စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဖေဖေနဲ့ မေမေက ဒီလိုပြောတယ် -


" အလုပ်ထွက်လိုက် ၊ အဲ့အလုပ် မလုပ်ရလို့ ထမင်း မငတ်ဘူး ၊ အိမ်မှာ နင့်ကိုကျွေးနိုင်တဲ့ အဖေ ၊ အမေရှိသေးတယ် ၊ နောက်အလုပ်တစ်ခု ရှာလည်းရတယ် "

 

 အနောက်နိုင်ငံသားတွေနဲ့ လုပ်ငန်းခွင်မှာ အလုပ်အတူ တွဲလုပ်ရတော့ ဒီက လူငယ်တွေနဲ့ ကွာခြားမှုတစ်ခုကိုသွားတွေ့ရတယ် ။ သူတို့က ကျွန်တော်တို့နဲ့ အသက်၂၀ ကျော်ဝန်းကျင် ၂၅ ပတ်လည် ရွယ်တူတွေပါပဲ ။ ပညာအရည်အချင်း ယှဉ်မယ်ဆိုရင်လည်း ကျွန်တော်တို့ မြန်မာလူငယ်တွေနဲ့ သိပ်မကွာပါဘူး ။ ကြီးမားတဲ့ကွာခြားမှုတစ်ခုက ဘာလဲဆိုတော့ နိုင်ငံခြားသားတွေမှာ အကြောက်တရားမရှိဘူး ၊ လေ့လာစူးစမ်းလိုစိတ် ပြင်းထန်တယ် ၊
အဆင်မပြေတဲ့ အရာတစ်ခုကို အဆင်ပြေအောင် ဘယ်လိုနည်းလမ်းနဲ့ ထွက်ပေါက်ရှာမလဲအမြဲ ကြံဖန်စဉ်းစားတွေးခေါ်လေ့ရှိတယ် ။ လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ ပြင်ပဆက်ဆံရေးကိုခွဲခြားထားတယ် ။
ဒါတွေက အဓိကအားသာချက်တွေပေါ့ ။ ဒီအားသာချက်က သူတို့ရဲ့  မိခင်နိုင်ငံ အခြေခံပညာရေးစနစ်ကောင်းမွန်မှု ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကြောင့်လို့ သုံးသပ်လို့ ရပေမယ့် ကျွန်တော်ကတော့ လွတ်လပ်စွာ စဉ်းစားတွေးခေါ်ခွင့် ပေးထားတဲ့ မိဘအုပ်ထိန်းမှု တွေကြောင့်လို့ မြင်မိတယ် ။

ဘာကြောင့်လဲဆိုတော့ တော်တော်များများလုပ်ငန်းခွင်ဝင်နေတဲ့ မြန်မာလူငယ်အချို့ မှာ အရွယ်ရောက်လို့ လုပ်ငန်းခွင်ထဲရောက်နေတာတောင် မိဘရဲ့  လွှမ်းမိုးမှု အရှိန်ကို မလွန်ဆန်နိုင်တာ တွေ့နေရတယ် ။ ဆိုလိုချင်တာက မိဘတွေက သားသမီး အပေါ် ချစ်လွန်းတာကို ပြောချင်တာပါ ။ သားသမီးကို ချစ်လွန်းလို့ နစ်မွမ်းသွားတာမျိုး မဖြစ်စေချင်ပါဘူး ။
မိဘကအရိပ် တကြည့်ကြည့်နဲ့ နေရာတကာ စိုးရိမ်ပူပန်ပေးနေတော့ သားသမီးတွေ မှာ အကြောက်တရား ဝင်လာပါတယ် ။ ဒီလွှမ်မိုးမှုရဲ့  ရိုက်ခက်မှုကြောင့် လူငယ်တွေမှာ ယုံကြည်မှုပျောက်ဆုံးလာတယ် ။ လူအများနဲ့ဆက်ဆံရမှာကြောက်ရွံ့ လာတယ် ၊၊ လူတောမတိုးရဲတဲ့ စိတ်ရောဂါတွေ ဝင်လာတယ် ။

လုပ်ငန်းခွင်မှာ ကလေးမလေး တစ်ယောက်ရှိတယ် ။ ငယ်ငယ်လေးကတည်းက ကျောင်းသွား ၊ ကျူရှင်သွား အိမ်က လိုက်ပို့ပေးတယ် ။ တက္ကသိုလ်တက်တဲ့ အရွယ်အထိ ၊ ဘယ်သွားသွား ဘာလုပ်လုပ် မိဘရဲ့ စောင့်ကြပ်မှု တစ်ခုကို ခံလာခဲ့ရတယ် ။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင် အင်တာဗျူးတော့လည်း ဘေးက ပါလာတာမျိုး ၊ မိဘက မလိုက်ဘူးဆိုရင်တောင် အချို့  လူငယ်တွေက မိဘရဲ့  လွှမ်းမိုးခဲ့မှု အရှိန်တွေကြောင့် လုပ်ငန်းခွင်အင်တာဗျူးတောင် အိမ်ကမလိုက်ရင် မသွားရဲတော့တာမျိုး ၊ အလုပ်ထဲရောက်တော့လဲ သွားတာ ပြန်တာကအစ အိမ်က ကားဂိတ်ထိ ပို့ပေးတာတွေ ၊ အလုပ်ဆင်းချိန်ရောက်ရင် ဖုန်းတွေ တတီတီ ဆက်တာမျိုးတွေဟာ လူငယ်တစ်ယောက်ရဲ့ လုပ်ငန်းခွင်အတွင်း လွတ်လပ်တဲ့ အတွေးတွေကို ဘောင်နဲ့ ကန့်သတ်ပေးလိုက်သလိုဖြစ်နေတယ် ။
ပြီးတော့ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ခဲ့တာ မျိုးတွေကအစ အသေးစိတ် အိမ်က သိချင်တာမျိုးတွေ ၊ တခါတလေ သားသမီးတွေလုပ်ငန်းခွင် အဆင်မပြေရင် ၊ ဒီအဆင်မပြေမှုကို ဘယ်လိုဖြေရှင်းပေးရမယ် လမ်းညွှန်ပေးတာထက် ၊
" အလုပ်ထွက်လိုက် ၊ အဲ့အလုပ်မလုပ်ရလို့ ထမင်း မငတ်ဘူး ၊ အိမ်မှာ နင့်ကိုကျွေးနိုင်တဲ့ အဖေ ၊ အမေရှိသေးတယ် ၊ နောက်အလုပ်တစ်ခု ရှာလည်းရတယ် " လွှဲမှားတဲ့ ဖြေရှင်းနည်းတွေကိုသာ ပေးတတ်ကြတယ် ။

ဒီတော့ နိုင်ငံခြားသားနဲ့ယှဉ်လိုက်တဲ့အခါ မြန်မာလူငယ်တွေမှာ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်မှုနဲ့ အခက်အခဲ ပြဿနာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်းပျောက်ဆုံးလာတယ် ။ စဉ်းစားတွေခေါ်နိုင်စွမ်း အားနည်းသွားတယ် ။ လူငယ်တွေရဲ့ အမူအကျင့်မှာ ငါဘာပဲလုပ်လုပ် လူကြီးတွေရှိနေသေးတယ် ၊ သူတို့တွေပါနေသေးတယ် ဆိုတဲ့အတွေးက ဝင်နေတယ် ။ လူငယ်တွေမှာ ကိုယ့်ကို ရပ်တည်ချင်စိတ်ပျောက်ဆုံးလာတယ် ။ " အားကိုးစရာ ဒီအရွယ်အထိရှိသေးတာပဲ" ဆိုတာမျိုးဖြစ်လာတယ် ။

သားသမီးတွေကို မျက်စိရှေ့ အပျောက်မခံတာ ၊ သားသမီးတွေကို ကလေးလေးလိုပဲ အမြဲ ဆက်ဆံနေတာက မိဘရဲ့ ပူပန်တဲ့မေတ္တာစေတနာ မှန်ပေမယ့် လူငယ်တွေရဲ့  ယုံကြည်မှု ၊ ဖြေရှင်းနိုင်စွမ်းတွေကို ရိုက်ချိုးပေး လိုက်သလို ဖြစ်စေပါတယ် ။

ဒါကြောင့် တော်တော်များများက တော်တယ်လို့ပြောတဲ့ နိုင်ငံခြားသားတွေမှာ သူတို့ရဲ့  မျိုးရိုးအုပ်ထိန်းမှု တစ်ခုကြောင့်ပဲ ပြောရမလား ကျွန်တော်တို့ မြန်မာလူငယ်တွေနဲ့ကွာနေတာ ကတော့ သူတို့မှာ -

၁) အကြောက်တရားမရှိဘူး ၊ ကိုယ့်ကိုယုံကြည်မှုရှိတယ်
၂) လေ့လာစူးစမ်းလိုစိတ် ပြင်းထန်တယ် ၊
၃) အဆင်မပြေတဲ့အရာတစ်ခုကို ကိုယ်တိုင်ဆုံးဖြတ်ပြီး အဆင်ပြေအောင် နည်းလမ်းတွေရှာဖွေတယ် ၊
၎) လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ ပြင်ပဆက်ဆံရေး ကို စနစ်တကျ စီမံခန့်ခွဲနိုင်တယ် လို့ ကျွန်တော် မြင်မိပါကြောင်း ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/


https://www.facebook.com/KhunNayTunMedia/photos/a.526946437419777.10737418

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...