စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုတင့်(သို့မဟုတ်) အရိုင်းနှင့် တွေ့ဆုံခြင်း

‘‘ရယ်မောခြင်းကြောင့် အကယ်ဒမီပေးမယ်ဆိုရင် ကျေနပ်တယ်’’
ဓာတ်ပုံ−ကျော်ဇင်သန်း

ရပ်ကွက်ထဲမှ အဖြစ်အပျက်များကို ဇာတ်လမ်းဆင်ထားသော ကိုရွှေထူး၏ကာတွန်းရုပ်ပြများကို ပရိသတ်များနှစ်ခြိုက်ခဲ့သည်။ ယင်းဇာတ်လမ်းများကို ဗီဒီယိုအဖြစ် ဖန်တီးရာတွင် အောင်မြင်ခဲ့ပြီး ရုပ်ရှင်အဖြစ် အသက်သွင်းရာတွင်လည်း ပရိသတ်တစ်ခဲနက်အားပေးသော ကိုတင့်ဇာတ်ရုပ်နှင့်လိုက်ဖက်အောင် သရုပ်ဆောင်နိုင်ခဲ့သည့် အရိုင်းကိုလည်း ပရိသတ်များ အထူးအားပေးခဲ့ကြသည်။ ထို့ကြောင့် ကိုတင့်အဖြစ် ပရိသတ်အသိအမှတ်ပြုခံရအောင် သရုပ်ဆောင်နိုင်ခဲ့သည့် အရိုင်းကို ကိုတင့်နှင့်ပတ်သက်သည့် အမှတ်တရများအပါအဝင် အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။



မေး- ဦးအရိုင်း ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ကိုတင့်တို့ စူပါရပ်ကွက်’ရုပ်ရှင်ကားက ပွဲချိန်တိုင်းလူပြည့်သလို ရက်တိုးပြီး ရုံတင်ပြသနေတာဆိုတော့ အဲဒီအပေါ် ပီတိလေးပြောပြပေးပါဦး။

ဖြေ- ဦးအရိုင်းရဲ့ဘဝမှာ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ပထမဆုံးခေါင်းဆောင်ရိုက်ခွင့်ရတယ်။ အဲဒီဇာတ်ကားမှာပဲ ဝက်ဝက်ကွဲအောင်မြင်ပြီး ပရိသတ်တွေ တဝုန်းဝုန်းနဲ့ အားပေးကြတာဆိုတော့ ရင်ထဲမှာ အတိုင်းမသိပီတိ ဖြစ်ပါတယ်။ ဝမ်းသာပါတယ်။ အနုပညာဖန်တီးသူတွေအတွက် ပရိသတ်အားပေးမှုရတော့ ကြိုးစားရကျိုးနပ်တယ်။

မေး- ဒီရုပ်ရှင်မှာ အနုပညာရှင်တွေအများကြီးပါတာဆိုတော့ ဘာတွေအမှတ်တရရှိခဲ့လဲ။

ဖြေ- အမှတ်တရအနေနဲ့ကတော့ ဦးအရိုင်းအပေါ်မှာ အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ မေတ္တာတရားထားမှု၊ တုံ့ပြန်မှု၊ ချစ်ခင်မှုတွေက အမှတ်တရတွေပါ။ ကိုယ်တွေနဲ့အလွှာတူတဲ့လူတွေပဲ ကိုယ့်ကိုကူညီမယ်ထင်ထားတာ အငယ်တွေပါ အကုန်ဝိုင်းပြီးကူညီတာက ငါ့ကို တော်တော်လေးချစ်ကြပါလား မောင်နှမစိတ်တွေရှိကြပါလားဆိုပြီး ခံစားမိတယ်။

မေး- ကိုတင့်ဇာတ်ကောင်နဲ့ ဗီဒီယိုတွေလည်း ရိုက်ခဲ့တယ်။ ဦးအရိုင်းနဲ့လည်း လိုက်တယ်လို့ပြောကြတော့ ဒီဇာတ်ရုပ်က ဦးအရိုင်းကို လွှမ်းမိုးမှုဘယ်လောက်ရှိလဲ။

ဖြေ- ဦးအရိုင်းကတော့ သူ့ရဲ့ကာရိုက်တာကိုပဲကြည့်တယ်။ ကိုတင့် ကိုတင့်နဲ့နေရာတိုင်းမှာ ကိုတင့်ဖြစ်ဖို့လည်း မကြိုးစားပါဘူး။ ကိုတင့်မှာ ထူးခြားတဲ့ကာရိုက်တာတွေရှိတယ်။ သူက မိန်းမကို ကြောက်တာမဟုတ်ပေမယ့် မိန်းမကအမြဲနိုင်တယ်။ နောက်ပြီး သူက ပြောလိုက်ရင် အပီအပြင်ပဲ။ လုပ်လိုက်ရင်တလွဲဖြစ်ဖြစ်သွားတယ်။ အဲဒီကာရိုက်တာတွေကိုပဲ ဖမ်းထားပြီး ကျန်တာတွေကိုတော့ ဦးအရိုင်းစိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့လုပ်ဖြစ်တယ်။ နောက်ပြီး သူ့ရဲ့ ဇာတ်ကွက်ကလေးတွေကိုလည်း ဖတ်ကြည့်တယ်။ ဒီထဲမှာပါပါ၊ မပါပါ ဖတ်တယ်။ ဦးအရိုင်းနဲ့သွားကိုက်နေတာကလည်း ဦးအရိုင်းက ရပ်ကွက်ထဲမှာရှိတဲ့လူတွေရဲ့ ပြုမူပြောဆိုနေထိုင်တာကို သဘောကျတယ်။ ဒီကာတွန်းမရိုက်ခင်ကတည်းက ရပ်ကွက်တွေရောက်ရင် လျှောက်ကြည့်ဖြစ်တယ်။ ရပ်ကွက်ထဲမှာ ဘယ်သူကဘယ်လိုဆိုတာကို ရောက်တဲ့နေရာမှာ အမြဲတမ်းစူးစမ်းလေ့လာရတာဝါသနာပါတယ်။ အဲဒီတော့ ဒီဇာတ်လမ်းက ကိုယ်နဲ့ကွက်တိဖြစ်သွားတာ။ ဇာတ်ရုပ်က ကိုယ့်ကိုအမြဲတမ်း လွှမ်းမိုးထားတဲ့ပုံစံတော့အဖြစ်မခံပါဘူး။

မေး- အရင်က ဟာသသရုပ်ဆောင်တွေ အကယ်ဒမီရကြပေမယ့် ဟာသနဲ့ အကယ်ဒမီရတာ မရှိသလောက်ပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဟာသတွေကိုလည်း အကယ်ဒမီပေးလာပြီ။ ပရိသတ်တွေကလည်း ဦးအရိုင်းကို ဒီကားနဲ့အကယ်ဒမီ ရနိုင်တယ်လို့ ခန့်မှန်းပေးထားကြတာဆိုတော့ အကယ်ဒမီကို မျှော်လင့်နိုင်ပြီလား။

ဖြေ- ဒါကတော့ ကံသေကံမပြောထားလို့ မရသေးဘူး။ သို့သော်လည်း ဦးအရိုင်းစိတ်ထဲမှာ ဘာကိုကျေနပ်မလဲဆိုရင် ဟာသကို အကယ်ဒမီပေးမယ်ဆိုရင်တော့ ကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးအရိုင်းတို့ ဟာသသရုပ်ဆောင်တွေက ဟာသနဲ့ အကယ်ဒမီမရကြဘူး။ နင့်ခနဲနေအောင် ဖြစ်သွားတယ်။ လူရွှင်တော်မျက်ရည်ကျမှ အကယ်ဒမီပေးတယ်ဆိုတဲ့ပုံစံဖြစ်နေတယ်။ အဲဒါကြောင့် ရယ်မောရခြင်းရဲ့အတတ်ပညာတစ်ခုကလည်း ပညာရပ်တစ်ခုပါပဲဆိုတဲ့ ရယ်ရလို့ အကယ်ဒမီပေးတယ်ဆိုတာမျိုး ဖြစ်စေချင်တယ်။ ဒီကားကတော့ တော်တော်ကိုရယ်ရတဲ့အတွက် အကယ်ဒမီပေးပါတယ်ဗျာဆိုတာမျိုး ဖြစ်စေချင်တယ်။ တခြားပညာရပ်ပိုင်းဆိုင်ရာကတော့ ရမှာလည်းမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားက ဇာတ်လမ်းဇာတ်ကွက်လည်းမရှိဘူး။ ကာတွန်းရဲ့ဇာတ်ကွက်တစ်ခုချင်းတစ်ခုချင်းစီကို သီတံထိုးပြီး ပုံဖော်ထားတာဖြစ်တဲ့အတွက် ဇာတ်ကားနဲ့ပတ်သက်ပြီး ရချင်မှရလိမ့်မယ်။ သို့သော်လည်း ရယ်စရာဖြစ်လို့ပေးတယ်ဆိုရင် ဘယ်သူရရ ကျေနပ်ပါတယ်။ ရယ်မောခြင်းက ရသကိုးပါးထဲမှာလည်း တစ်ပါးပါတယ်လေ။ အဲဒီတော့ ရယ်ရတဲ့ရသအပေါ်မှာ ပညာရပ်တစ်ခုအနေနဲ့ မှတ်ယူပေးမယ်။ ရယ်မောခြင်းကြောင့် အကယ်ဒမီပေးမယ်ဆိုရင် ကျေနပ်တယ်။

မေး- ဒီရုပ်ရှင်ကိုကြိုက်တဲ့လူတွေရှိသလို ဇာတ်လမ်းဇာတ်ကွက်မရှိဘူးလို့လည်း ပြောတဲ့သူတွေရှိတာဆိုတော့ အဲဒီအပေါ်မှာ ဘာပြောချင်ပါသလဲ။

ဖြေ- ဒါကတော့ သူ့ရဲ့ဖရိန်ကိုက ရပ်ကွက်ထဲမှာဖြစ်တဲ့အကြောင်းအရာတွေကို တင်ပြထားတာ။ ဟိုအိမ်မှာဖြစ်လိုက်၊ ဒီအိမ်မှာဖြစ်လိုက်၊ ဟိုနားမှာဖြစ်လိုက်၊ ဒီနားမှာဖြစ်လိုက်ဆိုတဲ့ ရပ်ကွက်တစ်ခုထဲမှာ နိစ္စဓူဝဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တင်ပြထားတဲ့ ကာတွန်းဇာတ်လမ်းဖြစ်တဲ့အတွက် ဇာတ်ကွက်ကတော့ ရှိမှာမဟုတ်ဘူး။ ရပ်ကွက်မှာက နေ့စဉ်နဲ့အမျှ ဖြစ်ချင်တာတွေဖြစ်နေကြတာ။ အရက်မူးတဲ့ကောင်ရှိမယ်။ အကြွေးမပေးလို့ အော်ဟစ်နေတာတွေရှိမယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်အချိန်ဖြုန်းနေပြီး ကျောင်းလစ်တာတို့၊ ဟိုတစ်ယောက်ကတော့ ယောက်ျားနောက်လိုက်သွားပြီး၊ မိန်းမခိုးသွားပြီစသဖြင့် ဒါတွေက ရပ်ကွက်တွေထဲမှာ နိစ္စဓူဝကြုံနေရတဲ့အဖြစ်အပျက်တွေကို ရိုက်ထားတာဆိုတော့ ဒီဟာကိုပုံဖော်ရင် ဒီအတိုင်းတင်ပြရမှာပဲ။

မေး- ကိုတင့်တို့စူပါရပ်ကွက်ရုပ်ရှင်ရဲ့ ပရိသတ်ကြည့်ရှုနှုန်းက ၉၅ ရာခိုင်နှုန်းတောင် ရှိတာဆိုတော့ အရင်ထက်စာရင် ပရိသတ်တွေ ရုပ်ရှင်ပိုကြည့်လာကြတယ်။ အဲဒါက ရုပ်ရှင်လောကအတွက် ကောင်းတဲ့လက္ခဏာတစ်ခုလို့ ပြောလို့ရမလား။

ဖြေ- ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးအရိုင်းတို့အနေနဲ့ ပရိသတ်အတွက် တိတိပပစေတနာထားပြီးလုပ်ပေးရင် ဘယ်အရာမဆို အောင်မြင်တယ်။ ခုလိုဖြစ်လာတော့ ဒီလိုပုံစံ ပရိသတ်ကိုတင်ပြရင် ပရိသတ်လက်ခံမှာပဲဆိုပြီး ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေရော ဒီလိုမျိုး Pattern တစ်ခုဖော်ဆောင်ပြီး ရိုက်လို့ရတာကိုသွားတွေ့တာပေါ့။ ဒါလေးတွေ အကျိုးအမြတ်ရပါတယ်။ ရုပ်ရှင်လောကရဲ့ ကြီးကြီးမာစတာတွေကတောင် ရုပ်ရှင်တစ်ခေတ် အလှည့်အပြောင်းတစ်ခုဖြစ်သွားပြီဆိုပြီး ပြောတာကြားရတယ်။ အဲဒီလိုကြားရတော့လည်း ဝမ်းသာပါတယ်။ ကိုယ့်လောကကောင်းကျိုးကို တစ်ခုခုလုပ်ပေးလိုက်နိုင်တယ်လို့ စိတ်ထဲမှာထင်တယ်။ ကိုယ့်ရဲ့လုပ်ရပ်လေးတစ်ခုကြောင့် ဒီလိုဖြစ်သွားတယ်ဆိုတာမျိုး ဖြစ်စေချင်တာကြာလှပြီ။

မေး- အနုပညာသက်တမ်းတစ်လျှောက်မှာ ရိုက်ကူးခဲ့တဲ့ဇာတ်ကောင်တွေမှာ ကိုတင့်ဇာတ်ရုပ်က ဦးအရိုင်းအတွက် ဘယ်လောက်အမှတ်တရဖြစ်စေခဲ့ပါလဲ။

ဖြေ- ဗီဒီယိုမှာပဲဖြစ်ဖြစ်၊ ရုပ်ရှင်မှာပဲဖြစ်ဖြစ် ကာတွန်းဇာတ်လမ်းတွေရိုက်ရင် တစ်ခု၊ နှစ်ခုလောက်ဆိုပြီးသွားတာ။ မင်းသားကြီးတွေမှာတောင်ရှိတယ်။ ဦးကျော်ဟိန်းဆိုရင် ဟိုတုန်းက အရိုင်းတို့၊ ပြာလောင်တို့ရိုက်ဖူးတာ တစ်ကား၊ နှစ်ကားရိုက်ပြီး ပြီးသွားရောလေ။ ဦးအရိုင်းက ဗီဒီယိုမှာ ရှစ်ကားရိုက်တာ ရှစ်ကားစလုံးအောင်မြင်တယ်။ ရုပ်ရှင်ထပ်ရိုက်တော့လည်း ဝက်ဝက်ကွဲအောင်မြင်တယ်ဆိုတော့ အဲဒီလိုဆက်တိုက်အောင်မြင်ဖို့ဆိုတာက ပရိသတ်ကိုကျော်လွှားဖို့ တော်တော်တော့ထူးထူးခြားခြားဖြစ်တယ်။ အားထုတ်မှုပိုင်းလည်း တစ်ခုနဲ့တစ်ခု မတူအောင်စဉ်းစားတယ်။ တစ်ခုနဲ့တစ်ခု မတူအောင်လည်းလုပ်ရတယ်။ နောက်ပြီး မှန်တာပြောရရင် ဦးအရိုင်းသည် အနုပညာအလုပ်လုပ်ရင် စိတ်အရမ်းပြင်းထန်တယ်။ မလျှော့ချင်ဘူး။ ပရိသတ်ကိုလည်း အားနာတယ်။ ငါလျှော့လိုက်လို့ ပရိသတ်ကြည့်ရတာ ပေါ့တော့တော့ကြီးဖြစ်သွားမှာစိုးရိမ်တဲ့အတွက် အမြဲတမ်း ဒါကို အားစိုက်လုပ်ဖြစ်တဲ့အတွက် အောင်မြင်တယ်လို့မြင်တယ်။ နောက်ပြီး ဝမ်းသာတာတစ်ခုက အနုပညာနဲ့ပတ်သက်ရင် ဦးအရိုင်းက ကဗျာဆရာနဲ့ ကာတွန်းဆရာတွေကို အင်မတန်ဂါရဝပြုပြီးဦးညွှတ်တာ။ အဲဒီလို ကိုယ်အင်မတန်မှ လေးစားရတဲ့သူတွေနဲ့ အကြောင်းပြုပြီး အောင်မြင်ရတာဆိုတော့ ကိုရွှေထူးအတွက်လည်း ဝမ်းသာသလို ကိုယ်လည်းအရမ်းကျေနပ်တယ်။

မေး- ကိုတင့်ကို ဇာတ်လမ်းတွဲအနေနဲ့ ဖန်တီးဖို့အစီအစဉ်တွေလည်းရှိတယ်ဆိုတော့ အဲဒီအကြောင်းကိုလည်း ပြောပြပေးပါဦး။

ဖြေ- အဲဒါကလည်း စဉ်းစားထားတာပါ။ ပြည်သူကို ဘယ်လိုပုံစံနဲ့ နောက်ထပ်ချပြနိုင်ဖို့ အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားကြတဲ့အခါ တီဗီစီးရီးအနေနဲ့ရိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ်ရင်လည်း ဒီဇာတ်ကားလို တင်ပြပုံမျိုးမဟုတ်တဲ့ နောက်ထပ်တစ်ကား ဖန်တီးပြမလား အဲဒီလိုစဉ်းစားနေကြတယ်။ လောလောဆယ်တော့ ပြတ်ပြတ်သားသား မဆုံးဖြတ်ရသေးပါဘူး။ ဆွေးနွေးနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။

မေး- နောက်ဆုံးအနေနဲ့ ဦးအရိုင်းကို အားပေးနေတဲ့ ပရိသတ်ကြီးအတွက် အမှတ်တရစကားလေး ပြောပေးပါဦး။

ဖြေ- ပရိသတ်ကြီးအတွက်ကတော့ ဒီရုပ်ရှင်ရိုက်မှမဟုတ်ပါဘူး။ အငြိမ့်တွေက အနုပညာအလုပ်တွေ စလုပ်ကတည်းက ဦးအရိုင်းတို့အနေနဲ့ ပရိသတ်အတွက် ဘာများထည်ထည်ဖတ်ဖတ်ကျန်ခဲ့တဲ့ အနုပညာထုတ်လုပ်ပေးနိုင်မလဲဆိုပြီး အမြဲစဉ်းစားခဲ့တာပါ။ အငြိမ့်ကတော့လည်း အငြိမ့်ကတဲ့အလျောက် ပြည်သူကို အနုပညာနဲ့ ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာကို စဉ်းစားခဲ့တဲ့အတွက် နောက်ထပ်လည်း ပြည်သူကိုအကျိုးပြုတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

ကျေးဇူးတင်ပါတယ်။
http://7daydaily.com/story/30105#.VMJHHXvdXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...