စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာကို ကိုင်လှုပ်ခဲ့သော ဖြစ်ရပ် ၁၀

ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 
ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲဝင်ခွင့်ရ မြန်မာအသင်း

အာရှယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် မြန်မာယူ-၁၉ လက်ရွေးစင်အသင်းသည် ၂၀၁၅ ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် မြန်မာ့ဘောလုံးသမိုင်းတစ်လျှောက် ကမ္ဘာ့အဆင့်ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။ အောက်တိုဘာလအတွင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)တွင် ပါဝင်ခဲ့ပြီး ထိုင်းအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ယီမင်အသင်းနှင့် ဂိုးမရှိသရေ၊ အီရန်အသင်းကို  ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အုပ်စုဒုတိယဖြင့် ကွာတားအဆင့်သို့ တက်ရောက်ခဲ့သည်။

ကွာတားအဆင့်တွင် မြန်မာယူ-၁၉ အသင်းသည် အာရှထိပ်သီးယူအေအီးအသင်းကို တိုက်စစ်မှူးသန်းပိုင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ယူကာ အကြိုဗိုလ်လုပွဲအဆင့်သို့  တက်ရောက်နိုင်ခဲ့ပြီး နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲဝင်ခွင့်လက်မှတ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် အကြိုဗိုလ်လုပွဲအဆင့်တွင် ချန်ပီယံဖြစ်သွားသည့် ကာတာအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အချိန်ပိုသွင်းဂိုးဖြင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။


သမိုင်းဝင်အောင်ပွဲ ရယူပေးခဲ့သော ယူ ၁၉ ဘောလုံးအသင်း/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အာဆီယံထိပ်သီးအစည်းအဝေး အိမ်ရှင်အဖြစ် လက်ခံကျင်းပ

အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်း အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် အာဆီယံထိပ်သီးအစည်းအဝေးကြီးကို မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်ပြီး ၁၇ နှစ်ကြာမှ အိမ်ရှင်အဖြစ် မြန်မာ့မြေပေါ်တွင် ပထမဆုံးကျင်းပခွင့်ရခဲ့သည်။ စစ်အစိုးရလက်ထက်က ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများကြောင့် အမေရိကန်အပါအဝင် အနောက်အုပ်စုက ဖိအားပေးခဲ့၍ ဥက္ကဋ္ဌရာထူး လက်လွှတ်ခဲ့ရသော မြန်မာနိုင်ငံသည် ၂၀၁၄ တွင်မူ အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးကြီးများကို အမှားအယွင်းမရှိ၊ လွဲချော်မှုမရှိ ကျင်းပနိုင်ခဲ့သည်။

 မြန်မာက အာဆီယံဥက္ကဋ္ဌဖြစ်ချိန်တွင် နှစ်စဉ်အိမ်ရှင်နိုင်ငံတိုင်း ခေါင်းခဲရပြီး လက်ရှောင်လေ့ရှိတတ်သည့် တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကြား အားလုံးကျေနပ်နိုင်သည့် တောင်တရုတ်ပင်လယ်အရေး ငြိမ်းချမ်းစွာဖြေရှင်းရေးကို ကြေညာချက်ထုတ်ပြန်နိုင်ခဲ့ခြင်းကလည်း အောင်မြင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုများမြင့်တက်နေပြီး မြန်မာနိုင်ငံကိုယ်တိုင် အစွန်းရောက်အယ်လ်ကိုင်ဒါတို့၏ ဂျီဟတ်ခြိမ်းခြောက်မှုကို ခံထားရချိန်တွင် အမေရိကန်သမ္မတအိုဘားမား၊ ဩစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ အပါအဝင် အရှေ့အာရှနိုင်ငံရှစ်နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်ရှစ်ဦးနှင့် အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များ အစုံအလင်တက်ရောက်ခဲ့သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးမှာ မြန်မာကို ကမ္ဘာ့နိုင်ငံရေးစင်မြင့်သို့ နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် အကောင်းဆုံးပံ့ပိုးမှုလည်း ဖြစ်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းရှာပုံတော်

ဓမ္မစေတီခေါင်းလောင်းရှာပုံတော်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဦးစံလင်းခေါင်းဆောင်သောအဖွဲ့က ဝိဇ္ဇာနည်းဖြင့် ၄၂ ရက်ကြာ ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ခေါင်းလောင်းရှာဖွေမှုတွင် ကုမ္ပဏီခုနစ်ခုက စုစုပေါင်းငွေကျပ် ၁,၅၈၃ သိန်းကျော် လှူဒါန်းခဲ့သည်။ ရှာဖွေမှုကို ဩဂုတ် ၉ ရက်က စတင်ခဲ့ပြီး သတ်မှတ်ထားသော နောက်ဆုံးရက် ဩဂုတ် ၂၆ ရက်တွင် ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ရှိပြီဖြစ်ကြောင်း၊ ရွှေရောင်နဂါးမင်းများက ဆီမီးပူဇော်နေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခဲ့သဖြင့် ခေါင်းလောင်းကြီးဆယ်ယူမှုကို လူစိတ်ဝင်စားမှု အမြင့်ဆုံးရောက်ခဲ့ကာ နေ့စဉ်ကမ်းလုံးပြည့်လာရောက်ကြည့်ရှုသူများဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော်လည်း ခေါင်းလောင်းကြီးတွေ့ရှိမှုကို သက်သေမပြနိုင်ဘဲ ဆက်လက်ရှာဖွေရာ ခြောက်ရက်မြောက်နေ့တွင် ဓမ္မစေတီခေါင်းလောင်းကြီးဟု ယူဆရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီဟု ဆိုခဲ့ပြန်သည်။ ဓမ္မစေတီခေါင်းလောင်းကြီးကို အစိုးရသစ်လက်ထက်တွင် ပြန်လည်ဆယ်ယူမှု၏ နောက်ကွယ်၌ နိုင်ငံရေးလှည့်ကွက်များရှိသည်ဟု လူအများက ထင်မြင်ခဲ့ကြသည်။ ဦးစံလင်းသည် ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း စက်တင်ဘာ ၂၅ ရက်တွင် အလှူရှင်တစ်ဦးဖြစ်သည့် ရွှေအုန်းပင်ဦးဝင်းမြင့်က နောက်ဆုံးရှင်းလင်းဖွင့်ချခဲ့သည်။ ခေါင်းလောင်းရှာဖွေကုန်ကျစရိတ်မှပိုသော အလှူငွေလက်ကျန် ကျပ်သိန်း ၅၀၀ ကျော်ကို ဦးစံလင်းက ဘဏ်၌အပ်ထားသည်ဟုဆိုသည်။ခေါင်းလောင်းတွေ့ပြီဟု ကြေညာပြီး အများပြည်သူ လာရောက်လှူဒါန်းသော ငွေကျပ်သိန်း ၁၀၀ ကျော်ကိုလည်း ပြန်ကြားရေးအဖွဲ့က ထိန်းသိမ်းထားသည်။

ကမ္ဘာကျော်ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် မြန်မာလုပ်သားနှစ်ဦး

၂၀၁၄ စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ၊ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သော ဗြိတိန်စုံတွဲအသတ်ခံရမှု၏ တရားခံများအဖြစ် မြန်မာလုပ်သားနှစ်ဦးစွပ်စွဲခံရကာ ဖမ်းဆီးခံခဲ့ရသည်။ စက်တင်ဘာ ၁၅ ရက် နံနက်က ထိုင်းနိုင်ငံရှိ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲဖြစ်သူ ဒေးဗစ်မီလာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာရစ်ခ်ျ (၂၃) နှစ်တို့သည် ကမ်းခြေ၌ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသည်။ ထိုင်းရဲတပ်ဖွဲ့က ကမ်းခြေရှိ လူပေါင်း ၂၀၀ ကျော်ကို စစ်ဆေးရာ နောက်ဆုံးတွင် ကမ်းခြေရှိ အရက်ဘားတစ်ခု၌ လုပ်ကိုင်သော မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်တရားခံများဖြစ်သည်ဟု စွပ်စွဲဖမ်းဆီးခဲ့သည်။ ထိုင်းနိုင်ငံရှိ လူအများစုနှင့် မီဒီယာများက ဖမ်းဆီးထားသည့် မြန်မာလုပ်သားနှစ်ဦးမှာ အစားထိုးခံရခြင်းဖြစ်ကြောင်း ပြောဆိုကြပြီး ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးကော်မရှင်နှင့် ရှေ့နေများကောင်စီကပါ မြန်မာလုပ်သားနှစ်ဦးသည် တရားခံအစစ်အမှန်များ မဖြစ်နိုင်ကြောင်း ထုတ်ပြောခဲ့ကြသည်။

 မြန်မာလုပ်သားနှစ်ဦးသည် ဩဂုတ်လက ထိုင်းရဲတပ်ဖွဲ့ထံတွင် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပြီး နိုဝင်ဘာ ၂၄ ရက်က မြန်မာသံရုံးစုံစမ်းရေးအဖွဲ့နှင့် ၎င်းတို့၏မိဘများ လာရောက်တွေ့ဆုံချိန်၌ ပြစ်မှုကျူးလွန်ခြင်းမဟုတ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့၏ ရိုက်နှက်စစ်ဆေးမှုကိုကြောက်၍ ဝန်ခံလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းလူသတ်မှုကို ဗြိတိန်စုံထောက်အဖွဲ့ကပါ ထိုင်းနိုင်ငံသို့ လာရောက်စုံစမ်းခဲ့သည်။ လိပ်ကျွန်းလူသတ်တရားခံ မည်သူလဲဟု စိတ်ဝင်စားမှုအရှိန်မြှင့်တက်လာချိန်တွင် ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်၌ မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ထိကျခံနိုင်သော ပုဒ်မများအပါအဝင် ပုဒ်မခုနစ်ခုတပ်ကာ တရားစွဲဆိုခဲ့သည်။ မြန်မာလုပ်သားနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြနိုင်ရန် မြန်မာအစိုးရဘက်က သက်သေများ လိုက်လံရှာဖွေနေပြီး အပြစ်မှလွတ်မြောက်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းသုံးမြို့

မြန်မာနိုင်ငံတွင် ရှေးဟောင်းမြို့ပြယဉ်ကျေးမှုထွန်းကားခဲ့သော ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးတို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ၂၀၁၄ ဇွန်လ ၂၂ ရက်က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် (World Hertiage List)အဖြစ် သတ်မှတ်ခဲ့သည်။
ယင်းသို့သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းနယ်မြေများစွာရှိသည့်အနက် သမိုင်းတစ်လျှောက် ပထမဆုံးကမ္ဘာက အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ်စာရင်းဝင်မြို့များ ဖြစ်လာသည်။

 ဇွန်လ ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ၌ ကော်မတီအဖွဲ့ဝင် ၂၁ နိုင်ငံ၏ ထောက်ခံချက်ဖြင့် ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယူနက်စကိုက အသိအမှတ်ပြုလိုက်သောကြောင့် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ က မြို့ဟောင်းနေရာများကို ပြုပြင်ထိန်းသိမ်းရာတွင် ငွေကြေးရန်ပုံငွေများနှင့် နည်းပညာများရလာနိုင်သောကြောင့် သမိုင်းအထောက်အထားများကို စနစ်တကျထိန်းသိမ်းနိုင်မည်ဖြစ်သည်ဟု သမိုင်းပညာရှင်များက ဆိုကြသည်။

 မြန်မာနိုင်ငံက ၁၉၉၄ တွင် ပျူရှေးဟောင်းမြို့အပါအဝင် မြောက်ဦး၊ ပြဒါးလင်းဂူ၊ အင်းလေးကန်၊ မင်းကွန်းဒေသ၊ မန္တလေးဒေသ၊ အင်းဝဒေသနှင့် ဟံသာဝတီရှေးဟောင်းနေရာ စုစုပေါင်းရှစ်နေရာကို ယူနက်စကိုသို့ အဆိုပြုတင်သွင်းခဲ့သည်။ ယင်းအနက် ထေရဝါဒဗုဒ္ဓဘာသာ အစောဆုံးထွန်းကားခဲ့သော ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်အောင် အစိုးရက ၂၀၀၈ ခုနှစ်မှ စတင်ကြိုးပမ်းခဲ့ပြီး ၂၀၁၁ ဇူလိုင်လမှ ယူနက်စကိုနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
 
နှစ်ပေါင်းသုံးဆယ်အကြာမှ ပြန်လည်ကောက်ယူခဲ့သော သန်းခေါင်စာရင်း
နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ဦးသိန်းစိန်အစိုးရက ဧပြီလအတွင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNIAP)၏ နည်းပညာနှင့် နိုင်ငံတကာအကူအညီများဖြင့် ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူနိုင်ခဲ့သည်။ ဝေးလံခေါင်ဖျားအရပ်ဒေသများတွင် ဧပြီမတိုင်မီ တစ်လကြို၍ ကောက်ခံခဲ့ပြီး သတ်မှတ်ရက်အတွင်း မကောက်ယူနိုင်သော ဒေသများ၌ နှစ်လတိုးကာကောက်ယူခဲ့ပြီး လူဦးရေရှေ့ပြေးသန်းခေါင်စာရင်းကို ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ၅၁ သန်းကျော်ရှိသည်ဟု ဖော်ပြခဲ့သဖြင့် ယခင်ခန့်မှန်းထားသော သန်းခြောက်ဆယ်နှင့်နှိုင်းယှဉ်ပါက ကိုးသန်းကျော်ကွာဟသည်။

သို့သော် ရှေ့ပြေးလူဦးရေစာရင်းတွင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများစာရင်းမပါဝင်ဘဲ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်မည့် ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်း၌ လူဦးရေအတိအကျ ပါဝင်မည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

သန်းခေါင်စာရင်းကောက်ယူမှုမှာ ဝေဖန်မှုအချို့ကြုံတွေ့ခဲ့သော်လည်း UNIAPက နိုင်ငံတကာအဆင့်မီခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။ ထို့အပြင် ဘင်္ဂါလီလူမျိုးများနေထိုင်သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ကချင်ပြည်နယ်ရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသအချို့တွင်မူ စာရင်းမကောက်နိုင်ခဲ့ပေ။ အဆိုပါဒေသများတွင် လူဦးရေတစ်သန်းကျော် နေထိုင်လျက်ရှိကြောင်း အစိုးရကခန့်မှန်းထားသည်။ သန်းခေါင်စာရင်းမကောက်မီအချိန်တွင် လူမျိုးစုကုတ်များနှင့် ပတ်သက်၍ တိုင်းရင်းသားအများစုက အစိုးရ၏ လူမျိုးကုတ်သတ်မှတ်ချက်ကို အများဆုံးကန့်ကွက်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည့်လူဦးရေစာရင်း အတိအကျ၌ မည်သည့်လူမျိုးက မည်မျှရှိသည်ဆိုသော အရေအတွက်မှာ ပါရှိမည်မဟုတ်ဘဲ လူမျိုးစုပြဿနာများကို ဖြေရှင်းပြီးမှသာ အစိုးရက ထုတ်ပြန်မည်ဟု တရားဝင်ကြေညာခဲ့သည်။

မဟာသန္တိသုခ အရှုပ်တော်ပုံ

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ မဟာသန္တိသုခကျောင်းတိုက်ကို ညဥ့်သန်းခေါင်ယံအချိန်တွင် ဝင်ရောက်စီးနင်းခဲ့မှုသည် ၂၀၁၄ အတွင်း လူစိတ်ဝင်စားမှု မြင့်မားခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည့် အဆိုပါကျောင်းတော်ကို ဇွန်လ ၁၀ ရက် ညတွင် စည်းကမ်းထိန်းသိမ်းရေး သံဃာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ပြီး သီတင်းသုံးနေသည့် သံဃာတော်များကိုလည်း ထိန်းသိမ်းခဲ့သည်။

 ထို့နောက် ထိန်းသိမ်းခံဦးဥတ္တရ (အင်္ဂလန်ဆရာတော်)နှင့် သံဃာလေးပါးကို လူဝတ်လဲစေပြီး အင်းစိန်ထောင်သို့ပို့ကာ ထိန်းသိမ်းခဲ့၍ ဗုဒ္ဓဘာသာဝင်များအကြား ဝေဖန်စရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် လူဝတ်လဲခံခဲ့ရသည့် သံဃာများကို ပြန်လွှတ်ပေးခဲ့သည်။ သံဃာတော်များအား အာမခံပေးကာ သင်္ကန်းပြန်ဝတ်ခွင့်ပြုခဲ့သော်လည်း အပြန်အလှန်တရားစွဲဆိုမှုများ၊ တရားရင်ဆိုင်ရမှုများ ရှိနေဆဲဖြစ်သည်။ မဟာသန္တိသုခကျောင်းတိုက် ဝင်ရောက်စီးနင်းမှုနှင့်ပတ်သက်ပြီး အစိုးရအရာရှိများလည်း ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ ယင်းအဖြစ်အပျက် ဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော်လည်း ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူက ကျောင်းတိုက်ဝင်ရောက်စီးနင်းရေး ဆုံးဖြတ်ချက်မှာ ဝန်ကြီးဟောင်း၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။

ခါကာဘိုရာဇီ တောင်တက်စွန့်စားခန်းနှင့် ကြေကွဲဇာတ်သိမ်း

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတွင် အမြင့်ဆုံးတောင်ဖြစ်သော ခါကာဘိုရာဇီရေခဲတောင်ကို တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)က မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးတက်ရောက်နိုင်ခဲ့သည်။ သို့သော် တောင်တက်အဖွဲ့ဝင်ရှစ်ဦးတို့ တက်ရောက်ခဲ့ရာ ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းတို့နှစ်ဦးမှာ တောင်ထိပ်သို့ ဩဂုတ်၃၁ ရက်ညနေတွင် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သော်လည်း ယင်းနေ့ညနေမှာပင် အဆက်အသွယ်ပြတ်တောက်ကာ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ တောင်တက်သမားနှစ်ဦးကို ပြည်တွင်း၊ ပြည်ပနိုင်ငံများ၏ အကူအညီဖြင့် တစ်လဝန်းကျင်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ရာသီဥတုအခြေအနေမှာ ဆိုးရွားသည့်အတွက် ရှာဖွေမှုကို ရပ်နားခဲ့သည်။ တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေစဉ် စက်တင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ AdvanceAviation မှ B4 ရဟတ်ယာဉ်သည် နောင်မွန်းမြို့နယ်အနီးတွင် ပျက်ကျခဲ့သည်။  ရဟတ်ယာဉ်ကျခဲ့ပြီး ၁၀ ရက်အကြာတွင် ရဟတ်ယာဉ်တွင် လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးနှင့် ထိုင်းရဟတ်ယာဉ်မှူးတို့ကို တွေ့ရှိခဲ့ပြီး မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးကိုမူ သေဆုံးလျက်သာ တွေ့ရှိခဲ့သည်။

မန္တလေးဘာသာရေးအဓိကရုဏ်း

ယဉ်ကျေးမှုမြို့တော်အဖြစ် တင်စားခေါ်ဝေါ်ကြသည့် မန္တလေးမြို့တွင် ၂၀၁၄ ဇူလိုင်လအတွင်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးသည်အထိ ဖြစ်ခဲ့သည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ဆန်းလက်ဖက်ရည်ဆိုင်တွင် ဆိုင်ဝန်ထမ်းဗုဒ္ဓဘာသာမိန်းကလေးကို ဆိုင်ပိုင်ရှင်အစ္စလာမ်ဘာသာဝင် ညီအစ်ကိုနှစ်ဦးက အဓမ္မပြုကျင့်သည်ဟူ၍  လိမ်လည်တိုင်ကြားမှုမှ အစပြုကာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၁ ရက် ညနေ ၄နာရီခန့်မှစတင်ကာ လူစုလူဝေးများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက လူစုလူဝေးများကို အချိန်မီမတားဆီးနိုင်ခဲ့ပေ။

လူစုလူဝေးမှအုပ်စုဖွဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ နှစ်ညဆက်တိုက် ဖြစ်ပွားခဲ့သည်။ ဇူလိုင်လ ၁ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င် စုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဈေးချိုအနီးတစ်ဝိုက်တွင် ရပ်နားထားသော မော်တော်ကားများ၏ ကားမှန်များရိုက်ခွဲခံရခြင်းနှင့် ဟိုင်းလတ်ကားတစ်စီး၏ ခေါင်းခန်းမီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂ ရက် ညပိုင်းဖြစ်ပွားသည့် အကြမ်းဖက်မှုများတွင်မူ အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးတို့ အသတ်ခံခဲ့ရပြီး ၁၄ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဇူလိုင်လ ၂ ရက် ညပိုင်း အုပ်စုဖွဲ့အကြမ်းဖက်မှုများအပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့က လူလေးဦးကို ဖမ်းဆီးခဲ့သည်။ ဆိုင်ကယ်စီးလူတစ်စုက ဈေးဆိုင်ခန်းနှင့် အဆောက်အအုံအချို့ မီးရှို့ဖျက်ဆီးရန်ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

အကြမ်းဖက်မှုများသည်  ညပိုင်းအချိန်များတွင်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အုပ်စုဖွဲ့အကြမ်းဖက်မှုများတွင် ဘာသာနှစ်ခုမှ လူအုပ်စုများ ပါဝင်ခြင်းမရှိခဲ့ပေ။ မြို့ခံသံဃာတော်များက အုပ်စုဖွဲ့အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ သွားရောက်ကာ ၀ိုင်းဝန်းထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ အုပ်စုဖွဲ့ အကြမ်းဖက်မှုများအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးဆိုင်ရာ ကိုင်တွယ်ဆောင်ရွက်မှုများကို လွန်စွာအားနည်းနေသည်ဟု မြို့ခံများက ဝေဖန်ခဲ့ကြသည်။ ဇူလိုင်၃ ရက် ညနေပိုင်းတွင် မန္တလေးခရိုင်အုပ်ချုပ်ရေးရုံးမှ မန္တလေးမြို့ပေါ် ခြောက်မြို့နယ်အတွင်း ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် မန္တလေးမြို့မှာ ပြန်လည်တည်ငြိမ်ခဲ့သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားစဉ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်မှုကြောင့် ဖမ်းဆီးထောင်ချခံရသူမှာ လူ ၁,၅၀၀ ၀န်းကျင်ရှိခဲ့သည်။

မန္တလေးမြို့အဓိကရုဏ်း ဖြစ်စဉ်အတွင်း အမှုပေါင်း ၁၉ မှု ဖြစ်ပွားခဲ့ကာ လူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူ ၃၀ ခန့်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရမိသူများကို ရုံးတင်စစ်ဆေးခဲ့ပြီး လူသတ်မှုကျူးလွန်သူများကို ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ ပြစ်ဒဏ်ချမှတ်မှုများတွင်လည်း အငြင်းပွားမှုများရှိနေခဲ့ပြီး ပြစ်မှုမကျူးလွန်ဘဲ ပြစ်ဒဏ်ချခံရသည်ဟုဆိုကာ တရားခံ၏ မိခင်မြို့ခံတစ်ဦးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်အထိ အမှုများအားလုံး မပြီးပြတ်သေးဘဲ ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်း အသတ်ခံရမှုအတွက် ကျူးလွန်သည်ဟု သံသယရှိသူများကို စစ်ဆေးနေဆဲဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း

ရန်ကုန်မြို့၏ အနောက်ဘက် လှိုင်သာယာ-တွံတေးကားလမ်းမပေါ် ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ဧကသုံးသောင်းကျယ်ဝန်းသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခဲ့သည်။
စီမံကိန်းလုပ်ကိုင်လိုသည့် ကုမ္ပဏီကို တင်ဒါခေါ်ယူခြင်းမရှိဘဲ နောက်ကွယ်မှ တရုတ်လူမျိုးအများစု ပိုင်ဆိုင်သည်ဟုဆိုသော မြန်မာ့စေတနာအများပိုင်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရက လုပ်ကိုင်ခွင့်ချထားပေးခြင်းကို ဝေဖန်မှုများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
ယင်းမြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်ဆိုခြင်းကြောင့် စီမံကိန်းနယ်မြေများရှိ လယ်မြေ၊ ခြံမြေ၊ ဥယျာဉ်ခြံမြေများတွင် ရက်ပိုင်းအတွင်း သိန်းထောင်ချီဈေးများ မြင့်တက်သွားခဲ့ပြီး အရောင်းအ၀ယ်များ ဖြစ်ခဲ့သည်။

စီမံကိန်းအကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ပြီး ခုနစ်ရက်အကြာတွင် မြို့သစ်စီမံကိန်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က လွှတ်တော်၌ ပြောကြားခဲ့သည်။

လူဦးရေလွန်စွာထူထပ်ပြီး ရွှေ့ပြောင်းအခြေချနေထိုင်သူများလာသည့် ရန်ကုန်အတွက် မြို့သစ်စီမံကိန်းသည် လိုအပ်သော်လည်း ရှိပြီးသား မြို့ကွက်များအပေါ် စီမံခန့်ခွဲမှုကောင်းစွာ လိုအပ်နေသေးသည်ဟု မြို့ပြစီမံကိန်းပညာရှင်များက မှတ်ချက်ပြုခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှု လွန်စွာကြီးမားပြီး ရန်ကုန်၏ အနာဂတ် (သို့မဟုတ်) မြို့သစ်စီမံကိန်းကို မြို့တော်ဝန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ယခုအစိုးရလက်ထက်တွင် အကောင်အထည်မဖော်နိုင်ခဲ့သဖြင့် နောက်တက်လာမည့် အစိုးရလက်ထက်၌  ပြန်လည်အကောင်အထည်ဖော်ရန် မျှော်လင့်နေကြသဖြင့် မြန်မာကို ကိုင်လှုပ်ခဲ့သည့် ဖြစ်ရပ် ၁၀ ခုတွင် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ၂၀၁၄ ၌ တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။

http://7daydaily.com/story/28586#.VKk9BnvdXhA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...