စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့သမိုင်းထဲက ဂဠုန်ဦးစောရဲ့ နောက်ဆုံး အချိန်များ

          

၁၉၄၈ မေလ ၈ ရက်နေ့

ဘုရားဆင်းတုကလေးတွင် ဆီမီးပတ်လည်ထွန်းညှိပူဇော်၊ ကော်ဖီဆွမ်း၊ မုန့်ဆွမ်းများဖြင့် ပန်းရေချမ်းများပါ ဝေေ၀ဆာဆာ ကပ်လှူထားပါတယ်။
အစားအသောက်တာဝန်ကိုယူရတဲ့ အကျဉ်းသားကလေးမှာ သူ့ဆရာအတွက် နံနက်စာကို နံနက်သုံးနာရီတည်းက အသင့်စီစဉ်ပေးခဲ့ပေမယ့် ဦးစော က စားမသွားတော့ပါ၊
ကျန်ခဲ့တဲ့ သူပိုင်ပစ္စည်းလေးတွေကို သူပေးလိုသူများရဲ့ နာမည်နဲ့ သူ့ခုတင်ပေါ်မှာ တန်းစီတင်ခဲ့ပြီး အတူရှိနေခဲ့တဲ့ အရာရှိငယ်တစ်ဦးကို လွှဲအပ်ခဲ့ပါတယ်။

အချိန်ကတော့ ၅ နာရီ ၂၀ မိနစ်
လင်းအားကြီး အချိန်
ဦးစော ကို ထားရှိရာ ကြိုးတိုက် အမှတ် ၃ မှာ
ပရိသတ်များ ရောက် ရှိနေ ကြပြီ၊
ကြိုးတိုက်သံတံခါးကို ဖွင့်လိုက်သည်နှင့် ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးတို့ဟာ ဦးစောကို ၀ဲယာညှပ်လျှက်တွဲပြီး ဖြစ်နေပါတယ်။

ကြိုးစင်တင် တဲ့အခါ ဝတ်ရသော အင်္ကျီ ရှည်အဖြူကို အခန်းထဲမှ အထွက် ဝတ်ပေးမည်လုပ်ရာ ဦးစောက ဟိုပေါ် ရောက်မှဝတ်ပါလားခင်ဗျာဟု တောင်းပန်တယ်။
ဒီလိုနဲ့ ၀တ်မပေးသေးပဲ ထောင်ပိုင်ကြီးက လက်မောင်းမှ တွဲခေါ်လာခဲ့ပါတယ် ဦးစောကား လက်ထိပ်မပါ၊
ပိုးရှပ်အင်္ကျီအပြာလက်တိုနဲ့ ပိုးရှမ်း ဘောင်းဘီကို ဝတ်ဆင်ပြီး ရှေ့ ထိုး ဖိနပ် အနက်ကို စီးလာတဲ့ ဦးစော ဣနြေ္ဒမပျက်ဘဲ
သူသိဟောင်း ကျွမ်းဟောင်းများကို ပြုံးပြ နူတ်ဆက်ပြီး
ကြိုးစင်ခြေရင်းသို့အရောက် ထောင်မှူးကြီးရဲ့ သတိပေးမှုဖြင့် ဆင်းတုတော်ကလေးအား ဦးညွှတ်ဝတ်ပြုပါတယ်။
ဦးစောမှာ ဖိနပ်မပါတော့ဘဲ
ထောင်မှူးကြီးဦးစံတင်၏ တွဲခေါ်ရာကြိုးစင်သို့သာ တန်းတန်းမတ်မတ် တက်သွားပါတယ်၊
ထောင်ပိုင်ကြီးအားလည်း (ဂွတ်ဘိုင်) လို့ နှုတ် ဆက် လိုက်ပါတယ်။

ကြိုးစင်ပေါ် ရောက်တဲ့အချိန် ၅ နာရီ ၃၂ မိနစ်

အင်္ကျီရှည်ကို ထောင်မှူးကြီးက ဝတ်ပေးပြီး လက်နဲ့ခြေကို ကြိုး တုပ်ကာ အိတ်ဖြူစွပ်လိုက်ပြီး ကြိုးကွင်း ကို စွပ်လိုက်ပါတယ်။

တစ်ခဏမျှကြာတဲ့ အခါ

အချိန် ၅ နာရီ ၃၃ မိနစ်တိတိ

သံပြားကျသွားသံ ဒိုင်း

ဆိုတဲ့ အသံမှတစ်ပါး ဘာမှမ ကြားလိုက်ရ။
ကြိုးစင် အောက်ဘက်ကို လှမ်းကြည့်လိုက်တဲ့ အခါ မပြောပလောက်သော လှုပ်ရှားမှုကလေးဖြင့် ကြိုးလူးလွန့်ခြင်းမရှိပဲ မိနစ် အနည်းငယ်အတွင်း ဇီဝိန်ချုပ်ငြိမ်သက်သွားပါတော့တယ်။
ကြိုးလူးလွန့်ခြင်း ဆိုတာ သေရမှာကို စိုးရိမ်ထိတ်လန့်ပြီး ရုန်းကန်တဲ့ သဘော ဖြစ်ပါတယ်။
ဦးစောကတော့ သေရမှာကို ကြောက်ရွံ့ထိတ်လန့် တုန်လူပ်ခြင်းမရှိဘဲ စိတ်ပိုင်းဖြတ်ထားဟန်ရှိပြီး ကြိုးမှာ မလူးမလွန့်၊ မလူပ်ရှားတော့ပဲ ဒေါက်ဖြုတ်ချလိုက်ပြီးတဲ့နောက် တစ်ချက်တည်း နဲ့ ငြိမ်သက်သွားခြင်းဖြစ်ပါတယ်
နာရီဝက်အကြာ
ထောင်ဆရာဝန်များဖြစ်တဲ့ဒေါက်တာအောင်သိန်းနှင့် ဒေါက်တာထွန်းဝင်တို့မှ လာရောက်စစ်ဆေးပြီး အသက်မရှိတော့ကြောင်း မှတ်ချက်ပေးပါတယ်။
ပြီးမှ ဦးစော အလောင်းကို ကြိုးစင်မှ အသင့်ရှိနေပြီးသား အခေါင်းများထဲသို့ စနစ်တကျ နေရာချပေးခဲ့ပါတယ်။

တကယ်တော့ ဦးစောဟာလည်း လူတော်တစ်ယောက်ပါ။
ရှေ့ နေတစ်ယောက်ဖြစ်ပြီး ဒိုင်အာခီရွေးကောက်ပွဲမှာ အမတ်ဖြစ်ဖူးတယ်။
ဆရာစံတို့ ဂဠုန်တပ်သားတွေ အတွက်လည်း
ရှေ့ နေလိုက်ပေးခဲ့ရာမှ
ပြည်ထဲရေး အတွင်းဝန် Mr. Booth Gravely က ဦးစောကို "မောင်စော ဂဠုန် ဖြစ်လာပြီ" လို့ ပြောရာကနေ 'ဂဠုန်ဦးစော' ဆိုပြီး အမည်တွင်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ မျိုးချစ်ပါတီထောင်၊ နန်းရင်းဝန်လုပ် ၊
တစ်ဆင့်ပြီးတစ်ဆင့် အာဏာမက်လာရာကနေ
ဗိုလ်ချုပ်အပေါ်မှာ အထင်မြင်လွဲကာနိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်လာခဲ့ရခြင်းဖြစ်ခဲ့ရပါတယ်။

သူမသေမီ သူ့သမီး ထံ ရေးပို့ခဲ့တဲ့ စာမှာ လက်စားချေခြင်း နဲ့ပတ်သက်ပြီး သူမှားခဲ့တယ်ဆိုတာကို ဒီလိုရေးသားထားခဲ့ပါတယ်။

"ချစ်သမီးသို့

ချစ်သမီးအတွက် အနည်းငယ် ရေးရဦးမည်။ သမီးသည် ငယ်စဉ်ကစ၍ သူတပါးအသတ်ကို မသတ်ဘဲ အမြဲရှောင်ကြဉ်လာခဲ့သလို၊ မိမိ၏ အသက်ထက်ဆုံး မည်သည့်အခါမှ သူတပါးအသက်ကို မသတ်ပါဟူ၍ မြတ်စွာဘုရားရှေ့တော်၌ နေ့စဉ်နေ့တိုင်း အဓိဌာန်ပြုပါ။
နောက် အရေးကြီးတာတခုက သမီးအား မှာခဲ့ဦးမည်။ ဒယ်ဒီတို့အမျိုးသည် အဖေမျိုး၊ အမေ မျိုးတို့သည် စိတ်အလွန်ထက်ကြသည်၊ စိတ်ကောင်းရှိကြသည်။ သို့သော် သူတပါးစော်ကားလာလျှင် မခံချင်သောစိတ်ထားက အလွန်အားကြီးကြ၏၊ စိတ်ပြင်းထန်၏။ သူများတကာက တချက်ရိုက်လျှင် ကိုယ်က အချက် ၂၀ ပြန်ရိုက်ချင်သည်။ လက်စားပြန်မချေရလျှင် တသက်လုံး မမေ့နိုင်၊ မစားနိုင်၊ မနေနိုင်သလို ရှိကြသည်။ ငါ့သမီး ဤသို့သဘော မရှိလေနှင့်။ အကယ်၍ တစုံတယောက်က ရန်မူလာလျှင် သည်းခံပါ။ သည်းခံခြင်းသည်ပင်လျှင် ကုသိုလ်ရေး ဖြစ်တော့၏။
အရေးအကြီးဆုံး၊ အဖိုးတန်ဆုံး၊ နောက်ဆုံးအမွေတခု ပေးရဦးမည်။ ထိုအမွေကား အခြားမဟုတ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အမြဲဆည်းကပ်ရမည်။
လူ့ဘဝကိုရဖို့ အလွန်ခဲယဉ်း၏။ ဘုရားသာသနာနှင့် ကြုံကြိုက်ဖို့ရာ အလွန်ခဲယဉ်း၏။ ယခု သမီးတို့မှာ လူ့ဘဝကို ကံအားလျော်စွာ ရောက်လာ၏။ အလွန်အဖိုးတန်သည့် မြတ်စွာဘုရား သာသနာတော်ကြီးနှင့် ကြုံကြိုက်လျက်ရှိ၏။

မသေမနေရသမျှ အချိန်ကလေးအတွင်းမှာ ရတနာ သုံးပါးကို နေ့ရောညဥ့်ပါ ဆည်းကပ်ကိုးကွယ်ပါ။ ဝိပဿနာတရား အားထုတ်ပါ။
မြန်မာပြည်၌ ဘုန်းတော်ကြီးတွေ များနိုင်သလောက်များအောင် ပဉ္စင်းခံ၊ ရှင်ပြုတို့ကို ငါ့သမီး တတ်နိုင်သလောက် လုပ်ပါ။

သူတော်ကောင်းများသော နိုင်ငံအဖြစ်နှင့် မြန်မာပြည်သည် ကမ္ဘာတွင် ထင်ရှားပါစေ။ ဤသို့ဖြစ်ရန် ငါ့သမီးသည် တတ်နိုင်သမျှ ပါဝင်ကူညီပါ။ ဆောင်ရွက်ပါ။ ဘုရား သာသနာတော် အကျိုး၊ သတ္တဝါများ၏ အကျိုး၊ မိမိကိုယ်ကျိုးအတွက်ဖြစ်ပေမည်ဟူ၍ တသက်လုံး မှတ်ထားပါ။ သမီးသည် ဆရာတော်၊ သံဃာတော်အရှင်မြတ်များကို အမြဲကိုးကွယ်ပါ။ ဆည်းကပ်ပါ။ လှူဒါန်းပါ။ ဒါန၊ သီလ၊ ဘာဝနာ၊ ကုသိုလ်ကောင်းမှုများကို အမြဲအားထုတ်ပါ။ ဤကား- ငါ၏ ချစ်သမီး အား ပေးအပ်ခဲ့သော အမွေပင်တည်း"

လိမ္မာစွာနေရစ်ပေတော့ ချစ်သမီး

မောင်စော"

Ayesay.com.mm

ကိုးကား ။ မြန်မာနိုင်ငံ၊ ၁၉၄၈-၁၉၉၈ ရွှေရတု နှစ် ငါးဆယ်ပြည့် ပြည်ထောင်စုမြန်မာနိုင်ငံသတင်းစာ မှတ်တမ်းများ၊ ပထမတွဲနှင့်ဒုတိယတွဲ၊ တက္ကသိုလ် စိန်တင် စာအုပ်များမှရယူပါသည်။


https://www.facebook.com/ayesaycommm/photos/a.414172545421523.1073741826.3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...