စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိန်ခေါ်မှု ပြင်းထန်သော အလုပ်မျိုး လုပ်ရသူ ဦးနှောက် ပိုကျန်းမာ



မြတ်ဆုကို
လန်ဒန် ၊ ဇူလိုင် ၉
              တစ်နေ့လုံး ဦးနှောက်ခြောက်စရာ ကိစ္စတွေချည်း ဖြေရှင်းနေရသော အလုပ်မျိုးမှာ လုပ်ရသူများသည် ခေါင်းစားသော အလုပ်ခွင်ကို စိတ်ပျက် လာတတ်ကြသည်။ လေ့လာမှု စစ်တမ်းသစ်၏ တွေ့ရှိချက်က ထိုသူများအတွက် အားတက်ဖွယ် ဖြစ်၏။ ခေါင်းစားသော အလုပ်မျိုး၊ စိန်ခေါ်မှု ပြင်းထန်သော အလုပ်မျိုး၊ ဦးနှောက် မုန်တိုင်း ဆင်ရသော အလုပ်မျိုးမှာ လုပ်ရသူများသည် ဦးနှောက် ပိုကျန်းမာကြကြောင်း စစ်တမ်းက ဖော်ပြသည်။

            ဦးနှောက်ကို များများ အလုပ်ပေးရသော အလုပ်မျိုးမှာ လုပ်သူများသည် အခြားသူများထက် မှတ်ဉာဏ်လည်း ပိုကောင်းသလို၊ အသက် ကြီးလာလျှင်လည်း အခြားသူများလောက် ဦးနှောက် စွမ်းဆောင်ရည် မကျဟု စစ်တမ်းက ဆိုလိုက်သည်။ စစ်တမ်းကို ဂျာမနီ နိုင်ငံ လိုင်ပစ် တက္ကသိုလ်မှ ပါရဂူဘွဲ့ရ ဖရန်စစ်သန်းက ပြုလုပ်ထားခြင်း ဖြစ်သည်။

             စစ်တမ်းတွင် အသက် (၇၅) နှစ် အထက် လူပေါင်း တစ်ထောင် ပါဝင်သည်။ စစ်တမ်း ကာလ ရှစ်နှစ်အတွင်း တစ်နှစ်ခွဲနေတိုင်း တစ်ကြိမ် ပါဝင်သူများ၏ မှတ်ဥာဏ်နှင့် ဦးနှောက် စွမ်းဆောင်ရည်များကို တိုင်းတာ မှတ်တမ်း တင်သည်။

            ထိုသူများ အရွယ်ကောင်းစဉ်က ဘာအလုပ်များ လုပ်ကြောင်းကိုလည်း မေးမြန်း မှတ်တမ်းတင်သည်။ ထိုအခါ အရွယ်ကောင်းစဉ်က ဦးနှောက် အလုပ်များများ လုပ်ရသော အလုပ်ခွင်မျိုးမှာ လုပ်ခဲ့ရသူများသည် သက်ကြီးပိုင်း ရောက်သည့်တိုင် အခြား သူများလောက် ဦးနှောက် စွမ်းရည် မကျကြောင်း တွေ့ခဲ့ရသည်။

            သက်ကြီးပိုင်း ရောက်သည်အထိ ဦးနှောက် ကျန်းမာစေရေးမှာ သင်ယူခဲ့သော ပညာထက်၊ ဘ၀တစ်လျှောက် မည်သို့သော အလုပ်မျိုး လုပ်ခဲ့ကြောင်း အပေါ် ပိုမူတည်ကြောင်းလည်း သုတေသနက ထောက်ပြနိုင်ခဲ့သည်။ တစ်ဖက်မှ ပြန်စဉ်းစားသည့် အခါတွင်လည်း ဦးနှောက် အလုပ်များများ လုပ်ရတာ ကြိုက်သူများသည် အလုပ်ရွေးချယ် ကတည်းက ခေါင်းစားရမည့် အလုပ်ခွင်မျိုးကို ပိုရွေးချယ် ဖြစ်ကြကြောင်းလည်း တွေ့ရသည်။

            အသက်ကြီးချိန် အထိ ဦးနှောက် နုပျိုနေစေလိုပါက အရွယ်ကောင်းစဉ် တစ်လျှောက် ဦးနှောက်ကို စိန်ခေါ်မှုတွေ တစ်ခုပြီး တစ်ခုနဲ့ ပေးတွေ့ကာ အမြဲ အလုပ် ပေးထားရမည်ဟု စစ်တမ်းက ဆိုလိုက်သည်။  
   Source: Daily Mail

http://messengernewsjournal.com/News/Tech/detail.php?id=40254 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...