စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟိန္ဒူနွားလွှတ်ပွဲတော်သို့ တစ်ခေါက်

ဟိန္ဒူနွားလွှတ်ပွဲတော် ကျင်းပနေစဉ် (ဓာတ်ပုံ - ဇေနွေထွန်း)
 
လမ်းမကြီးအတိုင်း ဒုန်းစိုင်းမောင်းနှင်နေသည့် နွားလှည်းခြောက်စီးပါ နွားလှည်းတန်းကြီးကို ဖုန်တထောင်းထောင်းထနေသည့်ကြားမှ မြင်တွေ့ရသည်။ နွားနှစ်ကောင်ဖြင့် မောင်းနှင်ရသည့် နွားလှည်းတစ်စီးတွင် အမျိုးသားသုံးဦးခန့် ပါဝင်ပြီး နွားလှည်းများကို အပြိုင်အဆိုင် ဒုန်းစိုင်းမောင်းနှင်နေခြင်းဖြစ်သည်။

( ဓာတ်ပုံ - ဇေနွေထွန်း)

အပြိုင်အဆိုင်မောင်းခြင်းကြောင့် ကွေ့လမ်းတစ်နေရာတွင် နွားလှည်းသုံးစီး အရှိန်လွန်ကာ စုံပြုံသွားပြီး နွားလှည်းတစ်စီးကမူ ပြေးလမ်းကြောင်းမှ သွေဖည်ကာ လမ်းဘေးရှိ သစ်ပင်ချုံများအတွင်း ရောက်ရှိသွားလေသည်။ ကြည့်ရှုနေသူများထဲမှ လူအချို့က အဆိုပါနွားလှည်းကို ပြေးလမ်းအတိုင်း ပြန်ဖြစ်ရန် သွားရောက်ကူညီကြသည်။ ယင်းနောက် ပုံမှန်အတိုင်း နွားလှည်းများ အပြိုင်အဆိုင် မောင်းနှင်ကြပြန်သည်။

သုံးခွမြို့မှ ရှစ်မိုင်သာ ကွာဝေးသော ကုလားစုဟုခေါ်သည့် ထိုရွာတွင် ဟိန္ဒူလူမျိုးများ နေထိုင်လာသည်မှာ နှစ်ပေါင်းရာကျော်ပြီး အင်္ဂလိပ်ခေတ်ကတည်းက လယ်လုပ်ရန် အိန္ဒိယဘက်မှ ၀င်လာသော ချစ်တီးလူမျိုးများဖြစ်ကာ နွားလွှတ်ပွဲတော်ကို နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်။
ဟိန္ဒူဘာသာဝင် လယ်သမားတို့၏ လယ်ယာလုပ်ငန်းခွင်တွင် အားကိုးအားထားရာ နွားများအတွက် ပျော်ပွဲရွှင်ပွဲ လုပ်ပေးသည့်ပွဲတော်ဖြစ်သည်။

ပဲတီစိမ်းစိုက်ခင်း ကွင်းပြင်များတွင် ပေါက်ရောက်သော ဒေသအခေါ်အရ ဘုရားပင် (ညောင်ပင်)ရှိ ကွင်းပိုင်နတ်များကို ဟိန္ဒူဘာသာဝင်များက နွားလှည်းများဖြင့် သူ့ထက်ငါအပြိုင် ဒုန်းစိုင်းမောင်းနှင်၍ သွားရောက်ဂါရ၀ပြုကြသော အစဉ်အလာပွဲတော်တစ်ခုဖြစ်သည်။

ပွဲတော်၌ ဒေသခံလယ်သမားများ စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ အထွက်တိုးရန် ဘုရားကျောင်းတွင် ရိုးရာနတ်များကို ပူဇော်ဆုတောင်းသည့် ပွဲတော်တစ်မျိုးလည်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကုလားစုကျေးရွာအုပ်စုအတွင်းရှိ ကွင်းပြင်များထဲတွင် ဘုရားပင် (ညောင်ပင်) ရှစ်ပင်ခန့်ရှိပါသည်။ ထိုနေရာသို့ နွားလှည်းများဖြင့် ညောင်ပင်တစ်ပင်နှင့်တစ်ပင်ကိုကူး၍ သွားရောက်လေ့ရှိသည့် ပွဲတော်ဖြစ်သည်။

ညောင်ပင်ဆီသွားမည့် နွားများကို အလှဆင်ကြသည်။ နွား၏ ချိုတွင် မျက်နှာသုတ်ပ၀ါကို လိမ်၍ချည်ထားကာ အလှဆင်ခြင်း၊ အုတ်နီခဲနှင့် မဲနယ်ကိုဖျော်၍ ဦးချိုကို ဆေးခြယ်ခြင်း၊ နွားကိုယ်ပေါ်တွင် ဆေးခြယ်ပြီး အလှဆင်ခြင်းများ ပြုလုပ်ကာ နွားလှည်းများကို ကောက်ရိုးခင်းလှည်းလမ်းတစ်လျှောက် ဒုန်းစိုင်းအပြိုင်မောင်းနှင်၍ ကွင်းပိုင်နတ်များရှိရာ သွားရောက်ပူဇော်ကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်း သုံးခွမြိ့နယ်အပြင် ဟိန္ဒူလူမျိုးများနေထိုင်သော ပဲခူးတိုင်း သက္ကလပ်ရွာ၊ လှိုင်သာယာ၊ ထန်းတပင်နှင့် မွန်ပြည်နယ်တို့တွင် နေထိုင်သော ဟိန္ဒူလူမျိုးများက အလားတူပွဲတော်များ ကျင်းပလေ့ရှိကြသည်။ အချို့နေရာများတွင် လောင်းကြေး ကျပ်သိန်းထောင်ချီရှိကာ နွားလှည်းမောင်းပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပကြသည်။

မြန်မာနိုင်ငံအနှံ့ ကျေးလက်နေ ဟိန္ဒူဘာသာဝင် လယ်သမားများသည် ၎င်းတို့ မွေးမြူထားသော နွားများအတွက် ယခုပွဲတော်ကို ဘိုးစဉ်ဘောင်ဆက်ကတည်းက နှစ်စဉ်ကျင်းပလာကြောင်း ဟိန္ဒူဘာသာဝင် လယ်သမားများကပြောသည်။
‘‘လောင်းကြေးက သိန်းရာချီကနေ ထောင်ချီထိ လောင်းကြတာက မြို့ပေါ်က စီးပွားရေးလုပ်တဲ့ ဟိန္ဒူသူဌေးတွေ လာလောင်းကြလို့’’ဟု ဟိန္ဒူဘာသာဝင် ကိုမြင့်သိန်းက ပြောသည်။
ပြိုင်ပွဲတွင် ဆူဖြိုးနေသော နွားများကို သုံးလေ့မရှိဘဲ သေချာမွေးမြူလေ့ကျင့်ထားသော လျင်မြန်ဖျတ်လတ်စွာ ပြေးနိုင်သည့် နွားပိန်များဖြင့် ယှဉ်ပြိုင်ကြကြောင်း ပြိုင်ပွဲဝင်မည့် ဟိန္ဒူဘာသာဝင် ကိုမူတူးက ပြောသည်။

ပြိုင်ပွဲပုံစံမှာ နွားလှည်းနှစ်စီးကို ယှဉ်လွှတ်မည်ဖြစ်ပြီး အပ်ချည်ကြိုးဖြင့် တားထားသည့် နေရာသို့ ရောက်ရှိဖြတ်သန်းကာ နွားလှည်းကို ပြန်ကွေ့၍ မူလနေရာသို့ ပြန်လည်ပန်းဝင်ရမည်ဖြစ်သည်။ လယ်ကွက်သုံးကွက်ခန့် (ပေ ၁,၀၀၀ နှင့် ပေ၂,၀၀၀ ကြား) ယှဉ်ပြိုင်မောင်းရသည့် နွားပြိုင်ပွဲတွင် ပန်းဝင်သူများကို ပထမဆု၊ ဒုတိယဆုရွေးပြီး ဆုကြေးချီးမြှင့်ကြသည်။
ယင်းပြိုင်ပွဲကို ဟိန္ဒူလူမျိုးများက လောင်းကြေးဖွင့်ပြီး အပေါ်ဝိုင်း၊ အောက်ဝိုင်းလောင်းကြကာ အပေါ်ဝိုင်းဆိုလျှင် တစ်ပွဲလျှင် ကျပ် သိန်း ၄၀ မှ သိန်း ၈၀ အထိ လောင်းကြသည်။ အောက်ဝိုင်းဆိုလျှင် ကျပ်သိန်း ၂၀ မှ ၂၅ သိန်း လောင်းကြေးဖွင့်ကြကြောင်း ဆော့ကစားဖူးသည့် ဟိန္ဒူဘာသာဝင်များက ပြောသည်။

‘‘ပြိုင်ပွဲချိန်က အကြာကြီးပဲ။ မနက်ပိုင်းကတည်းကစတာ ညနေမှသိမ်းတယ်။ ပြိုင်ပွဲဝင်မယ့် လှည်းအစီး ၅၀ လောက်ရှိတယ်’’ဟု ကိုမူတူးကပြောသည်။
ရန်ကုန်တိုင်း သုံးခွမြို့နယ် ကုလားစုကျေးရွာနေ ဟိန္ဒူဘာသာဝင်များက နွားပြိုင်ပွဲကိုမကျင်းပဘဲ ဒေသခံအချင်းချင်း ဘုရားပင်(ညောင်ပင်)များကို လှည့်လည်ရင်း နွားလှည်းများကို အပြိုင်မောင်းကြသည်။
သုံးခွမြို့နယ်အတွင်း ကွင်းပြင်များထဲရှိ ဘုရားပင် (ညောင်ပင်) ရှစ်ပင်ခန့်ကို ဒေသခံ ဟိန္ဒူလူမျိုးများက နွားလှည်းများဖြင့်လည်းကောင်း၊ ဆိုင်ကယ်များဖြင့်လည်းကောင်း လှည့်လည်ကြသည့်ပွဲလည်း ဖြစ်သည်။

‘‘တချို့နွားလှည်းတွေ အပြိုင်မောင်းလို့ ထိမိခိုက်မိတာတွေ ရှိပါတယ်။ လမ်းကြောင်းပြောင်းပြီး သစ်ပင်တွေဆီဝင်တိုးတာ၊ လမ်းဘေးကကြည့်နေတဲ့ လူပရိသတ်ထဲ နွားလှည်းဝင်တိုးတာတွေရှိတယ်။ ဒီနှစ်မှာတော့ ကံကောင်းတယ်။ နွားလှည်းမောင်းသူတွေ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ ကံမကောင်းရင်တော့ လှည်းပေါ်ပါသူတွေ ခြေကျိုးလက်ကျိုးဖြစ်ကြတယ်’’ဟု ပွဲတော်ဆင်နွှဲနေသည့် ကုလားစုကျေးရွာနေ ဟိန္ဒူလူမျိုးတစ်ဦးက ရှင်းပြသည်။

လမ်းချော်သွားသော နွားလှည်းကို စီးနင်းသူက ပြန်မောင်းနှင်၍ ဘုရားပင် (ညောင်ပင်)ဆီရောက်အောင် အပြေးပြန်လည်မောင်းနှင်ကြသည်။ များသောအားဖြင့် ကဆုန်စိုင်းမောင်းနှင်သည့် နွားလှည်းပေါ်တွင် အမျိုးသားများသာ စီးနင်းလေ့ရှိကြသည်။

ညောင်ပင်ဆီသို့ ဟိန္ဒူလယ်သမားမိသားစု ရောက်ရှိချိန်တွင် ဟိန္ဒူဘာသာရေးခေါင်းဆောင်က စောင့်နေပြီး ညောင်ပင်စောင့်နတ်ကို ဟိန္ဒူဘာသာဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။
ပွဲတော်တွင် ထူးခြားမှုတစ်ခုအနေဖြင့် ဘုရားကျောင်းက ဆိတ် (သို့မဟုတ်) ကြက်များကို ကြိုးချည်၍ လေလံတင်ရောင်းချခြင်းဖြစ်သည်။ ရောင်းချ၍ရသောငွေကို ဘုရားကျောင်းရန်ပုံငွေအဖြစ် ပြန်လည်အသုံးပြုကြသည်။

http://7daydaily.com/story/30101#.VMJORnvdXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...