဏာ နုဿတိ = သေခြင်းသဘောကို သတိ သံဝေဂဥာဏ်
အဆင့်သို့ ရသည့်တိုင်အောင် အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၉။ ကာယဂတာသတိ = ဆံပင် မွေးညှင်း စသော ၃၂ ကောဋ္ဌာသ အစု ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို
ဇီဝ အတ္တ သတ္တ၀ါ မဟုတ်ကြ၊ ပထ၀ီစသော ဓာတ်သဘောမျှသာ ဟု အာရုံပြုကာ အဖန်ဖန်
ဆင်ခြင်အောင့် မေ့ခြင်း၊
၁၀။ အာနာပါနဿတိ = ထွက်လေ ၀င်လေကို သတိကပ်ကာ ရှုမှတ်နေခြင်း။

“အာရုပ္ပ ကမ္မဋ္ဌာန်း ( ၄ )ပါး”
••••••••••••••••••••••••••••••••••
၁။ အာကာသာနဉ္စာယတနဈာန် = အဆုံးအပိုင်းခြား မရှိသော ကောင်းကင်ပညတ်ကို အာရုံပြု၍ ဖြစ် သောဈာန်။
၂။ ၀ိညာနဉ္စာယတနဈာန် = ပထမ အရူပဈာန်စိတ်၏ အဆုံးအပိုင်းခြား မရှိခြင်းကို အာရုံပြု၍ဖြစ်သောဈာန်။
၃။ အာကိဉ္စညာ ယတနဈာန် = ပထမအရူပဈာန်စိတ်၏ မရှိခြင်း ( နတ္ထိဘောပညတ် ) ကို အာရုံပြု၍ဖြစ်သော ဈာန်။
၎။ နေ၀သညာ နာသညာယတနဈာန် = သညာ၌ အပြစ်မြင်၍ တတိယအရူပဈာန်၏ ငြိမ်သက်ခြင်းသဘော ကို ရှုဆင်ခြင်လျက် ဖြစ်ပေါ်လာသောဈာန်။

“စတုဓာတု ၀၀တ္ထာန် ကမ္မဋ္ဌာန်း”
•••••••••••••••••••••••••••••••••
ပထ၀ီ အာပေါ တေဇော ၀ါယော ဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘောကို ပိုင်းခြားထင်ထင်သိမြင်အောင် ပွားများသော ကမ္မဋ္ဌာန်းကို စတုဓာတု ၀၀တ္ထာန( ဓာတ်ကမ္မဋ္ဌာန်း ) ဟု ခေါ်တွင်သည်။ပထ၀ီဓာတ် ၏သဘောသည် ခက်မာခြင်း၊ ကြမ်းတမ်းခြင်း၊
နူးညံ့ခြင်းသဘော ရှိ၏။အာပေါဓာတ် ၏သဘောသည် ယိုစီးခြင်း၊ ဖွဲ့စီးခြင်း၊
သိပ်သည်းခြင်း၊ ပူးတွဲခြင်း၊ လုံးခဲခြင်း သဘောတရားများ ရှိ၏။တေဇောဓာတ် ၏သဘောသည် ပူခြင်း၊ နွေးခြင်း အေးခြင်းသဘောတရားများ ရှိ၏။
ဝါယောဓာတ် ၏သဘောသည် ထောက် ၊ ကန် ၊ တောင့် ၊ တင်း ၊
လှုပ်ရှားခြင်း၊ ရွေ့လျားခြင်း သဘောတရားများရှိ၏။

အာဟာရေ ပဋိကူလ သညာ ကမ္မဋ္ဌာန်းစားမျိုအပ်သော အစာ အာဟာရတို့၌ စက်ဆုပ်ဖွယ်
အမှတ်သညာဖြစ်အောင် ဆင်ခြင်ပွားများသော ကမ္မဋ္ဌာန်း ကို
အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း ဟု ခေါ်တွင်၏။

“စရိုက်နှင့် နံ့သာတုံး ဥပမာ”
•••••••••••••••••••••••••••••••••
အနံ့မွှေးကြိုင်သော နံ့သာတုံးကို အ၀တ်စတခုဖြင့် ချည်ထုပ်ထားပါက အချိန်ကြာမြင့်စွာ နှစ်ပေါင်းများစွာ
ထုပ်ထားလေ၊ အနံ့စွဲလေ ဖြစ်သကဲ့သို့ ၀ါသနာစရိုက်တို့၏ သဘောတရားသည်လည်း ထိုနည်းအတူပင် ဖြစ်တော့သည်။ကောင်းသော စရိုက်များ၊ ၀ါသနာများကို ကြာကြာထုပ်လေ၊
ထုပ်ထားလေ ကောင်းသောဂတိသို့ ရောက်နိုင်သကဲ့သို့ မကောင်းသော စရိုက်၊ ၀ါသနာများကို မပယ်စွန့်နိုင်ပဲ၊ ထပ်မံအားထုတ်နေပါက နောင်ဘ၀များတွင်
တိရစ္ဆာန်ဖြစ်စေ၊ လူဖြစ်စေ၊ နတ်ဖြစ်စေ ဘယ်ဘ၀ကိုပဲရောက်ရောက် ၀ါသနာများက
ဒုက္ခပေးနေပေလိမ့်မည်။

တိရိစ္ဆာန်ဖြစ်နေဆဲအခိုက်တွင် ဥာဏ်မရှိသောကြောင့် ၀ါသနာစရိုက်အလိုက် ပြုကျင့် ပြောဆိုနေကြသည်
မှန်သော်လည်း အကယ်၍ မိမိတွင် မကောင်းသော ၀ါသနာအထုံများရှိခဲ့လျင် အသိဥာဏ် ရှိသော
ယခုလိုဘ၀မျိုးတွင် တတ်စွမ်းသမျှ ပယ်သတ်ထား နိုင်ပါမှ တော်ကာကျလိမ့်မည်၊ ကံကောင်းထောက်မစွာ
နတ်ဘ၀ ရောက်ရှိသွားလျင်သော်မှ .. နတ်အာရုံ ကာမဂုဏ်တို့က ပိုမိုပြည့်စုံနေသောကြောင့်
မကောင်းသော ၀ါသနာကို ပယ်ဖို့၊ မကောင်းသော စရိုက်တွေကို စွန့်ဖို့ ပိုခက်ခဲပါလိမ့်မည်။

ဝါသနာစရိုက်များသည်လူတို့နှင့် မည်ကဲ့သို့ ဆက်စပ်ပြီး ကောင်းကျိုးဆိုးကျိုးများပေးနေပါသနည်း ဟု
မေးလာသော ဒကာတစ်ယောက်ကို ကျေးဇူးတင်ပါသည်။

မေတ္တာဖြင့်
-【အရှင်သုနန္ဒာလင်္ကာရ M.A (ပန်းကမ္ဘာ)】
ကျမ်းညွန်း။ ။ချမ်းမြေ့ဆရာတော်ကြီး၏ အခြေပျိုး ဗုဒ္ဓဘာသာလယ်တီဆရာတော်ဘုရားကြီး၏ ကမ္မဋ္ဌာန်းကျမ်းကြီး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...