စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်များနှင့် ယနေ့မြန်မာနိုင်ငံ


၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ် (၁၀၀) ပင်တိုင်ခဲ့ပြီ။ သို့ သော်လည်း ယနေ့ကျောင်းသား လူငယ်အများစုမှာ လွတ်လပ်ရေး ၏ ဖခင်၊ မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းကို သိရှိသူ နည်းလှပေသည်။ ဗိုလ်ချုပ်၏ ပုံ ရိပ်များသည် ၁၉၈၈ နောက်ပိုင်းကာလများတွင် စစ်အစိုးရ၏ ရည်ရွယ်ချက်ရှိရှိ စနစ်တကျတားဆီးပိတ်ပင်မှုများကြောင့် မှေးမှိန်လာခဲ့သည်။ စာသင်ကျောင်းများနှင့် သင်ရိုးညွှန်းတမ်း  စာအုပ်များတွင် ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိများနှင့် တကွ အာဇာနည်ခေါင်းဆောင်များ၏ အမှတ်တရပွဲများ၊ အထိမ်းမှတ်ပွဲများ ကွယ်ပျောက်ခဲ့ရသည်။

ယနေ့ သမ္မတဦးသိန်းစိန်အ စိုးရလက်ထက်တွင် ပါတီစုံဒီမိုက ရေစီစနစ်နှင့် လိုက်လျောညီထွေ ရှိမည့် ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်လျက်ရှိရာ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ တို့တွင် တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းများစွာအဘက်ဘက်မှ ယို ယွင်းခဲ့သည့် အခြေအနေများ ကြောင့်  မျှော်မှန်းသလောက် အောင်မြင်မှုမျိုးတော့ မရရှိခဲ့ပေ။ နိုင်ငံ ရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ဖြေရှင်းဆောင် ရွက်ရမည့် အခက်အခဲများလည်း များစွာကျန်ရှိလျက်ရှိသည်။

‘‘ခလုတ်ထိမှ အမိတ’’ဆိုသ ကဲ့သို့ ယနေ့အချိန်အခါမျိုးတွင် မြန်မာပြည်သူတို့သည် ဗိုလ်ချုပ် အောင်ဆန်းကို ယခင်ကထက် ပိုမို၍ သတိရတမ်းတလာခဲ့ကြသည်။ ဗိုလ်ချုပ်သာ အကြွေမစောခဲ့ဘဲ ရှိ နေသေးခဲ့လျှင် ဆိုသည့်အတွေး များသည် ယနေ့ပြည်သူလူထု၏ စိတ်နှလုံးသားတွင် အစဉ်ထာဝရ ကိန်းအောင်းလျက်ရှိသည်။ အ ဘယ့်ကြောင့် ဗိုလ်ချုပ်ကို သတိရ တမ်းတနေကြပါသနည်း။ ရှင်းပါ သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ  လွတ်လပ်ရေးရရှိရေး အတွက်   ဦးဆောင်ကြိုးပမ်းခဲ့သည် သာမက မြန်မာနိုင်ငံလွတ်လပ် ရေးရရှိပြီးလျှင်   ဆက်လက်ဆောင် ရွက်ရမည့်အစီအမံများနှင့် ရည် ရွယ်ချက်များ၊ မူဝါဒများကို ပြတ် ပြတ်သားသား ချမှတ်ခဲ့သော ကြောင့် ဖြစ်သည်။

 ဗိုလ်ချုပ်၏ နိုင်ငံရေးအယူဝါဒနှင့် အတွေးအခေါ် တို့သည် နိုင်ငံတော်နှင့် ပြည်သူလူ ထု၏ အကျိုးစီးပွားကိုသာ ဦးတည်လျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင် ထိုအချိန်က အစိုး ရအဖွဲ့ကို တာဝန်ယူခဲ့သော်လည်း အစိုးရအာဏာသည် ပြည်သူ့အာ ဏာသာလျှင်ဖြစ်ကြောင်း အခိုင်အမာလက်ခံယုံကြည်သူ ဖြစ်သည်။ ‘‘ရာဇ၀င်ကြောင်းကိုပဲ ကြည့်ကြည့်၊ ဘယ်လိုပဲကြည့် ကြည့် နိုင်ငံတော်အချုပ်အခြာအာ ဏာတွေဆိုတာ မူလဘူတလိုက် ကြည့်မယ်ဆိုလျှင် တိုင်းသူပြည် သားတွေလက်ထဲမှာ ရှိတယ်ဆို တာကို တွေ့ရပါလိမ့်မည်။ ကျွန် တော်တို့ အယူအဆမှာဆိုလျှင် ကမ္ဘာအစ သမ္မတမင်းကဆိုတဲ့အ တိုင်း သမ္မတမင်းကို လူတွေက တင်မြှောက်ခဲ့တာပဲ။ အဲသည်အ တိုင်း ရှေ့လျှောက်ပြီး ဖြစ်ရမှာပဲ။

အဲသည့်အတိုင်း ကျွန်တော်တို့ဟာ အချုပ်အခြာအာဏာပိုင်လွတ် မြောက်သော သမ္မတမြန်မာနိုင်ငံ တော်နှင့်တကွ အပါအ၀င်ဖြစ် သည့် ပြည်နယ်များနှင့် အစိုးရအ ဖွဲ့အားလုံးတို့၏ အခွင့်အာဏာဟူ သမျှတို့သည် တိုင်းသူပြည်သား တို့ထံမှ သက်ဆင်းရမည်လို့ ဆို ခြင်းဖြစ်ပါတယ်။ အဲသည်တော့ သည်သဘောကို ကျွန်တော်တို့ ချထားလိုက်တဲ့အခါ မြန်မာနိုင်ငံ တော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံ ဥပဒေကို ရေးဆွဲတဲ့အခါမှာ တိုင်းသူပြည်သားတွေဆီက အခွင့်အာဏာရတယ်ဆိုတဲ့ မူအတိုင်း သာလျှင် အချက်အလက်တွေပါ ရလိမ့်မယ်’’ဟု ၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဦးအောင်ဆန်းအ မည်ဖြင့် တင်သွင်းသော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ပတ် သက်သော လမ်းညွှန်ပြဋ္ဌာန်းချက် တွင် ဖော်ပြထားသည်။နိုင်ငံတော်ကို ဦးဆောင် သော အစိုးရနှင့်ပတ်သက်၍ ဗိုလ် ချုပ်၏ ယုံကြည်ချက်နှင့် ခံယူချက်တို့ကလည်း ဂုဏ်ယူလေးစားဖွယ် ရာပင် ဖြစ်ပေသည်။

 ဗိုလ်ချုပ်က ‘‘ဒီတော့...လူတွေက တင်မြှောက် တဲ့ အစိုးရဆိုတာဟာ လူတွေရဲ့ အစိုးရ၊ ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေနဲ့ အလှမ်းမဝေးဘဲ အမြဲလက်တွဲနေတဲ့ အစိုးရဖြစ်မှသာ လျှင် သဘောတရားအတိုင်း ကိုက်ညီမယ်လို့ ကျွန်တော်ထင်တယ်။ အစိုးရဆိုတဲ့အာဏာဟာ အင်မ တန်အဖိုးတန်အသုံးဝင်တယ်။ အဲ ဒီအာဏာကိုလည်း ပစ္စည်းအင် အားကောင်းတဲ့ လူတွေအချင်း ချင်းလုကြတယ်။ ရရင်လည်း လက်မလွှတ်ချင်ဘူး။ တိုင်းသူပြည်သား တွေဆိုတာကတော့ အဲဒီအထဲမှာ ငုတ်တုတ်အရိုက်ခံရမယ့် အခါကျ မှ ပါရတာပဲ။ ဒီလိုအာဏာလုကြ တဲ့အခါ ဒီမိုကရေစီဆိုပြီး ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေး ကြော်ဟစ်အော်ပြီး ညာတဲ့စနစ် တွေလည်း ရှိတယ်။ လူတွေက၊ တိုင်းသူပြည်သားတွေက အစိုးရ အာဏာအပ်လိုက်တုန်းက ကျုပ် တို့အတွက် ကောင်းအောင်လုပ် ပေးပါဆိုပြီး အာဏာအပ်လိုက် တာပဲ။ ဒါပေမဲ့ ကျုပ်တို့ကို ခင်ဗျားတို့အုပ်စိုးတဲ့ လူတွေက နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ အချက်သာ ဖြစ်နေတာပဲ’’။

ဆက်လက်ပြီး ဒီမိုကရေစီနှင့်ပတ်သက်၍ ‘‘လူတွေကတင်မြှောက်ပြီး လူတွေရဲ့ အကျိုးကို လုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုက ရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီမဖြစ်နိုင်ဘူး။ အတု တွေသာ ဖြစ်တယ်။ ကျုပ်တို့လိုချင်တာကတော့ Greatest Happin-ess of Greatest Number လူအ များဆုံး အကောင်းဆုံးချမ်းသာ သုခရအောင်၊ အဲဒီလိုအများဆုံး ကကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့ဒီမိုကရေစီမျိုးကိုသာ လိုချင်တာ ပဲ’’၊ ‘‘ဒီမိုကရေစီကိုကျင့်သုံးရာ တွင် တိုင်းသူပြည်သားတွေသာ လျှင် အာဏာပိုင်အစစ်ဖြစ်တယ် ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာ မာဖြစ်အောင် စီစဉ်ရမယ်’’ဟု ၁၉၄၇ မေလ ၁၉ ရက်နေ့တွင် ဖဆပလပဏာမပြင်ဆင်မှု ညီလာခံမိန့်ခွန်း၌ ပြောကြားခဲ့သည်။

ယနေ့ပြည်သူလူထုက ရွေး ကောက်တင်မြှောက်ထားသော အစိုးရများနှင့် လွှတ်တော်အသီး သီးတို့မှ လွှတ်တော်ကိုယ်စား လှယ်တို့သည် နိုင်ငံနှင့် ပြည်သူတို့ ၏ အကျိုးကို စိတ်ရင်းစေတနာအ ပြည့်ဖြင့် ဆောင်ရွက်မည်ဆိုလျှင် ပြည်သူတို့၏ ဘ၀အခြေအနေမှန် နှင့် ပြည်သူတို့၏ ဆန္ဒအမှန်ကို သိရှိနားလည်နိုင်ရန် ပြည်သူလူထု ကြားသို့ ထဲထဲဝင်ဝင် ၀င်ရောက် ၍ ပြည်သူ့အသံကို နားထောင် သင့်ပေသည်။ ထိုသို့မဟုတ်ဘဲ အောက်ခြေမှ တင်ပြလာသော ကိစ္စရပ်များကိုသာ မိမိ၏ စားပွဲ တွင် ထိုင်၍ လုပ်ကိုင်ဆောင်ရွက်နေမည်ဆိုလျှင် ပြည်သူလူထုနှင့် အလှမ်းဝေးနေမည်သာ ဖြစ်သည်။ ‘‘ကျုပ်ဟာ လူထုထဲက ထွက်လာတဲ့လူဖြစ်လို့ ဒီနယ်မှာ ဘာဖြစ်တယ်ဆိုတာ ကျုပ်နား လည်သလို ဒီနယ်ကအရာရှိတွေ နားမလည်နိုင်ဘူး။ ဘာဖြစ်လို့ နားမလည်နိုင်သလဲ၊ လူထုဘ၀နှင့် မ နေခဲ့ရလို့ လူထုအမြင်ကို မမြင်နိုင် ဘူး’’ဟု ၁၉၄၇ ဧပြီလအတွင်း နတ်မောက်မြို့၌ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ခံယူချက်က လေးစားဖွယ်ရာပင် ဖြစ်သည်။ ယနေ့ ခေါင်းဆောင်ဟုဆိုသူများအားလုံး မှတ်သားလိုက်နာသင့်ပေသည်။

ထို့အပြင် တပ်မတော်နှင့် ပတ်သက်၍ ‘‘ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မ ဟုတ်။ လက်နက်အားကိုးတန်ခိုး ပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ် တပ်ရဲ့ အစေခံမဖြစ်ရဘူး’’ဟု ၁၉၄၇ မတ်လ ၁၃ ရက်နေ့၊ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းဆင်းပွဲ၌ ဗမာ့တပ်မတော်စစ်သေနာပတိနှင့် စစ်ဝန်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသားမိန့်ခွန်းပြောကြားခဲ့သည်။ ယနေ့ တပ်မတော်ခေါင်း ဆောင်များအားလုံးသည် တပ်မ တော်၏ ဖခင် ဗိုလ်ချုပ်အောင် ဆန်း၏ မိန့်မှာချက်များအတိုင်း တစ်သဝေမတိမ်းလိုက်နာဆောင် ရွက်သင့်ပေသည်။ သို့မှသာ တပ် မတော်နှင့် ပြည်သူလက်တွဲညီနိုင် ပေမည်။

အစိုးရအနေဖြင့် ပြည်သူ့အ တွက် မည်သို့ပင်လုပ်ဆောင်ပေး နေစေကာမူ ပြည်သူက လက်မခံ လျှင် ချက်ချင်းဆင်းပေးရမည်ဆို သည့် ဗိုလ်ချုပ်၏ ခံယူချက်က လည်း ရှင်းလင်းပြတ်သားသည့် အပြင် ပြည်သူ့ဆန္ဒကိုသာ အ လေးအနက်ထားကြောင်း သိနိုင် ပေသည်။ ၁၉၄၇ ဇူလိုင် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းက ‘‘ကျွန်တော်တို့အစိုးရဟာ တိုင်းပြည်လူထုက ထောက်ခံလို့ဖြစ်လာတဲ့ အစိုးရဖြစ်တယ်။ တိုင်းပြည်လူထုက မကြည်ညိုဘူးလို့ သိလာတဲ့ တစ်နေ့မှာ တွယ်ကပ်မနေ ဘူး။ ထွက်ပေးမယ်။ သို့သော် တစ် နှစ်လောက်စောင့်ကြည့်တဲ့အခါ မှာ ကျွန်တော်တို့ ဘယ်လိုလူစား လဲဆိုတာ သိလိမ့်မယ်။ ရာဇ၀င် မှာအဆဲခံရမယ့် လူစားမဟုတ်ဘူး ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်သိ လိမ့်မယ်’’ဟု ပြောကြားခဲ့သည်။

ယနေ့ မြန်မာနိုင်ငံသည် ဒီမို ကရေစီစနစ်နှင့် လိုက်လျောညီ ထွေဖြစ်မည့် စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို ဖော်ဆောင်နေ ရာတွင် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမှုများကို တိုးချဲ့လုပ်ကိုင် လျက်ရှိသည်။ သို့ဖြစ်ရာ စီးပွား ရေးလုပ်ငန်းများမှ နိုင်ငံတော်သို့ အခွန်ဘဏ္ဍာငွေများ မပျက်မကွက်ပေးဆောင်နိုင်ရေးသည်လည်း နိုင်ငံတော်ယန္တရားလည်ပတ်နိုင်ရေးအတွက် လွန်စွာပင်အရေးကြီးပေသည်။ အခွန်ဘဏ္ဍာငွေများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိကဆက်နွှယ်ပတ်သက်လျက်ရှိသည်။

ထို့ကြောင့် ၀ိသမကိုယ်ကျိုးစီးပွားအတွက် အခွန်ရှောင်ခြင်းများမဖြစ်စေရန် လိုအပ်သည်။ အခွန်ဘဏ္ဍာဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် ရေဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။ ‘‘အခွန်ဘဏ္ဍာကို တိုင်းသူပြည်သားတို့မပေးဘဲ ငြင်းဆန်ခြင်းသည် တိုင်းပြည်၏ စီးပွားရေးကို အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ဖြိုခွဲဖျက်ဆီးခြင်းပင်ဖြစ်၍ ဤသို့ နိုင်ငံစီးပွားရေးပြိုကွဲသွားပါက နောက်ဆုံး၌ အများဆုံးနစ်နာခံရမည့်သူတို့မှာ တိုင်းသူပြည်သားလူထုပင် ဖြစ်သည်။’’ သို့ဖြစ်ရာ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှန်အပေါ်သို့ အမှန်တကယ် ရောက်ရှိနိုင်စေရေးအတွက် မြန်မာပြည်သူများအားလုံးနှင့်တကွ သက်ဆိုင်ရာအခွန်ထမ်းအားလုံးတို့သည် တာဝန်သိစိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် အခွန်ဘဏ္ဍာများကို သစ္စာရှိရှိပေးဆောင်ရမည် ဖြစ်သည်။

နိုင်ငံတော်တည်ဆောက် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ သည် အလုပ်သမားများနှင့် တောင်သူလယ်သမားများ၏ လုပ်အား ပေါ်တွင် အမှီသဟဲပြုလျက်ရှိ သည်။ သို့ဖြစ်ရာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအနေဖြင့် အလုပ်သမား၊ လယ်သမားတို့၏ ဘ၀ကို မဖြစ်မနေမြှင့်တင်ပေးရန် လိုအပ်ပေသည်။ သို့သော်လည်း ယနေ့အချိန်တွင် အလုပ်အကိုင် အခက်အခဲများ၊ မြေယာများ အဓမ္မသိမ်းဆည်းခံရမှုများနှင့် ဘ၀စားဝတ်နေရေးကျပ်တည်းမှု များကြောင့် အလုပ်သမား၊ တောင်သူလယ်သမားတို့၏ ဆန္ဒပြတောင်းဆိုမှုများသည် ကျေးလက်၊ မြို့ရွာ အနှံ့ဖြစ်ပေါ်လျက်ရှိရာ အများစု မှာ ယခုတိုင်ပြေလည်မှုမရရှိကြ သေးပေ။ ထို့အပြင် ဆန္ဒပြတောင်းဆိုခဲ့ကြသော အလုပ်သမားတောင်သူလယ်သမားအချို့ကို ဥပဒေနှင့် မညီညွတ်၍ဟုဆိုကာ သက်ဆိုင် ရာအာဏာပိုင်များက အရေးယူ ခဲ့ကြသည်။ သို့ဖြစ်၍ တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်ကာ အလုပ်သမား များ၊ တောင်သူလယ်သမားများ အနေဖြင့် လူမှုဒုက္ခများနှင့် ရင်ဆိုင်နေကြရသည်။

အလုပ်သမားများ သပိတ်မှောက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း က ‘‘အလုပ်သမားတွေ သပိတ် မှောက်ကြရတာက ကြောင်းကျိုး မဆီလျော်တဲ့ တောင်းဆိုချက်ကို ဖန်တီးပြီး တောင်းဆိုချင်လို့ မ ဟုတ်ပါဘူး။ သူတို့အဖို့ စားရေး နေရေးပြေလည်စေမည့် လုပ်ခ တွေ ထောက်ပံ့ကြေးတွေရဖို့အ တွက် အကျပ်ကိုင်နိုင်တဲ့ တစ်ခု တည်းသော လက်နက်ကို အားကိုး အားထားပြုတာပဲ ဖြစ်တယ်။ ဒါ ကြောင့် အလုပ်သမားတွေဘက် က ကြောင်းကျိုးမဆီလျော်ဘူးဆို တဲ့ ပြဿနာဟာ မရှိပါဘူး’’ဟု ၁၉၄၆ မေလ ၁၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်၏ ဒုတိယအကြိမ်မြောက် ဗဟိုဦးစီးအဖွဲ့အ စည်းအဝေးတွင် ပြောကြားခဲ့ သည်။ တောင်သူလယ်သမားများ နှင့် ပတ်သက်၍ ဗိုလ်ချုပ်က ‘‘တောင်သူလယ်သမားတွေဟာ ဗမာပြည် မှာ လူအများစုဖြစ်တယ်။ လွတ် လပ်ရေးရတဲ့အခါမှာ ခင်ဗျားတို့ ရဲ့ လွတ်လပ်ရေးပါလာမယ်။ တောင်သူလယ်သမားလူများစုရဲ့ အခွင့်အရေးမပါဘဲ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆ တယ်’’ဟု ၁၉၄၇ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ တောင်သူလယ် သမားညီလာခံတွင် မိန့်ခွန်းပြော ကြားခဲ့သည်။ ထို့ကြောင့် ယနေ့ ဖြစ်ပေါ်နေသော တောင်သူလယ် သမားဆိုင်ရာ ပြဿနာများ အမြန်ဆုံးပြေလည်နိုင်စေရေးအတွက် မျှော်လင့်ချက်ရောင်နီများသန်း လာမည့်အချိန်ကို မျှော်လင့်နေမိ ပါသည်။

ယနေ့အချိန်အခါတွင် မြန် မာနိုင်ငံ၌ တိုးပွားလာသော လူဦး ရေနှင့်အတူ စိန်ခေါ်မှုပြဿနာ တစ်ခုအနေဖြင့် ရင်ဆိုင်နေရသည် မှာ ဆင်းရဲနွမ်းပါးမှုကို အကြောင်းပြု၍ ခိုကိုးရာမဲ့များ၊ အိမ်ရာမဲ့ များ တိုးပွားလာခြင်းပင် ဖြစ်သည်။ထို့ကြောင့် အိမ်ရာမဲ့များအနေဖြင့် ကျူးကျော်နေထိုင်မှုများ တစ်စတစ်စပွားများလာခဲ့သည်။ သို့ဖြစ်ရာ သက်ဆိုင်ရာအာဏာပိုင်များက အင်အားအသုံးပြု၍ ရှင်း လင်းဖယ်ရှားခဲ့ခြင်းများကြောင့် ဆင်းရဲသားပြည်သူများအနေဖြင့် ထိခိုက်နစ်နာလျက်ရှိသည်။ မြန် မာနိုင်ငံသားများဖြစ်ပါလျက် မိမိ နိုင်ငံတွင် နေထိုင်စရာ နေရာလေး တစ်နေရာပင် မရှိကြသူများအ တွက် ရင်နာစရာကောင်းလှပါ သည်။ သက်ရှိလူသားတစ်ဦးအ နေဖြင့် နေစရာမရှိလျှင် လမ်းမ ပေါ်၊ ဘတ်စ်ကားမှတ်တိုင်များ၊ တိုက်တာအဆောက်အအုံအ ပျက်များ၊ အဆောက်အအုံနံရံ များ၊ ပျံကျဈေများစသည့်ဖြစ်သ လို ကြုံသလိုခိုလှုံစရာနေရာများ တွင် တိရစ္ဆာန်များကဲ့သို့ပင် နောက်ဆုံးနေထိုင်ကြရတော့မည် ဖြစ် သည်။

ဗိုလ်ချုပ်ကို သတိရမိပြန် ပါသည်။ ‘‘ယခုအိမ်ရာပြဿနာ နှင့် ပတ်သက်ပြီး ပြောလိုပါသည်။အရိပ်အာဝါသရဖို့ လိုနေသည့် လူတွေ၊ ကိုယ်ပိုင်အိမ်ရာမဆောက် နိုင်သည့်လူတွေကို ကျွန်တော်တို့ က ခိုကိုးနေထိုင်စရာပေးရမည်။ ပြီးတော့ အုပ်ချုပ်ရေးရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေအစရှိ သဖြင့် ဤကဲ့သို့ ရုံးတွေအတွက် လည်းပဲ အဆောက်အအုံတွေ ရှာ ဖွေပေးရဦးမည်။ လိုအပ်တဲ့ကိစ္စ တွေ ဖြည့်စွမ်းပြီးမှသာ အိမ်ရာ တွေဆောက်ဖို့ကိစ္စအတွက် လှမ်း နိုင်မည်’’ဟု ၁၉၄၇ ဇွန်လ ၇ ရက်နေ့တွင် မြန်မာပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်း ကွန်ဖရင့် အစည်းအဝေး၌ ဗိုလ်ချုပ်က မိန့်ကြားခဲ့ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ကား နိုင်ငံတော်လွတ်လပ်ရေးရရှိ ရေးအတွက် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့သည်သာမက နိုင်ငံ နှင့် ပြည်သူအတွက် မည်သည့်အ ရာမျှ မငဲ့ကွက်ဘဲ အတွေးအခေါ် အမြော်အမြင်ကြီးစွာဖြင့် ကိုယ် ကျိုးမဖက် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ မေလ ၃၀ ရက်တွင် သတင်းစာဆရာများအစည်းအဝေး၌ ‘‘လွတ်လပ်ရေးရတဲ့အချိန်အထိတော့ ကျုပ်နိုင်ငံရေးလုပ်ရဦးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီ တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ကျုပ်ကမပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာထိုင်ကြည့်ပြီး စာအုပ်ရေးမယ်။ ကျုပ်လုပ်နေတဲ့ အချိန်အတွင်းမှာတော့ ကျွန်တော်ရဲ့ ယုံကြည်ချက်အတိုင်း အနိုင်မခံ အရှုံးမပေးဘဲ၊ နောက်ဆုံးအချိန်အထိ လုပ်မှာပဲ’’ဟု ပြောကြားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်၏အာဏာမမက်၊ တိုင်းပြည်အတွက်ဆိုသည့် စိတ်ဓာတ်သည်ကား ပေါ်လွင်ထင်ရှားလျက်ရှိသည်။

ယနေ့ မြန်မာနိုင်ငံသည် အ တိတ်အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် အ ဘက်ဘက်မှ ခေတ်နောက်ကျကျန်လျက်ရှိသည်။ ဒီမိုကရေစီစနစ်နှင့်အညီ နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပါသော်လည်း အခက်အခဲများ ရင်ဆိုင်နေရသည်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ပြီး ပြည်သူလူထု ၏ ဘ၀စားဝတ်နေရေး အမြန်ဆုံးပြေလည်နိုင်စေရေးတို့သည် လက်ရှိနိုင်ငံတော်ကို ဦးဆောင်နေသော အစိုးရခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအသီးသီးတို့၏ ခေါင်းဆောင်များတို့အပေါ်တွင် အဓိက မှီတည်နေသည်မှာ ငြင်းနိုင်ဖွယ်ရာမရှိပေ။ ပါးစပ်ဖြင့်သာ မြန်မာနိုင်ငံတော်ကြီးကို ချစ်ပြမနေကြဘဲ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အာဏာမမက်၊ တိုင်းပြည်အတွက်ဆိုသည့် စိတ်ဓာတ်မျိုးသာ ထားကြမည်ဆိုလျှင်....။

http://7daydaily.com/story/29365#.VLp-1nvdXLV
.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...