စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စွန့်ပစ်ခံထားရသည့် ရုရှားကလေးငယ် တစ်ဦးကို ကြောင်မကြီး တစ်ကောင်က ကူညီစောင့်ရှောက်


ရုရှားနိုင်ငံတွင် အေးခဲလှသည့် ရာသီဥတုအတွင်း စွန့်ပစ်ခံထားရရှာသည့် (၃)လအရွယ် ကလေးငယ် တစ်ဦးသည် ကြောင်မကြီး တစ်ကောင်၏ ကယ်တင်မှုကြောင့် ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ကြောင်း သတင်းရရှိသည်။

အိုဘင့်စ်ခ်မြို့ရှိ လေလွင့် သွားလာနေသော ကြောင်မကြီးသည် သေတ္တာငယ် တစ်လုံးထဲ ထည့်ကာ စွန့်ပစ်ခြင်း ခံခဲ့ရသည်ဟု ယူဆရသည့် ကလေးငယ်ကို အနွေးဓာတ်ပေးရင်း စောင့်ရှောက်ခဲ့ခြင်း ဖြစ်သည်။ အမွေးရှည်ရှည်နှင့် ကြောင်မကြီး မာရှာသည် ကလေးငယ်ကို ထည့်ထားသည့် သေတ္တာထဲ ဝင်ရောက်ကာ ကျယ်လောင်စွာ အော်မြည်နေခဲ့သည်။

မာရှာ၏ ဆက်တိုက် အော်မြည်နေမှုကြောင့် အမှိုက်ထွက်ပစ်သည့် အသက်(၆၈)နှစ်အရွယ် အမျိုးသမီး အိုင်ရီနာ လက်ဗ်ရိုဗာက စူးစမ်း စစ်ဆေးခဲ့ရာတွင် ကလေးငယ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ပိုင်ရှင်မဲ့ ကြောင်တစ်ကောင် ဖြစ်သော်လည်း အနီးအနားတွင် နေထိုင်သူများက သူမကို ရင်းနှီး သိရှိနေပြီး မာရှာဟု အမည်ပေးထားခြင်း ဖြစ်သည်။

လက်ဗ်ရိုဗာက “မာရှာက အေးအေးချမ်းချမ်း နေတတ်ပြီး လူတွေနဲ့ ယဉ်ပါးတဲ့ ကြောင်မကြီးပါ။ သူအော်နေတဲ့ အသံကြားတော့ တစ်ခုခု ထိခိုက် ဒဏ်ရာရလာတယ်လို့ ထင်ခဲ့မိတာ။ ပုံမှန်ဆိုရင် သူက အခုလိုမျိုး အော်နေမှာ မဟုတ်ဘူး။ ကျွန်မနားကို လာပြီးတော့ ပွတ်သီးပွတ်သပ် နှုတ်ဆက်မှာပဲလေ”ဟု ဆိုသည်။

သူမက “ဒါနဲ့ ကျွန်မလည်း သေတ္တာထဲ သွားကြည့်တာပေါ့။ မာရှာက ကလေးသေးသေးလေး ဘေးနားမှာ လှဲလျောင်းနေတဲ့ မြင်ကွင်းကြောင့် ကျွန်မ ဘယ်လောက် တုန်လှုပ်သွားသလဲဆိုတာ တွေးသာကြည့်ပါတော့”ဟုလည်း ပြောကြားခဲ့သည်။ ကလေးငယ်ကို အနီးဆုံး ဆေးရုံတစ်ခုသို့ တင်ပို့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျန်းကျန်းမာမာပင် ရှိနေကြောင်း သိရှိခဲ့ရသည်။

ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်သွားခြင်းဟု ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် ကလေး၏ နံဘေးတွင် ဦးထုပ်တစ်လုံးနှင့် Diaperများ ထားရှိသွား၍ ဖြစ်ကြောင်း Babble သတင်းဌာနက ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့သည် ကလေး၏ မိဘများကို လိုက်လံ ရှာဖွေလျက် ရှိသည်။

“ကလေးငယ်က အိမ်အပြင်ဘက်မှာ နာရီပေါင်း တော်တော်ကြာအောင် ရှိနေခဲ့တာပါ။ မာရှာ့ကျေးဇူးနဲ့ ကလေးရဲ့ အဝတ်အစားတွေကြောင့်သာ ဒီလို ဆိုးရွားတဲ့ ရာသီဥတုထဲမှာ ကလေးလေး ဒုက္ခမရောက်ခဲ့တာပါ”ဟု ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

ယခုအခါ ကြောင်မကြီး မာရှာသည် ပတ်ဝန်းကျင်တွင် နာမည်ကြီး Celebrity တစ်ဦးနှယ် ထင်ရှားလာပြီး လူတိုင်းက ချီးကျူး ဂုဏ်ပြုနေကြောင်း သိရသည်။ “ကျွန်မတို့ တိုက်ခန်းတွဲမှာ ရှိနေတဲ့ လူအားလုံးက မာရှာအတွက် ဂုဏ်ယူနေကြတယ်။ အခုဆို သူကြိုက်တဲ့ အစားအစာတွေကို လူတိုင်းက ခေါ်ယူ ကျွေးမွေးနေကြပါတယ်”ဟုလည်း လက်ဗ်ရိုဗာက ပြောဆိုသွားသည်။
_Ref: Hngn

 .. http://7daydaily.com/story/29521

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...