ယဉ်ကျေးလိမ္မာပြီး လူ့ကျင့်ဝတ် လိုက်နာတတ်သူများဖြစ်ဖို့ ကလေးငယ်များကို ဘယ်လိုပြုစုပျိုးထောင် ကြမှာလဲ
ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နည်းပညာများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူငယ် များအများစုမှာ ယဉ်ကျေးခြင်းအလေ့အကျင့်များကို လေ့လာလိုက်စားခြင်းထက် အင်တာနက်၊ ဖေ့စ်ဘွတ်ခ်များနှင့်သာ အားလပ်သောအချိန်များကို ကုန်ဆုံးနေကြသည်။
လူငယ်များအနေဖြင့် ငယ်စဉ်ကတည်းက သိမှတ်ထားရမည့် ယဉ်ကျေးမှုများဖြစ်သည့် ကာယကံယဉ် ကျေးမှု (ကိုယ်အမူအရာယဉ်ကျေးခြင်း)၊ ဝစီကံယဉ်ကျေးမှု (အပြောအဆိုအသုံးအနှုန်းယဉ်ကျေးခြင်း)၊ မနောကံယဉ်ကျေးမှု (စိတ်နေစိတ်ထားယဉ်ကျေးမှု) များကို ယခုအခါ လေ့လာလိုက်စားမှုများ နည်းပါး လာပြီဖြစ်သည်။
လူမှုဝန်းကျင်မှာ ဘာတွေဖြစ်နေကြသလဲ
ယခုအချိန်တွင် နွေရာသီကျောင်းပိတ်ရက် ရောက်နေပြီဖြစ်သဖြင့် မိဘများမှာ
မိမိတို့၏ရင်သွေးငယ် များအား ရေကူးသင်တန်း၊ ကွန်ပျူတာသင်တန်း၊
စကားပြောသင်တန်းစသည်ဖြင့် ခေတ်မီသင်တန်း များကို
အပြိုင်အဆိုင်အပ်နှံနေကြသည်။
ယင်းအခြေအနေမှာ ၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန်များနှင့် နှိုင်းယှဉ်ကြည့်ပါက တခြားစီပင်ဖြစ်သည်။ ယင်းအချိန်က မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးကျောင်းများ၌ နွေရာသီယဉ်ကျေးမှုသင်တန်းများ ဖွင့် လှစ်ကြပြီး မိဘများကလည်း မိမိတို့၏ရင်သွေးငယ်များကို ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများသို့စေလွှတ်ကာ အခြေခံယဉ်ကျေးမှုနှင့်လောကနီတိများကို သင် ကြားစေခဲ့ကြသည်။
ယင်းအချိန်က ကလေးသူငယ်များမှာ မိဘ၊ ဆရာ၊ ရဟန်းတော်များနှင့် ဆက်ဆံရာတွင်
ကျင့်ဝတ်များ နှင့်အညီ ဆက်ဆံနိုင်ကြသော်လည်း ယနေ့မှာမူ လူငယ်တချို့မှာ
လူကြီးသူမများနှင့် ဆက်ဆံပြောဆို ကြရာတွင် အရိုအသေမဲ့အမူအရာများ၊
စကားလုံးများဖြင့် ပြောဆိုပြုမူလာကြသည်မှာ လူ့ပတ်ဝန်းကျင်
အသိုင်းအဝိုင်းတွင် မြင်တွေ့လာရသည်။
“၂၀၀၀ ပြည့်နှစ်
မတိုင်ခင်လောက်ကတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်း
တွေက ကျေးရွာဇနပုဒ်ကအစ မြို့ပြအဆုံး တော်တော်များများဖွင့်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ လူမှုဝန်းကျင်အသိုင်းအဝိုင်းမှာက
ကျူရှင်တွေအပြိုင်ထားတယ်။ သင်တန်းတွေ အပြိုင်တက်တယ်။
ဘုန်းကြီးကျောင်းတွေကို ရောက်မလာကြတော့ဘူး။ အဲဒီအကျိုးဆက်က
ဘာတွေဖြစ်လာလဲဆိုတော့ ရဟန်းသံဃာရှေ့မှာ ခါးကုန်းပြီးသွားရတယ်ဆိုတဲ့ အခြေခံယဉ်ကျေးမှုလောက်တောင် မသိတော့ဘူး။ အဲဒီလို အခြေခံလူ့ယဉ်ကျေးမှု စည်းကမ်းတွေကို နားမလည်တဲ့အခါမှာ လူ့ဝန်းကျင်အသိုင်းအဝိုင်းမှာ
လည်း လူအချင်းချင်းဆက်ဆံရေးတွေ အဆင်မပြေတော့ဘဲ မလိုလားအပ်တဲ့ ရန်လိုမှုတွေ၊
အခင်းဖြစ် မှုတွေ ပိုများလာပါတယ်” ဟု သာသနာတက္ကသီလဓမ္မာစရိယဘွဲ့ရဆရာတော် ဦးအဂ္ဂဝံသက မိန့် သည်။
အလားတူကဲ့သို့ပင် ယခင်ကစာသင်ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများက
ဆရာ၊ ဆရာမ များကို ရိုသေစွာဆက်ဆံကြသော်လည်း ယနေ့ခေတ်တွင်မူ
တပည့်များအနေဖြင့် တပည့်ကျင့်ဝတ်များ လိုက်နာကြခြင်းမရှိတော့သည်ကို တွေ့ရသည်။ ယင်းသို့ဖြစ်လာသဖြင့် ပညာသင်ကြားရေးတွင်ပါ ထိခိုက်လာသည်များရှိသည်ဟု အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်သည့် ဒေါ်အေးအေးစိုးက ပြောသည်။
“ခေတ်ရေစီးကြောင်းအရပဲ ပြောရမယ်ထင်တယ်။ ကလေးတွေက ဆရာမနဲ့လမ်းမှာတွေ့ရင် ရှောင် သွားရတယ်ဆိုတဲ့ အခြေခံယဉ်ကျေးမှုလောက်ကိုတောင် လိုက်နာခြင်းမရှိကြတော့ဘူး။ အလယ်တန်း အဆင့်လောက်က ကျောင်းသားကိုလဲ တပည့်ကျင့်ဝတ်ကိုမေးကြည့်လိုက်ရင် မသိကြတော့တာများ တယ်။ ဆရာ၊ တပည့်အပြန်အလှန်ကျင့်ဝတ်တွေ မစောင့်ထိန်းကြတော့ သင်ကြားရေးမှာပါ လျော့ကျ လာတတ်ပါတယ်” ဟု ဆရာမဒေါ်အေးအေးစိုးက ပြောသည်။
ယခင်ခေတ်များက စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်ခန်းစာများကို ဘာသာရပ်သင်ခန်းစာတစ်ခုအဖြစ် ထည့်သွင်းသင်ကြား ပေးသည်များရှိခဲ့ပြီး ယနေ့ခေတ်တွင် ထိုသို့သင်ကြားပေးသည့် စနစ်များမှာလုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။
“အဘွားတို့ငယ်ငယ်တုန်းကဆို ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်ခန်းစာတွေ၊
လူမှုဆက်ဆံရေးဆိုင်ရာ ပြည်သူ့နီတိတွေကို ကျောင်းသင်ခန်းစာမှာ
ဘာသာရပ်တစ်ခုအနေနဲ့ သီးသန့်သင်ကြားပေးတဲ့အတွက် လူနေမှုပတ်ဝန်းကျင်မှာ
ယဉ်ကျေးလိမ္မာအောင် ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတာ
ကလေးဘဝက တည်းက သိလာတယ်။ ယနေ့ခေတ် လူငယ်တွေကတော့ အခုဆိုဗုဒ္ဓဘာသာယဉ်ကျေးမှု
သင်တန်း တက်ရမှာထက် ဂိမ်းဆော့တာတွေ၊ အင်တာနက်ကြည့်တာတွေကိုပဲ ဦးစားပေးနေတာ
တွေ့လာ တယ်။ အဲဒီအင်တာနက်ကနေ ယနေ့ခေတ်လူငယ်အချို့ကို
အတုယူလမ်းမှားရောက်စေတဲ့အဖြစ်မျိုး တွေရှိလာပါတယ်” ဟု အသက် ၇၀ ကျော် အဘွားဒေါ်အုန်းသန်းက ပြောသည်။
မြန်မာနိုင်ငံတွင် လူမှုပတ်ဝန်းကျင်နှင့် လူသုံးစွဲမှုအများဆုံးဖြစ်သည့် လူမှုကွန်ရက်လူသုံးစွဲမှုအများဆုံး ဖြစ်သည့် လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် နိုင်ငံရေးနှင့်ပတ်သက်၍ဖြစ်စေ လူမှုရေးနှင့်ပတ်သက်၍ဖြစ်စေ ဝေဖန်မှုများမှာ အပြုသဘောဖြင့် ပြောဆိုနေကြသူများရှိသကဲ့သို့ ရိုင်းပျ သောစကားလုံးများ၊ အဆိုးအမြင်ဝါဒများအဖြင့် အပြုသဘောမဆောင်ဘဲ ဝေဖန်ပြောဆိုနေကြသည် များကို ဖေ့စ်ဘွတ်ခ်သုံးစွဲသူတိုင်းနှင့် ပြည်သူအများက ဖေ့စ်ဘွတ်ခ်သုံးစွဲသူတိုင်းနှင့် ပြည်သူအများက မိမိပတ်ဝန်းကျင်တွင် တွေ့မြင်ကြားသိနေကြရသည်မှာ နေ့စဉ်နှင့်အမျှ ဖြစ်နေသည်။
လူတစ်ယောက်ပေါ်တွင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုပေါ်တွင်ဖြစ်စေ
အကြောင်းခြင်းရာတစ်ခုခုကို ဝေ ဖန်ကဲ့ရဲ့ အပြစ်တင်ကြမည်ဆိုလျှင်
မိမိဝေဖန်ခြင်းသည် စေတနာဖြင့်၊ အပြုသဘောဖြင့် ဝေဖန်ကဲ့ရဲ့ ခြင်းလားဟု
အရင်စဉ်းစားရန်လိုအပ်သည်။ မိမိဝေဖန်ကဲ့ရဲ့ခြင်းသည်
မည်သူ့ကိုကောင်းစေချင်သည်။ မည်ကဲ့သို့ကောင်းစေချင်သည်တို့ကို သေချာစွာဆင်ခြင်သုံးသပ်ပြီး အပြုသဘောဆောင်၍ ဝေဖန်ခြင်း သာဖြစ်သင့်သည်။
သို့မဟုတ်ဘဲ အမုန်းတရားများ၊ အဆိုးမြင်ဝါဒများဖြင့် ဝေဖန်မိပါက တစ်စုံတစ်ယောက်ကို နစ်နာသွား စေနိုင်သည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက်သုံးစွဲသူများထဲတွင် လူအများ၏စိတ်ကို လွှမ်းမိုးနိုင်သည့် စာမျက်နှာများ နှင့် လူအများဂရုတစိုက် စောင့်ဖတ်နေသူများရှိနေသည်။ ယင်းတွင်သမိုင်းအချက်အလက်နှင့်ချီ၍
သမိုင်းအမှားများကို ဖန်တီးထားခြင်းများရှိပြီး ယင်းကိုကြည့်ရှုသူ၏
အသိဉာဏ်ပေါ်မူတည်ပြီး ယင်းအ ချက်အလက်များကို အမှန်များထင်၍ပြန်လည်အသုံးပြုသောအခါ အန္တရာယ်ရှိသော စကားများဖြစ် သွား၍ လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှုကိုပါ ထိခိုက်လာနိုင်သည်။
လွတ်လပ်စွာပြောဆိုခြင်းနှင့် ပတ်သက်၍ “ဒီမိုကရေစီနည်းအရဆိုရင်တော့ အတွေးတွေ၊ ခံစားချက် တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်ဆိုတာ
မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု၊ ရေးသားမှုတွေက
တခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို နစ်နာစေတာမျိုး မဖြစ်
စေဖို့အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ဆန့်ကျင်ဘက်
အဖွဲ့အစည်းမှာကလဲ လွတ် လပ်စွာထုတ်ဖော်ခွင့်တွေကို
အလွဲသုံးစားလုပ်မှုတွေရှိလာမယ်ဆိုရင် မလိုလားအပ်တာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိတာမျိုးကို ဝေဖန်ပြောဆိုကြဖို့လိုပါတယ်။
တရားမျှတမှုကို လျစ်လျူရှုပြီးနေမယ်ဆိုရင် အဲဒီအကျိုးအပြစ်တွေ
အားလုံးကကိုယ့်အပေါ်ကို ပြန် ရောက်နိုင်ပါတယ်” ဟု အိုင်တီနည်းပညာရှင်
တစ်ဦးဖြစ်သည့် ကိုစိုးမင်းထွန်းက ပြောပါတယ်။
ယင်းကဲ့သို့
အမုန်းစကားများ များပြားလာရခြင်းမှာလည်း လူတို့စောင့်ထိန်းရမည့်
လူ့ကျင့်ဝတ်များနှင့် လောကနီတိများကို အလေးမထားတော့ဘဲ
လိုက်နာကျင့်သုံးမှုမရှိခြင်းကြောင့်ဖြစ်သည်ဟု ပညာရှင် များကသုံးသပ်သည်။
“လူတွေဟာ လူ့ကျင့်ဝတ်တွေကို မသိလို့မလိုက်နာတာပဲဖြစ်ဖြစ်၊ သိလျက်နဲ့ မလိုက်နာတာဘဲဖြစ်ဖြစ် ရှိလာပြီဆိုရင် လူ့ကျင့်ဝတ်တွေတစ်ယောက်ပေါ်တစ်ယောက် ကျူးလွန်မှုတွေဖြစ်လာပြီး အမှုအခင်း တွေဖြစ်လာတာပါ။ သေချာတဲ့ သာဓကတစ်ခုက နေ့စဉ်အဖြစ်အများဆုံးမှုခင်းတွေမှာ
လူ့ကျင့်ဝတ် ဖောက်လို့ ဒေါသတွေထွက်ပြီး ရိုက်ကြ၊ နှက်ကြ၊ ခုတ်ကြ၊ ထစ်ကြနဲ့
ဖြစ်တဲ့အမှုတွေ အများဆုံးဖြစ်နေ တာပါပဲ။ ဒီတော့လူ့ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်၊
လောကနီတိတွေကို ပြည်သူတွေလိုက်နာဖို့ ဘယ်လို လုပ်ကြမလဲဆိုတာ တာဝန်ရှိသူတွေ
ဝိုင်းစဉ်းစားရမယ့် အချိန်တစ်ခုကိုရောက်နေပါပြီ” ဟု ဦးဘုန်းမြင့် အေးကဆိုသည်။
လိုက်နာရမည့် လူ့ကျင့်ဝတ်များ
ကာယကံယဉ်ကျေးမှု (ကိုယ်အမူအရာယဉ်ကျေးခြင်း) ဆိုသည်မှာ ရဟန်းသံဃာ၊ ဆရာမိဘ၊
အသက် အရွယ်ကြီးသူတို့အနီး၌ ထိုင်လျှင်မြင့်သောနေရာ၊ မြတ်သောနေရာ
ခေါင်းရင်းတို့၌မထိုင်ရ၊ ရဟန်းသံ ဃာ၊ ဆရာမိဘများအားရှိခိုးလျှင်
ခြေဒူးနှစ်ဖက်၊ လက်နှစ်ဖက်၊ နဖူးတို့ကိုမြေ၌ (သို့) ကြမ်းပြင်၌ထိ၍
ရှစ်ခိုးရမည်။ ခရီးလမ်းမပေါ်၌ရဟန်းသံဃာတို့နှင့် တွေ့သောအခါ ဦးထုပ်၊ ဖိနပ်တို့ကိုချွတ်၍ထီးကိုရုပ် ကာ လက်အုပ်ကို နဖူးပြင်အထိမြှောက်တင်လျက် ခြေစုံရပ်တန့်ပြီးရှိခိုးရမည်။ ရဟန်းသံဃာ၊ ဆရာမိ ဘ၊ အသက်အရွယ်ကြီးသူတို့အား ပစ္စည်းဝတ္ထုတစ်စုံတစ်ခုပေးသောအခါ၊
ယူသောအခါတို့၌ အလွန် သေးငယ်သောအရာပင်ဖြစ်စေကာမူ လက်နှစ်ဖက်ဖြင့်ပေးရ၊
ယူရမည်။ ရဟန်းသံဃာ၊ ဆရာမိဘ၊ အသက်အရွယ်ကြီးသူများအနီးမှ
ဖြတ်သန်းသွားလာသောအခါ ခါးကိုကုန်း၍ဦးခေါင်းကို ညွှတ်ကာ သွားလာရမည်။
လမ်းခရီးသွားလာရာတွင် ကျဉ်းကျပ်သောနေရာများ၌ ရဟန်းသံဃာ၊ ဆရာမိဘ၊
အသက်အရွယ်ကြီးသူများအား ခြေစုံရပ်၍လမ်းဖယ်ပေးရမည်။ တိုးဝှေ့ကျော်တက်မသွားရ။
မီးရထား၊ ကား၊ သင်္ဘောများပေါ်တွင် ရဟန်းသံဃာများနှင့် အိုမင်းမစွမ်းသော
ပုဂ္ဂိုလ်များ၊ သာသနာ့နွယ်ဝင်သီ လရှင်များ၊ ဗိုက်ကြီးသည်များနှင့်
အမျိုးသမီးများအား နေရာပေးလှူရမည်။ ထိုပုဂ္ဂိုလ်တို့နှင့် နေရာလု၍ မထိုင်ရ။
တစ်စုံတစ်ဦး စားသောက်နေသောနေရာ၌ ချွဲဟက်ခြင်း၊ နှပ်ညှစ်ခြင်းမပြုရ။
ချောင်းဆိုးနှာချေ လျှင် လူရှိသည့်ဘက်လှည့်၍ မပြုလုပ်ရ၊
လက်ကိုင်ပဝါအုပ်၍ဖြစ်စေ၊ အခြားနေရာသို့ ထသွား၍ဖြစ်စေ၊ လူသူဝေးရာသို့သွား၍
ပြုလုပ်ရမည်စသည့်ကာယကံယဉ်ကျေးမှုများကို ယနေ့ခေတ်လူငယ်များအနေ ဖြင့် သိရှိထားရမည်ဖြစ်သည်။
ဝစီကံယဉ်ကျေးမှု (အပြောအဆိုအသုံးအနှုန်းယဉ်ကျေးခြင်း)
ဆိုသည်မှာ ရဟန်းသံဃာတော်များ၊ သာမဏေများကခေါ်လျှင် ဘုရား၊
အရှင်ဘုရားဟုထူးရမည်။ ဆရာမိဘစသော ရိုသေလေးစားထိုက် သူတို့ကခေါ်လျှင် ခင်ဗျာ၊
ရှင်ဟုထူးရမည်။ မြန်မာ့ယဉ်ကျေးမှုအရ ပြောဆိုဆက်ဆံရာတွင် အရွယ်ကို လိုက်၍
အဘိုး၊ အဘွား၊ ဦးကြီး၊ ဦးလေး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မဟုလည်းကောင်း၊
ကိုယ့်အောက် ငယ်လျှင် မြေး၊ သား၊ သမီး၊ တူ၊ တူမ၊ ညီမလေး၊
မောင်လေးဟုလည်းကောင်း သုံးနှုန်းပြောဆိုရမည်။ တစ်ဦးနှင့် တစ်ဦးတွေ့လျှင်
အရှင်ဘုရား၊ ကျန်းမာပါရဲ့လား၊ ဦးလေးကျန်းမာပါရဲ့လား၊ မင်္ဂလာပါ ခင်ဗျာ၊
မင်္ဂလာပါရှင် စသည်ဖြင့် နှုတ်ဆက်ပြောဆိုရမည်။ တစ်ဦးတစ်ယောက်ကို
မတော်တဆထိခိုက် မိ၍ဖြစ်စေ၊ အခြားကိစ္စအတွက်ဖြစ်စေ တောင်းပန်ရန်ရှိလျှင်
ခွင့်လွှတ်ပါခင်ဗျာ၊ ကန်တော့ကန်တော့ပါ။ သည်းခံပါဟု
ယဉ်ကျေးစွာပြောဆိုရမည်စသဖြင့် အပြောအဆိုအသုံးအနှုန်း ယဉ်ကျေးခြင်းများကို လည်း သိရှိရမည်ဖြစ်သည်။
ယဉ်ကျေးမှုအရလိုက်နာရမည့် လူ့ကျင့်ဝတ်များတွင် မနောကံယဉ်ကျေးမှု
(စိတ်နေစိတ်ထားယဉ် ကျေးမှု) ဆိုသည်မှာရှိပြီး သူတစ်ပါးပစ္စည်းဥစ္စာကို
မတရားလိုချင်သော စိတ်မထားခြင်း၊ သူတစ်ပါး၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာ၊
ဂုဏ်သိက္ခာတို့ကို ဖျက်ဆီးလိုသောစိတ်မထားခြင်း၊
ကြီးသူနှင့်ဖြစ်စေ၊ ငယ်သူနှင့်ဖြစ်စေ တွေ့ဆုံသောအခါ ထိုပုဂ္ဂိုလ်တို့အား
ကျန်းမာပါစေ၊ ချမ်းသာပါစေဟု မေတ္တာပွား ခြင်း၊ ကံ-ကံ၏အကျိုးကို
ယုံကြည်၍ကိုယ်ချင်းစာနာသည့် စိတ်ကောင်းစိတ်မြတ်ကိုမွေးမြူခြင်း စသည် တို့ကို ပြုမူကျင့်သုံးပါက အမုန်းစကားများ ပြောနေခြင်းများ၊ လူလူချင်းနိုင့်ထက်စီးနင်းလုပ်မှုများ လျော့ နည်းသွားနိုင်သည်ဟု စိတ်ပညာရှင်ဦးဘုန်းမြင့်အေးက ပြောသည်။
နိုင်ငံကြီးသားပီသဖို့
ယနေ့ခေတ်လူငယ်၊ လူရွယ်အချို့အနေဖြင့် ယဉ်ကျေးမှုဗုဒ္ဓဘာသာသင်တန်းများကို
တက်ရောက်မှု နည်းပါးလာသောကြောင့် ဘာသာတရားကိုင်းရှိုင်းမှု
အသိတရားနည်းပါးလာပြီး ဘတ်စ်ကားပေါ်များ တွင်သက်ကြီးရွယ်အိုများ၊
ကိုယ်ဝန်ဆောင်များနှင့် အမျိုးသမီးများကို ဦးစားပေးခြင်း၊ လူကြီး၊ မိဘဆ
ရာသမားများကို ပစ္စည်းဝတ္ထုတစ်စုံတစ်ခုပေးရာ၌ လက်နှစ်ဖက်ဖြင့်ပေးခြင်း၊ ယူခြင်း၊ လူကြီး၊ မိဘဆ ရာသမားများရှေ့၌ ခါးကိုကုန်း၍ ဦးခေါင်းကိုညွှတ်ကာသွားခြင်းများ စသည့်ယဉ်ကျေးမှုအစဉ်အလာကို မေ့လျော့ကာ နိုင်ငံကြီးသားပီသမှုမရှိစွာပြုမူနေထိုင်နေခြင်းများကို တွေ့မြင်နေရသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးသူငယ်ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များယဉ်ကျေး လိမ္မာစွာ ပြောဆိုနေထိုင်တတ်စေရန်အတွက် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင်လည်း ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများကိုရဟန်း၊ သံဃာတော်များနှင့် ဆရာ၊ ဆရာမများက ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
“ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓရဲ့အဆုံးအမတွေကို သိအောင်
မကြိုးပမ်းသူတွေ၊ သိရှိသည့်တိုင် (သို့) သင်ကြားပြသသည့်အတိုင်း
လိုက်နာဆောင်ရွက်ခြင်းမရှိသူများကြောင့် ဘေးအန္တ ရာယ်များ၊ အဆိုးတရားများဖြစ်ပေါ်လာရတာပါ။
လူတစ်ဦးတစ်ယောက် အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့ခြင်းဟာ သူ့အတွက်သာမက
သူ့မိသားစု၊ သူ့မြို့သူ့ရွာ၊ သူ့နိုင်ငံအတွက် အကျိုးယုတ်စေနိုင် တယ်။ လောက၌
ပျက်စီးရာပျက်စီးကြောင်း အန္တရာယ်ဟူသမျှ ပညာမတတ်သူ လူမိုက်ကြောင့်သာဖြစ်
ရတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ ကလေးတွေကို ပညာတတ်စေချင်လို့ သင်တန်းတွေ
တက်ခိုင်းတာ အပြစ်မပြောလိုပေမယ့် လူ့ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်တွေကို
နားလည်ကျင့်သုံးနိုင်အောင် ယဉ်ကျေးမှု သင်တန်းတွေတက်ခိုင်းကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဓမ္မာစရိယမဟာတန်းတက်နေသည့် ဆရာတော်ဦးကေတုမာလာက မိန့်သည်။
အလားတူ အရွယ်ရောက်ပြီး လူပုဂ္ဂိုလ်များအနေဖြင့်လည်း လူတို့၏လိုက်နာကျင့်သုံးရမည့်
လူ့ကျင့် ဝတ်များကို လိုက်နာခြင်း၊ ရဟန်းသံဃာတော်များသည်လည်း
ဝိနည်းသိက္ခာပုဒ်များကို လိုက်နာကျင့် သုံးကြမည်ဆိုပါက
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် မြန်မာနိုင်ငံတွင် ချမ်းမြေ့သည့် လူ့အသိုက်အ ဝန်းတစ်ခုကို ပိုင်ဆိုင်လာနိုင်မည်ဟု ဆရာတော်ဦးကေတုမာလာက မိန့်သည်။
အလားတူအရွယ်ရောက်ပြီး လူပုဂ္ဂိုလ်များအနေဖြင့်လည်း လူတို့၏လိုက်နာကျင့်သုံးရမည့်
လူ့ကျင့်ဝတ် များကို လိုက်နာခြင်း၊ ရဟန်းသံဃာတော်များသည်လည်း
ဝိနည်းသိက္ခာပုဒ်များကို လိုက်နာကျင့်သုံးကြ မည်ဆိုပါက
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် မြန်မာနိုင်ငံတွင် ချမ်းမြေ့သည့် လူ့အသိုက်အဝန်း တစ်ခုကို ပိုင်ဆိုင်လာနိုင်မည်ဟု ဆရာတော်ဦးကေတုမာလာက မိန့်သည်။
အချုပ်ဆိုရသော် လူတိုင်းတွင် ကာယကံ၊ ဝစီကံ၊ မနောကံအားဖြင့် လိုက်နာရမည့်
လူ့ကျင့်ဝတ်ရှိပြီး ဖြစ်သည်။ လူချစ်လူခင်ပေါများခြင်း၊
စီးပွားတိုးတက်ခြင်း၊ စိတ်ချမ်းမြေ့မှုကို ရရှိစေခြင်းစသော အကျိုး
တရားများသည် လူ့ကျင့်ဝတ်ကို လိုက်နာခြင်းဟူသည့် အကြောင်းတရားများမှတစ်ဆင့်
အများဆုံးရရှိ ခြင်းဖြစ်သည်။ ထို့ကြောင့် အရွယ်ရောက်သောအခါ၊
လုပ်ငန်းခွင်ရောက်ရှိလာသောအခါ၊ လူမှုအဆင့် အတန်း၊ ရာထူးအဆင့်အတန်း အမြင့်ပိုင်းသို့ရောက်ရှိလာသောအခါ
အဆိုပါအကျိုးတရားများကို ရရှိ ခံစားနိုင်ကြစေရန် မိမိသားငယ်၊
သမီးငယ်များကို အရွယ်ငယ်စဉ်ကတည်းက၊ လူငယ်လူရွယ်ဘဝက တည်းက
ယဉ်ကျေးလိမ္မာသင်တန်းများ တက်ရောက်စေခြင်း၊ လူ့ကျင့်ဝတ်ဆိုင်ရာ အလေ့အထများ
ရရှိအောင်လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ကျောင်းအားလပ်ရက်များတွင် မိဘအုပ်ထိန်းသူများက စီမံဆောင်ရွက်ပေးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
Democracy Today Daily
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120
No comments:
Post a Comment