စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လွတ်လွတ်လပ်လပ်နေပြီးသီချင်းတွေ ဖန်တီးချင်တာ


ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာ သူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက်အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေ တဆင့် ဒီနေ့ခေတ် ဘ၀နေနည်းပုံစံ ကွဲလွဲမှု၊ ခေတ်ရေစီးအပြောင်းအလဲစတာတွေကို လေ့လာပြီး သူတို့ရဲ့ အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြနေပါတယ်။ 



ဓာတ်ပုံ - တင်ထက်ပိုင် / The Irrawaddy

 ဇွန်ဖြိုးပြည့်ဆွေဦး (ခ) သားငယ်
၂၆ နှစ်
Musician
ရန်ကုန်မြို့

ကျနော် အခုလက်ရှိ “ဂီတမိတ်” ဂီတသင်တန်းကျောင်းမှာ ဂျူနီယာတွေကို အခြေခံသီချင်းဆိုနည်းကို သင်ကြားပေးတဲ့ အဆိုဆရာနဲ့ သီချင်းရေး၊ သီချင်းဆိုတဲ့ အလုပ်လုပ်ပါတယ်။

ကျနော့်ရည်မှန်းချက် စိတ်ကူးက ဂီတပညာရှင်တယောက်၊ Musician တယောက် ဖြစ်ချင်တာပါ။ ကျနော် ငယ်ငယ်လေးကတည်းက သီချင်းရေး၊ သီချင်းဆိုကို ဝါသနာပါခဲ့တယ်။ ကျနော့် ရည်မှန်းချက်က ဘယ်လိုလဲ ဆိုတော့ ကျနော်ရေးတဲ့ သီချင်းတပုဒ်ကို လွတ်လွတ်လပ်လပ် ဖြစ်သွားတဲ့အထိ ကျနော်ကိုယ်တိုင် ပြည့်ပြည့်ဝ၀ စိတ်ကျေနပ်တဲ့အထိလုပ်နိုင်တဲ့ Music တခု ဖြစ်လာဖို့ စိတ်ကူးပါ။

အောင်မြင်တဲ့ Musician တယောက် ဖြစ်တဲ့အထိ ကြိုးစားဖို့ စိတ်ကူးရှိခဲ့ဖူးတယ်။ ဒါပေမယ့် အရမ်းကြီးလည်း မအောင်မြင်ချင်ဘူး။ ကျနော်ခံယူထားတာက အရေးကြီးဆုံးက ကိုယ်ဖန်တီးတဲ့သီချင်းက လွတ်လွတ်လပ်လပ်နဲ့ သူများပုံစံနဲ့လည်းမတူဘဲ ကိုယ်ကိုယ်တိုင် စိတ်ကျေနပ်မှုရတဲ့ သီချင်းပုံစံမျိုး ဖန်တီးနိုင်ဖို့ပါ။
ကျနော်က Celebrity တွေလိုမျိုး မနေချင်ဘူး။ ဒီအတိုင်း လွတ်လွတ်လပ်လပ်လေးပဲနေပြီး သီချင်းတွေ ဖန်တီး ချင်တာပါ။ ကိုယ်ကလိပ်ပြာသန့်သန့်နဲ့ သီချင်းတွေ ဖန်တီးရတဲ့အခါ ပျော်တဲ့ခံစားမှုမျိုး၊ ကိုယ့်ကိုယ်ပိုင် စတိုင်လေးပေါ့။ အဲဒီလိုမျိုး ဖန်တီးနိုင်အောင် ကျနော် ကြိုးစားနေပါတယ်။

ကျနော်အခု ဂစ်တာတီးတယ်၊ Pianoလည်းတီးတယ်။ Pianoကတော့ လေ့ကျင့်နေဆဲပေါ့။ နောက်တခု Cajon လို့ ခေါ်တဲ့   Drum Box တီးတယ်။ ဂီတအပိုင်းမှာဆိုရင် အခုနောက်ပိုင်း ကျနော် Jazz ၊Hip Hop Jazz စတဲ့ ဂီတအမျိုးအစားတွေကို လေ့လာ ဖြစ်တယ်။

မြန်မာနိုင်ငံမှာက Jazz ဂီတကို အရမ်းမသိကြတာက ကျနော့် အထင် ဂီတနဲ့ ပတ်သက်ပြီး အခြေခံကျကျ သင်ကြားပေးမယ့် သင်တန်းကျောင်းမျိုးမရှိလို့လို့ ကျနော်ထင်ပါတယ်။

ကျနော်ဂီတကိုဝါသနာပါခဲ့တာက ဟိုးငယ်ငယ် ကလေးအရွယ်သုံး၊ လေးနှစ်လောက်ကတည်းကပဲ။ မိသားစုအသိုင်းအဝိုင်းထဲမှာတော့ Musician မရှိဘူး။ ဒါပေမယ့် အမေက ကျနော် ငယ်ငယ်လေးကတည်းက အိမ်မှာဂစ်တာတီးတယ်။ ကျနော့်အစ်ကိုလည်းတီးတယ်ဆိုတော့ အဲဒီမှာစပြီး ဂီတပိုးဝင်သွားတာ။

ကျနော် တခြားဘာအလုပ်လုပ်ဖြစ်သေးလဲဆိုတော့ လောလောဆယ်မှာ Music နဲ့ ဆိုင်တဲ့ အလုပ်ပေါ့။ အပြင်မှာ Audio Board လုပ်တဲ့နေရာမှာ Sound Design အနေနဲ့ ဝင်ကူညီပေးတယ်။ Music အပြင် ကျနော် တခြားဝါသနာပါတာတွေကတော့ အစုံပဲ။ ကောက်ရိုးမီးလိုပေါ့။ ဒါပေမယ့် ကျနော်က များသောအားဖြင့် အနုပညာနဲ့ သက်ဆိုင်တာတွေကို ဝါသနာပါတယ်။ ဥပမာ- အနုပညာဆန်ဆန် ပရိဘောဂ လုပ်တာကအစ ဝါသနာပါတယ်။ အိမ်ထောင်ပရိဘောဂတွေနဲ့ အိမ်မှာပန်းခြံတွေလုပ်တာ၊ အိမ်အလှဆင်တာတွေကို စိတ်ဝင်စားတယ်။

နောက်တခုအနေနဲ့ အားကစားမှာ ကျနော် ဝါသနာပါတာက ကြက်တောင်ရိုက် အားကစားပါ။ ငယ်ငယ်က ခုနစ်တန်း၊ ရှစ်တန်းကနေ ဆယ်တန်းလောက်အထိ ကြက်တောင်ရိုက်တယ်။ အားကစား ပြိုင်ပွဲတွေ ဝင်ပြိုင်တာမှာ ခုနစ်တန်းမှာ တိုင်းနဲ့ ပြည်နယ်အဆင့် နှစ်ယောက်တွဲ တတိယဆုရခဲ့ဖူးတယ်။

ကျနော် Cover Song တွေလည်းဆိုဖြစ်တယ်။ အဲဒီလိုဆိုဖြစ်သွားတာ ပထမတော့ ကျနော် စဉ်းစားတာပေါ့။ သီချင်းတပုဒ်ကို တခြားပုံစံမျိုးဆိုကြည့်ရင် ဘယ်လိုမျိုးခံစားရမလဲပေါ့။ နောက်တခုက သီချင်းတွေကိုအမျိုးစုံ မြင်လို့ရတာမျိုးကို ကျနော်ကပိုကြိုက်တယ်။ ဥပမာ- ယောကျာ်းလေးဆိုထားတဲ့ သီချင်းကို ယောကျာ်းလေးပဲ ခံစားရတာမျိုးမဟုတ်ဘဲ မိန်းကလေးလည်း ခံစားလို့ရတဲ့ပုံစံမျိုး အဲဒီလို ဖြစ်စေချင်တာ။ နောက် ကျနော် Acoustic အဖွဲ့လေးဖွဲ့ချင်နေတာ။ အဲဒါနဲ့ ကျနော် အဆိုတော် လေးဖြူရဲ့ “ငါ့ရဲ့လမင်း”သီချင်းကို Acoustic ပုံစံနည်းနည်းပြောင်းရင်းနဲ့ ကျနော်သူငယ်ချင်း Jewell နဲ့ နှစ်ယောက် Duet ဆိုရင်းနဲ့ Cover Song ဆိုဖြစ်သွားတာပါ။

ကျနော်က အပတ်စဉ် သောကြာနေ့ဆိုရင် ကျနော်တို့ ဖွဲ့ထားတဲ့  The Four ဆိုတဲ့ Band လေးနဲ့ ဆူးလေဘုရားလမ်းပေါ်မှာရှိတဲ့ ဆာကူရာတာဝါ အပေါ်ဆုံးထပ်က Sky Bistro မှာကျနော် အဖွဲ့ပုံစံလေးတွေ ပြန်လုပ်ထားတဲ့ Cover Song လေးတွေ၊ အင်္ဂလိပ်သီချင်းတွေကော မြန်မာသီချင်းတွေ၊ အခု Update ဖြစ်တဲ့ သီချင်းလေးတွေ ဆိုတယ်။  စနေနေ့ဆိုရင် ဒဂုံမြို့နယ်၊ ဗိုလ်ရာညွှန့်လမ်းထဲမှာရှိတဲ့  Fat Man ဥရောပ စားသောက်ဆိုင်မှာ ဆိုတယ်။ နောက်ပြီးကျနော်တို့  The Four အဖွဲ့ ကို Youtube ကနေတွေ့ပြီး Wedding တွေမှာ Unplugged ပုံစံလေးဆိုပေးပါဆိုပြီး ခေါ်တဲ့အခါတွေလည်း ဆိုဖြစ်တယ်။ နေပြည်တော်က ဟိုတယ်တွေမှာလည်း Tour သွားတဲ့ ပုံစံနဲ့ ဆိုဖြစ်တယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလတုန်းကရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းပေါ်က ပြင်သစ်ယဉ်ကျေးမှု စင်တာမှာ ကျင်းပပြုလုပ်သွားတဲ့  World Music Festival မှာ ကျနော်တို့ ဂီတမိတ်က Jazz အဖွဲ့သားတွေနဲ့ ဂျာမနီ Jazz ဂီတပညာရှင်တဦး MeikeGoosmann နဲ့ အဖွဲ့သားတွေ ပူးပေါင်းဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်က ဂျာမန်သီချင်း “WennIchEinVoglein War” (I wanna play) ဆိုတဲ့ သီချင်းကို ဂျာမန်ဘာသာနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ကျနော် ကိုယ်တိုင်ရေးစပ်ထားတဲ့ Jazz အမျိုးအစား၊ မြန်မာသီချင်း “စမ်းချောင်းလေး”ကိုလည်းသီဆိုဖျော်ဖြေခဲ့တယ်။ အဲဒီဂျာမန်- မြန်မာ နှစ်နိုင်ငံJazz အဖွဲ့ အနေနဲ့ပဲ ၂၀၁၄၊ ဒီဇင်ဘာလအတွင်း မန္တလေးမြို့မှာ“An Evening Jazz”ဆိုတဲ့ ပွဲခေါင်းစဉ်နဲ့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

အခုနောက်ပိုင်းလူငယ်တွေ Musicနဲ့ ပတ်သက်ပြီး စိတ်ဝင်စားလာကြတဲ့အပေါ် ကျနော်က ပိုပြီးတော့ အားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Music အပေါ် အားပေးမှုများလာရင် Musician တွေအနေနဲ့ ရပ်တည်ရတဲ့ အနေအထားက ပိုကောင်းလာမယ်။ Music နားလည်တဲ့သူများလာတယ်ဆိုရင် Music ကို တန်ဖိုးပိုထားလာမယ်၊ စိတ်ဝင်စားလာမယ်။ Musicianတွေ ဖန်တီးတဲ့ အနုပညာဖန်တီးမှု Creation ပုံစံတွေက ပိုပြီးတိုးတက်လာမယ်လို့ ကျနော်မြင်ပါတယ်။
တကယ်လို့ Music ကိုပျော်ဖို့ပါးဖို့လောက်ပဲ အပေါ်ယံလောက်ပဲ စိတ်ဝင်စားတယ်ဆိုရင် အနုပညာရှင်တွေက သူတို့ပိုက်ဆံရအောင် လူတွေကြိုက်တဲ့ အရာတွေပဲ လုပ်နေမှာဖြစ်ပြီး သိပ်ပြီးအဆင့်မြင့်တဲ့၊ ပိုကောင်းတဲ့ အနုပညာဖန်တီးမှုမျိုး ပေါ်ထွက်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်က Music နဲ့ ပတ်သက်ပြီး ကျောင်းတွေ ပေါ်ထွက်လာဖို့ကိုလည်းများများအားပေးတယ်။ လူငယ်တွေ စိတ်ဝင်စားလာတဲ့ အပေါ်လည်း အားပေးပါတယ်။

Music နဲ့ ပတ်သက်ပြီးနယ်ပယ်အသီးသီးကနေ ကြိုးစားနေတဲ့ လူငယ်တွေကိုကျနော် ပြောချင်တာက ကိုယ်ဖြစ်ချင်တဲ့နေရာတခုကို အနီးဆုံးရောက်အောင်သွားပါ။
ကိုယ်ဖြစ်ချင်တဲ့ နေရာတခု၊ ကိုယ် ရွေးချယ်ထားတဲ့ နေရာတခုကမှန်ကန်တယ်၊ ဘယ်သူ့ကိုမှလည်းမထိခိုက်ဘူး၊ ကိုယ့်အတွက် စိတ်ကျေနပ်မယ်ဆိုရင်၊ ကိုယ်က အဲဒါလုပ်မှ ပျော်မယ်ဆိုရင် အဲဒီနေရာရဲ့ အနီးဆုံးကိုရောက်အောင်သွားလို့ တိုက်တွန်းချင်ပါတယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၃ မှ ကူးယူဖော်ပြသည်" http://blog.irrawaddy.org/2015/01/blog-post_96.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...