ရှောင်ရန်
အော်လံအဖြစ် အသုံးမချပါနဲ့
“လူမှုမီဒီယာ ဆိုတာ အငြင်းပွားဖွယ် အကြောင်းအရာများနဲ့ ပတ်သက်ပြီး ဆွေးနွေး ငြင်းခုန်ဖို့ အကောင်းဆုံး နေရာ တစ်ခု မဟုတ်ပါဘူး” ဟု လူမှုဗေဒ ပညာရှင် လူဝီဖောက်စ်က သတိပေးသည်။ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများမှာ စပ်စပ်ထိ မခံသော အကြောင်းအရာများ ဖြစ်ကြသည်။
လူမှုမီဒီယာတွင် နေ့စဉ်ဆက်ဆံ ပြောဆိုသကဲ့သို့ မျက်နှာ အမူအယာ၊ လေယူလေသိမ်း မရှိသောကြောင့် လူမှုမီဒီယာတွင် ရေးသားချက်များမှာ ရွဲ့ပြောလျှင်လည်း ရွှဲ့ပြောမှန်း မသိနိုင်။ အဖြူနှင့်အမဲက လုံးဝကို ကွဲပြား နေတတ်သည်။ ဘာသာရေးအမြင် ဖြစ်စေ၊ နိုင်ငံရေးအမြင် ဖြစ်စေ ဝေမျှလိုပါက ခပ်ပေါ့ပေါ့သာ ရေးသား ဝေမျှရန် လိုအပ်ကြောင်း၊ ထိုသို့ မဟုတ်ပါက မိတ်ဆွေအဖြစ်မှ ရပ်စဲခံရခြင်း (unfriend) ဖြင့်သာ အဆုံး သတ်လိမ့်မည် ဖြစ်ကြောင်း ဖောက်စ်က သတိပေးသည်။
သိပ်ပြီး ပုဂ္ဂိုလ်ရေး မပါစေနဲ့
ဖေ့စ်ဘွတ်ခ်တွင် အတင် အများဆုံး ပို့စ်များမှာ သောက်ခြင်း စားခြင်းဆိုင်ရာ ပို့စ်များ ဖြစ်ကြသည်။ ဆက်သွယ်ရေး ပညာရှင်များက ကျန်းမာရေး အခြေအနေ၊ သောက်မှုစားမှု အစုံစုံတို့ကို ဖေ့စ်ဘွတ်ခ်တွင် တင်ခြင်းကို အားမပေးကြ။ အကြောင်းမှာ ဖေ့စ်ဘွတ်ခ်မှာ လူမှုဆက်ဆံရေး နယ်ပယ် တစ်ခုသာ မဟုတ်တော့ဘဲ စီးပွားရေး ဆိုင်ရာ အဆက်အသွယ်များ ရှိရာနေရာ ဖြစ်လာသောကြောင့် ဖြစ်သည်။ ကံမကောင်းလျှင် အလုပ်ပင် ပြုတ်သွားနိုင်သည်ဟု သတိပေးကြသည်။
မိတ်ဆွေ တစ်ဦးကို လူသိရှင်ကြား
မဝေဖန်နဲ့
မိတ်ဆွေ တစ်ဦး၏ သားသမီးပြုစု ပျိုးထောင်သည့်ပုံစံ သို့မဟုတ် မွေးချင်း တစ်ဦးဦး၏ လူနေမှုပုံစံကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန် ရေးသားခြင်းသည် လုံးဝ ရှောင်ကြဉ်ရမည့် အချက် ဖြစ်သည်။ မျက်နှာချင်းဆိုင် တွေ့ဆုံသည့် လူနှစ်ဦးကြား စခြင်းနောက်ခြင်းက အဆင်ပြေသည်။ ဖေ့စ်ဘွတ်ခ် ဆိုသည်မှာ အများ ပြည်သူဆိုင်ရာ နယ်မြေတစ်ခု ဖြစ်သောကြောင့် မိတ်ဆွေ တစ်ဦးဦး၏ ခံယူချက်၊ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုလိုက်ပါ ယင်းမိတ်ဆွေ တစ်ဦးတည်းသာ ဝေဖန်ချက်များကို သိရသည် မဟုတ်ဘဲ တစ်လောကလုံးပါ အဆင့်ဆင့် သိရှိသွားခြင်း ဖြစ်သောကြောင့် မိတ်ပျက်ရုံ သာမက ရန်သူပါမွေးရာ ကျသွားမည်ဟု ဖောက်စ်က သတိပေးသည်။
ဖောက်သည် မရှာပါနဲ့
အသက် (၃၀) နှစ် အရွယ် ဟိုတယ် ၀န်ထမ်း ဆိုဖီသည် မကြာသေးမီတွင် ဖေ့စ်ဘွတ်ခ်မှ မိတ်ဆွေ တစ်ဦးအား unfriend လုပ်ခဲ့သည်။ အကြောင်းမှာ ယင်းမိတ်ဆွေသည် ဆိုဖီ့ထံသို့ ကျန်းမာရေး ဆိုင်ရာ ထုတ်ကုန်ပစ္စည်း ကြော်ငြာများကို မကြာခဏ ပေးပို့နေသောကြောင့် ဖြစ်သည်။ “feed အသစ် တက်လာတိုင်း ကြည့်လိုက်ရင် သူ့ကြော်ငြာချည်းပဲ၊ အတော့်ကို စိတ်ပျက်စရာ ကောင်းတယ်” ဟု ဆိုဖီက ပြောသည်။
unfriend လုပ်ရန် အဓိက စေ့ဆော်သည့် အကြောင်းအရင်းများ အနက် ရိုင်းစိုင်းသည့် မှတ်ချက်စကား ရေးသားခြင်း၊ များစွာအကြောင်း မသိခြင်းနှင့် ပစ္စည်း တစ်ခုခုကို ရောင်းချရန် ကြိုးပမ်းခြင်းတို့ ထိပ်ဆုံးက ပါဝင်နေကြောင်း လူမှုရေးနှင့် စီးပွားရေးကို ဆက်စပ် လေ့လာနေသည့် ကုမ္ပဏီ NM Incite ၏ စစ်တမ်း တစ်ခုတွင် ဖော်ပြထားသည်။
ဖေ့စ်ဘွတ်ခ် ကွန်ရက်ကို အသုံးချပြီး အရောင်း မြှင့်တင်ရေး လုပ်ခြင်းသည် မိတ်ဆွေဖြစ်မှုကို အလွဲသုံးစား ပြုခြင်းသာ ဖြစ်ကြောင်း လူမှုဗေဒ ပညာရှင် ၀င်ဒီမင်ဆယ်က ပြောဆိုခဲ့သည်။ ကြော်ငြာ စာမျက်နှာများကို မဆိုလိုပါ။
ဂုဏ်တု ဂုဏ်ပြိုင် မလုပ်နဲ့
လူတော်တော် များများသည် ဖေ့စ်ဘွတ်ခ်တွင် ကိုယ့် ကိုယ်ကိုယ် ဂုဏ်တင် ဖော်ပြတတ်ကြသည်။ “ဖေ့စ်ဘွတ်ခ် ဆိုတာ ကိုယ့်ရဲ့ အားသာချက်၊ ကောင်းကွက်တွေကို အလေးပေး ဖော်ပြကြတဲ့ နယ်ပယ်တစ်ခု ဖြစ်လာပါပြီ” ဟု စိတ်ပညာရှင် ဖီးနစ်ဒီးယားဟော့ခ်က ပြောဆိုခဲ့သည်။ မိတ်ဆွေ သူငယ်ချင်းများက ပျော်နေ မော်နေရကြောင်း ပို့စ်များ တင်ထားသည်ကို ဖတ်ရှုပြီးနောက်တွင် မည်မျှပင် အကောင်း မြင်တတ်သောသူ ဖြစ်ပါစေ ကိုယ့်ဘ၀နှင့် နှိုင်းယှဉ်ပြီး အနည်း အကျဉ်းတော့ စိတ်ပျက်သွားတတ်ကြသည်။
ဖေ့စ်ဘွတ်ခ်သည် ရုပ်ရှင် အစမ်းပြကွက်များနှင့် ဆင်တူကြောင်း၊ အကောင်းဆုံး အပိုင်းများကိုသာ မြင်တွေ့ရပြီး တစ်ကားလုံး သို့မဟုတ် ဇာတ်သိမ်းပိုင်းကို မမြင်ရကြောင်း ဒီးယားဟော့ခ်က ပြောသည်။
အာရုံစိုက်မှု ရအောင်
အတင်း မကြိုးပမ်းပါနဲ့
“ဒီနေ့ဟာ ဘ၀မှာ စိတ်ညစ်စရာ အကောင်းဆုံးနေ့ပဲ”၊ “ဒီလို အဖြစ်ဆိုးမျိုးတွေ ထပ်မကြုံပါရစေနဲ့”။ ယင်းကဲ့သို့ ပို့စ်မျိုးကို မြင်ဖူးသူ အတော် များပါလိမ့်မည်။ အာရုံစိုက်မှု ရအောင် လုပ်ဆောင်သော ပို့စ်များ ဖြစ်ကြသည်။ ယင်းကဲ့သို့ ပို့စ်မျိုးကို တင်လိုက်ပါ ရင်းနှီးသူများက စိတ်ဝင်တစားဖြင့် မေးမြန်းကြမည် ဖြစ်သော်လည်း မရင်းနှီးသူများကမူ အာရုံစိုက်ခံရအောင် သနားသဖွယ် တောင်းခံမှုဟုသာ ထင်ကြပါလိမ့်မည်။
“ပို့စ်တင်ခါနီး လူမှုရေးဆိုင်ရာ ဉာဏ်ရည်ကို နည်းနည်း အသုံး ချစေချင်ပါတယ်၊ ဒီပို့စ်ကို ငါဘာရည်ရွယ်နဲ့ တင်မှာလဲလို့ မတင်ခင် ကိုယ့် ကိုယ်ကိုယ် မေးသင့်ပါတယ်၊ အခြား လူတွေကို တစ်ခုခု အသိပေးချင်လို့ တင်တာလား၊ ဒါမှမဟုတ် နောက်ဆုံး တင်ထားတဲ့ ဆယ်လ်ဖီနဲ့ ပတ်သက်ပြီး ချီးကျူးခံချင်လို့လား မေးသင့်ပါတယ်၊ ဒုတိယ ရည်ရွယ်ချက်နဲ့ ဆိုင်ရင်တော့ ပြန်စဉ်းစားပါဦးလို့ ပြောချင်ပါတယ်” ဟု ဖောက်စ်က ဆိုသည်။
ဆောင်ရန်
ဖေစ်ဘွတ်ခ်ကို မျက်နှာချင်းဆိုင်
တွေ့ဆုံမှု တစ်ခုလို့ အမြဲသတ်မှတ်ပါ
လက်တွေ့ဘ၀တွင် မလုပ်သည့် အရာများ၊ မပြောသည့် အရာများကို ဖေ့စ်ဘွတ်ခ်တွင် လုပ်တတ်၊ ပြောတတ်ကြသည်။ ဥပမာ ပေးရလျှင် လှုံ့ဆော်မှု ပါသော နိုင်ငံရေး အမြင်များကို ရေးသားခြင်း၊ ညစ်တီးညစ်ပတ် ၀က်ဘ်ဆိုက်လင့်ခ် များကို ရှယ်ခြင်း တို့ဖြစ်ကြသည်။
ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်း တစ်ခုခုနှင့် တစ်ဦးတည်း ရှိနေသည့် အခါများတွင် ပြင်ပလောက ရှိနေသည်ကို မေ့သွားတတ်ပြီး အပြင်လောကတွင် မပြောရဲ၊ မလုပ်ရဲသည် များကို ပြောတတ်၊ လုပ်တတ်ကြကြောင်း မန်ဆယ်က ပြောသည်။ ယင်းကြောင့် ပို့စ်မလုပ်မီတွင် သူငယ်ချင်းတစ်ဦးဦးနှင့် ကော်ဖီ သောက်နေချိန်တွင် ယင်းကဲ့သို့ စကားမျိုးကို ပြောမလားဟု ကိုယ့် ကိုယ်ကိုယ် မေးမြန်းပြီး ပြန်လည် သုံးသပ်သင့်ကြောင်း သူက သတိပေးသည်။
ထိန်းထိန်း သိမ်းသိမ်း လေးတော့ ကြွားဝါပါ
ကိုယ့် အောင်မြင်မှုတွေကိုချည်း တစ်ချိန်လုံး ဖော်ပြနေခြင်းသည် မိတ်ဆွေပျက်ခြင်း၏ အဓိက အကြောင်းအရင်း တစ်ခု ဖြစ်သည်။ သို့သော် ကိုယ့်ကောင်းကွက်တွေချည်း ကြွားဝါ နေသူများမှာ သနားစရာ ကောင်းသူများ ဖြစ်ကြကြောင်း ဒီးယားဟော့ခ်က ဆိုသည်။ အကြောင်းမှာ တစ်ကိုယ်တည်း သွားလာနေရင်း အစားအသောက် စားဖြစ်ခဲ့ပါက စားသောက်နေပုံကို ဆယ်လ်ဖီ ရိုက်နိုင်ခြေ ပိုများနေတတ်ကြောင်း၊ တစ်နည်းဆိုသော် အထီးကျန် ဆန်နေသူများသည် ဆယ်လ်ဖီပို ရိုက်တတ်ကြပြီး ယင်းပုံများကို ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ပါက Like ရရှိရန် လွန်စွာ မျှော်လင့်တတ်ကြကာ Like အလုပ် ခံလိုက်ပါကလည်း ယင်းကဲ့သို့ Like လုပ်သူများနှင့် တစ်ဖွဲ့တည်း ဖြစ်သွားပြီဟု ထင်မြင် တတ်ကြကြောင်း ဒီးယားဟော့ခ်က ပြောသည်။
စိတ်ဝင်စားတာ တူသူများနှင့်
Group ဖွဲ့ပါ
ကိုယ့်သားဖြစ်သူက ဘောလုံးကန် ဘယ်လောက် တော်ကြောင်း တစ်ချိန်လုံး ပြောပြီး မိတ်ဆွေများကို စိတ်ပျက်အောင် လုပ်တတ်ပါသလား။ ဒါမှမဟုတ် ကိုယ့်မိတ်ဆွေက သူ့ကြောင်လေးနှင့် ပတ်သက်ပြီး ဗီဒီယိုဖိုင်တွေ တစ်ချိန်လုံး တင်နေသောကြောင့် စိတ်ပျက် မိပါသလား။ အခြား လူတွေကို စိတ်ပျက်အောင် လုပ်မိသည်။
ကိုယ်ကိုယ် ကိုယ်တိုင်လည်း အခြား သူတွေကြောင့် စိတ်ပျက်မိသည် ဆိုရင်တော့ စိတ်တူ ကိုယ်တူများနှင့် အဖွဲ့ (Group) လေး ဖွဲ့ထားပါဟု အကြံပြုလိုသည်။ ကိုယ်စိတ်ဝင်စားသည့် အကြောင်းကို ယင်းသက်ဆိုင်ရာ Group တွင်သာ ပို့စ်လုပ်ခြင်းက ကိုယ့်အတွက်ရော အခြားသူ အတွက်ပါ အကျိုးရှိစေပါမည်။
Friend request တွေနဲ့ ပတ်သက်ပြီး သေသေချာချာ သုံးသပ်ပါ
ကိုယ်က အလုပ်ရှင်ဆိုလျှင် ကိုယ့်အလုပ်သမားများ ထံသို့ မိတ်ဆွေ ဖြစ်လိုကြောင်း ကမ်းလှမ်းချက် (friend request) ပို့တာ မတရားဘူးဟု ဆိုရမည်။ ဟိုက ကိုယ့်နှင့် မိတ်ဆွေ မဖြစ်ချင်သော်လည်း အလုပ်ရှင်မို့ အောင့်အီး လက်ခံ လိုက်ရတာလည်း ရှိနိုင်သည်။ အလုပ်ရှင်က အလုပ်သမားနှင့် ဆက်သွယ် လိုပါက LinkedIn ကဲ့သို့ အလုပ်အကိုင် ဆိုင်ရာ ကွန်ရက်များကိုသာ အသုံးချစေလိုသည်။
ကိုယ့်ကလေးတွေ အပျိုလူပျို ဖြစ်လာလျှင်လည်း သူတို့ထံသို့ friend request ပို့ခါနီး ပြန်စဉ်းစား စေလိုသည်။ ကလေးတွေက သူတို့ ပျော်နေပါးနေပုံများ ဖေ့စ်ဘွတ်ခ်တွင် တင်ထားသည်ကို တွေ့ရှိခဲ့ပါက မိဘတစ်ဦး အနေနှင့် ပြောဆိုဆုံးမချင် လာတတ်သည်။ ပြောဆို ဆုံးမမိပါ ကလည်း သားသမီးနှင့် မိဘကြား ဆက်ဆံရေးက အဆင်မပြေမှု ရှိလာနိုင်သည်။
အရေးပါသည့် ကိစ္စများကို
အရေးပေးပါ
လူတွေက လူမှု မီဒီယာတွေကို ပုဂ္ဂလိက သတင်း ထုတ်ပြန်ချက် အဖြစ် အသုံးပြုနေကြတယ်ဟု ဖောက်စ်က ပြောသည်။ နာမည်ကြီး ပုဂ်္ဂိုလ်တစ်ဦး သေဆုံးသည်ကို ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ထုတ်ပြန်ခြင်းမှာ လုပ်သင့်သော ကိစ္စ ဖြစ်သော်လည်း လူတစ်ဦး တစ်ယောက်နှင့် ဆက်ဆံရေး ပြတ်စဲသွားပြီ ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်တွင် ပို့စ်တင်ခြင်း သို့မဟုတ် ကိုယ်ချစ်သူ ခင်သူ သေဆုံးပြီကို ဆွေမျိုးများအား ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် အသိပေးခြင်း တို့မှာမူ မသင့်လျော်သော အပြုအမူများသာ ဖြစ်ကြောင်း သူက ပြောသည်။
စိတ်ခံစားချက် များစွာ ပါဝင်သော အခြေအနေမျိုးတွင် မျက်နှာချင်းဆိုင် တွေ့ဆုံ ပြောဆိုခြင်းက ပိုမိုသင့်လျော်ကြောင်း ဖောက်စ်က ပြောသည်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52076
No comments:
Post a Comment