စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘယ်နိုင်ငံတွေ အစားအသောက် အကျန်းမာဆုံးလဲ


ဘယ်လ်ဂျီယမ်သည် ချောကလက်တွေ၊ ဝေဖာတွေနဲ့ ပတ်သက်ပြီး နာမည်ကျော်သည်။ ဟန်ဂေရီကား အသားမျိုးစုံ ရောပြွန်း ချက်ထားသော ဂူးလက်စ်ဟင်းနဲ့ နာမည် ကျော်သည်။ သို့သော် နောက်ဆုံး ထွက်လာသော ကမ္ဘာ့ အစားအသောက် ကျန်းမာမှု အရှိဆုံး နိုင်ငံများ စာရင်းတွင်ကား ဘယ်လ်ဂျီယမ်တို့ ဟန်ဂေရီတို့ ဇယား နောက်ဆုံး ရောက်နေ သည်။ အစားအသောက် အကျန်းမာဆုံးနိုင်ငံများ စာရင်းတွင် အာဖရိကနိုင်ငံ များက ထိပ်ဆုံးက ရှိနေသည်။ ချတ်ဒ်နှင့် ဆီရာရာလီယွန် နိုင်ငံတို့၏ အစားအသောက်များ ထဲတွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံများ အများဆုံး ပါဝင်သည်။

ကမ္ဘာတစ်ဝန်း နိုင်ငံ အသီးသီးတွင် စားသုံးကြသည့် ဟင်းလျာ များကို ကျန်းမာခြင်း၊ မကျန်းမာခြင်း အဆင့်ခွဲခြား သတ်မှတ်ခဲ့သည်တွင် ကမ္ဘာ တစ်ဝန်း၌ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် စားသုံးနှုန်းများ တက်လာနေကြောင်းလည်း တွေ့ရသည်။ သို့သော် ကျန်းမာရေးနှင့် မညီသော အသင့်စား မုန့်ပဲသွားရေ စာများ စားသုံးနှုန်း တက်လာနှုန်းက ဟင်းသီးဟင်းရွက် သစ်သီးဝလံ အစေ့အဆံ စားနှုန်းထက် များစွာ ပိုများနေသည် ကိုလည်း တွေ့ရ သည်။ လေ့လာမှု စစ်တမ်းကို The Lancet ကျန်းမာရေး ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။ စစ်တမ်းသည် ကမ္ဘာ့ နိုင်ငံပေါင်း (၁၉၇) နိုင်ငံ၏ စားသောက်မှု ပုံစံများကို လွှမ်းခြုံသည်။ ကမ္ဘာ့ လူဦးရေ (၉၀) ရာခိုင်နှုန်း ဖြစ်သော အရွယ်ရောက်ပြီးသူ သန်း (၄၅၀၀) ၏ စားသုံးမှု ပုံစံများကို ကိုယ်စား ပြုနိုင်ကြောင်း သိရသည်။

၁၉၉၀ မှ ၂၀၁၀ ပြည့်နှစ် အကြားတွင် ဖွံ့ဖြိုးပြီး နိုင်ငံများသည် မကျန်းမာစေသော အစားအသောက်များ စားသုံးမှု အနည်းငယ် လျော့နည်း ကျဆင်း ခဲ့ပြီး ကျန်းမာစေသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးမှုက သိသိသာသာ တိုးတက်လာ ခဲ့ကြောင်း စစ်တမ်းက ဖော်ပြသည်။ သို့ဖြစ်သည့် ကမ္ဘာ့ နိုင်ငံများနှင့် ယှဉ်ကြည့်လိုက်သည့် အခါတွင်ကား အမေရိကန်၊ ကနေဒါ၊ အနောက် ဥရောပ၊ သြစတြေးလျနှင့် နယူးဇီလန် တို့သည် ကျန်းမာသော အစားအသောက် စားသုံးမှု အဆင့်တွင် များစွာ နိမ့်ကျနေဆဲ ဖြစ်ကြောင်း တွေ့ရသည်။ ထိုနိုင်ငံများသည် မကျန်းမာစေသော အသင့်စား အစားအသောက် အများအပြား စားနေကြခြင်းသည် ကျန်းမာမှု ဇယားတွင် အောက်ကျနေရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။

အာဖရိက တောင်ပိုင်းခြမ်း နိုင်ငံအချို့၊ တရုတ်၊ အိန်္ဒိယ စသည့် အာရှနိုင်ငံ အချို့တို့ကား နှစ်ပေါင်း (၂၀) ကာလအတွင်း စားသောက်မှု ပုံစံသည် ထူးထူးခြားခြား ကျန်းမာ မလာကြောင်းလည်း တွေ့ရသည်။ အချို့သော ကမ္ဘာ့ ဒေသများတွင်ကား ကျန်းမာစေသော စားသောက်မှု ပုံစံထက် မကျန်းမာစေသော စားသောက်မှုပုံစံက ပိုအလေးသာ နေကြောင်း စစ်တမ်းက ဆိုသည်။

နှလုံး၊ လေဖြတ်၊ ဆီးချို၊ ကင်ဆာ၊ အ၀လွန်ခြင်း စသော ရောဂါများကို ဖြစ်စေသည့် အဓိက အစားအစာ (၁၇) မျိုး မည်မျှ ပါဝင် နေသည် ဟူသော အချက်ဖြင့် အဓိက ချိန်ထိုးကာ ကမ္ဘာ့ နိုင်ငံများ၏ အစားအစာ များ၏ ကျန်းမာစေခြင်း၊ မကျန်းမာစေခြင်းကို အကဲဖြတ် အမှတ်ပေးခြင်း ဖြစ်သည်။ (၁၇) မျိုးထဲတွင် ကျန်းမာမှုကို အထောက်အကူပြုသော (၁၀) မျိုးအဖြစ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆံ၊ ဂျုံ ပြောင်း၊ နို့၊ ဖက်တီး အက်စစ်ဓာတ်၊ ငါး၊ အိုမီဂါ-၃၊ အမျှင်ဓာတ်တို့ ပါဝင်သည်။ မကျန်းမာအောင် လုပ်သည့် ခုနစ်မျိုး အဖြစ် အသားစိမ်းများ၊ ကြော်လှော် ထားသော အသားများ၊ သကြားဓာတ် များသော အချိုရည်များ၊ ကိုလက်စထရော များသော ဆီအမျိုးမျိုး၊ သကြားဓာတ်နှင့် ဆားဓာတ်တို့ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံချင်း အလိုက် အသက် အရွယ်၊ ကျား မ၊ နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှ ၀င်ငွေနှင့် အထက်ပါ အချက် များကို အခြေခံ ထားသော စားသောက်မှု အကဲဖြတ်ချက်များကိုပါ စုပေါင်းခြုံငုံ အမှတ်ပေးပြီး နိုင်ငံများကို အဆင့် သတ်မှတ်သည်။ အမှတ် သုညသည် မကျန်းမာဆုံး ဖြစ်ပြီး အမှတ် (၁၀၀) သည် အကျန်းမာဆုံး ဖြစ်သည်။

ဝင်ငွေ တစ်ခုတည်းနှင့် ချည်း ခွဲခြား ကြည့်သည့်အခါ ၀င်ငွေမြင့်သော နိုင်ငံများသည် ၀င်ငွေနိမ့်သော နိုင်ငံများထက် ကျန်းမာသော အစား အစာ စားသုံးမှုတွင် ပျမ်းမျှ အားဖြင့် (၂ ဒသမ ၅) မှတ် ပိုများကြောင်း တွေ့ရသည်။ သို့သော် ကျန်အချက်များ ကိုပါ ထည့်ပေါင်း လိုက်သည့် အခါတွင် ကား ၀င်ငွေမြင့် နိုင်ငံများသည် မကျန်းမာစေသော အသင့်စား အစားအစာများ စားသုံးမှု များပြားနေ သဖြင့် ကျန်းမာမှု ဇယားတွင်ပါ အောက်ဘက်ကို ကျဆင်းသွား ရသည်။ ပျမ်းမျှအားဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများသည် စားသောက်မှုပုံစံ ပိုကျန်းမာ ကြကြောင်း တွေ့ရသည်။

လေ့လာမှု စစ်တမ်းကို ကိန်းဘရစ် တက္ကသိုလ်မှ ဒေါက်တာ ဖူမိုင်ကီ အီမာမူရာနှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ တစ်ဝန်း သေဆုံးမှု စုစုပေါင်း၏ (၇၅) ရာခိုင်နှုန်းသည် ဘ၀နေမှုပုံစံ သို့မဟုတ် စားသောက်မှု ပုံစံကြောင့် ဖြစ်ပွားသော မကူးစက်နိုင်သည့် ရောဂါ များကြောင့် ဖြစ်လိမ့်မည် ဟုလည်း ဒေါက်တာ ဖူမိုင်ကီက ဆိုသည်။

ကမ္ဘာ့ အစားအစာများကို ကျန်းမာသော ပုံစံ ဖြစ်အောင် ပြုပြင်ယူခြင်းဖြင့် အစားအသောက်ကို အခြေခံ၍ ဖြစ်ပွားသော ရောဂါများ၏ ၀န်ထုပ် ကို သိသိသာသာ လျှော့ချနိုင်မည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ယခု စစ်တမ်းသည် နိုင်ငံများ၏ ဟင်းလျာများ၊ စားသောက်မှု ပုံစံ များကို ကျန်းမာအောင် မြန်မြန်ဆန်ဆန် ပြုပြင်ကြဖို့ ကမ္ဘာ့ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်း များကို အချက်ပေး ခေါင်းလောင်း ထိုးလိုက်ခြင်းလည်း ဖြစ်သည်။

ပြည်သူတွေ အ၀မလွန်အောင်၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဖြစ်ပွားတဲ့ ရောဂါတွေ ၀န်ထုပ်မပိအောင် ဘယ်လို လုပ်မယ် ဆိုတာ သက်ဆိုင်ရာ အစိုးရတွေရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကပါ နိုင်ငံအဆင့်၊ နိုင်ငံတကာ အဆင့် စည်းချက်ညီ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ် ဟု ဒေါက်တာ ဖူမိုင်ကီ က ဆိုသည်။ ဆင်းရဲ နွမ်းပါးသော ဒေသ များတွင် ညံ့ဖျင်းနေသော စားသောက်မှု ပုံစံများကို ဦးစားပေး ပြုပြင်နိုင်ဖို့ အရေးတကြီး လိုအပ်ကြောင်း စစ်တမ်းပြုစုရေး အဖွဲ့တွင် ပါဝင်သူ အမေရိကန် တပ်ဖ် တက္ကသိုလ်မှ ဒေါက်တာ ဒူရီယတ် မိုဇာဖာရီယန် ကလည်း ထောက်ပြသည်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ နောက်ကျနေမယ်ဆိုရင် မကျန်းမာစေတဲ့ အစားအသောက်တွေကြောင့် အ၀လွန်ခြင်း အပါအ၀င် ဘ၀နေမှု ပုံစံ လွဲမှားခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေဟာ လူသားတွေကို ၀န်ပိလာပါ လိမ့်မယ်။ လောလောဆယ်မှာကိုပဲ အိန်္ဒိယ၊ တရုတ်နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံ အများအပြားမှာ အဲဒီလို ၀န်ပိမှုတွေကို မြင်နေရပါပြီ ဟု မိုဇာဖာရီယန်က ပြောသည်။

Messenger

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...