စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမှိုက်ကလေးရယ် ရွှေဖြစ်လိုက်ပါတော့ကွယ်

                          


  လောကတွင် အမှိုက်ဟု ဆိုလိုက်သည်နှင့် ထိုဝတ္ထုပစ္စည်းသည် သုံးစွဲ၍မရသောအရာ၊ လွှင့်ပစ်ရမည့်အရာဟု သတ်မှတ်ကြပါသည်။ သို့သော် အချို့သော သက်ရှိသက်မဲ့များသည် အမှိုက်မဟုတ်ပါဘဲနှင့် အမှိုက်ဟု သတ်မှတ်ခံရသည်များလည်း ရှိပါသည်။

ထိုသို့ ပြောဆိုခံရခြင်းသည် မိမိနေရမည့် နေရာတွင် မနေ၊ ရှိရမည့်နေရာတွင် မရှိသောကြောင့်ပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် သစ်ပေါ်ရှိသစ်ရွက်တို့သည် အပင်ပေါ်၌ ရှိနေစဉ် အမှိုက်မဟုတ်ပါ။ အပင်ပေါ်ရှိ သစ်ရွက်တို့သည် လူသတ္တဝါအပေါင်းကို အရိပ်ရစေသည်ဖြစ်သလို၊ ခပ်ဖွဲဖွဲသာ ရွာသောမိုးကိုလည်း စိုစေသည်။ သိုသော် ထိုသစ်ရွက်များ ရင်ရော်နွမ်းခြောက်ပြီး ကြွေကျမြေခရသောအခါ အမှိုက်အဖြစ်သို့ပြောင်းလဲသွားရပါသည်။ 

စားပွဲပေါ်ရှိ စာရွက်များသည် စာရေးသားရန်အတွက် အသုံးဝင်အဖိုးတန်သော်လည်း လေတိုက်သဖြင့် လွင့်ကျပြီး လမ်းပေါ်ရောက်သွားလျှင် အမှိုက်ဖြစ်သွားပါသည်။ ထို့ကြောင့် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ ကိုယ့်နေရာကိုယ်မနေ၊ ကိုယ်ရှိရမည့်နေရာတွင် မရှိလျှင် အမှိုက်များဖြစ်သွားတတ်ပါ၏။

  နေရာမှားယွင်းရောက်ရှိခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်ပြီး ဘေးဒုက္ခတွေ့တတ်ပါသည်။ တစ်ခါတုန်းက ဘီလုံးငှက်တစ်ကောင်သည် သူ၏နေရာဖြစ်သော ထွန်စာခဲများရှိရာ မြေကြီးပေါ်တွင်မနေဘဲ သူ၏နေရာမဟုတ်သော ညီညာသည့် မြက်ခင်းပြင်တွင် နေမိသဖြင့် စွန်ရဲတစ်ကောင်၏ ကုတ်ချီခြင်းကိုခံရသည်။ သိုသော် သူ၏နေရာမှန်သို့ ပြန်လည်ရောက်ရှိသောအခါ စွန်ရဲကြီးကို စိန်ခေါ်ပြီး အံတုယှဉ်ပြိုင် အနိုင်တိုက်ခိုက်နိုင်ခဲ့ပါသည်။

  နေရာမှားသောစပါးလုံး
----------------------------
စပါးကျီထဲတွင်ရှိသော စပါးများသည် လူတို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဖြစ်သည်။ ထိုစပါးတို့ကို စက်ထဲထည့်ပြီး ကြိတ်ခွဲအခွံချွတ်လိုက်သော် ဆန်အဖြစ်ပြောင်းလဲသွားပြီး ချက်ပြုတ်စားသောက်နိုင်သော အဆင့်သို့ရောက်ရှိသွားပါသည်။ ထိုကြိတ်ခွဲပြီးသော ဆန်ထဲတွင် စပါးလုံးအနည်းငယ် ရောနှောပါရှိနေပါက ထိုစပါးလုံးကို အမှိုက်အဖြစ်သတ်မှတ်ပြီး ကောက်ယူလွှင့်ပစ်ကြပါသည်။ သူ့နေရာ စပါးကျီတွင် တန်ဖိုးရှိသော်လည်း ဆန်ထဲတွင် နေမိသောကြောင့် တန်ဖိုးမဲ့ရလေ၏။
ယခုအခါ ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူမှန်နေရာမှန် မဟုတ်ဘဲ၊ နေရာမှားပြီး ရောက်ရှိနေသူများကို တွေ့နေရပါသည်။ 
 
ထိုသို့နေရာမှားတွင် ရောက်ရှိနေသူများသည် မိမိ၏နေရာမှန်ကို သိရှိနားလည်သင့်ပါသည်။ မိမိဘဝ၏ မြစ်ဖျားခံရာ နေရာမှန်ကိုသိပါလျက် နေရာမှန်တွင်မရှိဘဲ၊ ခေတ်ရေစီးကြောင်းတွင် မျောပါလာပြီး နေရာမှားတွင် သောင်တင်နေလျှင် အမှိုက်ဘဝသို့ ရောက်သွားတတ်ပါသည်။ ထိုသူတို့သည် မိမိဘဝကို အမှိုက်အဖြစ် ကုန်ဆုံးတော့မည်လော။ မိမိဘဝ အမှိုက်အဖြစ် သတ်မှတ်မခံရမီ၊ နေရာမှန်သို့ပြန်ကာ ရွှေအဖြစ်ပြောင်းလဲပစ်ရန် အချိန်တန်ပါပြီ။ ဒါနဲ့ ပတ်သက်ပြီး ပုံပြင်လေးတစ်ပုဒ်ကို တင်ပြလိုပါသည်။

အမှိုက်မှ ရွှေဖြစ်သွားခြင်း
-----------------------------
တစ်ခါသော် မိတ်ဆွေသူငယ်ချင်းသုံးယောက်တို့သည် ရတနာမြေပုံတစ်ခုကို ရရှိပြီး သုံးဦးအတူတကွ သွားရောက်ရှာဖွေကြသည်။ ကံကောင်းထောက်မစွာပင် သူတို့သည် ရတနာများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤတွင် သူတို့ထဲမှတစ်ဦးက ဤသို့အကြံပြုပါသည်။
“ သူငယ်ချင်းတို့၊ တို့တတွေ ဒီရတနာတွေကိုယူပြီး ပြန်ရာမှာ တောအုပ်တစ်ခုကို ဖြတ်သွားရမယ်၊ အဲဒီတောက ဓားပြသိပ်ကိုသောင်းကျန်းတာ၊ ဒါကြောင့် ဒီရတနာတွေကို မြိုချပြီး ဗိုက်ထဲထည့်ယူသွားရအောင် ”

ထိုအကြံကို အခြားနှစ်ယောက်ကလည်း သဘောတူတာကြောင့် ရတနာတွေကို အသီးသီးမြိုချကြတယ်။
မိတ်ဆွေသုံးဦးတို့ဟာ ရတနာတွေမြိုချဖို့ တိုင်ပင်နေဆဲမှာ သူတို့အနီးကို အမှတ်မထင် တိတ်တဆိတ်ရောက်လာတဲ့ လူဆိုးသူခိုးတစ်ယောက်က သူတို့ပြောဆိုနေတာကို ကြားသွားပြီး ခုလိုစဉ်းစားမိပါသည်။

“ အင်း၊ ငါ့အတွက် အကွက်ကောင်းပဲ၊ ငါဒီသုံးယောက်လုံးကို မိတ်ဆွေဖွဲ့ပြီး သူတို့နဲ့အတူလိုက်သွားမယ်။ ဒီလိုလိုက်သွားရင်း လစ်တာနဲ့ သုံးယောက်လုံးကို သတ်ပြီး ရတနာတွေကို အပိုင်စီးလိုက်မယ် ”
သူခိုးဟာ ခုလိုစဉ်းစားမိတာနဲ ဆုံးဖြတ်ချက်ချလိုက်ပြီး “ မိတ်ဆွေတို့၊ ကျွန်တော် အဖော်မပါလို့၊ ခင်ဗျားတို့နဲ့ အတူလိုက်ခဲ့ပါရစေ ” လို့ ဆိုသတဲ့။

သူခိုးရဲ့ အကြံကို မသိကြဘဲ သူငယ်ချင်း သုံးယောက်ကလည်း…. “ ဟာ ကောင်းတာပေါ့၊ လေးယောက်ဆိုတော့ အင်အားပိုတောင့်တာပေါ့ဗျာ ”
အဲဒီလိုနဲ့ လေးယောက်သား ခရီးဆက်ပြီး တောထဲကိုရောက်လာပါရော၊ အဲဒီအချန်မှာ….
“ ဒီလူတွေမှာ ရတနာတွေပါတယ်၊ ဖမ်းကြ ဖမ်းကြ ” ဆိုတဲ့ ကြက်တူရွေးတစ်ကောင်ရဲ့ အသံ ပေါ်လာတာကြားရပြီး မရှေးမနှောင်း အချိန်မှာပဲ ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ 
 
ဓားပြဗိုလ်ဟာ သူတို့လေးဦးကို ဖမ်းပြီးတာနဲ့ ချက်ချင်းပဲ သူတို့ကိုယ်ပေါ်နဲ့ ခရီးဆောင်အိတ်တွေထဲ အနှံရှာပေမယ့် ဘာရတနာမှ မတွေ့ဘူးဖြစ်နေတယ်။ ကြက်တူရွေးက ရတနာတွေပါတယ်လို့ အော်ဟစ်ပါလျက်နှင့် ရှာမတွေ့တော့ ဓားပြဗိုလ်က စဉ်းစားတယ်။
“ ငါ့ ကြက်တူရွေးဟာ ဒီတောကို ဝင်လာတဲ့လူတွေမှာ ရတနာ ပါ-မပါ အတိအကျသိတယ်။ တစ်ခါမှ မမှားဖူးဘူး။ ဧကန္တ ဒီလူတွေဟာ ရတနာတွေကို မြိုချပြီး သိုဝှက်ထားတာ ဖြစ်လိမ့်မယ် ” ဒီလိုတွေးမိလိုက်တာနှင့် ဓားပြဗိုလ်က…

“ မင်းတို့လေးယောက် ရတနာတွေကို မြိုချပြီး ဝမ်းထဲမှာ ဝှက်ထားတာ ငါသိတယ်ကွ။ ဒီတော့ မနက်မိုးလင်းမှ မင်းတို့ကို သတ်ပြီး ရတနာတွေကို ယူရမယ်။ ခုတော့ အချုပ်ထဲမှာ တစ်ညအနားယူကြဦးကွ၊ ဟား ဟား ဟား… ”
ဒီလိုနဲ့ ညအချိန်ရောက်လာတော့ အားလုံးအိပ်မပျော်ဘဲ အတွေးကိုယ်စီနဲ့ တွေးနေကြတယ်။ သူခိုးကလည်း စဉ်စားခန်းဝင်နေတယ်။

“ ငါဟာ လူမှန်းသိတတ်စအရွယ်ကနေ ခုအချိန်ထိ ကောင်းတာတစ်ခုမှ မလုပ်ခဲ့ဖူးဘူး။ မကောင်းတာတွေသာ လုပ်ခဲ့တယ်။ မကောင်းမှုမှန်သမျှ အကုန်လုပ်ပြီး လူအများကို စိတ်ဆင်းရဲဖြစ်အောင် အမြဲလုပ်ခဲ့တယ်။ ဒီတစ်ခါတော့ ငါအသက် သုံးချောင်းကို ကယ်လိုက်မယ် ”
လူဆိုးသူခိုးဟာ ဒီလိုဆုံးဖြတ်ပြီးတဲ့နောက်၊ မနက်လင်းတာနဲ့ ဓားပြဗိုလ်နဲ့တွေ့ပြီး အခုလို ပြောလိုက်ပါတယ်။

“ ခေါင်းဆောင်ဗိုလ်ကြီးခင်ဗျာ၊ ကျွန်တော်တို့ ညီအစ်ကိုတွေမှာ ရတနာတွေမပါပါဘူး။ ကျွန်တော် တကယ်ပြောတာပါ။ ဗိုလ်ကြီးမယုံရင် ကျွန်တော့်ကို အရင်ဆုံးသတ်ပြီး ဗိုက်ကိုခွဲရှာကြည့်ပါ။ ကျွန်တော်ပြောတဲ့အတိုင်း ဗိုက်ထဲမှာ ရတနာတွေ ရှာလို့မတွေ့တာမှန်ရင် ကျွန်တော့်ညီသုံးယောက်ရဲ့ အသက်ကို ချမ်းသာပေးပါဗျာလို့ ပြောလိုက်ပါတယ် ”

လူဆိုးလူမိုက်ရဲ့ ပြောစကားဟာ ယုတ္တိရှိ သဘာဝကျတဲ့အတွက် ဓားပြဗိုလ်ကြီးက သဘောတူပြီး ကျန်သုံးယောက် အသက်ချမ်းသာရေးကို တာဝန်ယူကတိပေးကာ လူဆိုးလူမိုက်ကို အရင်သတ်လိုက်တယ်။ လူဆိုးလူမိုက်ရဲ့ဗိုက်ထဲမှာ ဘာရတနာမှ မတွေ့တာကြောင့် ပေးထားတဲ့ ကတိစကားအတိုင်း သူငယ်ချင်းသုံးယောက်ကို လွှတ်ပေးလိုက်လို့ သူငယ်ချင်းသုံးယောက်လုံး သေဘေးကလွတ်ခဲ့ပါတယ်။
ဒါဟာ လူတကာကို ဒုက္ခအမျိုးမျိုးပေးနေလို့ လူကောင်း၊သူတော်ကောင်းတွေအတွက် အမှိုက်ဖြစ်နေတဲ့ သူခိုးဂျပိုး (ကြမ်းပိုး) လူဆိုးလူမိုက် ဘဝကနေ အဖိုးတန်လူတစ်ယောက်ဖြစ်သွားတဲ့၊ အမှိုက်ကနေ ရွှေအဖြစ်ပြောင်းသွားတဲ့ သာဓကလေးတစ်ခုပါ။ ဒါကြောင့် -
ကျွန်တော်တို့ နိုင်ငံမှာ ကိုယ့်နေရာမှာ ကိုယ်မရှိဘဲ နေရာမှားကို ရောက်နေသူများရှိခဲ့ရင်၊ ကိုယ့်နေရာအမှန်ဟာ ဘယ်မှာလဲလို့ ပြန်လည်သုံးသပ်ပြီး အမှိုက်ဘဝကနေ ရွှေအဖြစ်ခံယူကြပါလို့သာ အမှာစကားပါးလိုက်ပါတယ်။

မိမိသေရာသို့ ပါမည်မဟုတ်သော ရာထူး၊ အာဏာ၊ ဥစ္စာစည်းစိမ်၊ ရွှေငွေတိုက်တာတို့နှင့်
သေရွာသို့ မိမိနှင့်အတူ ပါလာမည်ဖြစ်သော အကုသိုလ်များနှင့် မလဲလှယ်မိပါစေနှင့်။

ညီမေတ္တာ။
ဇီဝိတဒါန လူလွှတ်ပွဲနှင့်နှလုံးလှ ရသစာစုများစာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...