စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပန်းတွေ … လန်းစေ

Impotence, Erectile Dysfunction, ပန်းသေ, ပန်းညှိုး, စိတ်ကျရောဂါ, စိတ်ဖိစီးမှု

ဒေါက်တာသက်ဦး
ကြားရင်၊ မြင်ရင် ရှက်စရာလို့ ထင်တတ်ကြပေမယ့် လူတွေ သာယာတတ်ကြတဲ့ ကိစ္စတွေထဲမှာတော့ လိင်ကိစ္စဟာ ရှေ့ဆုံးက ထင်ပါရဲ့။

ဆင်ခြင်တုံတရားနဲ့ အခြေအနေပေါ် မူတည်ပြီး ထိန်းချုပ်ရတဲ့ကိစ္စ ဖြစ်နေလေတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အခက်အခဲတခုခု ဖြစ်တဲ့အခါ ဖွင့်ဟဖို့၊ တိုင်ပင်ဖို့ အတော်လေးကြိုးစားရတာပါ။
စကား အသုံးအနှုန်း ကိုတောင် ယဉ်ကျေးလှပအောင် ရွေးရတာမျိုးကလား။ လိင်ဆိုင်ရာ စွမ်းဆောင်မှုမှာ အမျိုးသားအင်္ဂါ ကျန်းမာကြံ့ခိုင်မှု နည်းပါးတာနဲ့ ပတ်သက်တဲ့ ဝေဒနာတွေက အများဆုံး တွေ့ရတတ်တဲ့ ပြဿနာ တခုပါပဲ။ ဆေးပညာ အခေါ်အဝေါ် အနေနဲ့ လိင်ဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းမှု (Impotence)၊ အမျိုးသားအင်္ဂါ တောင့်တင်းမှု ဆိုင်ရာ အခက်အခဲ (Erectile Dysfunction) လို့ ခေါ်ကြပြီး မြန်မာ စကားမှာတော့ ပန်းသေ၊ ပန်းညှိုးဆိုတဲ့ စကားယဉ်လေးတွေ သုံးကြလေရဲ့။

ဒီပြဿနာ ကလည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်တဲ့ ကိစ္စ ဖြစ်လေတော့ သိအပ်ဖွယ် အချက် လေးတွေ ကို သိထားရင်ဖြင့် ဂရုစိုက်နိုင်ကြမယ် ထင်ပါတယ်။ လောကီလူ့ဘောင်ကိုမပယ်နိုင်သေး၊ သံသရာ မပြတ် သေးသမျှတော့ ဒီကိစ္စက လိုအပ်ချက်တခု ဖြစ်နေသေးတာကို သက်ရှိမှန်ရင် ဝန်ခံကြရမှာ မဟုတ်လား။

တချို့မှာ ရောဂါဘယတွေ ကြောင့် ဖြစ်ရတတ်သလို၊ တချို့မှာလည်း စိတ်နဲ့ပတ်သက်တာကို တွေ့ရပြန်ပါ တယ်။ ဒီအတွက် အကြောင်းရင်းခံ အမျိုးမျိုးကို သိထားသင့်ပါတယ်။

စိတ်ကျရောဂါ
လူမှာ ဦးနှောက်က အရေးပါတဲ့ နေရာတခုပါ။ လိင်ဆိုင်ရာ စိတ်လှုပ်ရှားတာတွေ၊ ခန္ဓာကိုယ်က လိုက်ပြီး လှုပ်ရှားတာ တွေက ဦးနှောက်မှာပဲ အစပြု တာပါ။ စိတ်ကျဝေဒနာ ဖြစ်နေသူမှာ လိင်ဆိုင်ရာ စိတ်ဆန္ဒရော၊ ရုပ်လှုပ်ရှားမှုပါ ထိခိုက် လျော့ပါးနေ တတ်ပါတယ်။ ပိုဆိုးတာက စိတ်ကျရောဂါအတွက် သောက်ရတဲ့ ဆေးတွေ ကလည်း ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု တွေကို လေးလံစေတာပါပဲ။

အရက်
အရက်ကလေး နည်းနည်းသောက်ရင် စိတ် လန်းဆန်းတက်ကြွတယ် လို့ တွေးထင်တတ်ကြ ပါတယ်။ ဒါပေမယ့် များသွားပြန်ရင်လည်း အလုပ်မဖြစ်တတ် ပြန်ပါဘူး။ အရက် အလွန်အကျွံ သောက်တာက လိင်ကိစ္စမှာ အဟန့်အတား ဖြစ်တာ အသေအချာပါ။ အရက်သောက်လို့ စွမ်းဆောင်နိုင်တယ် ဆိုတာမျိုးက ယာယီသဘောပါ။ အရက်ကြောင့် ကောင်းတာလေး တွေလည်း ရှိပါတယ်။ တနေ့ကို အရက် တပက်၊ နှစ်ပက် သောက်တာမျိုးက နှလုံးသွေးကြော ရောဂါ ကို ကာကွယ်ပေးသလို၊ လိင်ဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။

ဆေးဝါး
ကိုယ် သောက်သုံးနေတဲ့ ဆေးဝါးတွေ ကလည်း ကိုယ့်ရဲ့ အိပ်ရာဝင်ကိစ္စမှာ လွှမ်းမိုးနေတယ် ဆိုတာ အထူးသတိထား ရပါမယ်။ သွေးတိုး ကျဆေးတွေ၊ အဆီကျဆေးတွေ၊ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ စိတ်ကျရောဂါ သက်သာဖို့ သောက်တဲ့ ဆေးတွေက လိင်ဆိုင်ရာ စိတ်ဆန္ဒ လျော့ပါးစေပါတယ်။ မူးယစ်ဆေးဝါး အနွယ်ဝင် ဖြစ်တဲ့ အဖက်တမင်း၊ ကိုကင်း၊ ဆေးခြောက် ဆိုတာတွေကလည်း အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်အတွက် ပြဿနာတွေ ပါပဲ။

စိတ်ဖိစီးမှု
အလုပ်မှာ၊ အိမ်မှာ စိတ်ဖိစီးမှုတွေ ကြုံနေရသူ အတွက်တော့ စိတ်လန်းဆန်းတက်ကြွမှု ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါ ဘူး။ စိတ်ဖိစီးမှုက ခန္ဓာကိုယ် တခုလုံးက ရှိသမျှ အစိတ်အပိုင်း အားလုံးကို ထိခိုက် နှောင့်နှေးစေ ရာမှာ လိင်အင်္ဂါတွေ လည်း အပါအဝင် ဖြစ်ပါတယ်။ ဘဝနေထိုင်နည်းတွေ ပြောင်းလဲပြီး စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်မှသာ နေကောင်း ထိုင်သာနဲ့ စိတ်တွေလည်း ပြေလျော့မှာ ပါ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ အိပ်ရေးဝ၀ အိပ်တာ၊ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးတွေ အတွက် တတ်ကျွမ်းသူရဲ့ အကူအညီ ရယူပြီး စိတ်ဖိစီးမှု ဖြေလျော့တာတွေက လိင်မှုဆိုင်ရာ စွမ်းရည်ကို ပြန်လည် အသက်ဝင်စေမှာပါ။

ဒေါသ
 လိင်မှုကိစ္စ စွမ်းဆောင်ရာမှာ သက်ဆိုင်ရာ အင်္ဂါအစိတ်အပိုင်းကို သွေးတွေ ရောက်ဖို့အတွက် သွေးကြောတွေ ကျယ်လာရ ပါတယ်။ ဒေါသဖြစ်လာ တဲ့အခါ သွေးတွေက မျက်နှာဆီရောက်ပြီး နီရဲ ပြောင်တင်းလာ တတ်ပေမယ့် လိင်စွမ်းဆောင်ရမယ့် နေရာဆီတော့ မရောက်တော့ပါဘူး တဲ့။ ကိုယ့်ဒေါသနဲ့ ကိုယ်ဆိုတဲ့ စကားလေးလိုပေါ့။

ဒေါသကြီးနဲ့တော့ ရိုမန်တစ်လို့လည်း မဖြစ်ဘူး မဟုတ်လား။ ကိုယ့်လိင် ဆက်ဆံဖော်ကို ဒေါသဖြစ်တာမျိုးမှ မဟုတ်ပါဘူး။ ဘယ်လို ဒေါသမျိုးမဆို လိင်မှုကိစ္စ အတွက် အဆင် မပြေပါဘူး။ ကျိတ်ပြီး ထွက်နေတဲ့ ဒေါသ၊ ပေါက်ကွဲ ပြနေတဲ့ ဒေါသ အားလုံးက အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ် ဇာတ်လမ်း ကပြဖို့ မဆီလျော်တဲ့ အကြောင်း အထူးပြောပြဖို့ မလိုဘူး ထင်ပါရဲ့။

စိုးရိမ်သောက
အထူးသဖြင့် လုပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုက ပိုပြီးခက်ခဲစေတဲ့ အကြောင်းရင်း ပါပဲ။ တခြားကိစ္စတွေ အတွက် စိုးရိမ်သောက ရောက်နေရတာတွေက လည်း လိင်ဆိုင်ရာ စွမ်းဆောင်မှု ကျဆင်းစေသလို အိပ်ရာထဲရောက်ရင် အဆင် ပြေပါ့မလားလို့ ကြိုပြီး တွေးပူ နေတာကလည်း တကယ့် လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ စိုးရိမ် ပူပန်တာကြောင့် ချစ်တင်းနှောဖို့ အဆင်မပြေတော့ဘူးပေါ့။ လိင်မှု ဆိုင်ရာ ပြဿနာတွေမှာ စွမ်းဆောင်နိုင်ပါ့ မလား ဆိုပြီး စိတ်ပူ၊ စိတ်ပူလို့ မစွမ်းဆောင်နိုင် ဆိုတဲ့ သံသရာ စက်ဝိုင်းက ပတ်ချာလည်နေကြတာ များလေရဲ့ ။

သက်လတ်ပိုင်း အပြောင်းအလဲ
သက်လတ်ပိုင်း ရောက်လာရင် ဗိုက်ကလေးတွေ ရွှဲလာတတ်ကြတယ် မဟုတ်လား။ ဝဖြိုးလာတဲ့ ခန္ဓာ ကိုယ်နဲ့အတူ လိင်ကိစ္စကလည်း ငယ်ငယ်ကနဲ့ စာရင်တော့ စွမ်းဆောင်နိုင်စွမ်း လျော့လာတာပါပဲ။ ဝတဲ့ သူတွေမှာ ကျားဟော်မုန်း ပမာဏ လျော့နည်းလာပြီး လိင်ဆိုင်ရာ ဆန္ဒရော၊ စွမ်းဆောင်မှုပါ လျော့လာ တတ်ပါတယ်။ အဝလွန်လာရင် သွေးတိုး ရောဂါကလည်း ကျွဲကူးရေပါ ဝင်လာပြီး သွေးကြောတွေ မာလာ တဲ့အခါ လိင်အင်္ဂါဆီ သွေးတွေ ရောက်ဖို့ လန်းရွှင်ဖို့ရာ ခက်ခဲလာတော့ တာပါပဲ။

ကိုယ့်ရုပ် ကိုယ်ပြန်ကြည့်
မှန်ထဲကြည့်လို့ ကိုယ့်ရုပ်ကိုယ် သဘောကျနေမှ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကလည်း ကိုယ့်ကိုနှစ်သက် မယ်လို့ ရိုးရိုးပဲ မှတ်လိုက်ကြ ပါစို့။ ကိုယ့် ရုပ်သွင်ပြင်ကို ကိုယ်ကြည့်ကောင်းအောင် လုပ်ပြီး စိတ်တိုင်းလေး ကျနေမှ အိပ်ရာထဲက ကိစ္စမှာလည်း ချောမွေ့နိုင်မယ် ဆိုတာ ယုံလိုက်ပါ။

ဆန္ဒနည်းပါးမှု
ဒါကတော့ စွမ်းဆောင်ရည် လျော့ကျ အားနည်းတာမျိုး မဟုတ်ပါဘူး။ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှု နည်းပါးတဲ့ အရင်းခံစိတ် ရှိတာမျိုးပါ။ ကိုယ့်ဘာသာ အားငယ်နေတာ၊ စိတ်ဖိစီးမှု၊ စိုးရိမ်သောက၊ ဆေးဝါး စတာတွေကြောင့် ဖြစ်နိုင်သလို ပင်ကိုယ် လိင်စိတ်ဆန္ဒ နည်းပါးသူမျိုး တွေမှာ ဖြစ်လေ့ ရှိပါတယ်။

ကျန်းမာရေး
ကျန်းမာရေး ပြဿနာ အတော်များများက လိင်စွမ်းဆောင်ရမယ့် အာရုံကြောတွေ၊ ကြွက်သားတွေ၊ သွေးလည်ပတ်မှု တွေကို ထိခိုက်စေ ပါတယ်။ ဆီးချို၊ သွေးတိုး၊ သွေးကြောရောဂါတွေ၊ ကျောရိုးထိခိုက် ဒဏ်ရာတွေက လန်းရမယ့် ပန်းကို နွမ်းစေ၊ ညှိုးစေ ပါတယ်။ ဆီးကျိတ်နဲ့ ဆီးအိမ်ဆိုင်ရာ ခွဲစိတ်မှုတွေကလည်း လိင်မှုဆိုင်ရာ အာရုံကြော၊ သွေးကြောတွေကို ထိခိုက်စေတတ် ပါတယ်။

ဒီလောက် ဆိုရင်ဖြင့် ပန်းသေ၊ ပန်းညှိုးဆိုင်ရာ သိထိုက်တာလေးတွေ သိသင့်သလောက် သိလောက်ပြီ ထင်ပါရဲ့။ အမျိုးသားတွေမှာ ကြုံတတ်တဲ့ အခက်အခဲက ကိုယ့်မှာ ဒီပြဿနာ ရှိနေတယ် ဆိုတာ ဆရာဝန် ဆီထုတ်ပြောဖို့ အတော်လေး ကသိကအောက် ဖြစ်တတ်ကြတာ ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်မှုတွေ ပုံမှန် ဖြစ်စေဖို့နဲ့ အကြောင်းရင်းခံ တွေကို ကုသဖို့က အရေးကြီးတယ် မဟုတ်ပါလား။
ဆရာဝန်ကသာ ဖြစ်နိုင်ခြေတွေကို ဆန်းစစ်ပြီး အဓိက အကြောင်းကို ထောက်ပြ ကုသပေးနိုင်မှာပါ။
ဝိတ်လျှော့တာလို၊ ဆေးလိပ် ဖြတ်တာလို ဘဝနေနည်းတွေ အတွက်လည်း အကြံပေးနိုင်မှာပါ။
လိုအပ်ရင် တခြားရောဂါတွေ ကုသဖို့၊ လိင်မှုကိစ္စ အတွက် သီးသန့် ဆေးဝါးတွေ ညွှန်ကြားဖို့၊ ဟော်မုန်း ကုထုံး တွေ ပေးဖို့ ဆုံးဖြတ်လမ်းပြပေးနိုင်မှာပါ။

လူ့ဘဝရောက်တုန်း၊ လောကီထဲမှာ သံသရာ လည်တုန်း အချိန်လေးမှာ သဘာဝ လက်ဆောင် တပ်မက်စရာ အာရုံ ခံစားမှု အတွက် ကိုယ့်မှာ အခက်အခဲ ဖြစ်နေပြီ၊ ပြဿနာရှိနေပြီ ဆိုရင်ဖြင့် တတ်ကျွမ်းသူနဲ့သာ နှစ်သိမ့်ဆွေးနွေး အကြံပေးမှု ခံယူလိုက်ပါ။ အားလုံးပဲ အဆင်ပြေ လန်းဆန်းနိုင်ကြပါစေ။     ။




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...